ဒီလိုတွေဖြစ်ရတဲ့အကြောင်းရင်းကိုလွှာသိသည်။ ဒယ်ဒီကလွဲရင် လွှာ့ဘဝကို ဒီဖြစ်အောင်ဘယ်သူမှမလုပ်နိုင်ဘူးမဟုတ်လား။ချက်ချင်း အိမ်သို့ပြန်လာကာ ဝင်လိုက်တာနှင့် ဦးခင်မောင်မှာ အိမ်ရှေ့ခန်းတွင်ထိုင်၍ အေးအေးလူလူသတင်းစာဖတ်နေသည်။
"ဒယ်ဒီ...."
"အော်သမီးလေးပြန်လာပြီလား"
တင်းမာနေတဲ့လေသံဖြင့်လွှာခေါ်လိုက်ပါသော်လည်း အေးဆေး ပြန်ပြောလာတဲ့ဦးခင်မောင်ကို ကြည့်ရတာ သူလုပ်ခဲ့တာကို အနိုင်အနေနဲ့ အပိုင်တွက်ထားပုံပဲ။ လွှာက ဒီလိုအဖြစ်ခံနေမယ်လို့ ထင်တာလား ။
"ဒယ်ဒီလုပ်ခဲ့တာမလား"
"ဘာကိုလဲသမီးရဲ့"
အပြစ်ကင်းသလိုဟန်ဆောင်ကာ ကြင်နာပြနေတဲ့ ဦးခင်မောင်ပုံစံကို လွှာသိပ်မုန်းလှသည်။ ငယ်စဉ်တည်း မျိုးဆက်တစ်ခုအတွက်သာမွေးထားခဲ့သလားအောင်းမေ့ရသည်မဟုတ်လား။
"ဒယ်ဒီ!!!!အန်တီ့ကို ဘာတွေပြောခဲ့တာလဲလို့..."
"ဘာလို့ဒီလောက်စိတ်တိုနေရတာလဲသမီးရယ် ဒယ်ဒီက သမီးလေး ကောင်းဖို့ပါ"
ငယ်ငယ်တည်းက မေမေ့အပေါ်မုန်းတဲ့အမုန်းကြောင့် အဖေရှိပါရက်နဲ့ မရှိသလိုထိ ခံစားရအောင် ပစ်ပစ်ခါခါ လုပ်ထားပြီးတော့များဘာလို့ အခုမှ ဒီလောက်ချစ်သလိုဟန်ဆောင်နေရတာလဲ ဘာလို့လဲ။
စိတ်တိုနေတဲ့လွှာ့အသံကြောင့် မေမေမှာအခန်းထဲက ထွက်လာခဲ့သည်။ လည်ပင်းနားက အနီရောင်အရာကို ကြည့်တာနဲ့သိပါတယ် အဖေ မေမေ့ကိုရိုက်ထားပြန်ပြီလေ။လွှာထိန်းထားတဲ့ဒေါသများဟာ ရင်ဝအထိဆောင့်တက်လာသလို ခံစားရပြီး မျက်လုံးဒေါင့်များကအစနီလာလေသည်။
"မေမေ့ကိုရိုက်ထားသေးတာလား"
"မလုပ်ပါဘူးသမီးရယ် မယုံရင်သမီးအမေကိုမေးကြည့်လေ"
ဒီလိုစကားမျိုး နတ်ပြည်က သိကြားမင်း ဆင်းပြောရင်တောင် လွှာမယုံပါ။ ဒယ်ဒီ့ရဲ့ဟန်ဆောင်ထားတဲ့ပုံစံဟာ မကောင်းဆိုးဝါးတွေထက်တောင်ကြောက်ဖို့ကောင်းပါသေးတယ်။
YOU ARE READING
နှင်းဆီဖြူလေးများပွင့်စေသော်
Romanceစိန်ပန်းပွင့်လေးများကြွေ၍ နှင်းဆီဖြူလေးပွင့်လာပြီ။ ချစ်ရသူဟာလည်းပြန်လာလေပြီ။