အပိုင်း ၂၈
ထိုအမျိုးသားက သူ၏ခြေဗလာကိုဆွဲမြဲစွာကိုင်ထားသည်။ ထူးဆန်းသော ခံစားချက်က ကုယွမ့်ပိုင်၏မျက်နှာကို ချက်ချင်းဆိုသလိုမဲမှောင်သွားစေ၏။ သူက သူ၏ခြေထောက်ကို ဆွဲထုတ်လိုသည်။ သို့သော် သူက ရွှယ်ယွမ်၏အားကို မယှဉ်နိုင်ခြေ။ရွှယ်ယွမ်က ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်နေခြင်းဖြစ်ရပေမည်။
ကုယွမ့်ပိုင်က အခြားခြေထောက်တစ်ဖက်ကို မြှောက်လိုက်သည်။ ထိုခြေထောက်က ဖိနပ်ဝတ်ထားသေး၏။ ထိုခြေထောက်ဖြင့်ပင် သူက ရွှယ်ယွမ်ကို ခပ်ကြမ်းကြမ်းကန်သည်။ သို့သော် ရွှယ်ယွမ်က အသင့်ပြင်ဆင်ထားပြီးသားဖြစ်၏။ ထို့ကြောင့် ကန်ချက်က မအောင်မြင်သွားခဲ့ချေ။ သူ၏မျက်ခွံက အသာပင့်တက် သွားပြီးနောက် ကုယွမ့်ပိုင်ကို သဘောတကျပြုံးပြသည်။
“ကျန်းကိုလွှတ်”
ကုယွမ့်ပိုင်၏ လည်ချောင်းမှအေးစက်သောလေထုက ဆင်းကျသွားသည်။ သည်နည်းအားဖြင့် သူက ခပ်ကြမ်းကြမ်းချောင်းဆိုးလိုက်ရပြန်သည်။ ရွှယ်ယွမ်၏လက်ထဲတွင်ကိုင်ထားသော ခြေထောက်ကပင် ရမ်းခါသွားလေရာ သူ၏ဆိုးနေသော ချောင်းက မည်မျှပြင်းထန်ကြောင်းသိသာသည်။
ဧကရာဇ်က ချောင်းဆိုးနေသည်။ သို့သော် ရွှယ်ယွမ့်ကမူ ဖိနပ်ဝတ်ထားသည့် အခြားခြေထောက်တစ်ဖက်ကိုသာ အသာအယာချွတ်ပြီး ခြေစွပ်ကို ဆက်ချွတ်နေ လိုက်၏။ သည်နည်းအားဖြင့် နောက်ထပ်သွယ်လျနူးညံ့သည့် ခြေမျက်စိကို လက်ထဲတွင် ကိုင်ထားလိုက်သည်။
ထျန်းဟူရှန်း ယခုလေးတင်မှ ထွက်သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အနားတွင် မည်သူမျှမရှိတော့ချေ။ ရွှယ်ယွမ်က ငယ်ရွယ်သောဧကရာဇ်ကို ကြည့်လိုက်သည်။ ဧကရာဇ်က ချောင်းဆက်တိုက်ဆိုးနေသောကြောင့် မျက်လုံးများက နီရဲလာသည်။ ရွှယ်ယွမ်က ခြေထောက်ကိုသာကိုင်ရင်း သည်အတိုင်းကြည့်နေလိုက်၏။ ထိုသို့ခြေထောက်နှစ်ဖက်လုံးကို ကိုင်ထားသောကြောင့် ဧကရာဇ်က မလှုပ်နိုင်တော့ချေ။ သူကိုယ်တိုင်ကလည်း သူ၏စိတ်အတွင်းမှ ထူးဆန်းသော စိတ်ကျေနပ်သည့် ခံစားချက်တစ်ရပ်က မြင့်တက်လာကြောင်းခံစားရသည်။
YOU ARE READING
ထီးနန်းမလုအောင် ခွေးရူးကို ယဥ်ပါးစေပါသော်လည်း
Romancetranslation crd cover photo,I took this from pinterest Fake name