အခန်း(၉)/အခန်း(၉)

1.6K 112 2
                                    


Zawgi

            အရင်ကမိသားစုလေးယောက်တည်းနှင့် တိတ်ဆိတ်အေးချမ်းနေသည့်အိမ်လေးက အခုတော့ လူသံ၊ဇွန်းသံ၊ပန်းကန်သံတွေနှင့် မြိုင်နေပေသည်။အိမ်အောက်ထပ်တစ်ခုလုံးတွင်လည်း ချထားသည့် စားပွဲဝိုင်းခြောက်ခုံကပြုံးရွှင်နေသည့်မျက်နှာနှင့် လူတွေအပြည့်။

             ဒီနေ့ကဖေဖေ့ရဲ့ မွေးနေ့၊မွေးရက်၊မွေးလပါ တူနေသည့်နေ့မို့ အိမ်တွင်အလှူလုပ်ဖြစ်သည်။မနက်စောစော ဘုန်းကြီးငါးပါးပင့်ကာအိမ်တွင်အရုဏ်ဆွမ်းကပ်သည်။ရပ်ကွက်ထဲမှလူတွေနှင့် ဖေဖေတို့၏အသိမိတ်ဆွေတချို့ကိုဖိတ်ကာ အိမ်တွင်ကြာဇံကြော်ကျွေးသည်။

           ကြာဇံကြော်ဟုသာပြောသော်လည်း တချို့လူကြီး‌ဝိုင်းတွေအတွက် လက်ဖက်ရည်နှင့်မုန့်ကကြိုတင်စီစဉ်ထားရသည်။ကြာဇံကြော်အတွက်လည်း ဟင်းချိုကအစ အချဉ်သုပ်၊ရေနွေးကြမ်း၊ငရုပ်သီးစိမ်း၊ကြက်သွန်ဖြူအဆုံး အကုန်စီစဉ်ရသဖြင့် သူတို့တစ်အိမ်လုံးဘယ်သူမျှမနားရ။ရက်ကွက်ထဲက လူတစ်ချို့ကိုပင် ကူလုပ်ပေးရန်ဖိတ်ထားရသေးသည်။

            "သားကြီးရေ...အရှေ့မှာဦးလေးသောင်းတို့လာတယ်ဟေ့"

          ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်လူကြီးတချို့ထိုင်နေသည့်ဝိုင်းကို ဧည့်ခံနေသောဖေဖေက အိမ်ထဲသို့လှမ်းဝင်လာသည့် ဦးလေးသောင်းတို့မြေးအဖိုးကိုမြင်တော့ ကျွန်တော့်ကိုလှမ်းပြောသည်။

           လက်ထဲကဟင်းချိုချိုင့်ကို စားပွဲလွတ်တစ်ခုပေါ်တင်ကာ ဦးလေးသောင်းတို့ဆီထွက်လာတော့ ပထမဆုံးမြင်မိသည်ကမြေးဖြစ်သူကိုပုဆိုးပြင်ဝတ်ပေးနေသည့် ဦးလေးသောင်း။အမြဲတမ်းတည်ငြိမ်အေးချမ်းနေသည့် ဦးလေးသောင်း၏ဟန်ပန်က ဒီတိုင်းလေးကြည့်နေရုံနှင့် ကြည့်သူ၏ရင်ကိုအေးမြစေသည်။

           အသက် ၆၀ ကျော်၊ ဆံပင်တွေဖြူတစ်ကွက်နက်တစ်ကွက်ဖြစ်နေသည့် ဦးလေးသောင်းက သူဟောပြနေသည့်တရားသဘောတွေအတိုင်း ဇရာအရိပ်အယောင်တွေသန်းလျက်။သို့သော် သူ့ရင်ခွင်တွင်းသို့ရောက်လုမတတ်ဖြစ်နေသည့် ဆူပုပ်ပုပ်မျက်နှာနှင့်ကလေးလေးကို ကြည့်နေသည့် အရေးကြောင်းအနည်းငယ်တို့ဝန်းရံထားသည့်မျက်လုံးလေးကတော့ ရွှန်းရွှန်းတောက်တောက်။မေတ္တာအရိပ်အယောင်တွေဖြင့် အေးမြလျက်။

သွေး/သွေးNơi câu chuyện tồn tại. Hãy khám phá bây giờ