Zawgyi
ကားပေါ်ကဆင်းဆင်းချင်း နှဖူးစပ်တွင်အပြေးအလွှားနေရာယူထားကြသည့် ချွေးစက်တွေကို လက်ခုံဖြင့်ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်သည်။လွတ်မြောက်လာနိုင်ခဲ့ပြီ။တစ်လမ်းလုံး စပ်စုလိုဟန်ကြည့်နေကြသည့် မိန်းမကြီးတစ်ချို့၊ပြုံးစစဖြင့် အကဲခတ်တွတ်ထိုးနေကြသည့် မိန်းကလေးတစ်ချို့၊အထင်သေးဟန် ခပ်စူးစူးကြည့်တတ်သည့် အမျိုးသားတစ်ချို့၊ထိုထိုသော စိတ်ပင်ပန်းစရာကောင်းသော လူတွေရှိသည့် YBS ပေါ်မှ သူဆင်းလာနိုင်ခဲ့ပြီ။
ကားပေါ်မှဆင်းလာသည့်တိုင်အောင် သူ့ကိုထူးဆန်းသည့် သတ္တဝါတစ်ကောင်လို စူးစူးစိုက်စိုက်ကြည့်နေသည့် မျက်လုံးတွေကို ခံစားမိနေသည်။ထိုသို့သောအဖြစ်အပျက်မျိုးကို မနက်တိုင်းကြုံတွေ့နေကြဖြစ်သော်လည်း သူ့အတွက်တော့ ဘယ်တော့မှ ကျင့်သားရမသွားခဲ့။ထိုသို့အကြည့်ခံရတိုင်း နာကျင်မြဲ၊ဒေါသထွက်ရမြဲ။
အလုပ်သို့ရောက်ရောက်ချင်း နေရာသို့တောင်မသွားနိုင်ဘဲ သန့်စင်ခန်းဆီသို့သာအရင်ဝင်မိသည်။သန့်စင်ခန်းတွင်းရှိ နံရံကပ်မှန်ပြင်တွင်မြင်တွေ့နေရသည်က ဖြူ နုနုအသားအရည်နှင့်ကောင်ငယ်လေးတစ်ယောက်...။
တမင်တိုကပ်နေအောင်ညှပ်ထားသည့်ဆံပင်ပျော့အိအိတွေက မဟူရာရောင်တောက်နေသည်။မျက်ခုံးမွှေးခပ်ပါးပါးလေးသာရှိသော်လည်း မျက်ရစ်လွှာအောက်တွင် ငွားငွားစွင့်စွင့် ဝင့်ထည်နေသည့် မျက်တောင်ကော့ကော့တွေက ခပ်စိပ်စိပ်။
ဖြောင့်စင်းကာ ထိပ်ဖျားပိုင်းလေးတွင်ခပ်လုံးလုံးဖြစ်နေသည့် နှာခေါင်းလေးကို နှာသီးဖျားလေးတွင်ရှိသော အနက်ရောင်မှဲ့သေးသေးက တန်ဆာဆင်ထား၏။အနီးကပ်ကြည့်မှသာမြင်နိုင်မည့် ပါးတွင်ရှိနေသော မွှေးညှင်းနုလေးတွေက သွေးသစ်ထင်၏ချစ်မွှေးဟုပင်ပြော၍ရနိုင်သည်။အောက်နှုတ်ခမ်း၏အလယ်တွင် ပါရှိနေသော အကွဲကြောင်းရေးရေးလေးက ခပ်သေးသေးနှုတ်ခမ်းပါးလေးကိုပို၍စွဲမက်ဖွယ်ကောင်းစေသည်။
မှန်ထဲတွင်မြင်နေရသည့် ကိုယ့်ပုံကိုယ်ကြည့်ပြီး စိတ်ပျက်စွာတစ်ချက်ရယ်လိုက်မိသည်။အဟက်.....ဒါတွေကြောင့်လား။ဒီလိုရုပ်မျိုး ဒီလိုပုံစံမျိုးရှိနေလို့ လူတွေရဲ့မနှစ်မြို့စရာအကြည့်တွေ၊အထင်သေးသလိုအကြည့်တွေကိုခံနေရတာလား။ဒီလောက်နှစ်တွေအကြာကြီး ကိုယ့်ကိုယ်ကိုပြောင်းလဲဖို့ကြိုးစားထားတောင်ခုချိန်ထိ ဒီလိုစိတ်ပျက်စရာအရိပ်တွေက ကပ်တွယ်နေတုန်းပဲလား သွေးသစ်ထင်ရာ.....။
YOU ARE READING
သွေး/သှေး
Romance-ဆုတောင်းတွေသာအမှန်ပြည့်မယ်ဆိုရင် ကျွန်တော့်ဘေးနားအကြင်သူရှိနေစေဖို့ကို အပူကပ်မိမှာအမှန်ပဲ။ -ဆုတောင်းတွေသာအမှန်ပြည့်မယ်ဆိုရင် ကျွန်တော့်ဘေးနားအကြင်သူရှိနေစေဖို့ကို အပူကပ်မိမှာအမှန်ပဲ။ >>>>>>>>>>>>>>>>>>>>>>>>>>>> -မိန်းကလေးအဝတ်အစားတွေကိ...