Part 2

8.8K 233 7
                                    

မုန်းပါနဲ့ဦး
အပိုင်း (၂)
#မုန်းပါနဲ့ဦး

"မျိုးချစ်….မင်းနဲ့ ဒီ အရေးအခင်း ဘာဆိုင်သလည်း.."
"မဆိုင်သလို နေရင် မဆိုင်ပါဘူး..အဖေ ..ဒါပေမဲ့…"
"ဒါပေမဲ့ ချင်အုံးကွာ..ခွပ်..ခွပ်.."
နှစ်ချက် ဆက်တိုက် မျက်နှာပေါ်ကို လက်သီးချက်တွေ ကျလာချိန် မျိုးချစ် နောက်ကို တစ်ချက် တွန့်သွားပေမဲ့ တင်းခံနေလိုက်သည်..။
အကိုကြီးကို မျက်နှာ ဖူးယောင်နေအောင် လုပ်ထားပေမဲ့ မျိုးချစ်ကိုတော့ နှစ်ချက်ထိုးပြီး တောက်ခတ်ခါ အိမ်ပေါ်က ဆင်းသွားသည်..။
"ငါပြောသားပဲ..မျိုးချစ်…မင်း မပါသင့်ဘူး.."
"ကျွန်တော်လည်း ကျောင်းသားပဲ…"
"အေး..မင်းက မျိုးချစ်ပေမဲ့ မင်းအဖေက မျိုးချစ် မဟုတ်ဘူးကွ…သွား..အခန်းထဲ ၀င်တော့…နှုတ်ခမ်းကွဲသွားပြီ ထင်တယ်…ရေသွားဆေး.."
"ဟုတ်.."
မျိုးချစ် ခေါင်းညိတ်ပြီး အိမ်နောက်ကို ဆင်းခဲ့ခါ ရေကန်ထဲမှ ရေကို ခပ်ပြီး မျက်နှာပါ သစ်လိုက်သည်..။
နှုတ်ခမ်းထောင့်က စပ်ဖျဉ်းသွားပေမဲ့… ဆန္ဒပြတိုက်ပွဲ၀င်နေတဲ့ သူငယ်ချင်းရဲဘော်တွေကို သတိရတော့ နှုတ်ခမ်းကွဲရုံ နဲ့ နာကျင်တက်တဲ့ ခံစားမှုတွေကို မုန်းတီးမိသည်..။
မျိုးချစ် ကြောင့် အကိုကြီးပါ အထုအထောင်းခံရတော့ အားလည်း နာပါသည်..။
အဖေက မျိုးချစ်ရဲ့ အဖေ အရင်း မဟုတ်ပေမဲ့ အဖေအရင်းလိုပဲ ကျွေးမွေးစောင့်ရှောက်ခဲ့တာမို့ အဖေ ဒေါသကို နားလည်သည်..။
ငါးနှစ်သားနဲ့ အဖေ ခေါ်ရာ ရန်ကုန် မြို့ကို ရောက်ခဲ့ရသည်…။
အဖိုးတို့က မျိုးချစ်ပါရင် အိမ်ပေါ် မတက်လာနဲ့ ပြောလို့  စျေးမှာ ဆိုက်ကားနင်းပြီး ၀မ်းစာရှာရင်း စျေးပြင် တဲတန်းမှာ နှစ်ယောက်သား ဆင်းဆင်းရဲရဲ နေခဲ့ရသည်..။
ဆင်းရဲနေသည့် ကြားက မျိုးချစ်ရဲ့ အဖေအရင်း အတွက် တစ်နှစ်တစ်ခါ အလှူအတန်းလုပ်ပေးသည်..။
အဖေအရင်းက ကျောက်တွင်းသွားရင် ချီပိုး မယုယ နိုင်ခဲ့ပေမဲ့ အဖေကတော့ ဆိုက်ကားနင်းတိုင်း မျိုးချစ်ကို ခေါ်သွားတက်သည်..။
ဆိုက်ကားစီးသူ များရင် မျိုးချစ် ထိုင်စရာ နေရာ မရှိရင် ပိုက်ဆံ ဘယ်လောက်ရရ မလိုက်တော့ပါ…။
ကျောင်းထားတော့လည်း မျိုးချစ် မငိုပေမဲ့ အဖေက ကျောင်းကို ခဏခဏ လာစောင့်ကြည့်တက်သည်..။
ကျောင်းသားတွေက ရယ်ကြလို့ မျိုးချစ် ကိုယ်တိုင် အဖေ ပြန်ပါတော့လို့ တောင်းဆို ခဲ့ရသည်..။
အ၀တ်အစားဆိုလို့ အဖေမှာ သုံးထည်သာ ရှိပေမဲ့ မျိုးချစ်ရဲ့ ကျောင်းအ၀တ်တွေကို ဖွေးသန့်နေအောင် ဂရုစိုက်သည်..။
တစ်ခါတလေ မိုးရွာတဲ့ နေ၀င်မိုးချုပ် နေတောက်ချိန်ဆို သူငယ်ချင်းသုံးယောက် အကြောင်း ပြောပြခါ စျေးရှေ့ကွင်းကို ထိုင်ငေးရင်း မျိုးချစ်ကို ပိုက်၍ မျက်ရည်ကျနေတက်သည်..။
စျေးတဲတန်းမှာ နေချိန် က အဖေခမျာ နေမကောင်းဖြစ်လိုက် အလုပ်အများကြီး လုပ်လိုက်ဖြင့် ပင်ပန်းဆင်းရဲခဲ့ရသည်..။
အနေအစား ချို့တဲ့လွန်းလို့ အဖေက ခဏခဏ အဖျား၀င်ခဲ့ပေမဲ့ မျိုးချစ်ကိုတော့ အစားကောင်း အသောက်ကောင်းဖြစ်အောင် ကြိုးစားရှာဖွေကျွေးမွေးခဲ့ပါသည်..။
အဖိုးဆုံးတော့မှ အကိုနဲ့ အမေ တို့ဆီ ပြန်လာခဲ့ပေမဲ့ အဖေက မျိုးချစ်ကို ထိတာနဲ့ အမေ နဲ့ ရန်ဖြစ်စမြဲပင်..။
တစ်ခါတလေ အဖေ့ ကို သနားလို့ ကိုယ်တိုင် အနေအထိုင် ဆင်ခြင်ခဲ့ရသည်..။။
"ခြေလက်ဆေး ပြီး ထမင်းစားလိုက်ဦး သားငယ်.."
"ဟုတ်ကဲ့.."
အမေ ရဲ့ ခေါ်သံတွေထဲမှာ ၀မ်းနည်း စိုးရိမ်စိတ်တွေ ပါနေတော့ မျိုးချစ် ခေါင်းငုံ့ပြီး အိမ်ပေါ်တက်လာခဲ့လိုက်သည်..။
ထမင်းစားချိန် ကျတော့ ထမင်းစားပွဲဝိုင်း မျက်နှာချင်းဆိုင်က အကိုကြီး မျက်နှာ ဖူးယောင်နေတာကို ကြည့်ရင် ထမင်းမြိုချဖို့ ခက်ရသည်..။
"သား…ချဉ်ဟင်းလေးထည့်စား.."
"ကျွန်တော့်ကြောင့် အကိုကြီး အခုလို ဖြစ်တာ…"
"အေးပါကွာ..မင်းသိဖို့ အရေးကြီးတယ်…"
"မင်း မနက်ဖြန်သွားဦးမှာလား.."
"….."
မျိုးချစ် ပြန်မပြောတော့ အမေက တရှုံ့ရှုံ့ ငိုရင်း အိမ်ရှေ့ခန်းဘက်ကို ထွက်သွားခါ အကိုကြီးကလည်း သက်ပြင်းချသည်..။
ညပိုင်း အားလုံး အိပ်မောကျနေချိန် ဘေးက အကိုကြီး ၀င်းကို မနှိုးအောင် ဂရုစိုက်ထခါ ခြင်ထောင်ကို ဖျာအောက်ကနေ အသာဖိဆွဲထုတ်သည်..။
အ၀တ်အစား များများစားစား မလို သေတဲ့ အထိ တိုက်ပွဲ၀င်ဖို့ ရည်ရွယ်ပြီးသားမို့ ကျောင်းသား၀တ်စုံနဲ့ အုန်းဆီနံ့မကင်းသည့် နဖူးစည်းလေးကို ယူလိုက်သည်..။
အိမ်ထဲ က ခြေသံခပ်ဖွဖွ နင်းပြီး မီးဖိုခန်း တံခါးမှ ဆင်းလာခဲ့လိုက်သည်..။
"သား…"
"ဟင်…"
"ငါ မင်းကို  ဘာဖြစ်လို့တားနေရတာလည်း မင်းသိလား…ငါဟာ စစ်အာဏာရှင် အားပေးလည်း မဟုတ်ဘူး…ကွန်မြူနစ် အားပေးလည်း မဟုတ်ဘူး..ဒီမိုကရေစီ အားပေးလည်း မဟုတ်ဘူး…ငါ့လက် နဲ့ ငါ့လုပ်အားကို ကိုးကွယ်နေတဲ့ လူတစ်ယောက်…ဒါပေမဲ့ မင်းကြောင့် ဝါဒစွဲဝါဒမုန်း ဖြစ်တော့မယ်…မျိုးချစ်…"
"သားကို ခွင့်လွှတ်ပါ အဖေ…"
"မင်းကိုယ်မှာ ဒဏ်ရာတစ်ချက်ရရင် ငါ့ နှလုံးသားမှာ ဒဏ်ရာ တစ်ချက် ရသလိုပဲ…မင်းက အဲလောက်ထိ ငါ့အတွက် အရေးပါတယ်…ငါ့သွေး…ငါ့သား မဟုတ်လို့ ငါ့မှာ  အမိန့်ပေးခွင့် မရှိဘူး..မင်းသွားပါ…မင်းစိတ်ကြိုက်ပေါ့..မင်းက အတောင်စုံနေပြီပဲ.."
"မဟုတ်ဘူး…မဟုတ်ပါဘူး..အဖေရယ်…သား အဲလို မလုပ်ပါဘူး…သား…ရှက်တယ် အဖေ…ဦးဆောင် ဟောပြော စည်းရုံးခဲ့ရတဲ့ ခေါင်းဆောင်က မပါ၀င်ရင်…သား သိက္ခာ မရှိ သစ္စာမရှိ ကတိမတည်တဲ့ ကောင်ဖြစ်ပြီ အဖေရဲ့…"
"သွားလေ….သား…"
အဖေက လမ်းဘက်ကို မေးငေါ့ပြပြီး အိမ်ဘက်ကို ပြန်လျှောက်သွားတော့ မျိုးချစ်ရင်ထဲ နာကျင်ရသည်..။
ခပ်ဖြည်းဖြည်းသွားနေတဲ့ အဖေကျောပြင်ကို ကြည့်ရင်း…မျက်ရည်တွေစို့လာပေမဲ့ စိတ်တင်းခါ လက်သီးဆုပ်လိုက်မိသည်..။
"ဟာ..အဖေး.."
အိမ်လှေကားဆင့်လေးမှာ ခွေ ခနဲ့ လဲကျသွားတဲ့ အဖေ့ဆီကို ဘယ်လို ရောက်သွားခဲ့လည်း မသိတော့ပါ..။
လက်ထဲက ကျောင်းစိမ်းအဖြူနဲ့ နဖူးစည်းမှာ မျိုးချစ်ကိုယ်စား အဖေ့သွေးတွေ တစ်ရက်ကြိုပြီး စွန်းခဲ့ရသည်..။
တစ်ညလုံး မအိပ်နိုင်ပဲ စောင့်ကြည့်ခဲ့ပေမဲ့ အဖေက တော့ နိုးထမလာပါ…။
အုတ်လှေကားနဲ့ ရိုက်မိပြီး ခေါင်းကွဲ ထားတာမို့ မျိုးချစ် အဖေ့ကို ကြည့်လိုက် ငိုလိုက်ဖြင့် ဇာတိမာန်သွေးတွေ ဘယ်ပျောက်ကုန်သလည်းတောင် မသိလိုက်ပါ..။
မနက်ပိုင်း ဒို့အရေးအော်သံတွေက မျိုးချစ်ကို အမျိုးယုတ်ဟေ့လို့ စွပ်စွဲနေသလိုပင်..။
အဖေ့ မျက်နှာကို ကြည့်မိပြန်တော့ ငယ်ငယ် တုန်းက အဖေအရင်း ပြန်မလာလို့ ငိုခဲ့ရတာ သတိရပြီး နေမထိ ထိုင်မသာ ဖြစ်ရသည်..။
"မျိုးချစ်…သွားအိပ်ဦး.."
"အဖေ နိူးလာမှပဲ အိပ်မယ်.."
"အဖေက သတိရဦးမှာ မဟုတ်ဘူးတဲ့…ဆရာ၀န် ပြောတယ်လေ…"
"ကျွန်တော့် ကြောင့် အဖေ အခုလို ဖြစ်ရတာပါ…အဖေ..ဘာမှ မဖြစ်ပါနဲ့…သား စကား နားထောင်ပါမယ်…"
"မင်းကလည်း…အဖေသေတဲ့ အတိုင်း ငိုမနေစမ်းပါနဲ့.."
"အကိုကြီး.."
မျိုးချစ် ပြန်အော်လိုက်တော့ အကိုကြီး က အိမ်ရှေ့ဘက်ကို ထွက်သွားပြီး လမ်း၀ကို ထိုင်ကြည့်နေတော့သည်..။
မျိုးချစ် တဲတန်းမှာ ဖျားတုန်းက အဖေ့ ပွေ့ချီပြီး ဆေးခန်းခေါ်ပြေးတာ သတိရမိပြန်သည်..။
အခုတော့ အဖေ..သားကြောင့်မှ ခုလို ဖြစ်ရတာလား…အဖေသာ တစ်ခုခု ဖြစ်သွားရင် သားကိုယ့်ကိုယ်ကို တစ်ခု လုပ်မိလိမ့်မယ်…အဖေရဲ့…။
အဖေ့ရဲ့ ခေါင်းပေါ်က ပတ်တီးဖြူဖြူကို ခပ်ဖွဖွ ကိုင်ကြည့်ရင်း မျိုးချစ် အသံတိတ်ရှိုက်နေမိသည်..။
"သား..မျိုးချစ်..ဘယ်မှာလည်း..သွားပြီလား.."
"အဖေ…."
"သား.."
"သား..ဒီမှာ ရှိပါတယ် အဖေ…သား ဒီမှာ ရှိပါတယ်…အဖေ သတိရလာပြီလား.."
"ဟင်း..တော်ပါသေးရဲ့…ငါ ခေါင်းတွေ တအားကိုက်တာပဲကွာ…"
"အဖေ ခေါင်းပေါက်သွားလို့ပါ….ဆေးသောက်ရင် သက်သာမှာပါ..အဖေ မထ နဲ့ဦးနော်.."
မျိုးချစ် အခန်းထဲက ထွက်ပြီး အိမ်ရှေ့ဘက်ကို ပြေးထွက်လာတော့ အကိုကြီးကလည်း ငူငူငိုင်ငိုင် ထိုင်နေသည်..။
မြို့လယ်ခေါင် မဟုတ်လို့ လူစုလူဝေး မတွေ့ရတဲ့ လမ်းမပေါ်ကို ငေးရင်း လူထုကြီးရဲ့ အသံတွေ တစ်ချက် တစ်ချက် ကြားရသည်..။
"အကိုကြီး.."
"ဟင်.."
"အဖေ နိုးပြီ…"
"သြော်…အေး.."
အကိုကြီးက ခပ်သွက်သွက် လိုက်လာပြီး အခန်းထဲ ရောက်တော့ အဖေ က ပြန်အိပ်ပျော်နေပြီ..။
မျိုးချစ် မယုံလို့ အပြေးအလွှား အနားကို ရောက်သွားခါ အသက်ရှုသံ စမ်းကြည့်ရသည်..။
"စောစောက တကယ်နိုးနေတာ.."
"အေးပါ…အိပ်ပါစေ…နိုးရင်စားဖို့ တစ်ခုခု စီစဉ်ထားရမယ်…အမေ့ကို သွားပြောလိုက်.."
"အကိုကြီး သွားပြောလိုက်…ကျွန်တော့် အဖေ့နားမှာ နေချင်လို့.."
"အေးပါကွာ…ငါ က သားမဟုတ်ဘူး.."
အကိုကြီးရဲ့ စောင်းအမြောင်း စကားကို နားထဲ မ၀င်နိုင်ပဲ အဖေ့လက်ကို ကိုင်ပြီး စိုးရိမ်စိတ်တွေ နဲ့ အတူ ဆုတောင်းနေမိသည်..။
.
"လာနော်…ဂျပန်မိတ် တွေ..အလတ်ကြီး ရှိသေးတယ်…"
"ဘယ်လောက်လည်း…"
"စျေးပြောကြည့်လေ…"
"တစ်ရာ့ငါးဆယ်...."
"ဟာ…မရဘူးလေ.."
"အမလေး…မရလည်း မယူဘူး.."
မြေပြိုလောက်အောင် ခြေဆောင့်ခါ မီးတောက်လောက်တဲ့ နဂါးမျက်စောင်း အစစ်ရ၍ ပိုက်ဆံတော့ တစ်ပြားမှကို မရလိုက်ပါ..။
ငါးဆိုင်ကျော်လောက်က အကိုကြီး အသံ သြကြီး ထွက်လာတော့ မျိုးချစ် ရှက်လို့ ကျောပေးခါ ခပ်ငုံ့ငုံ့ ထိုင်နေမိသည်..။
"တစ်ရာဖိုး သုံးထည်…လာထားနော်….အသစ်တွေ.."
"အိုး…"
နားကြပ်ကတ်ဆက်ကလေးထဲ စိုင်းထီးဆိုင် ခွေ ထည့်ပြီး လမ်းကို ကျောပေးခါ ထိုင်နေလိုက်သည်..။
အရေးအခင်းပြီးကတည်းက မျိုးချစ် ကျောင်းလည်းမတက်တော့သလို အပေါင်းအသင်းတွေနဲ့သာ အချိန်ကုန်နေတာ တစ်နှစ်ကျော် နှစ်နှစ် နီးပါးဖြစ်နေပြီလေ… အခုတော့ မရတော့ချေ…။
အိမ်ရဲ့ စီးပွားရေး အသစ် အဟောင်းထည်ရောင်းတဲ့ အလုပ်က မျိုးချစ် နဲ့ သိပ်ပြီး တွက်ချေမကိုက်..။
မျိုးချစ်က အေးအေးဆေးဆေး လုပ်ချင်တာ ရောင်းတာက လိမ်ရ ညာရ ဒီကြားထဲ ရန်တွေ့လည်း ခံရသေးသည်..။
အဖေကတော့ အတွေ့ အကြုံရအောင် လိုက်သွားပါလို့ တိုက်တွန်းလို့ လိုက်ခဲ့ရတာ…ဆယ်ရက်ကျော်တော့ အကိုကြီးကို ခိုရောင်းလို့ မရအောင် မျိုးချစ် အတွက် စျေးတစ်ခင်းစာ ငှားပေးပြီး အော်ရောင်းခိုင်းတော့သည်..။
"ဟေ့ကောင်…"
"အ…."
"ဘယ်လိုလည်း ကြီးပွားရေး လုပ်ငန်းရှင် ကြီးရဲ့.."
"တော်စမ်းပါကွာ…"
"ငါတို့ လက်ဖက်ရည် ဆိုင် သွားဖို့ လာခေါ်တာ.."
"မရဘူး..ဟေ့ကောင်…ဆိုင်သိမ်းမှ ပြန်လို့ရမယ်…"
"ဒါဆိုလည်း သိမ်းလေကွာ…အခုဆို မင်း မမထွေးလေး စျေးပြန်ချိန်လေကွာ.."
"ဟူး…သိပါတယ်ကွာ…သိလို့လည်း.. စိတ်ညစ်တာပေါ့ …အကိုကြီးက သူသိမ်းမှ သိမ်းရမယ်တဲ့.."
"ဟာကွာ…မင်း မလိုက်လည်း..သွားတော့မယ်.."
"သွား..မနက်ဖြန် ကျရင် ငါ တကယ်စာပေးမယ်.."
"ဟဲဟဲ…မနက်ဖြန်ပေါင်း များစွာ…ဟား..ဟား…"
သူငယ်ချင်းတွေက လက်ပြ နှုတ်ဆက်သွားတော့ မျိုးချစ် စိတ်ပျက်စွာဖြင့် ကျန်ခဲ့ရသည်..။
၀တ်ထားတဲ့ အကိုကြီး အကျ ခေါင်းလောင်းဘောင်းဘီ ကို ငုံ့ကြည့်ပြီး ွှ
နှာခေါင်း ရှုံ့လိုက်မိသည်..။
ကိုယ်၀တ်ချင်တာ ဂျင်း…ဂျင်းဆိုလို့ အဖေ ၀ယ်လာလိုက်တိုင်း လည်း အဆင်မပြေ..ကိုယ်တိုင် ၀င်ရွေးတော့လည်း လိုတာမရပြန်…။
အကိုကြီးကို ပူဆာရအောင်လည်း သူကိုယ်တိုင်က ပုဆိုး သုံးလေးထည် ပတ်၀တ်နေတော့ အားနာသည်..။
ဂျင်း ၀ယ်ပေးပါဆို ဟောင်ကောင်ဂျင်း အညာခံပြီး ၀ယ်လာလို့ စိတ်ဆင်းရဲပြီး နှမျောခဲ့ရသည်။
အခုလည်း မပူဆာရဲတော့ပါဘူးလေ…။
မနက်ဖြန် မမထွေးကို စာပေးရင် ၀တ်ဖို့ အတွက် ရှပ်အကျီ င်္နဲ့ ပုဆိုးပဲ ၀တ်သွားရမလား..
မောင်မောင့်ဆီက ဂျင်းပဲ ငှားရမလား အတွေးရကြပ်နေသေးသည်..။
"ဘယ်လောက်ရမလည်း.."
"အိုး.."
မျိုးချစ် မျက်နှာ တစ်ခုလုံး ရှုံ့မဲ့သွားခါ လက်ထဲက နားကြပ်ကက်ဆက်ကလေးကို ဖြုတ်ပြီး နောက်က ထင်းရှုးပုံးပေါ်တင်လိုက်သည်..။
ဒီ အင်္ကျီကို အသွားအပြန်ကိုင်ကြည့်ပြီး စျေးမေးနေတာ ဒါနဲ့ဆို သုံးလေးခေါက်ရှိပြီ..။
လူကြည့်တော့လည်း ရေနံချောင်းက မယ်ကံကောင်းများလား မသိ…။
"ဟဲ့..မေးနေတယ်လေ…လူကိုဘာလို့ ကြည့်နေတာလည်း.."
"သြော်..ဒေါ်ကြီးရယ်…ဒေါ်ကြီး ကြည့်နေတာ သုံးလေးခေါက်ရှိပြီ…ကျွန်တော်လည်း ပြောတာ သုံးလေးခေ့ါက်ရှိပြီ.."
"ဘာ…လူကိုများ ဒေါ်ကြီးလေး ဘာလေးနဲ့…စကားပြောတာ ကြည့်ပြောနော် ပါးရှစ်စိတ်ကွဲသွားမယ် ဘာမှတ်လည်း.."
"ဟော..ကျုပ်က ခင်ဗျားကို ဘာလုပ်လို့လည်း…"
"နင် စော်ကားနေတာလေ.."
"ဘာစော်ကားလည်း…သွား..သွား..မ၀ယ်နဲ့…"
"အမလေး ကြီးကျယ်လိုက်တာ..အဟောင်းထည်ရောင်းစားရပေလို့ပဲ…"
မျိုးချစ် ပြန်ပြီး မပြောချင်တော့လို့ နားကြပ် ပြန်ထိုးခါ ကျောပေး ထိုင်နေလိုက်သည်..။
ပွစိပွစိ ပြောလို့ ပြီးမဲ့ အချိန်လှည့်ကြည့်လိုက်တော့ ဆွဲခြင်းကို ဘေးချပြီး အ၀တ်ထိုင်ရွေးနေပြန်သည်..။
ဒီမိန်းမ ရိုးတောင် ရိုးရဲ့လား…။
မျိုးချစ် သူ့ဆွဲခြင်းထဲ မသင်္ကာလို့ တစ်ချက်ဝေ့ ကြည့်ပြီး ဗိုက်တွေ ခါးတွေ ဖောင်းနေလား တစ်ချက်ကြည့်ရသည်..။
အခုခေတ် အလစ်သုတ်သူတွေက တစ်ခါခိုးရင် ဆယ်ထည် အသာလေးလို့ အကိုကြီး ပြောထားလို့ မျိုးချစ် ယောင်လည်လည် ဖြင့် ကိုယ့်ခန္ဓာ တစ်ခုလုံးကို မျက်လုံးနဲ့ လိုက်စစ်ဆေးနေရသည်..။
"တစ်ရာ့ငါးဆယ်ထားလိုက်ပါ… အမြဲ၀ယ်နေကြ ဖောက်သည်ပါနော်.."
"မရပါဘူးဆို.."
အမယ်..လာလာ ချည်သေး….ကိုယ်က ဒီနေ့မှ စျေးထွက်ရောင်းတာကိုများ ဖောက်သည်တောင် ဖြစ်နေပြီတဲ့…ဘယ်အချိန် အမြဲလာ၀ယ်လိုက်လည်း မသိပါဘူး..။
သေချာတာတော့ မနက်ကတည်းက သုံေးလးခေါက် လာမေးတာ ဒီတစ်ယောက်ပဲ ရှိသေးတာပါ..။
"အိုး…မရ မ၀ယ်ဘူး."
ဒါနဲ့ဆို လေးခေါက်မြောက်ပြီမို့ မျိုးချစ် စိတ်မ၀င်စားသလို ခပ်ရွဲ့ရွဲ့ဖြင့်ပင်..
"လာနော်…ဂျပန်မိတ်စစ်စစ်တွေ…တစ်ရာ့ငါးဆယ်…အဲ…တစ်ရာ့ရှစ်ဆယ်…နှစ်သုံးဆယ် အာမခံတယ်နော်…ဘရာသာတွေ ဒယ်ဒီတွေ မကဘူး တစ်မိသားစုလုံး ၀တ်လည်း ချုပ်ရိုး မပြုတ်ဘူး.."
"ဒါမျိုး နောက်မရဘူးနော်…လာထား.."
"သားရေ…ဒီလောင်းကုတ်ကလေး ဘယ်လောက်လည်း.."
"တစ်ရာ့ရှစ်ဆယ်ပါ ဒေါ်ဒေါ်..ဂျပန် အစစ်ပါ…ပစ္စည်းကလည်း အသစ်အတိုင်းပါပဲ.."
"နည်းနည်းလျော့ပါလားကွယ်…ဒေါ်ဒေါ်တို့က လခစားမို့လို့ပါ…သား လျော့နိုင်သလောက်ပေါ့လေ…မစစ်ချင်လို့ပါ…"
မျိုးချစ် ကက်ဆက်ကို ပြန်တင်လိုက်ပြီး ထလာခါ အရှေ့က အခင်းပေါ်မှာ ချထားတဲ့ ကုတ်အညိုကို ကောက်ကိုင်လိုက်ချိန် နှစ်ဆိုင်ကျော်မှာ ဟိုကိုင် ဒီကိုင်ဖြင့် ဒီဘက်ကို မျက်လုံးပြူးဖြင့် လှမ်းကြည့်နေတဲ့ မိန်းမဆီ အကြည့်ရောက်သွားသည်..။
"အဟွင်း…ဒေါ်ဒေါ် ၀တ်ဖို့ဆိုရင် အနုဆင်လေးတွေ ရှိတယ်..ဒါဆို လေးလိမ့်မယ်.."
"ဒေါ်ဒေါ်ဖို့ မဟုတ်ပါဘူး…သားအတွက်ပါ…ကောလိပ် ကျောင်းသားလေ.."
"သြော်…ဒါဆို…ဂျက်ကက် လေး နှစ်ထည်ရှိတယ်…ဂျင်းဖြူ ဂျာကင်လေး တစ်ထည်လည်း ရှိတယ်..တော်တော်ကြိုက်ကြတာ…ဒေါ်ဒေါ်ယူရင် တစ်ရာနဲ့ ပေးမယ်.."
"..ကျေးဇူးတင်ပါတယ်…သားရယ်…"
"ဟို အဖြူကတော့ ပြန်လျှော်ရလိမ့်မယ်…ဒိုဘီအပ်ရင် ဖွေးသန့်သွားလိမ့်မယ်…"
"ရတယ်…တစ်ရာနော်…လျော့ဦးမလား."
"ဒေါ်ဒေါ် စျေးသိပါတယ်ဗျာ…အသားကို ကိုင်ကြည့်ပါ…ဂျင်းသား အစစ်တွေပါ.."
"အေး..အေး…ထည့်လိုက်နော်…"
မျိုးချစ် ခေါက်ပြီး အိတ်အဟောင်းကို ခါ ၍ အကြည့်ရောက်သွားချိန် နှုတ်ခမ်းလေး ကိုက်ပြီး ရင်ခုန်နေသလို အင်္ကျီကိုသာ ငေးကြည့်နေသည်..။
ဒီမိန်းမ ဒီ အင်္ကျီမှ မရရင် အိမ်တောင် ပြန်ပါ့မလား မသိ..။
တတိယအကြိမ် ၀ယ်သူ တစ်ယောက် စျေး၀ယ်ပြီး ပြန်သွားပေမဲ့ ဟိုမိန်းမကတော့ ဆွဲခြင်း တစ်လုံးဖြင့် ဟိုဘက်ဒီဘက် လျှောက်ပြန်သံပေးနေပြန်ပြီ..။
မျိုးချစ် မသိချင်ယောင်ဆောင်နေလိုက်ပြီး ကတ်ဆက်ကိုင်ခါ နားကြပ်လေး ပြန်ကောက်ထိုးလိုက်သည်..။
စျေးခင်းရှေ့ အရိပ်ရောက်လာတော့ သူမှန်း သိလို့ မော့မကြည့်တော့ပဲ မျက်နှာထား တည်တည် ဖြင့် သာ နေလိုက်သည်…။
"ဒီမှာ…"
"ဒိမှာ…ဒီမှာ.."
"ဒီမှာရှင်…ဟဲ့…စျေးသည်.."
"အိုး...."
"နားများ ကန်းသွားပလား မသိဘူး.."
မျိုးချစ် စကားပြောနေတဲ့ အသံကြားနေရတော့ ရယ်ချင်ပေမဲ့ မသိချင်ယောင်ဆောင်ခါ ခပ်တည်တည်ပင် ထိုင်နေလိုက်သည်..။
"ဒီမှာလို့.."
လက်ကို ဝေ့ယမ်းပြီး ခေါ်တော့ မျိုးချစ် နားကြပ်ဖြုတ်ပြီး မှုန်ကြုတ်ကြုတ် ပြန်ကြည့်ခါ မေးငေါ့ပြလိုက်သည်..။
"ဟို…တစ်ခြောက်တော့ ထားပါ..ပိုက်ဆံပါမလာလို့ပါ…"
"ပါမလာ ပြန်ယူပေါ့.."
"အိုး…"
"ခင်ဗျား မ၀ယ်ပဲနဲ့ ယောင်လည်လည် လုပ်နေတာနော်.."
"အိုး..ငါ သူခိုးမဟုတ်ဘူး.."
"သူခိုးလို့ မပြောပါဘူး…မသင်္ကာစရာ ဖြစ်လာပြီလို့ ပြောတာ.."
"ကြည့်စမ်း..လူပါး၀လို့..ပေး…အဲဒါ…အိတ်နဲ့ သေချာ လှလှ ပပခေါက်ပြီး ထုတ်ပေး.."
မျိုးချစ် စိတ်ထဲမှာ ဟားတိုက်ရယ်မောရင်း သူ့လက်ရာတွေ ထပ်နေတဲ့ ကုတ် အညိုကို ဆွဲယူပြီး ပေါင်ပေါ်တင်ခါ ခေါက်လိုက်သည်…။
သိတယ်…မိန်းမ တစ်ချို့က မခံချင်စိတ် မာနကြောင့် အတွေးလွတ်သွားတက်တယ်လေ…။
မျက်နှာထား တင်းတင်း နဲ့ သူကပဲ တစ်ပြန် ဆွဲခြင်းကို ဆောင့်ချလိုက်သည်..။
ရောင်းသူ ၀ယ်သူ ကြိုက်စျေးရရင် ၀ယ်..မရရင် သွားပေါ့..အခုတော့ ကုန်းတံတားက အလှူခံထက်ကို ဆိုးနေတာလေ…မပေးရင် မပြန်ဘူးဆိုတဲ့ ပုံစံမျိုး…။
ပိုက်ဆံရေတွက်နေချိန် မျိုးချစ် အကြည့်ရောက်သွားတော့ ရင်ထဲတစ်မျိုးဖြစ်ပြီး စိတ်မကောင်း ဖြစ်သွားရသည်..။
ဆယ်တန် တစ်ချို့လည်းပါ၀င်သလို ကျပ်တန်ခပ်နွမ်းနွမ်းလည်း ပါသေးသည်..။
"တစ်ရာ့ငါးဆယ်ပဲပေး.."
"ဟယ်…တကယ်လား…အမလေး..ကျေးဇူးတင်ပါတယ်…စျေးရောင်းကောင်းပြီး ချမ်းသာပါစေတော်.."
ဆုတွေ အများကြီးပေးပြီး အိတ်ကို လှမ်းယူချိန် ပြုံးပြတော့ ပါးချိုင့်လေး တစ်ဖက် အမှတ်မထင် တွေ့လိုက်ရသည်..။
ဒီအကျီ င်္လည်း သူမှ မယူရင် ၀ယ်မယ့်သူတောင် ရှိ့ပါ့မလား မသိ..။
"နာမည် ဘယ်လိုခေါ်လည်း.. ဘယ်မှာနေလည်း…"
"ဟင်.."
"၀ယ်နေကျ ဖောက်သည်မို့လို့ မေးတာပါ"
သူ့အကြောင်း သူသိသလို ခေါင်းလေးငုံ့သွားပြီး ဆွဲခြင်းထဲကို အကျီ င်္သေချာထည့်နေရင်း…
"ကျွန်မ နာမည် မလှမေ…တဲ့ရှင့်..ဒီစျေးကို နေ့တိုင်းလာတယ်…"
စကားသံဆုံးတော့ နှုတ်မဆက် လက်မပြ လှည့်မကြည့်ပဲ ထွက်သွားတာ လိုချင်တာ ရသွားလို့ ခြေစုံကန်သွားသလိုသာ ခံစားလိုက်ရသည်..။
ဟင်း..မိန်းမတွေ အားလုံး တူတူပါပဲလား…မမထွေးက လွဲလို့ပေါ့လေ…။
"ဟာ….ဟိုမှာ..မင်းမမထွေးမလား.."
"အေး…ဘေးမှာ  ဘယ်က ကောင်လည်း မသိဘူး.."
"ဘယ်ကကောင်လည်း..မင်းလည်း မသိဘူး..ငါလည်း မသိဘူး…သေချာတာတော့ အခြေအနေ မကောင်းဘူး.."
"ဟုတ်တယ်..မျိုးချစ်…မင်း ဒီနေ့တော့ စာပေးလို့ရမှာ မဟုတ်ဘူး..မင်းက တွန့်ဆုတ်နေတာကိုး…အစကတည်းက ပေးလိုက်ရင် ပြီးရောကွာ.."
"မင်းတို့က တစ်မျိုး.."
မျိုးချစ် ခပ်ဆောင့်ဆောင့် အေ်ာလိုက်တော့ တစ်ဝိုင်းလုံး ငြိမ်ကျသွားပေမဲ့ စကားရယ်မော ပြောပြီး လျှောက်သွားတဲ့ မမထွေးဆီမှာသာ အားလုံးရဲ့ အကြည့်တွေ ရောက်နေသည်..။
မမထွေး ရက်စက်လိုက်တာ…ကျွန်တော့်တို့ နှုတ်စကား မပြောခဲ့ဖူးပေမဲ့..မျက်လုံးချင်း…နှလုံးသားချင်း စကားပြောဖူးတယ်….တွေ့စကတည်းကြိုးစားလိုက်ရင် အခုလောက်ဆို ပိုင်ဆိုင်နေလောက်ပါပြီ..။
မမထွေး သိက္ခာကို ငဲ့ပြီး အနားကတောင် ယှဉ်လျှောက်ဖို့ မကြိုးစားခဲ့ပါဘူး..။
ယဉ်ယဉ်လေး နဲ့ လှတဲ့ မမထွေးရဲ့ အိနြေ္ဒပျက်အောင် မနှောင့်ယှက်ချင်တာ အခုတော့..။
မျိုးချစ် တောက်ခတ်လိုက်ချိန် အကြည့်တစ်ချက် ရောက်လာပေမဲ့ စကားပြောလက်စ ဖြင့် ရယ်မော ပြောရင်း ကျော်ဖြတ်သွားသည်..။
"ငါ ညကျရင် သူတို့ အိမ်ရှေ့ ဂစ်တာသွားတီးမယ်.."
"အေးကောင်းတယ်…ငါတို့လည်း လိုက်မယ်…"
"ငါပြန်ပြီ.."
"ဟ…မျိုးချစ်.."
လက်ဖက်ရည်ဆိုင်ကနေ ပြန်ချိန်က နေ့တိုင်း ဆယ့်တစ်နာရီ ဖြစ်ပေမဲ့ အခုတော့ ကိုးနာရီကတည်းက အိမ်ကို ပြန်ရောက်ခဲ့သည်..။
ဂျင်းအကျီ င်္ကို ချွတ်ပြီး ချိတ်ခါ အိတ်ထဲမှ တစ်ညလုံး စာစီထားတဲ့ စာအိတ် ပန်းရောင်လေးကို ထုတ်လိုက်သည်..။
ရေမွှေး ပေါင်ဒါမှုန့်ဖြူး၍ အခြောက်ခံ သုတ်ပြီး လှလှလေး ခေါက်ခါ ပန်းရောင် စာအိတ်လေးထဲ သေချာ ထည့်ထားရတာ..အခုတော့…။
မျိုးချစ် ဖြဲပစ်လိုက်ဖို့ လက်ရွယ်ပြီးခါမှ ညပိုင်း အခြေအနေ ကောင်းရင် ပေးဖို့ ဆုံးဖြတ်ပြီး အကျီ င်္ အိတ်ထဲ ပြန်ထည့်လိုက်သည်..။
"အမေရေ.."
"ဟေ.."
"သား..ဒီနေ့ စောသိမ်းပေမဲ့ ခြောက်ယောက်တောင် ရောင်းလိုက်ရတယ်.."
"တယ်ဟုတ်ပါလား…သားအဖေသိရင် ၀မ်းသာမှာပဲ.."
"အဖေက ဘယ်သွားလည်း.."
"သူ့ သူငယ်ချင်း နေမကောင်းလို့ လူမမာမေးသွားတယ်…."
"သြော်…သားရေချိုးလိုက်ဦးမယ်..…ပြီးတော့မှ ကိုကြီး ဆီ တစ်ခေါက်ပြန်သွားလိုက်မယ်.."
"အေး..အေး.."
မျိုးချစ် ရေတဝုန်းဝုန်းလောင်းချိုးပြီး အ၀တ်အစားလဲခါ စျေးတန်းဆီသို့ အချိန်မှီပြေးရသည်..။
ဒါတောင် ရောက်တာနဲ့ စျေးစောသိမ်းလို့ ဆီးကြိုဆူငေါက်တော့တာပါပဲ…။
"အဖေ.."
"ဟေ.."
"သား..ဟိုဘက်လမ်းမှာ..သူငယ်ချင်းတွေနဲ့ ဂစ်တာ သွားတီးချင်လို့ .."
"ဟေ…မင်းက ဘယ်ကောင်မလေးကို သွားတီးပြမှာလည်း.."
"မဟုတ်ပါဘူး..သူငယ်ချင်းတွေ ဒီအတိုင်းပါ.."
"အေး..သွားလေ…ညတော့ သိပ်မနက်စေနဲ့နော်.."
"ဟုတ်ကဲ့.."
ဂစ်တာ တစ်လက် ဆွဲပြီး ထွက်လာတော့ ကိုကြီးက သိနေတယ်ဆိုတဲ့ အပြုံးဖြင့် မေးငေါ့ပြသည်..။
မျိုးချစ် မျက်နှာ မချိုမချဉ်လုပ်ခါ ပြန်ြ့ပုံးပြပြီး ထွက်လာခဲ့လိုက်ရသည်..။
"မညာပါနဲ့🎼…စိတ်ထဲမှာ..မင်းလည်းငါလို ခံစားမှန်းငါသိတယ်…အမူအရာနဲ့ လူသိလောက်ပြီ…ရှက်ရမဲ့ တစိမ်း မဟုတ်ဘဲ..မပွင့်တပွင့် မျက်နှာလေး နဲ့ အချိန်ဆွဲခဲ့တာ အပျိုဟိုင်းကြီး ဖြစ်တော့မယ်…အပျိုကြီး🎼 တကယ်လုပ်မှာလား ပြောစမ်းပါ…ရည်ရွယ်တဲ့ မင်းအကြောင်းတွေ…တကယ့်လို့ မင်းနဲ့ မပေါင်းဖြစ်ရင်တော့ အားကျမခံ လူပျိုကြီးပဲ လုပ်တော့မယ်…🎼"
"ဂျိန်း.."
"ဟ..ထွက်လာတယ်ကွ…တော်တော် သတ္တိကောင်းတာပဲ.."
"ဟဲဟဲ..မမထွေး..ထွက်လာမယ်တောင် မထင်ထားဘူး.."
"ငါက ဘာလို့ ထွက်မလာရဲရမှာလည်း…ခွေးဟောင်ရင် နားငြီးမှာပဲ…ထ မမောင်းရင် အိပ်ရေးပျက်မယ်.."
"ဟာ.."
မမထွေးက မျက်နှာတင်းတင်းလေး နဲ့ ရန်တွေ့တော့ ပါလာတဲ့ ကောင်တွေက မကျေနပ်တော့တာ သိလို့ မျိုးချစ် ပဲ ထရပ်လိုက်သည်..။
"မမထွေးအတွက် အနှောင့်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပါ… ဒီစာလေးတော့ယူသွားပါနော်…ချစ်လို့.."
"ပြောလေကဲလေ…ကဲဟာ…"
"ဖြန်း…"
"ဖြန်း…"
ဘယ်ပြန်ညာပြန် အရိုက်ခံလိုက်ရလို့ ပါးနှစ်ဖက် စလုံး ပူထူသွားခါ ရှက်ဒေါသက ငယ်ထိတ် အထိ ဆောင့်တက်လာသည်..။
ဘာမှ ပြန်မပြော မလုပ်နိုင်ပဲ ကြောင်နေချိန် သံဘာဂျာ တံခါးက ဆူညံစွာ ပြန်ပိတ်သွားပြီ..။
"သပ်သပ်စော်ကားတာကွာ.."
"တောက်.."
"ဒီမိန်းမ တော်တော် ဂျိုကြွနေတာ..ကားတင်ပြေးကွာ မျိုးချစ်.."
"ဟုတ်တယ်…သူ့အိမ်ရှေ့ဆိုပေမဲ့ ငါတို့ဟာ့ ငါတို့ ပလက်ဖောင်းမှာ သီချင်းဆိုနေတာကိုကွာ…"
"တော်တော် မာနကြီးတဲ့မိန်းမ မထင်ရဘူး.."
တစ်ယောက် တစ်ပေါက် ဝိုင်းပြောနေပေမဲ့ မျိုးချစ် အံကြိတ်ခါ လက်သီးဆုတ်ပြီး အိမ်ပြန်လာခဲ့ရသည်..။
"ဟေ့ကောင်..မပြန်နဲ့..လာ…ငါတို့နဲ့ လိုက်ခဲ့.."
သူငယ်ချင်းကောင်းတွေက စိတ်ညစ် စိတ်ရှုပ်တာတွေ ပျောက်အောင် ကူညီမယ်ဆိုတဲ့ အာမခံနဲ့ ဆိုင်ထဲရောက်သွားတာ တစ်နာရီကြာတော့ ခေါင်းမှောက်သွားရသည်..။
"အား…ကိုက်လိုက်တာ…"
"ကိုက်ပြီမလား…ဟိုမှာ ကော်ဖီကြမ်း သောက်လိုက်.."
"ဟင်..အဖေ…"
"အေး…"
"အဖေ့ဆီမှာ  သားအိပ်ပျော်သွားတာလား.."
"မဟုတ်ဘူး..မင်း အန်ဖက်စို့ပြီး နင်နေမှာစိုးလို့ အနားခေါ်သိပ်တာဟ.."
"အိုး..အဖေရာ…အဖေ ညက အိပ်ရသေးလား.."
မျိုးချစ်…အိပ်ရာနိုးစ မျက်နှာမသစ်ရသေးခင် အဖေက ကော်ဖီကြမ်းပန်းကန်လုံး အတင်းထိုးထည့်ပေးနေတော့ သောက်လိုက် မျက်နှာ တစ်ခုလုံး ရှုံ့မဲ့ သွားရသည်..။
"ချဉ်တယ်."
"ခေါင်းကြည်သွားအောင်သောက်…  အခု ငါမေးတာ ဖြေတော့…ပါးရိုက်ခံပြီး သွားကြိုက်ရအောင် ဒီဟာမက ဘာကောင်မလည်း.."
"ဟင်..အဖေသိနေတာလား.."
"သိတယ်..မင်းကို စိတ်မချလို့ နောက်က လိုက်လာတာလေ…ထင်တဲ့ အတိုင်း ပါးရိုက်ခံလိုက်ရတာပဲမလား.."
"အဟွင်း..အဖေကလည်း..သားရည်းစား စကား သွားပြောတာလည်း လိုက်ပြီး စောင့်ကြည့်တာပဲလား.."
"စောင့်ကြည့်တာတောင် အရိုက်ခံ ပြီး အရက်နာ ကျခဲ့တယ်လေ…"
"သားက သူတို့အိမ်ရှေ့ သွားမိတာကိုး.."
"မဖြစ်ဘူး..မင်းကို မိန်းမပေးစားမယ်.."
"ဗျာ.."
ကော်ဖီအရသာတောင် ပါးစပ်ထဲက ပျောက်ပြီး မျက်လုံးပြူးထွက်သွားရသည်..။
ပါးရိုက်ခံရလို့ သွားတောင်းပေးတော့မှာများလား..။
"ငါ့သူငယ်ချင်း သမီး နှစ်ယောက် ရှိတယ်..အကြီးမကို မင်းအကိုယူလိမ့်မယ်..အငယ်မကို မင်းယူ…အဆင့်အတန်းကတော့ မင်္ဂလာပွဲလုပ်မပေးလည်း ရတယ်..သူတို့ ရပ်ကွက်ထဲက ကောင်တွေနဲ့ စိတ်မချလို့တဲ့…ငါ့ဆီ အပ်ထားတယ်....အဲဒါ မင်း မိန်းမယူရမယ်…ဒါပဲ.."
"ဟာ..အဖေ…သား..မိန်းမ..မယူ"
အဖေ့ရဲ့ ရှေ့ရေးစီမံချက်ကြီးကြောင့် မျိုးချစ် မျက်လုံးပြူးခါ ပြောတော့ အဖေက ခေါင်းခါရမ်းရင်း
"မိန်းမမယူချင်တဲ့ကောင်က ဖွန်မကြောင်ဘူး ဟေ့ကောင်…မိန်းမရသွားတဲ့ ကောင်ကလည်း ပါးရိုက်ခံရမှာ သိရဲ့ နဲ့ ဖွန်မကြောင်ဘူး..မင်းက လိုချင်လို့ကို ကြောင်နေတာ.."
"ဟာ…အဖေကလည်းဗျာ.. မလိုချင်ပါဘူးဗျာ.."
"အေးပါ..ဒီလိုပဲ ပြောကြတာပါပဲ…..ငါ က အဖေအရင်းမဟုတ်လို့ မင်းက မနာခံချင်ရင်လည်း ရပါတယ်.."
"ဟာ..အဖေက လုပ်ပြီ… အရေးအခင်းတုန်းကလိုမျိုး ပစ်လှဲ ချပြီး ခေါင်းကွဲခံဦးမလို့လား အဖေရယ်…မဖြစ်ပါဘူး..အဖေ့သဘော… အဖေ့သဘော…"
"ဟား..ဟား..ဒါမှပေါ့...ငါ့သူငယ်ချင်းက ဆင်းရဲပေမဲ့ သူ့သမီးတွေက မေသန်းနုနဲ့ ခပ်ဆင်ဆင်တူသားကွ.."
"အိုး..ပိုဆိုးပြီ…"
"ဘာဖြစ်တုန်း.."
"မေသန်းနုကို အဖေကြိုက်တာလေ…သားနဲ့ ကိုကြီး မကြိုက်ဘူး.."
"မရှည်နဲ့..မေသန်းနုပဲ ယူ.."
"အဟား..အမေရေ…အဖေက မေသန်းနုကို လိုချင်လို့တဲ့…"
"ဟေ့ကောင်…ခွေးကောင်…"
အဖေရဲ့ အော်သံနဲ့ ဟန့်တားသံကို ဂရုမစိုက်ပဲ မျိုးချစ် အိမ်နောက်ဖေး ခန်းထဲ ၀င်သွားလိုက်တော့ အမေ က ထမင်းအိုးတောင် တည်နေပြီ…။
ဟင်း..မိန်းမယူလိုက်ရင် ကိုယ့်အတွက် အဆင်ပြေမလား မသေချာပေမဲ့ အမေ့ အတွက်တော့ အဆင်ပြေမှာ အသေအချာပင်..။
မမထွေးကို စိတ်၀င်စားပေမဲ့ မာစီတီးကား စီးနိုင်ပြီး တိုက်အိမ်နဲ့ နေနိုင်တဲ့ သူတို့က မျိုးချစ်တို့လို့ အပုံထည်ရောင်းရသူနဲ့ သဘောတူမလား..။
မမထွေးကကော အခုတောင် အရာရှိ တစ်ယောက်နဲ့ တွဲသွားတွဲလာ လုပ်နေတာ….
မျိုးချစ်ကို မုန်းမုန်းတီးတီး ခါးခါးသီးသီး ဖြစ်နေတော့ ကားတင်ပြေးလည်း အဖေတို့က ဒုက္ခရောက်ဦးမှာ မို့လို့
လက်လျော့လိုက်ရတော့မည်..။
.
"အကိုကြီး..ကြည့်ဦး.."
"ကောင်းပါတယ်ကွာ..မင်းကလည်း.."
"ကျွန်တော်မှ ဒီလို ပုဆိုး၀တ်နေမကျတာ…ကျွတ်ထွက်ရင် ဒုက္ခပဲ.."
"ဟား..ဟား…ခါးပတ်ထားလေကွာ.."
"ပြီးပြီလားကွ…"
"ဟုတ်ကဲ့.."
အဖေရဲ့ ခေါ်သံအောက်မှာ တစ်မိသားစုလုံး အိမ်ရှေ့ခန်းထဲ ထွက်လာရတော့သည်..။
အမေကလည်း ဆံ့ထုံးသပ်သပ်ရပ်ရပ်ဖြင့် ပွဲနေပွဲထိုင် ၀တ်တက်တဲ့ ဘီးဆံထိုးကျောက်တန်း တစ်ခု လည်း ဆိုက်ထားသည်..။
"အဖေ…ဒီဘက်လမ်းတွေကလည်း.."
"အေးကွာ..ဒီကောင်က နည်းနည်း ဆင်းရဲတယ်…သားတွေက အလုပ်သွားလုပ်တာ..သူကလည်း မမာဘူး..သမီး နှစ်ယောက်ကလည်း..ရုပ်ကလေးရှိတော့ စိတ်မချရဘူးပေါ့ကွာ.."
"ကို၀င်းမောင်ရယ်..တော့်ဟာကလည်း.. မိန်းမယူတာတောင် ကုသိုလ်ဖြစ် လုပ်နေပြန်ပါပြီ.."
"ဟာ..ဘယ်လို အလုပ်ပဲ ဖြစ်ဖြစ် စိတ်ထားတက်ရင် ကုသိုလ်ရတဲ့ အလုပ်ချည်းပဲ..သေချာတာတော့ ငါ့တို့သားကို ပါးရိုက်စော်ကားရဲမှာ မဟုတ်ဘူး.."
အဖေ့ စကားကြောင့် မျိုးချစ် မျက်နှာပူခါ ရှက်အမ်းအမ်း ဖြစ်သွားရသည်။
"ဟုတ်ပါပြီ…တော်ရှေ့က မြန်မြန်လျှောက်လေ…ရေ့ပွတ်အိုင်တွေနဲ့ ခြေလှမ်းကြဲမှပေါ့…."
"အေးပါ ရန်ကုန်သူရယ်.."
အဖေက ခပ်စောင်းစောင်းပြောပြီး ခြေလှမ်းကြဲကြဲ လှမ်းခါ တဲအိမ်သာသာ ခပ်ယိုင်ယိုင် အိမ်ပေါ်သို့ တက်သွားသည်..။
ကိုကြီးက အဖေနောက်က လိုက်သွားပေမဲ့ မျိုးချစ်ကတော့ ကတ္တီပါ ဖိနပ်ကလေး ရွံတွေ ပေကုန်လို့ ခြေဖျားထောက်ပြီး သတိထားလျှောက်ရသည်..။
"ကြွပါရှင်…"
"ရေရမလား..ခြေထောက်ဆေးချင်လို့.."
"ဟုတ်ကဲ့.."
ဒန်ဖလားဖြင့်.ရေယူလာပြီး  ပေးချိန် မော့ကြည့်လိုက်မိတာ….တစ်ရာ့ငါးဆယ်မ…။"ဟင်…"
ရေခွက် ပေးပြီး ခေါင်းငုံ့ခါ ခပ်သွက်သွက် အိမ်ပေါ် တက်သွားတော့ မျိုးချစ် နှုတ်ခမ်းမဲ့မိသည်..။
သြော်..အဖေမို့ တွေ့တက်တယ်… တစ်ရာငါးဆယ်တန်က မေသန်းနုနဲ့ ဘယ်အနားတူသလည်းတော့ မသိ…။
"လာကြကွာ…ထိုင်ဖို့..ပြင်ထားတယ်…သမီးလှမေရေ…လက်ဖက်ပန်းကန်လေး ယူခဲ့ပါ.."
"ဟုတ်ကဲ့…"
ညီအစ်မ နှစ်ယောက်ထွက်လာတော့ အငယ်မလေးက အဖေပြောတဲ့ မေသန်းနုနဲ့ တော်တော့်ကို ဆင်ပါသည်..။
ဒါပေမဲ့…ရှေ့က လက်ဖက်ပန်းကန် တိုးပေးတဲ့ မိန်းမကတော့…။
"ဒါကတော့..သမီးကြီး မလှမေတဲ့…ဟိုဘက်က အငယ်လေး မလှဝေ.."
"သြော်အေး..ဒါက ငါ့သားကြီး..၀င်းကို…ဟိုဘက်က သားငယ်မျိုးချစ်.."
"လူချောတွေပါပဲကွာ.."
"အေးလေ…သူတို့က ဘဝပေးကံကောင်းလို့ငါတို့လို မပင်ပန်း မဆင်းရဲဘူးလေကွာ…ဒါကြောင့် ရုပ်ထွက်နေတာပေါ့…"
"…စားပါဦး…"
"အေး...”
"ငါကတော့..လိုရင်းပဲ ပြောချင်တယ်…ဒီက သမီးတွေကိုလည်း ပွင့်ပွင့်လင်းလင်းပေါ့ကွာ…သားနှစ်ယောက်က စီးပွားအခုမှ စရှာနေတုန်း….ရှေ့မှာ ချမ်းသာ မချမ်းသာ သူတို့ရဲ့ ကြိုးစာမှုပေါ့လေ… အိမ်စီးပွားရေးကလည်း…ငါပဲ ကျောက်ပွဲစားလုပ်လိုက်… ကားပွဲစားလုပ်လိုက်ပဲကွာ…
အဲဒါ…အကြီးအကျယ်ပွဲကြီးလုပ်ပြီးတော့ မင်္ဂလာဆောင်မပေးနိုင်တာ စိတ်မကောင်းဘူး သူငယ်ချင်းရာ…"
"ရပါတယ်ကွာ..ပတ်၀န်းကျင်က မင်းတွေ့တဲ့ အတိုင်းပဲလေ.…မင်းဆီမှာ ငါ့ သမီးတွေ အပ်လိုက်တာပါ…မင်း သမီးတွေလိုပါပဲ…"
"အေး…ဒါဆို နှစ်ဖက် မိဘဆွေမျိုး အနည်းအကျဉ်းကတော့ ငါတို့ အိမ်မှာပဲ ဖိတ်ကျွေးဧည့်ခံပေးမယ်နော်…အ၀တ်အစား အိပ်ယာခမ်းနားလည်း တက်နိုင်သလောက်လေး လုပ်ပေးပါ့မယ်…မင်းကို အားနာတယ်..မျက်နှာလည်း ပူတယ်ကွာ..ကလေးတွေကိုလည်း အားနာတယ်…သမီးတို့ ကျေနပ်ရဲ့လား.."
"ကျေနပ်ပါတယ်…ဦးလေး.."
အငယ်မလေး က အသံထွက်လာပေမဲ့..မ တစ်ရာ့ငါးဆယ်ကတော့ အသံ လုံးလုံး မထွက်..။
သူက အချောအလှချည်းလည်း မဟုတ်ပဲ အင်းလျားလိ်တ်ကိုများ မှန်းထားသလား မပြောတက်ပါဘူး..။
"အေး..ပြန်မယ်ကွာ…ငါပြောခဲ့သလိုပဲပေါ့…ဟုတ်လား.."
"အေးအေး…ကျေးဇူးတင်ပါတယ်ကွာ…"
"မင်း ကျန်းမာရေး ဂရုစိုက်နော်.."
"အေးပါ…"
လူစုံ အားလုံး မတ်တက်ရပ်လိုက်တော့မှ အဖိုးကြီး ၀တ်ထားတဲ့ ကုတ်အင်္ကျီကို တွေ့ပြီး မှတ်မိလိုက်သည်..။
တစ်ရာ့ ငါးဆယ် မရမက စစ်ခဲ့တာ သူ့စေ့စပ်ပွဲမှာ ထုတ်ကြွားဖို့လား…။
အဟွင်း..ရိုးသားကြိုးစား တဲ့ ကိုကြီးနဲ့ တော်တော် လိုက်ဖက်မဲ့ စုံတွဲ ဖြစ်လာဦးမယ်လို့ တွေးရင်း ကိုယ့် သတို့သမီးလောင်းလေးကို ပြုံးပြ နှုတ်ဆက်လိုက်တော့ ကောင်မလေး က ရှက်ပြုံးဖြင့် ခေါင်းညိတ်ပြသည်..။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
ဇာတ်လမ်းမှတ်မိတယ်မလားဟင်
ဦးဝင်းမောင် ခေါ်သွားတဲ့ ကလေးလေးက မျိုးချစ်လေ 😊
အချိန်တွေ ခုန်ပျံကျော်လွှား 
ကျော်ပစ်လိုက်တာ မိန်းမယူတော့မယ်ဆိုတော့
များသွားလို့ပါ 😁
စပိုက်ကာ ဆိုသည်မှာလည်း ဘယ်တော့ဖြစ်ဖြစ် လွဲနေတာပဲ
ခွင့်လွှတ် ကြပါ သည်းခံကြပါ 🙏

.

မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖42

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now