အခန်း(၂၄)/အခန်း(၂၄)

1.4K 92 11
                                    

Zawgyi

          ညနေကတဝုန်းဝုန်းနှင့်အရှိန်ပြင်းစွာရိုက်ခတ်နေခဲ့သည့် လှိုင်းလုံးတွေကအခုတော့ သောင်ပြင်ဖွေးဖွေးကို တက်လာလိုက်၊ပြေးဆင်းသွားလိုက်နှင့် တို့ထိကျီဆယ်နေသည်။မှောင်မိုက်နေသည့် ညချမ်းအချိန်ပေမယ့် ထွန်းလင်းထားသည့်မီးရောင်တွေကြောင့် ကမ္ဘာလောကကြီး၏ အောက်ခြေကတော့ အလင်းရောင်တို့ဖြင့် ထိန်ညီးလျက်။

         နီတစ်လှည့်၊ပြာတစ်လှည့်ဖြင့် အရောင်စုံကွန့်မြူးနေသည့် မီးပန်းတွေကြောင့် အမှောင်ဖုံးနေသည့် မိုးကောင်းကင်တစ်ခွင်က အသက်ဝင်လာသည်။ကောင်းကင်ထက်ကွန့်မြူးသွားသည့်မီးပန်းတွေ၏ အသွင်အဆင်းကလှသည်မှန်သော်လည်း ပေါက်ကွဲ‌မြည်ဟည်းလာသည့်အသံကျယ်ကျယ်တွေကတော့ ဆိတ်ငြိမ်မှုကိုနှစ်သက်သူတွေအဖို့ အနှောက်အယှက်ပေးစေတာတော့အမှန်ပင်။

       ရယ်သံတွေနှင့်ပြည့်နှက်နေသည့် သူတို့၏မီးပုံဝိုင်းလေးဆီသို့ သွေးသစ်ထင်ရောက်ချိန်မှာတော့ လူပင်အတော်စုံနေလေပြီ။လူ ၂၀ ကျော်မျှရှိသည့် သူတို့အဖွဲ့၏ရယ်သံ၊ဆူညံသံတွေက ပတ်ဝန်းကျင်တစ်ခုလုံးတွင်ပျံ့လွင့်နေသည်။ထို့အတူ သူတို့အဖွဲ့နှင့်မလှမ်းမကမ်းတွင်ရှိနေသည့် အခြားအဖွဲ့ဆီမှသီချင်းသံ၊ဂီတာသံတို့သည်လည်း ငြိမ်းအေးနေသည့်ညချမ်းခင်းလေးကို အသက်ဝင်နေစေသည်။

         "သွေးသစ်၊ဒီကိုလာ"

        ဇွဲရန်ထိုးပေးလာသည့် ထိုင်ခုံတွင်ထိုင်နေသည့်သူ့ကို စူးစမ်းနေသည့်မျက်လုံးအချို့ကို သတိထားမိတော့ သူအနည်းငယ်အနေရခက်မိသည်။နေ့ခင်းက ဥဿုံနှင့်ပက်သက်ပြီး over ဖြစ်မိသွားသည့် သူ့ရဲ့အပြုအမူတွေအတွက်လည်း သူရှက်စိတ်ဝင်မိသည်။သူ့အပြုအမူတွေက တကယ်ကိုအသိဉာဏ်မဲ့လွန်းခဲ့သည်။

       ပင်လယ်လေအေးအေးက သယ်ဆောင်လာသည့်အကင်နံ့လေးတွေက သူတို့အဖွဲ့သားတွေ၏နှာခေါင်းဝနားတွင်ကလူကျီဆယ်ပြုနေကြသည်။တုတ်လေးတွေနှင့်ထိုးကာ အသေအချာကင်နေသည့်အကင်လေးတွေက မြင်ရရုံနှင့်ပင် သွားရည်ယိုချင်စဖွယ်။

       သူ့ရှေ့ဘက်တွင်စကားတစ်ခွန်းမျှမပြောဘဲ ထိုင်နေသည့်ကိုဘုန်းကို သူမသိမသာ အကဲခတ်မိသည်။ခုချိန်ထိမျက်နှာမကောင်းသည့်ကိုဘုန်းကြောင့် ညနေကသူ့စကားတွေအတွက် သူတကယ်ကိုစိတ်မကောင်းဖြစ်မိသည်။သူ့ဘက်က ကိုဘုန်းကိုထိုသို့မပြောသင့်သည်မှန်းသူသိပေမယ့် ထိုအချိန်တုန်းကသူ့စိတ်တွေကပုံမှန်ဟုတ်မနေခဲ့။စိုးရိမ်စိတ်၊ပူပန်စိတ်တွေနှင့် ယောက်ယက်ခတ်နေသည့်သူ့စိတ်တွေကအမှန်ကိုမမြင်နိုင်ခဲ့။

သွေး/သွေးOnde histórias criam vida. Descubra agora