အခန်း(၁၇)/အခန်း(၁၇)

1.3K 100 3
                                    

Zawgyi

         "သွေး....ခဏလောက်ထွက်ခဲ့ပါကွာ၊ကိုယ် ရှင်းပြတာလေးကို နည်းနည်းလောက်ဖြစ်ဖြစ်နားထောင်ပေးပါ"

         ခြံတံခါးကို ထုရိုက်ကန်ကျောက်ကာ အော်ဟစ်နေသည့် ဘုန်းခန့်ထည်၏အသံခပ်လေးလေးက တိတ်ဆိတ်နေသည့် သွေးသစ်ထင်တို့၏ရပ်ကွက်လေးထဲတွင် ဟိန်းထွက်နေသည်။အိမ်ပြတင်းပေါက်မှမြင်နေရသည့် ကိုဘုန်း၏ပုံရိပ်က ခြံရှေ့တွင်ယိမ်းထိုးနေသည်။ခြေထောက်တောင်သေချာမရပ်နိုင်အောင် ယိုင်နဲ့နေသည်ကိုကြည့်ရုံနှင့်မူးနေပြီမှန်း မှန်းဆနိုင်သည်။

       "သွေး...ကိုယ်သွေးကို တကယ်ချစ်တာပါကွာ..."

        အသံကိုမိုင်ကုန်တင်ကာအော်နေသည့် ကိုဘုန်းကြောင့် သွေးသစ်ထင်၏နားရွက်ဖျားလေးတို့ ပူတက်လာရသည်။မလုံမလဲစိတ်ဖြင့်နံဘေးတွင်ထိုင်နေသော ခုချိန်ထိမအိပ်ရသေးသည့် မေမေနှင့်မွှေးကို ခိုးကြည့်မိသည်။မျက်စိမျက်နှာပျက်နေသည့် မေမေ့၏ဟန်က သူ့အပေါ်တွင်ထားသည့် ဂရုဏာစိတ်တွေလည်းရစ်သိုင်းနေပြန်သည်။

      "သွေး..ကိုယ်တောင်းပန်ပါတယ်ကွာ။ကိုယ့်မှာ တကယ်ကိုရွေးချယ်စရာမရှိလို့ လုပ်ခဲ့ရတာပါ"

            ခပ်အက်အက်ထွက်လာသည့် ကိုဘုန်း၏အသံကိုသူဘယ်လိုမှ သည်းခံပြီးနားထောင်မနေနိုင်တော့။သူ့မျက်နှာကိုအကဲခတ်နေကြသည့် မေမေနှင့်မွှေးကိုထားခဲ့ကာ အိမ်ပေါ်သို့တက်လာခဲ့သည်။အိပ်ခန်းထဲသို့အထိ ပျံ့လွင့်လာသည့်ကိုဘုန်း၏ အသံသဲ့သဲ့နှင့် တောင်းပန်သံတွေကြောင့် အောက်နှုတ်ခမ်းသားတွေကို အတင်းအကြပ်ဖိကိုက်ထားမိသည်။

      ငိုသံရောပြွန်းနေသည့် အသံအက်အက်ကိုနားထောင်နိုင်စွမ်းမရှိပေမယ့် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် မြင်ကွင်းတစ်ချို့ကိုလည်း နှလုံးသားက အနာကြီးနာနေပြန်သည်။ချစ်တဲ့စိတ်ကအမြစ်မပြတ်နိုင်သေးပေမယ့် နာကျည်းစိတ်ကလည်း အမြစ်တွယ်နေပြန်သည်။

      "ကိုဘုန်း...လာဗျာ၊ပြန်မယ်"

        ဝုန်းဒိုင်းကြဲနေသည့် ကိုဘုန်း၏အသံတွေအကြား ခပ်သဲ့သဲ့ထွက်ပေါ်လာသည့်ဇွဲရန်၏အသံက စိတ်ရှုပ်နေဟန်၊ဒေါသထွက်နေဟန်။ကိုဘုန်း သူတို့အိမ်ရှေ့ကိုစရောက်လာကတည်းက သူ့မှာခြေမကိုင်မိ၊လက်မကိုင်မိနှင့် ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေခဲ့သည်။ရှက်စိတ်ရော ဒေါသစိတ်ပါရောထွေးပြီးလူကဘာမှစဉ်းစားမရခဲ့။နောက်ဆုံး အားကိုးရာဖြစ်သည့် ဇွဲရန်ကိုပဲဖုန်းဆက်ကာ ကိုဘုန်းကိုလာခေါ်ပေးဖို့ အပူကပ်ရသည်။

သွေး/သွေးWhere stories live. Discover now