Chapter 36 မြားပစ်ကွင်း (၂)

324 47 0
                                    

ချန်ကျစ်ချီးက သူ့ကိုယ်သူကြည့်ကာ ပုံအရမ်းဆိုးနေသည်ဟု ထင်မှတ်ထားသော်လည်း ချွမ်ရှီးခန်းမသို့ ရောက်ရှိလာခဲ့ပြီး ချန်ကျစ်မော့အား မြင်လိုက်ရသည်တွင် မျက်လုံးပြူးသွားရသည်။ ချန်ကျစ်မော့၏ ပင်ပန်းနွမ်းနယ်မှုကြောင့် အားပြတ်လဲတော့မတတ် ပြာနှမ်းနေသည့် မျက်နှာအားကြည့်ကာ ယှဉ်ကြည့်လိုက်လျှင် သူကအပုံကြီးပိုကာ ကျန်းမာနေသည်မှာ သိသာလှပေသည်။

"မင်းဘယ်လိုဖြစ်တာလဲ။"

ချန်ကျစ်ချီးက ချန်ကျစ်မော့၏ နောက်ကျောလေးအား ရင်းနှီးမှုအပြည့်ဖြင့် နှစ်ချက်ပုတ်လိုက်ပြီး မေးမြန်းလိုက်လေသည်။ သူ့ကိုကြည့်ရသည်မှာ ပင်ပန်းမှုကြောင့် မြင်းထိုင်,ထိုင်နေရင်းနှင့်ပင် ထိုအတိုင်းကြီး အိပ်ပျော်သွားတော့မည်ဟု ထင်မှတ်ရလေသည်။

"ဟမ်..."

ချန်ကျစ်မော့က ပြန်ထူးသကဲ့သို့ အသံပေးလိုက်ပြီး ‌ခေါင်းလှည့်ကြည့်လိုက်ရာ မေးမြန်းလိုက်သူက ချန်ကျစ်ချီးဖြစ်သည်ကို တွေ့လိုက်ရသည်တွင် အဖြေပေးလိုက်သည်။

"မနေ့ညက သိုင်းလေ့ကျင့်တာ ပင်ပန်းနေလို့။"

ချန်ကျစ်မော့က အတော်ကိုပင် စကားနည်းလှပြီး သူပြောလျှင်လည်း ယခုကဲ့သို့ပင် ပြတ်တောင်းပြတ်တောင်းနှင့် စကားလုံးများကို အတိုဖြတ်ကာ ပြောတတ်သူဖြစ်သည်။

"ညီတော်ခြောက်က အရမ်းကြိုးစားတာပဲ။"

မင်းသား (၃) က ချန်ကျစ်မော့ရှိရာသို့ လျှောက်လှမ်းလာကာ ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြေလိုက်လေသည်။ သူ့ကိုကြည့်ရသည်မှာ ခင်မင်ရင်းနှီးဖွယ် အမူအရာရှိသော်လည်း သူဆက်ပြောလိုက်သည့် စကားများကတော့ ခင်မင်ဖို့မကောင်းလှချေ။

"ချီကျင့်ကြံသူများအဖွဲ့ချုပ်ရဲ့ သိုင်းပညာတွေက တကယ်လည်း လေ့ကျင့်ဖို့အတွက် ခက်ခဲတာကိုး။"

ထိုစကားများက အပေါ်ယံသာဆိုလျှင် ချန်ကျစ်မော့က ကြိုးကြိုးစားစားဖြင့် သိုင်းလေ့ကျင့်နေသည့်အတွက် ချီးကျူးပေးနေသယောင် ထင်မှတ်ရသော်လည်း စကားအသွားအလာကို နားထောင်ကြည့်ပါက ချန်ကျစ်မော့က လျှို့ဝှက်စွာဖြင့် ချီကျင့်ကြံရေးနည်းများကို လေ့ကျင့်နေသည်ဟု စွပ်စွဲလိုက်ခြင်းဖြစ်သည်။

မက်မွန်သီးလေးDonde viven las historias. Descúbrelo ahora