အပိုင်း ၁၅

15K 1.4K 12
                                    

(Zawgyi)

ပလက်ဖောင်းပေါ်က သစ်ပင်နေရာမှာ ရီပေါ် ဒူးထောက်ထိုင်ချကာ ထိုးအန်မိသည် ။ မမူးတတ်ဘူး ဆိုစေကာမူ လွန်လွန်ကဲကဲသောက်ထားသည့်အတွက် ခန္ဓာကိုယ်က ပညာပြန်ပြတာဖြစ်မည် ။ သစ်ပင် ပင်စည်ကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း ကျန်လက်တစ်ဖက်က ရင်ဘတ်ကို တဗုန်းဗုန်း ထုမိသည် ။ နားတွေ အူဝေနေပေမဲ့ ကျန့်ကော သူ့ကို ပြောခဲ့သည့် စကားတွေကို ကြားယောင်နေဆဲ ။

ရီပေါ် ကိုယ့်အဖြစ်ကို တွေးမိရင်း လှောင်ချင်လာသည် ။ ကြည့်စမ်း..အထက်တန်းကျောင်းကလို ပျော့ညံ့နေလိုက်တာ ။ ဒီအတောအတွင်း စိတ်ဓာတ်မာအောင် ကြိုးစားခဲ့တာတွေလည်း အလကားဖြစ်လို့ ။ ဒါမှမဟုတ်ရင် သူ အစကတည်းက သန်မာချင်ယောင်ဆောင်နေခဲ့တာလား ။ ရီပေါ် ကောင်းကင်ကို မော့ကြည့်ရင်း နာနာကျင်ကျင် ထရယ်မိသည် ။ မြူခိုးတို့ဖြင့် လွှမ်းခြုံသော ဘေကျင်းမြို့ကောင်းကင်ယံက မှောင်မိုက်နေပြီး ကြယ်တစ်လုံးတလေ မရှိ ။

" အဖြစ်မရှိလိုက်တာ... "

သူ တီးတိုးရေရွတ်မိသည် ။ အအေးဒဏ်ကြောင့် နီရဲနေလောက်ပြီ ဖြစ်မည့် မျက်နှာကို လက်ဖြင့် အုပ်တော့ စေးကပ်ကပ် မျက်ရည်စီးကြောင်းတွေက လာလှောင်နေသယောင်ယောင် ။ မျက်စိတွေကို မှိတ်ချကာ ကိုယ်ကို နံရံဆီ မှီချမိချိန်မှာ ခြေသံတိုးတိုးက ထွက်ပေါ်လာသည် ။

" အံ့ဩစရာပဲ...ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီ "

စတိုင်ပန့်အနက်ရောင်နဲ့ ရှပ်အကျီအဖြူကို စတိုင်ကျကျဝတ်ထားသည့် စန့်ကျင်က ဘယ်ဘက်လက်ကို ဝှေ့ယမ်းပြပြီး ပြုံးပြလို့ ။

" မထင်ထားဘူး ရဲဌာနရဲ့ အတော်ဆုံးရဲသားလေးက လမ်းဘေးမှာ ထိုးအန်နေမယ်လို့ "

စန့်ကျင်က ကားစတီယာတိုင်ကို ဖြည်းဖြည်း လှည့်ချရင်း သူ့ဘက်ကို စောင်းကြည့်လာသည် ။ ရှပ်အင်္ကျီအဖြူကို တစ်ဝက်ခေါက်တင်ထားသောကြောင့် ပေါ်လာသည့် လက်ဖျံဖြူဖြူတွေနှင့် အရောင်တလက်လက်တောက်ပနေသည့် မျက်ဝန်းတွေက ကားမီးမှိန်မှိန်အောက်မှာ ထင်ရှားစွာမြင်နေရသည် ။ ရီပေါ် ဘာရယ်ကြောင့်မသိ တစ်ယောက်သောသူကို အလွမ်းစိတ်တွေ တိုးလာရသည် ။

Like You [ Completed ]Dove le storie prendono vita. Scoprilo ora