Chapter 19

166 31 1
                                    

ထိုကျောင်းသား ဝမ်ကျစ်ချူးစကားကြောင့် အတော်အံ့ဩသွားလေသည်။ "သောက်ဆန်းကြီး! မင်းရဲ့ဝါသနာကြီးက ဘယ်လိုကြီးလဲ?"

ဝမ်ကျစ်ချူး ကျောင်းဝတ်စုံကိုတင်းတင်းကိုင်ရင်း တံခါးနားသို့ကပ်နေ၏။

"အေးပါကွာ၊ မင်းပဲယူထားလိုက်တော့" အတန်းဖော်မှာ ရွံရှာသည့်အကြည့်ဖြင့်ကြည့်နေသေးသော်လည်း ထိုအဝတ်ကို ထပ်မလုတော့ချေ။ အမှန်စင်စစ် သူ့စိတ်ထဲ အတော်ကျေနပ်နေပေပြီ။

ဝမ်ကျစ်ချူး၏နဖူးပေါ်က ပေါ်လာသည့် စကားလုံး ကို မြင်လိုက်ရ သောကြောင့်လည်း ဖြစ်ပေလိမ့်မည်။ "အခွင့်ကောင်းယူလိုက်" ဟူသည့်စာတန်းဖြစ်သည်။

ချင်ကျားရှု သူ့ကျောင်းဝတ်စုံအဖြဲခံရသည်ကိုသာသိလျှင် လုပ်သည့်သူကိုအလွတ်ပေးမည်မဟုတ်။ ဘယ်သူမှ အသက်ရှင်ရတာကို ငြီးငွေ့မနေပါ။

ထို့အပြင် သူသည် လတ်တလောတွင် စိတ်လိုက်မာန်ပါ ပြုလုပ်လိုက်ပြီးသော်ငြား ချင်ကျားရှုသိသွားမည်ကို စိုးတထိတ်ထိတ်ဖြစ်နေလေသည်။

ထို့ကြောင့် သူတစ်လျှောက်လုံး ဝတ်စုံကိုဖြဲ၍ သူ့ကိုရှာတွေ့သွားလျှင်ဆိုသည့် စိုးထိတ်မှုကြီး ကြီးစိုးနေခဲ့သည်။

ယခုတော့ အချောင်အစားဝင်ခံမည့် သူရသွားပေသည်။

ထို့ကြောင့် ကတ်ကြေးပါလာလိမ့်မည်မဟုတ် ဟူသည့်အထင်ဖြင့် ဝမ်ကျစ်ချူးကို ကတ်ကြေးပါကမ်းပေးလိုက်သည်။ "ရော့ ၊ ယူလိုက်"

ဝမ်ကျစ်ချူး တုန်ရီနေသည့်လက်တို့ဖြင့် လှမ်းယူသဖြင့် အတန်းဖော်မှာ နားမလည်နိုင်ဖြစ်နေတော့သည်။

"ဘာလို့တုန်နေတာလဲ"

"ငါ..ငါ..နည်းနည်း..ကြောက်လို့"

"ဒါဆိုဘာလို့ စကားတွေပါထစ်နေတာလဲ"

"ကြောက်..လို့ပါဆို"

"....."

တုန်ရီနေပြီး မလှုပ်မယှပ်ရပ်နေသည့် ဝမ်ကျစ်ချူးကို အတန်းဖော်က စိတ်မရှည်လာတော့။ "မင်းဟာက ညှပ်ရောညှပ်ဦး မှာလား? မြန်မြန်လုပ်လေ!"

ဝမ်ကျစ်ချူး ကြောက်ကြောက်လန့်လန့်ဖြင့် ခြေတစ်လှမ်း နောက်ဆုတ်ပြီး သူ့လက်ထဲက ဘာမှမလုပ်ရသေးသည့် ကတ်ကြေးကို ကြည့်လိုက်သည်။

ဗီလိန်ဗျူဟာWhere stories live. Discover now