Part 8

6.1K 226 53
                                    

မုန်းပါနဲ့ဦး
အပိုင်း (၈)
#မုန်းပါနဲ့ဦး

"ယမင်း.."
"ဆရာ..ယမင်းကြောင့် နိုးသွားတာလား.."
"ဘာဖြစ်တာလည်း.."
"ဘာမှ မဖြစ်ဘူးဆရာ.."
ဘာမှ မဖြစ်တဲ့သူက ခြေထောက်ကို ကွယ်ပြီး မျက်ရည်ကလေး လည်ရင်း ခေါင်းရမ်းတော့ မယုံသင်္ကာ ဖြစ်ရသည်..။
ခြေထောက်နားကို ကြည့်လိုက်တော့ ပန်းပုအတွက် သွေးထားတဲ့ ဆောက်သွားတွေ ပြုတ်ကျနေသည်..။
"ပြစမ်း..ရှ ကုန်ပြီမလား."
"ဟို..နည်းနည်း.."
"နင့်ကို များသလား မေးနေတာ မဟုတ်ဘူး..ဘယ်နား ထိသွားလည်း.."
"ငရဲကြီး ပါ့မယ် ဆရာရယ်.."
ခြေသလုံးအထိ လုံချည်စ ကို မတင်လိုက်ပြီး ကြည့်လိုက်တော့ ထင်တဲ့ အတိုင်းသွေးစီးကျနေပြီ..။
ညတုန်းက သိမ်းဖို့ သတိရပေမဲ့ ပြန်မေ့သွားတာ အခုတော့ ဖြစ်ပြီ..။
"ငြိမ်ငြိမ်နေ.."
"အား.."
သွေးတွေကို သုတ်ပစ်လိုက်တော့ နှုတ်ခမ်းကိုက်ရင်း အကြည့်လွဲလိုက်တာ မျိုးချစ်ရင်ခွင်ထဲ မျက်နှာ အပ်သလို ဖြစ်သွားသည်..။
ရင်ခုန်သံတွေကို သိက္ခာနဲ့ ထိန်းသိမ်းရင်း ဒဏ်ရာကိုသာ ဆေးထည့်ပြီး အ၀တ်ပိုင်း တစ်ခုနဲ့ စည်းနှောင်ပေးလိုက်သည်..။
"အနာက မနက်ပါဘူး..ညှော်မခံနဲ့.."
"ဟုတ်ကဲ့.."
မတ်တက်ရပ်ဖို့ ပခုံးသား နုဖက်ဖက်ကလေးတွေကို မထူပေးရင်း လက်မလွတ်ချင်အောင် ဖြစ်နေရပြီ..။
ယမင်းကလည်း မျက်လုံးပြုးလေးဖြင့်မော့ကြည့်လာတော့ မျိုးချစ် တံတွေးတစ်ချက် မြိုချမိသည်..။
"ယ…ယမင်း.."
"ရှင်.."
"မင်း…မင်း….ကိုယ့်ကို လက်ထပ်နိုင်မလား.."
"ရှင်.."
"အိုး…မဟုတ်တာ…မင်း က ကိုယ့်လို မုဆိုးဖိုကို…အိုး…ကိုယ်မှားသွားတာ…"
မျိုးချစ် လက်ရုတ်လိုက်ပြီး ကျောခိုင်းထွက်လာတော့ နောက်ကနေ လက်ကို လှမ်းဆွဲတာ ခံလိုက်ရသည်..။
"ယမင်း…ယမင်း…လက်ထပ်ပါမယ်.."
"ဟင်…တကယ်.."
"ဟုတ်ကဲ့….ယမင်း သားလေးကိုလည်း ချစ်ပါတယ်…မိထွေးလို မဟုတ်ပါဘူး…သားအရင်းလို ချစ်တာပါ…"
"ယမင်းရယ်….ကိုယ် သနားလိုက်တာကွာ…"
လက်မောင်းသား နုအိအိလေးကို ပွေ့ဖက်ထားရင်း ရင်ခွင်ထဲကို ဆွဲထည့်လိုက်တော့ မှီနွဲ့နွဲ့လေး ငြိမ်နေရှာသည်..။
"လက်ထပ်ဖို့ ကိုယ် အမြန်ဆုံး စီစဉ်မယ်နော်…ညနေကားကြုံရရင် ရန်ကုန်တက်မယ်..အဖေတို့ကို ဖွင့်ပြောပြီး လိုအပ်တာတွေလည်း ပြင်ဆင်ခဲ့မယ်..ယမင်းကော လိုက်မလား.."
"အို..ဆရာကလည်း ချက်ချင်း."
"မင်းလေးကို သနားလို့ပါ..ကိုယ် လက်မထပ်ခင် ဘာအခွင့်အရေးမှ မလိုချင်ဘူး..ဒေါ်ဒေါ်တို့ အိမ်မှာ ရှိတယ်မလား..ကိုယ် အခု သွားပြောကြည့်မယ်..မိဘတွေ သဘောမတူရင်တော့…"
"တူမှာပါ..ဆရာရယ်.."
"အင်..အင်း…လက်ထပ်ပြီးရင်တော့ အိမ်မက်ထဲက အတိုင်း ခေါ်ရမယ်နော်.."
"ရှင်.."
မျိုးချစ် စကားကို နားမလည်သလို မော့ကြည့်နေတဲ့ ယမင်းကို ပြုံးပြ၍ နဖူးကို ဖွဖွလေး ထုလိုက်မိသည်..။
အချိန်မဆိုင်းပဲ ယမင်း မိဘတွေကို ဖွင့်ပြောတော့ လက်ခံရုံ မက ကျေးဇူးပါတင်နေသေးသည်..။
အိမ်မက်တွေ လက်တွေ့ဖြစ်လာချိန်ရောက်ပြီမို့ ပတ်၀န်းကျင်ကို ဂရုမစိုက်စွာပင် ရန်ကုန်သို့ အားချင်း ပြန်ခဲ့ရသည်..။
ဇနီးလောင်းလေးအတွက် အ၀တ်အစား တချို့နဲ့ ဧည့်သည်တွေအတွက် ရန်ကုန်စာ ကျွေးစရာမွေးစရာ စီစဉ်ပေးရဦးမည်လေ..။
အမေတို့ကို ခရီးရောက်မဆိုက်ပြောပြလိုက်တော့ အဖေကော အမေကောက ၀မ်းသာကြသည်..။
ဝေ၀ ကတော့ သားကို ချီထားရင်း ခေါင်းညိတ်ရုံသာ လက်ခံပေမဲ့ အကိုကြီးကတော့ အားတက်သရော ကူညီဖို့ စီစဉ်နေပြီ..။
"ဒီနေ့ သားမလာသေးဘူးနော်”
"အင်း...ဝေဝေက စျေးသွား ချက်ပြုတ် ပြီးမှ လာတာကိုး သားရဲ့...နောက်ဆိုရင် ကိုယ့်သားကို မမျှော်ရတော့ပါဘူး...”
"အဟား ဟုတ်တယ် ခုတော့ သူ့အဖေလာပို့မှ တွေ့ရတဲ့ ဘဝ”
"ရွှေဖလားရောင် မကြိုက်ဘူးလား သား”
"သားက ကြိုက်ပေမဲ့…ယမင်းက ငယ်တဲ့သူဆိုတော့”
"အေး…ဒါလည်းဟုတ်သား…အမလေး… မလိုချင်ရှာဘူး ချက်ချင်း ကို စီစဉ်တာပဲ”
"မိန်းကလေးဘက်ကို အားနာလို့ပါ အမေရယ်”
"အင်း…ကောင်းပါတယ်လေ…မြေးလေး အတွက် စိတ်အေး သွားရတာပေါ့”
မျိုးချစ် ရောက်ပြီး နှစ်ရက်အတွင်း အ၀တ်အစား အစားအသောက်တွေ စီစဉ်ပြီးပြီမို့ အဖေတို့ကလည်း တစ်မိသားစုလုံး လိုက်ဖို့ ရန် စီစဉ်နေကြသည်..။
"ဟယ်.. မောင်မျိုးချစ်ရောက်နေတာလား.."
"ဟုတ်တယ်…အန်တီ…ဇော်ဇော်ကော ဘယ်လိုလည်း.."
"နင့်သူငယ်ချင်းကတော့ မော်လမြိုင် ဘက်ကို ရောက်နေတယ်…အန်တီက အိမ်ကိစ္စ ပြောမလို့လာတာ သားရဲ့… သားနဲ့ တွေ့တော့ အတော်ပဲ.."
"ဟုတ်ကဲ့.."
"ဟယ်…ကြည်ကြည်ရောက်နေတာလား.."
"ဟုတ်တယ်…မဆွေ အိမ်လေး ကိစ္စ လာပြောတာ.."
"အိုး..ဟုတ်တယ်..သားရေ..အမေ ပြောမယ်နဲ့မေ့နေတာ..သားတို့ အိမ်ကို အမေလည်း လခပေးထားပေမဲ့ ရှင်းဖို့ ပြုဖို့ မအားဘူးလေ…အဲဒါ ကြည်ကြည်က လူငှားတင်ချင်တယ်…အိမ်ဆိုတာ လူနေမှ ကောင်းတာမလား…"
"သြော်..ဟုတ်ကဲ့…ကျွန်တော်လည်း မနေဖြစ်ပါဘူး…"
"ဟုတ်တယ်..ကြည်ကြည်ရေ..နောက်ဆို ပိုတောင် ဆိုးဦးမယ်..နင့်တူက မိန်းမ ရပြီလေ.."
"ဟယ်..ဟုတ်လား..ကောင်းတယ်..ကလေးကလည်း ငယ်ငယ်လေးရယ် …တစ်ပင်လဲမူ တစ်ပင်ထူ ကောင်းပါတယ် သားရယ်.."
"ဟုတ်ကဲ့.."
အမေ့စကားကို အန်တီကြည်ကြည်ကပါ အားပေးနေတော့ မျိုးချစ် ရှက်ရှက်ဖြင့်ပင် ခေါင်းငုံ့နေမိသည်..။
"သားတို့ ပစ္စည်းတွေ ရွေ့ပြောင်းပြီးရင် အန်တီ့ကို အကြောင်းကြားပေါ့ ..အလုပ်ရှိလို့ ပြန်ဦးမယ် မဆွေရေ.."
"အင်း.အင်း..ဒီရက်ပိုင်းပဲ ပြင်ပေးမယ်နော် "
"ရတယ်..မဆွေ…"
အမေ က အန်တီကြည်ကို အိမ်၀ အထိ လိုက်ပို့ပေးတော့ မျိုးချစ် သတို့သမီးအတွက် ၀ယ်ထားတဲ့ ၀တ်စုံ ပန်းရောင်လေးကို တစ်ချက်ကြည့်သည်..။
အရောင်းဆိုင်ကတော့ ခိုင်သင်းကြည် ၀တ်စုံလို့ ပြောပေမဲ့ မျိုးချစ်ကတော့ ကိုယ်တိုင်းမသိလို့ အပ်ချုပ်ဆိုင်က ကောင်မလေးကို သီစာထည့်ပေးဖို့ ရမ်းမှန်းပြောခဲ့ရသည်..။
ဒီ၀တ်စုံနဲ့ဆို နုငယ်လှပတဲ့ ယမင်းလေး တော့ ယမင်းရုပ်လေး အတိုင်းလှသွားမှာပါလေ…။
ကိုယ့်မှာ အားနည်းချက်ကြီး ရှိနေတော့ တက်နိုင်သမျှ အရာအားလုံး ဖြည့်ဆည်းပေးချင်သည်..။
ဝေ၀ ကလည်း အစက သိပ်မကြည်ပေမဲ့ နောက်ပိုင်း အကိုကြီးနဲ့ အတူ အားတက်သရော ကူညီပြီး ၀တ်စုံကိစ္စလည်း စီစဉ်ပေးသည်..။
"အဖေ…သား အရင်အိမ်မှာ ပစ္စည်းသွားသိမ်းလိုက်ဦးမယ်.."
"အေး..ရွေ့စရာ သယ်စရာ သိပ်မရှိဘူးမလား…ကိုယ်တိုင် မ မနဲ့နော်…"
"ဟုတ်ကဲ့.."
မျိုးချစ် အရင်အိမ်ကို ရောက်တော့ အိမ်တံခါး သစ်သားတိုင်လေးတွေကြားမှာ ပင့်ကူ့အိမ်လေးတွေ တွယ်ကပ်နေပြီ..။
အချိန် ကြာကြာ တူတူ မနေရလို့ ကြည်နူးစရာလည်း သိပ်မရှိခဲ့ပေမဲ့ စိတ်ထဲတော့ မြင်ယောင်မိပြန်သည်…။
အိမ်ထဲရောက်တော့ ပြတင်းတံခါးတွေ ဖွင့်လိုက်ချိန် ဖုန်ထူထူ တွေက အိမ်ပေါ်မှာ ဖွေးနေသည်..။
ဟင်း..လူမရှိပဲ ပိတ်ထားတာ အန်တီကြည်ကြည်လည်း ဘယ်ကြိုက်ပါ့မလည်း..။
မီးဖိုချောင်ဘက်ကိုရောက်လာတော့ သုံးလက်စ အတိုအတွာ ပန်းကန် ခွက် နည်းနည်းကို ထင်းရှုးပုံးထဲ ပစ်ထည့်လိုက်သည်..။
မီးဖိုချောင် မှာ ရှင်းစရာ လင်းစရာ သိပ်မရှိတော့ အခန်း အကာ နောက်ကို ၀င်လိုက်ပြီး ပစ္စည်းတွေ သိမ်းဖို့ကြည့်ရသည်..။
သံသေတ္တာကို ဖွင့်ကြည့်လိုက်တော့ သူ့ အ၀တ်အစား သုံးလေးထည် ကျန်ခဲ့သည်..။
နံရံမှာ ချိတ်ထားတဲ့ မှန်နဲ့ ဘီးကို ဖြုတ်လိုက်တော့ ပျဉ်ကြားထဲ ထိုးထားတဲ့ မင်္ဂလာဓာတ်ပုံကို တွေ့ရသည်..။
ဟုတ်သားပဲ သားကို ကိုယ်၀န်နဲ့တုန်းက နေ့တိုင်းကြည့်ဖို့ မှာတော့ သူ လွယ်လွယ်ထိုးလိုက်တာလေ…။
ဓာတ်ပုံ ဘယ်လောက်ကြည့်ခဲ့လည်း မသိ သားက  သူ့လိုပဲ ပါးချိုင့်ပေါက်ကလေး ထင်းထင်းနဲ့ ခေါင်းထိပ် ပွေပါတာက အစ တူနေသည်..။
ဓာတ်ပုံကို ယူပြီး ထင်းရှုးဘုံးထဲပဲ ပစ်ထည့်လိုက်သည်..။
မျိုးချစ် မရှိချိန် အမေတို့ဆီ သွားနေရတော့ ဒီအိမ်မှာ သိမ်းစရာ ဆည်းစရာ သိပ်မကျန်ခဲ့လို့ သေတ္တာ နဲ့ ထင်းရှုးပုံးကို မပြီး အိမ်ပြန်ဖို့သာ ကျန်တော့သည်..။
ထင်းရှုးပုံး ကို အိမ်တံခါး၀ ကို ချလိုက်ပြီး သံသေတ္တာ ကို မြှောက်လိုက်သည်..။
"ဟင်.."
သေတ္တာပေါ့ပေါ့လေးက မြှောက်ပါလာတော့ သေတ္တာ အောက်မှာ သမဝါယမ က ထုတ်ပေးထားတဲ့ ဗလာ စာအုပ် မျိုး တစ်အုပ်ထွက်လာသည်..။
မျိုးချစ် ဘာရယ် မဟုတ်ပဲ သေတ္တာ ကို ပြန်ချပြီး စာအုပ်ကို ဖွင့်ကြည့်တော့ ခဲတံ နဲ့ ရေးထားတဲ့ လက်ရေး မညီမညာက မှိန်မှိန်လေး ဖြစ်နေသည်..။
လူစိတ်သဘောအရ ခက်ခဲလေ ပိုစူးစမ်းလေ ဆိုတဲ့ အဖြစ်ကြောင့် ပြတင်းပေါက်ပြန်ဖွင့်လိုက်ပြီး အလင်းရောင် အောက်မှာ ကြည့်လိုက်သည်..။
"ကျွန်မ မသိဘူး…သူမှန်း တကယ်မထင်ပါဘူး..ဒါပေမဲ့ သူ့ကို ပြန်တွေ့ရချိန် မလုံမလဲနဲ့ ရင်တွေခုန်ခဲ့ရတယ်…၀တ္ထုတွေ ဇာတ်လမ်းတွေထဲကလို အချစ်များလား …"
"အဖေ က သားကြီး နဲ့ သမီးကြီးကို လက်ထပ်ပေးမယ် လို့ ပြောတော့ တစ်ညလုံး ငိုခဲ့ရတယ်…ကျွန်မရင်ခုန်တာ သူလေ…ချစ်သူ မရှိလို့ အချစ်ဘာမှန်း မသိခဲ့ပေမဲ့..ရင်ခုန်တဲ့ သူကိုပဲ လက်ထပ်ချင်တယ်…"
"သူတို့ အိမ်ကို လိုက်သွားရတော့ ကျွန်မက ခင်ပွန်းလောင်း ဖြစ်သူနဲ့ စကား မပြောပဲ သူ့ကိုပဲ တိတ်တခိုးလေး ခိုးကြည့်နေမိတယ်…သူကတော့ ညီမလေးနဲ့ စကားတွေ ရယ်မောပြောနေတော့ ငိုချင် သလိုလို ဖြစ်ရတယ်…အချစ်ဆိုတာ ဒီလို နာကျင်စရာဆိုရင် မချစ်ချင်တော့့ပါဘူး.."
"အဖေက သူနဲ့ လက်ထပ်ဖို့ ပြောလာတော့ မယုံနိုင်ဖြစ်ရတယ်...သူက ကျွန်မ ကို ချစ်တာမှ မဟုတ်တာပဲ ညီမလေးကိုပဲ ငေးကြည့်နေတက်တာ ကျွန်မသိသားပဲ…ကျွန်မ ငြင်းတော့ အဖေက ဆူတယ်…မယူလို့မရဘူး စကားတွေ ပြောပြီးပြီမို့ တင့်တောင်းတင့်တယ် လက်ထပ်ရတာ ကျေးဇူးတင်ပါတဲ့…ဒါပေမဲ့ သူမပျော်ရင်ကျွန်မလည်း ဘယ်လို ပျော်ပါ့မလည်း.."
"ဒီနေ့ သူ စိတ်ဆိုးသွားတယ်…မင်္ဂလာ ကိစ္စ စကားပြောတော့ ၀တ်စုံငွေကို ပိုတောင်းမိလိုက်တယ်…မိဘတွေက လက်ခံလိုက်ပေမဲ့ သူကတော့ မျက်နှာမကြည်မသာနဲ့ ထပြန်သွားတယ်…ကျွန်မကို ငွေမျက်နှာကြည့်တဲ့ မိန်းမလို့ မြင်သွားပြီထင်ပါရဲ့…ညီမလေး အတွက်လည်း ၀တ်စုံ ချုပ်ပေးချင်တယ်…အိမ်မှာ ၀င်ငွေ မရှိတော့ မချုပ်နိုင်ဘူး…ညီမလေးက ရှိတာပဲ ၀တ်ပါ့မယ် ပြောပေမဲ့ ကျွန်မ စိတ်မကောင်းဘူး..အနည်းဆုံး သတို့သမီး ညီမက လှလှပပလေး ၀တ်သင့်ပါတယ်…ကျွန်မရဲ့ စေတနာတွေ အထင်လွဲစရာ ဖြစ်သွားတော့ စိတ်မကောင်းဖြစ်ရတယ်…တစ်ညလုံး အိပ်မပျော်ဘူး.."
"မင်္ဂလာဦးည ရင်ခုန်စိတ်လှုပ်ရှားရသလို အိမ်ကိုလည်း သတိရတယ်…ကျွန်မ က အဖေ့ အနားမှာ အမြဲစောင့်အိပ်တော့ အဖေ အဆင်ပြေပါ့မလား စိတ်ပူတယ်…မိန်းကလေး တစ်ယောက် ငိုကြွေးနေရင် ယောင်္ကျားဖြစ်သူက ရင်ခွင်ထဲ ထည့်ပြီး နှစ်သိမ့်ပေးမယ်လို့ ထင်ခဲ့မိတယ်..ဒါပေမဲ့ ကြင်နာမှု ကင်းမဲ့ တဲ့ မနေချင်ရင် ပြန်ဆိုတဲ့ စကားကြောင့် ကျွန်မ ထိတ်လန့်တုန့်လှုပ်သွားရတယ်…နွေးထွေး နှစ်သိမ့်မှုဆိုတာ မေတ္တာတရားမရှိပဲ မဖြစ်နိုင်ဘူးဆိုတာ သိလိုက်တော့ မငိုရဲတော့ဘူး..ဒါပေမဲ့ ရင်ထဲမှာတော့ ငိုကြွေးနေရတာပေါ့… သူများတွေ စာဖွဲ့တက်တဲ့ ရင်ခုန်စရာ မင်္ဂလာဦးည ဆိုတာ ကျွန်မ နဲ့တော့ မသက်ဆိုင်ဘူး ထင်ပါရဲ့.."
"ပထမဆုံး ကျွန်မ နဲ့ သူ နှစ်ယောက်တည်းနေဖို့ အိမ်လေးဆီ ရောက်တော့ ရင်ခုန် စိတ်လှုပ်ရှားရတယ်..ကိုယ်ပိုင်အိမ်လေးဆိုတဲ့ အသိက ကျွန်မကို နွေးထွေး ပျော်ရွှင်စေတယ်..နေ၀င်ကတည်းက အိမ်ရှေ့ အတက်အဆင်းမှာ ထိုင်ပြီး သူ့ကို မျှော်နေမိတယ်..ရှက်သလိုလို ဖြစ်လိုက် ကြည်နူးလိုက်နဲ့ မျက်နှာတွေလည်း ပူပါရဲ့..ဒါပေမဲ့ ရှစ်နာရီကျော်မှ သူ မူးမူးနဲ့ ပြန်လာတယ်…သူ့ရင်ထဲက စကားလုံးတွေ ထွက်လာတယ်…သူ့အကို ကို သနားလို့ နေရာလဲပြီး ယူလိုက်ရတာတဲ့လေ…အချိန်မှီသာ သိခဲ့ရင် ကျွန်မ နှလုံးသားကို တားလို့ရမှာလား…အခုတော့ ကျွန်မကို မုန်းတီးနေတဲ့ သူ့ကို ကျွန်မ ချစ်မိသွားခဲ့ပြီလေ…"
"အဖေ နေမကောင်းတာ သိပေမဲ့ ကျွန်မ သွားမတွေ့ခဲ့ဘူး..အဖေ့ကို အတွက်အစားကြီးတဲ့ သူလို့ ပြောခဲ့တာ…တော်ကြာ…ကျွန်မ က ခိုးဖွက်ကျွေးနေတယ်လို့ ထင်မှာ သိပ်ကြောက်တယ်…သူ့စကားလုံးတွေက မှန်သည် ဖြစ်စေ မှားသည် ဖြစ်စေ..နှလုံးသားနဲ့ လိုက်ခံစားနေရတဲ့ ကျွန်မ အတွက်တော့ နာကျင်မှု တိုးမှာ စိုးလို့ပါ…"
"မနေ့က သူ ဒေါသတကြီး အိမ်ပြန်လာတယ်…ကျွန်မကို ပြင်ဆင်ခိုင်းပြီး အဖေ့ဆီကို ခေါ်သွားတယ်..သူ့ကို မလိုက်စေချင်ဘူး…အစ်ကိုကြီးက မူးရင် သိပ်သွေးဆိုးတာလေ..ကျွန်မ ခံနိင်ပေမဲ့ သူ့ကို နာအောင် တစ်ခုခု ပြောမှာ စိုးတယ်…သူက သိပ်အမှတ်ကြီးတာ ကျွန်မသိတယ်လေ…ဒါပေမဲ့ အိမ်ကိုတကယ်လိုက်ခဲ့တယ်…မီးဖိုချောင်မှာ ညီမလေးက ကျွန်မကို အပြစ်တင်တယ်…အစ်ကိုကြီးကလည်း အဖေ နေမကောင်းတာ လာမကြည့်ဘူး ဘဝမေ့တယ်ဆိုပြီး ရိုက်တယ်…ပါးက လက်ဝါးရာကို မြင်မကောင်းလို့ ညီမလေးက သနပ်ခါးလူးခိုင်းတယ်…အဖေ့အနားမှာ ညနေတစ်ချိန်လုံး ရှိနေတဲ့ သူ့ကြောင့်  အရိုက်ခံရတဲ့ နာကျင်မှုတွေ မေ့ပြီး ကျွန်မ ပျော်မိတယ်…အဖေ့အတွက် ထိုင်ခုံကို စေတနာပါပါ ပြင်ပေးနေတော့ သူ့ကို ချစ်စိတ်နဲ့ ငေးကြည့်နေမိတယ်…ဖြစ်နိုင်ရင်လေ သူ့အနားကိုသွားပြီး လိုအပ်တာလေးတွေ ကူပေးချင်တယ်…ဒါပေမဲ့ သူ့ အကြည့်ကိုတောင် ကျွန်မ မခံနိုင်လို့ သူလှည့်ကြည့်တိုင်း ကို၀င်းကို ကိုပဲ ကြည့်ချင်ယောင်ဆောင်နေမိတယ်…အိမ်မှာ တစ်ယောက်တည်းထားပြီး ပြန်ထွက်သွားတာ ညနက်မှ မူးမူးနဲ့ ပြန်လာတော့ စိတ်မကောင်းဖြစ်ရတယ်…သူ မူးလာရင် ကျွန်မ မသိချင် မကြားချင်တဲ့ မခံစားနိုင်တဲ့ စကားလုံးတွေ ပြောတက်တယ်လေ..ကျွန်မကို စွပ်စွဲတယ် ငိုတာ ကို အပြစ်တင်တယ် နောက်တော့ …ကြင်နာမှု ညင်သာမှု မပါတဲ့ မင်္ဂလာဦးည ကိုပဲ ကျွန်မ မျက်ရည်ကြားက ရင်ခုန်ရသေးတယ်…မိုးလင်းတော့..သူနဲ့ မျက်နှာချင်း မဆိုင်ရဲအောင် ကျွန်မရှက်နေမိတယ်…သူ အလုပ်သွားခါနီး လှမ်းပြောတော့ ကျွန်မ မှာ ရင်တဒိတ်ဒိတ် ဖြစ်နေတယ်…အခုတော့ ကျွန်မ ဇနီးသည်ဘ၀ကို လုံးလုံးရောက်သွားပြီ…"
"ညတုန်းက ကျွန်မ သူ့လက်မောင်းကို ခေါင်းအုံးပြီး သူ့ရင်ခွင်ထဲ ၀င်အိပ်ရတယ်..သူက ကျွန်မကို ထွေးပိုက်ထားပြီး ခပ်ပြုံးပြုံးလေး ကြည့်ရင်း မေ လို့ ခေါ်တယ်…ကျွန်မကလည်း ရှက်ရှက် နဲ့ပဲ မောင်လို့ ခပ်တိုးတိုး ခေါ်မိတယ်..ကျွန်မ ကိုယ်လေးကို သူ့ရင်ခွင်ထဲ အတင်းထိုးထည့်ဖက်တော့ အသက်ရှု မဝတောင် ဖြစ်ခဲ့ရတယ်…ဒါပေမဲ့ လန့်နိုးတော့ မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းမှာ စိမ်းကား အေးစက်နေတဲ့ ကျောပြင်တစ်ခုပဲ တွေ့ရတယ်…ကျွန်မ အိမ်မက်ကြောင့် တစ်နေကုန် ပျော်နေတယ်…ပြန်တွေးလိုက်တိုင်း ရင်ထဲ တလှပ်လှပ်ဖြစ်ပြီး ကြည်နူးနေမိတယ်…ဒီလို အိမ်မက်မျိုးနေ့တိုင်း မက်ပါစေလို့ ဆုတောင်းတယ်…သူ့ရဲ့ ထွေးပိုက်မှု
သာရရင် ကျွန်မလေ ဘာတွေ ဖြစ်ဖြစ် ပေးဆပ်ချင်ပါရဲ့…မောင်ရယ်…"
"ကျွန်မ အခုတလော နေမကောင်းဘူး မောင်ရယ်…ရင်ထဲ တလှပ်လှပ်နဲ့ နေ့လည် နဲ့ မနက်ပိုင်းတွေ သိပ်ဆိုးတာပဲ အိပ်ချည်းနေမိလို့ အလုပ်တွေလည်း အချိန်မှီ မပြီးဘူး..ကျွန်မ သိပ်စိတ်ညစ်တာပဲ…မောင့်ကို သနားတယ်…"
"မမျှော်လင့်ပဲ ကိုက်ခဲလာတော့ ကလေး တစ်ခုခု ဖြစ်ပြီ ထင်ခဲ့တာ တော်ပါသေးရဲ့ ဘာမှ မဖြစ်ပေလို့ ကလေးရယ်…"
"ကျွန်မလေ..မောင့်ကို လွမ်းတိုင်းသာ စာချရေးရမယ်ဆို စာအုပ်တွေ လုံလောက်မှာ မဟုတ်ဘူး မောင်ရယ်…ကိုယ်၀န်သည် ဝေဒနာကို ခံစားရတိုင်း မောင်သာ အနားမှာ ရှိရင် ခွင့်ပြုချက်တွေ သင့်တော်တာတွေ မတွေးပဲ မောင့် ရင်ခွင်ထဲ ၀င်တိုးပြီး ငိုကြွေးမိမှာ အမှန်ပဲ…ပြီးတော့ ကျွန်မ ကြောက်တယ် မောင်ရယ်….အခု ညနှစ်ချက်ထိုးနေပြီ…ဒါပေမဲ့..အိပ်ဖို့ကို ကျွန်မ ကြောက်နေတယ် မောင်… ကျောခိုင်းအိပ်တက်တဲ့ မောင်သာ အနားမှာ ရှိရင် သိပ်ကောင်းမှာပဲ"
"ညီမလေးက ကလေး အင်္ကျီလေး လာပြပြီး မောင်ရောက်နေတယ်ပြောတော့ ကျွန်မ ပျော်လိုက်တာ ကျွန်မလေ ထမင်းအိုးဆူနေတာကို ညီမလေး လက်ထဲ ယောက်မထိုးထည့်ပြီး မဆင်မခြင် ပြေးထွက်လာမိတယ် မောင်…ဒါပေမဲ့ မောင့် အိမ်မက် အကြောင်းပြောပြနေတာ ကြားရတယ်…သားကိုပဲ ရွေးလိုက်တယ်တဲ့ မိန်းမက ထပ်ယူလို့ရတယ်တဲ့…ဟုတ်ပါတယ်…မောင် မချစ်တာ ကျွန်မ သိပါတယ် မောင် ကျွန်မ မရှိချိန် မောင့်ကို တခြားမိန်းမ ထပ်ယူဖို့ ကြည်ဖြူပါတယ်…မောင်ရယ် ကျွန်မလည်း မောင်လို အိမ်မက်တွေ မက်တာပါပဲ…ဆရာ၀န်က နှလုံးရောဂါသည် အနေနဲ့ ကလေး မွေးဖို့ မသင့်သေးဘူး ရောဂါကုပြီး ပျောက်တော့မှ ကလေးယူဖို့ တိုက်တွန်းတယ် …ဗိုက်ထဲမှာ ဖြစ်တည်စ ပြုနေတဲ့ ကိုယ့်သွေးသားကို ကျွန်မ မဖျက်စီးရက်ဘူး…လူဆိုတာ နောက်ကျတာနဲ့ စောတာပဲ ကွာပေမဲ့ သေမျိုးချည်းပါပဲ…ဒါပေမဲ့လေ…မိခင်မေတ္တာ စိတ်က အင်အားကြီးတယ် ထင်ပါရဲ့..ကျွန်မအသက်ရှည်ဖို့ အတွက် ကလေးလေး အသက်နဲ့ မလဲချင်ဘူး..အစကတော့ အိမ်မက်ထဲ ကျွန်မသေသွားတယ်လို့ မက်ရင် တုန့်လှုပ်ခဲ့ရတယ်..ဖုန်း၀င်တိုင်း မောင်က ကလေးကိစ္စကို အမြဲမေးတယ် ဆိုတာ သိရတော့ ကျွန်မ မကြောက်တော့ဘူး..ပျော်တယ်…ကလေးကို ကျွန်မ အသက်နဲ့ လဲရမယ်ဆိုတာ သိပေမဲ့ သေချာ မွေးမှာပါ…ကျွန်မ မရှိလည်း မောင် ပျော်နေစေချင်တယ်…"
"ကျွန်မလေ…အခုတလော မောလာတယ် ကလေးမွေးပြီးရင် သေဆုံးသွားရမယ်ဆိုတာ သိပေမဲ့ အရမ်းပျော်တာပဲ…ဒီကလေးလေးကြောင့် မောင် နဲ့ ကျွန်မ ပိုရင်းနှီးလာရတယ်…မိခင်စိတ်ကြောင့်လား မသိဘူး..ကျွန်မမှာ အသေခံရဲတဲ့ ခွန်အားတွေ ရှိနေသလိုပဲ…မောင်က ကျွန်မကို ဂရုစိုက်တာမဟုတ်ဘူး…ကလေးကို ဂရုစိုက်တာ သိပေမဲ့ ကျွန်မကြည်နူးရတယ်…ကျွန်မကို မချစ်ပေမဲ့ ကျွန်မ ဗိုက်ထဲက ကလေးကိုတော့ မောင်ချစ်သည်ကိုး..ညတိုင်း အိပ်နေရာက လှန့်နိုးရင် ကတုန်ကယင် ဖြစ်ပေမဲ့ အခုတော့ မောင့်ကျောပြင်ကို တွေ့ရတော့ အမောပြေတယ်…မောင် နဲ့ အကြည့်ချင်းဆုံချိန် ကျွန်မ ရင်ခုန်သံတွေ မြန်လွန်းလို့ မျက်လုံးတွေတောင် မှိတ်ပစ်ခဲ့ရတယ်..မောင်ရယ်.."
"ကျွန်မလေ…မောင့်ကို သိပ်လွမ်းတာပဲ…ကြက်သားမြင်ရင် ပျို့အန်ချင်တဲ့ ကျွန်မ က အခုတော့ စျေးထဲမှာ ကြက်သားတွေ့ရင်တောင် မောင့်ကို သတိရလို့ ငိုချင်တယ်…လက်ထပ်ပြီးကတည်းက ပထမဆုံး အကြိမ် မောင့်လက်နဲ့  ကိုယ်တိုင် ထည့်ကျွေးလိုက်တာ ခေါက်ဆွဲကြော်ထဲက ကြက်သားတုံးလေးလေ…အခု ကျွန်မ ရှပ်အပွကြီး မ၀တ်တော့ဘူး…မောင် ဆူမှာကြောက်လို့လေ…အပူအစပ်လည်း ကိုင်တောင် မကြည့်ပါဘူး…အခန်းထဲက မောင့်ဓာတ်ပုံလေးကို ထားခဲ့ရပေမဲ့ ကို၀င်းကိုဆီမှာ ဓာတ်ပုံတွေတောင်းထားတယ်…ကျွန်မနေ့တိုင်း မောင့်ကို ကြည့်တယ်…ပြီးတော့ လွမ်းတယ်..ငိုတယ်…စိတ်မထိန်းနိုင်လို့ ခဏခဏ မွှေးခဲ့မိတယ်…အရိုအသေ မဲ့တာ မဟုတ်ပါဘူး မောင်ရယ်…ကျွန်မ မြတ်နိုးလွန်းလို့ပါ…"
"ကျွန်မလေ မောင့်ကို တမ်းတနေတုန်း ပြန်ရောက်လာတော့ ပျော်လိုက်တာ…တကယ်တော့ သားက ကြိုသိနေတယ်…မောင့် အကြောင်းတွေးတိုင်း လှုပ်တက်နေပြီ..မောင့်ကို တွေ့လိုက်ရတော့...လက်ထဲက ပစ္စည်းတွေကိုချပြီး ပြေးဖက်မိဖို့ကို စိတ်ထဲက အကြိမ်ကြိမ်တွေးမိတယ်…ဒါပေမဲ့…မလုပ်ရဲခဲ့ဘူး..မောင်က တွေ့တာနဲ့ စိုး၇ိမ်ပြီး ဆူတော့တာပါပဲ…ကျွန်မ ပိန်သွားတာလည်း သတိထားမိတော့ ပျော်ရတယ်....ဒီနေ့ စိတ်ပင်ပန်း လူပင်ပန်းခဲ့ရပေမဲ့ မောင် ပြန်ရောက်လာပြီမို့ မောတာတွေ ပျောက်သွားတယ်..တမ်းတ ခဲ့ရတဲ့ မောင့်ရဲ့ ကျောပြင်ကို ငေးရင် ကျွန်မလေ အိပ်ချင်စိတ်တွေ ပျောက်ကုန်ရတယ်…ရင်ခွင်တစ်ခုကို ခိုလှုံခွင့်မရရင်တောင် မောင့်ကျောပြင်က ကျွန်မ အတွက် အားဖြစ်တယ် မောင်ရယ်…"
"ကျွန်မ စိတ်မကောင်းဘူး မောင်ရယ်..မောင် ပြန်သွားတော့မှ  နောင်တ ရနေတယ်…တကယ်တော့ မင်္ဂလာဆောင်နေ့က ကျွန်မ အရမ်းပျော်ခဲ့ရတာပါ…ဓာတ်ပုံရိုက်တော့ မောင် ဆွဲဖက်လိုက်တဲ့ အခိုက်အတန့်ကို ကျွန်မ ရင်ခုန်တယ်..သဇင်ပန်းတွေ ဖြုတ်ပေးတာကိုလည်း ရင်ခုန်ရတယ်…ကြင်နာယုယတယ်ဆိုတာ ဘယ်လိုလုပ်တာလည်း မသိပေမဲ့ ကျွန်မအတွက်တော့ ဒီလို အခိုက်အတန်လေးလည်း ရင်ခုန်ရတယ်…သားကလည်း မောင့် အကြောင်းတွေးတိုင်း လှုပ်လိုက် ကန်လိုက် လုပ်တယ်…မောင့်လိုပဲ လူကြမ်းလေးလေ… သူ့အဖေ အနားရောက်နေတာ သိတော့ ပိုကဲတယ်…အဖေ လုပ်သူကလည်း ခွင့်မတောင်း ဘာမတောင်းနဲ့ ငုံ့မွှေးတာပဲ…သားအတွက် နာမည်ရွေးထားတာလည်း မောင်က စိတ်တိုင်းမကျဘူး..ကျွန်မကတော့ မောင့်နာမည်လေးကို မြတ်နိုးတယ် ဒါကြောင့် မောင့်နာမည်ပါအောင်ကို တမင်သေချာ ရွေးထားတာပဲ…ဒါပေမဲ့ မောင့် စိတ်ကြိုက် ချစ်ဦးလို့ပဲ ပေးပါမယ်..သားလေးနဲ့ စကားတွေ ပြောနေတဲ့ မောင့်ကိုလေ ကျွန်မ အရမ်းမြတ်နိုးတယ်…မောင် ပျော်နေတာ တွေ့တော့ ကျွန်မ မျက်ရည်ကျလောက်အောင် ပျော်လို့ပါ…ဒါပေမဲ့ မောင် အထင်လွဲသွားတယ်…စိတ်မကောင်းဘူး…စိတ်ဆိုးပြီး  ကျောပေးအိပ်နေတဲ့ မောင့်ကို ကြည့်ရင်း ဒီတစ်ခါတော့ ၀မ်းနည်းစိတ်နဲ့ ငိုကြွေးခဲ့ရတယ်…ပြန်တဲ့ အထိ စကား သိပ်မပြောတော့တဲ့ မောင့်ကြောင့် ကျွန်မ နောင်တ ရတယ်…အခု မောင် အနားမှာ မရှိတော့ ကျွန်မ ငိုကြွေးနေရပြီ မောင်..နောက်တစ်ခါ မောင် ပြန်လာရင် စိတ်မဆိုးအောင် အနေအထိုင် ဆင်ခြင်ပါ့မယ်…မောင်ရယ်….လွမ်းတယ်…"
"မောင်ရယ်…မွေးခါနီး ရက်ကပ်လာလေ ကျွန်မ ကြောက်လေပဲ…ညပိုင်းတွေလည်း အိပ်မပျော်ဘူး စားလို့လည်း မ၀င်ဘူး..ကလေး မွေးဖို့ဆို အားရှိရမယ်လို့ အမေက ပြောတယ်….ဒါပေမဲ့ ကျွန်မ ရဲ့ အားက မောင်လေ…မောင့်ကို ဖုန်းဆက်ဖို့ အမေ ပြောပေမဲ့ ကျွန်မ ဟန်ဆောင်ပြီး တားရတယ်..မောင် အလုပ်ရှုပ်ပြီး ကျွန်မကို ငြူစူမှာ စိုးလို့ပါ…အမေက ဖုန်းဆက်တော့ မောင်က တောထဲရောက်နေတယ်တဲ့…ကျွန်မ စိတ်ပူတယ် မောင်ရယ်…အဆက်သွယ်မရလောက်အောင် မောင် တောနက်ထဲ အလုပ်လုပ်နေရတာ ကျွန်မ မသိခဲ့ဘူး.."
"ဒီရက်ပိုင်းမွေးမယ်ထင်တယ်…ကျွန်မ မသေချင်သေးဘူး မောင်…ကျွန်မလေ…သေရမှာ ကြောက်လို့မဟုတ်ပါဘူး..မောင့်ကို မတွေ့ရပဲ ခွဲသွားရမှာ သိပ်စိုးရိမ်တယ်…ပြီးတော့ သားလေးကို ချောချောမွေ့မွေ့ မမွေးပေးခဲ့နိုင်မှာ ကြောက်တယ်…ကျွန်မ တစ်ခုခု ဖြစ်ရင်တောင် မောင့် အတွက် သားလေးကို လက်ထဲအရောက် ပေးခဲ့ချင်တယ်…ရင်ဘတ်အောင့်ပြီး ခါးတွေ သိပ်ကိုက်တာပဲ မောင်ရယ်…ကျွန်မရင်ထဲမှာ ပြောစရာတွေ များလွန်းတယ်..မရေးနိုင်ဘူး…"
"သားလေး နှစ်လပြည့်ပြီ မောင် ပြန်မလာသေးဘူး…ကျွန်မကိုများ စိတ်နာသွားသလား မောင်ရယ်…"
"အဖေ နေမကောင်းဘူး မောင်…မောင် ပြန်လာရင် သိပ်ကောင်းမှာပဲ…အခုတော့ ကျွန်မ ရူး မလိုလို ဖြစ်နေပြီ…သား ငိုသံကြားရင်လည်း ငိုချင်တယ်…မမာသည် အဖေ့ကို တွေ့ရင်လည်း ငိုချင်တယ်…အမေ က အနားမှာ အားပေးလည်း ငိုချင်တာပဲ မောင်ရယ်..မောင်သာ အနားမှာ ရှိရင် ငိုတာ မကြိုက်လို့…ကျွန်မ ငိုမိမှာ မဟုတ်ဘူး…."
"ကျွန်မ ခုတလော သိပ်မောတာပဲ …ဆေးထိုး ဆေးသောက်လည်း ခဏပါပဲ…သား ငယ်ငယ်လေးကို မခွဲနိုင်သေးဘူး မောင်…ကျွန်မ ဆုတောင်းက တစ်ခုပါပဲ…သားလေး နည်းနည်း ကြီးမှပဲ ကျွန်မ သေပါရစေလို့လေ….မောင် ချစ်တဲ့ သားလေးကို လာမကြည့်သေးဘူးနော်…"
"အဖေဆုံးချိန် ကျွန်မ မရူးသွားတာ မောင့်ကြောင့်ပါ..မောင့်ရင်ခွင်က ကျွန်မ စိတ်ကူးယဉ်ထားတာထက် အများကြီး နွေးထွေးတယ်…အရင်က သေရမှာ ကြောက်ပေမဲ့….သား ဘာမှ မခံစားတက်ခင် သေသွားချင်တယ်…အဖေ ဆုံးရှုံးလို့ ခံစားငိုနေခဲ့ရတဲ့ ကျွန်မ လိုမျိုး သားကို မဖြစ်စေချင်ဘူး.."
"မောင် နဲ့ သားလေး အနားမှာ ရှိနေရဲ့နဲ့ ကျွန်မ အိပ်မက်ဆိုးတွေကို ကြောက်တယ် မောင်…ကျွန်မ က မောင်တို့နဲ့ အဝေးဆုံးကို ရောက်သွားတယ်ဆိုတဲ့ အိပ်မက်က ဆိုးလွန်းပါတယ် မောင်ရယ်..ထမင်းစားနေတဲ့ မောင့်ကို ငေးရင်း မခွဲချင်ဘူး မောင်ရယ်…သားလေးရယ်..မောင် ရယ် ကျွန်မရယ် မိသားစုထမင်းဝိုင်းလေး ကို ကြိုမြင်ယောင်မိတယ်…အဲလိုအချိန်ထိသာ နေခွင့်ရခဲ့ရင် ကျွန်မ က လောကမှာ အပျော်ဆုံး ဖြစ်မှာပါ…"
"မောင် ပြန်သွားတော့ ကျွန်မ အူလှိုက်သည်းလှိုက်ငိုကြွေးမိတယ်မောင်…ဒါပေမဲ့ မောင် တောထဲ ရောက်ပြီဆိုတဲ့ ဖုန်း၀င်တော့မှပါလေ..ကျွန်မကြောင့် မောင့် ခရီးမှာ အနှောင့် အယှက် ဖြစ်မှာစိုးလို့ပါ..မောင် ပြန်မယ်ပြောတော့ ကျွန်မ စိတ်ကို အများကြီး ထိန်းထားရတယ်…အဖေတို့က မောင် ပြန်သွားတိုင်း ကျွန်မ ငိုတက်တာ သိနေလို့ ပြောတာပါ …မောင် က သံယောဇဉ်တောင် မရှိဘူးလို့ စွပ်စွဲပြီး သားလေးကို တိုင်နေတော့ ကျွန်မ စိတ်မကောင်းဘူး..မောင်ပြောသလို သားလေးကြီးလာရင် မောင့်နောက် ကို လိုက်ချင်လို့ ငိုတဲ့ အခါ ကျွန်မ မိခင် ပီပီ ဆုံးမ ချင်သေးတယ် မောင်ရယ်…ဒါပေမဲ့ ကျွန်မ ကြိုသိနေတယ်မောင်ရယ်…ကြိုသိနေတယ်…မောင်နဲ့ သား အချိန်အကြာကြီး တူတူ ရှိနိုင်တာ သိပေမဲ့ ကျွန်မ နေရာမှာ တခြားမိန်းကလေး တစ်ယောက် ရောက်လာမှာပါလေ…မောင်နဲ့ သားရဲ့  ကြည်နူးစရာ ပုံရိပ်ကို ကျွန်မ မြင်ရတာ ဒါ နောက်ဆုံးလည်း ဖြစ်နေနိုင်တယ်…ကျွန်မလေ..ဒီပုံရိပ်လေးကို မမေ့ဘူး..ဘာမှ နားမလည်တဲ့ သားကို တိုင်ပြောနေတဲ့ မောင့်ကိုလည်း နောက်ဆုံးတွေ့တာ ဖြစ်နိုင်တယ်…ကလေးဆန်တဲ့ မောင့်အပြုအမူလေး အပြောအဆိုလေးကြောင့် ကျွန်မ ပ်ုမြတ်နိုးတယ်…ဒါကြောင့် ပြုံးလိုက်မိတယ်…ဒါကို မောင် စိတ်ဆိုးသလား…စိတ်ဆိုးပါမောင်ရယ် …ကျွန်မ မျှော်လင့်နေတယ်…မောင် ပြန်လာပြီး သားကို တီတီတာတာ ပြောတာလေးတွေ ထပ်တွေ့ရဖို့ပေါ့လေ…"
"ကျွန်မ နေလို့မကောင်းပေမဲ့ သား ရှစ်လပြည့်တော့ မောင့်ကို တစ်နေ့ကုန် မျှော်နေမိတယ်…မောင့်ကို အပြစ်မမြင်ပါဘူး..မောင်က တောထဲ တောင်ထဲ ကျွန်မတို့ သားအမိအတွက် ရောက်နေတာ ကျွန်မ သိပါတယ်…ဒါကြောင့် အရမ်းသနားတာပဲ…သားလေးက အရမ်းထွားလာတာ မောင်ရယ်..မောင်တွေ့ရင် အရမ်းချစ်မှာပဲ…ကျွန်မလည်း သားပါးလေးကို ငုံ့မွှေးနေမဲ့ မောင့်ပုံရိပ်လေးကို ကြိုတွေးမြင်ယောင်မိတယ်…စိတ်ကူးယဉ် အတွေးတွေက ပျော်ရွှင်စေပါတယ်….ဒါပေမဲ့ မောင် သာ ပြန်လာရင် ပိုပျော်စရာပေါ့လေ…အခုတော့ လွမ်းတယ် မောင်ရယ်.."
"သားကို နို့တိုက်လို့ မရတော့ဘူး မောင်ရယ်..ကျွန်မ ငိုမိတယ်..ဆရာ၀န်က ကလေးကို ဖြည့်စွပ် အစားအစာ တွေကျွေးလို့ရပြီပြောပေမဲ့..ကျွန်မ ရင်ထဲက ဖြစ်တဲ့ သွေးကိုပဲ တိုက်ချင်တာပါ…သား ငယ်ငယ်တုန်းက ကျွန်မ သေသွားရင် သားလေး သောက်ဖို့ နို့တွေ ထုတ်ထားခဲ့မယ်လို့တောင် တွေးမိတယ်…နို့က သွေးက ဖြစ်တာမို့ တစ်ရက်ကြာရင်တောင် မကောင်းဖြစ်တယ်တဲ့..အခုတော့ သားက ကျွန်မ ဆီက အာဟာရ မလိုတော့ဘူး…သား ဒီအရွယ်အထိ နေနိုင်ခဲ့တာပဲ ကျေနပ်သင့်ပါပြီ"
"ကျွန်မ စိတ်မကောင်းဘူး မောင်ရယ်…သားက ကျွန်မ ကို မမှတ်မိတော့ဘူး..ညီမလေးကိုပဲ ဖက်ထားတယ်…ကျွန်မ ပွေ့တော့ ငိုတယ်…ကျွန်မ အခန်းထဲမှာ ကြိတ်ငိုခဲ့ရတယ်…အဖေတို့လည်း သနားပါတယ်…မောင့်ဆီကို ဖုန်းဆက် မရလို့တဲ့….ကျွန်မ နေကောင်းပါတယ်လို့ အဖေတို့ကို လိမ်ထားတယ်…ဒါပေမဲ့ လိမ်လို့မရအောင် ကျွန်မ ဝေဒနာက ကိုယ်ပေါ်မှာ ပေါ်နေတယ်လေ…တကယ်တော့ နေလို့ မကောင်းဘူး မောင်ရယ်…ရောဂါသည်  ကျွန်မကို မောင်တွေ့ရင် မှတ်မိပါဦးမလား …ဒါပေမဲ့…ကျွန်မ မောင့်ကို တမ်းတ မိ နေတုန်းပဲ..ကျွန်မ ကိုယ်စား သားလေးကို ဂရုစိုက်ပေးပါလို့ မှာချင်တယ်..၀၀လုံးနဲ့ ချစ်စရာကောင်းတဲ့ ကျွန်မ နှလုံးသားလေးကို လက်ဆောင် အဖြစ် မောင့်လက်ထဲ ထည့်ပေးခဲ့ချင်တယ် မောင်ရယ်.."
"ကျွန်မ ဆေးရုံသွားရမယ်..အမေ့ကို ဒီအိမ်ကို ၀င်ချင်တယ် ပြောတော့ လိုက်ပို့ပေးတယ်…စာရေးရတာ လက်တုန်ပြီး မောတယ်…မောင် စတွေ့ကတည်း အမြင်မကြည်စရာ ဖြစ်ခဲ့တဲ့ ကျွန်မ က အခုတော့ ပျောက်ဆုံးသွားရတော့မယ်..ချစ်သူ ရဲ့ ချစ်ခြင်း မခံရတာ ကျွန်မ ကုသိုလ်ပါပဲ…မေတ္တာ မရှိတဲ့ မိန်းမကို လင့်၀တ္တရားကျေအောင် ပင်ပန်းဆင်းရဲ ရှာဖွေ ကျွေးမွေးခဲ့တာ သနားတယ်..ကျေးဇူးလည်းတင်ပါတယ်…
ဒါပေမဲ့…
မဖြစ်နိုင်မှန်း သိပေမဲ့လေ..ခင်ဗျားကို ကျုပ်ချစ်တယ် ဆိုတဲ့  မာထန်ထန် စကားလေး ကို နောက်ဆုံး အချိန်အထိ မျှော်လင့်သွားပါမယ်…မောင့်ကို ကျွန်မ အသက်ထက် ပိုချစ်
တယ်.."
"ဒုန်း…"
မျိုးချစ် လက်ထဲက စာအုပ်နဲ့ အတူ လူကလည်း ပြုတ်ကျသွားခါ မျက်လုံး ဖွင့်ချည် ပိတ်ချည် လုပ်ရင်း မှောင်ကျသွားရသည်..။
"သား…သား…"
"ညီလေး…"
"ကိုမျိုး.."
"ဟင်…"
"သားရယ် ဘယ်လို ဖြစ်ရတာလည်း..မထ နဲ့ဦး…မထနဲ့ဦး.."
မျိုးချစ် ရောက်နေတာ ဆေးခန်းလား ဆေးရုံလား မသိ  အနားမှာ ရပ်နေတဲ့ အဖေ့ကို တွေ့တော့ ကုန်းရုန်းထမိသည်..။
"အဖေ.."
"အဖေ ရှိတယ်လေ…သား.."
"အဖေ….အဖေး…"
"အေး…သား ပြောလေ…သားပြော…အဖေ နားထောင်နေတယ်…"
လက်ထဲက အပ်ကို ဆွဲဖြုတ်ပြီး ထထိုင်လိုက်တာ အကိုကြီး တားပေမဲ့ မမှီလိုက်… အဖေ့ကို ဖက်ပြီး ငယ်ငယ်တုန်းကအတိုင်း ရှိုက်ကြီး တငင် ငိုမိတော့သည်..။
"သားရယ်.."
အမေ  က ကျောကို ဖွဖွ ပုတ်ပေးနေရင်း ချော့ပေမဲ့ ရင်ထဲ စို့ကြပ်တဲ့ အထိ ရှိုက်နေတာ မ၀နိုင်သေး..။
"ကိုကြီး..အမေ့ကို ခေါ်သွားပါ…"
"ဟေ…အေး…လာ..အမေ.."
အမေ က လှည့်ကြည့် လှည့်ကြည့်နဲ့ ထွက်သွားတော့ မျိုးချစ် ကုတင်ဘေးက လိုက်ကာကို ဆွဲပိတ်ပစ်လိုက်သည်..။
"သား…ဘာဖြစ်တာလည်း..အဖေ့ကို ပြောပါ..ပြောပါ…သားရယ်.."
"သား…အသက်ရှုလို့ ….မရဘူး..သား…ငိုချင်တယ်..အဖေ…ရင်ဘတ်ထဲမှာ.."
"အေး…ငိုလိုက်ကွာ…ငိုလိုက်…."
အဖေက ကျောကို ပုတ်ပေးရင်း ပြောတော့ အဖေ့ပခုံးပေါ် မေးတင်ပြီး ငယ်ငယ်တုန်းက အတိုင်း အော်ဟစ် ငိုကြွေး ပစ်ချင်ပေမဲ့ တစ်ကိုယ်လုံး တုန်ယင်ရင်း ရှိုက်သံသာ ထွက်လာသည်..။
"အင့်.."
ငယ်ငယ်တုန်းက အဖေအရင်း ပြန်မလာတော့ဘူးဆိုတဲ့ အသိနဲ့ မျိုးချစ် အဖေ့ရင်ခွင်ထဲ ကဆုန်ပေါက် ငိုခဲ့ရတဲ့ ညကို သတိရသည်..။
ကြီးကြီးမားမား တစ်ခုခုဆုံးရှုံးရတိုင်း အဖေ့ ရင်ဘတ်ထဲ ၀င်ပြီး ငိုခဲ့ရင် သက်သာသလို ရှိခဲ့သည်..။
အခုတော့….အခုတော့….။
"သား.."
"ဟေ့ကောင်….မျိုးချစ်…"
"ဟာ….၀င်းကို…လာစမ်း.."
"ဗျာ…ဟုတ်.."
မျိုးချစ် ကိုယ်ကို ပွေ့ပြီး ကုတင်ပေါ် တင်လိုက်တာ သိပေမဲ့ မျက်လုံးထဲ ပေါ်နေတာ ခပ်ယိုင်ယိုင် စာကြောင်းလေး..။
စာလုံးတွေက တည့်တည့် မဟုတ်ပဲ အပေါ်ရောက်လိုက် အောက်ရောက်လိုက်..။
"မောင့်ကို ကျွန်မ အသက်ထက် ပိုချစ်တယ် "
မချစ်ရဘူး…မချစ်ပါနဲ့…သွေးအေးတဲ့ မိန်းမ အဖြစ် ထွက်သွားစမ်းပါ…တာ၀န် မကျေတဲ့ ဇနီး မိန်းမ အဖြစ် လွင့်ပြယ်သွားစမ်းပါ…လင်ယောင်္ကျားအပေါ် မေတ္တာ မထားတက်တဲ့ မိန်းမ အဖြစ် ပျောက်ဆုံးသွားပါ…
"လူနာ စိတ်လှုပ်ရှားလို့ မဖြစ်ဘူးနော်…"
"ဟုတ်ကဲ့..နိုးတာနဲ့ ငိုတာပဲ ဆရာရယ်.."
"တစ်ခုခု ရှော့ရသွားလား.."
"အရင်က ဆုံးသွားတဲ့ သူဇနီးနဲ့ နေခဲ့တဲ့ အိမ်သွားပြီး ပစ္စည်းသိမ်းတာပါ… ပြန်မလာလို့ လိုက်ကြည့်တော့ အခန်းထဲ သတိလစ်နေတယ် ဆရာ…"
"အရာရာ တရားနဲ့ ဖြေဖို့ ပြောပေါ့လေ…ဘာကို တုန့်လှုပ် ခံစား နေလည်း သိရင် အားပေး လိုက်ပါ.."
"ဟုတ်ကဲ့…"
ဆရာ၀န်ပြန်ထွက်သွားတာလည်း သိပေမဲ့ မျိုးချစ် မျက်လုံးမှိတ်ထားမိဆဲပင်..။
"ဒီ စာအုပ်က ပါလာတာမလား အဖေ…"
"အေး..ပေးစမ်း…"
ကိုကြီးရဲ့ လက်က စာအုပ်ဆီကို သွားနေတော့ မျိုးချစ် ဖျတ်ခနဲ ယူပြီး စိတ္တဇ ဆန်ဆန် ပွေ့ပိုက်ထားမိသည်..။
မလှမေ ဆိုတဲ့ ကျွန်တော့် မိန်းမကို ကျွန်တော် မမုန်းခဲ့ပါဘူး…သနားကရုဏာ ချစ်နဲ့ ချစ်လို့ လက်ထပ်ဖို့ အထိ တောင်းဆို ခဲ့တာပါ…. ဘာဖြစ်လို့များလည်း..အထင်လွဲမှုတွေက စခဲ့တဲ့ အမုန်း မီးပွားလေးတွေက အရာအားလုံးကို ဝါးမြို ဖျက်စီးမဲ့ မီးတောက် ဖြစ်သွားခဲ့တာလား…စိတ်ထဲ မှာ စူးစူးဝါးဝါး မဟုတ်ခဲ့ပေမဲ့ ချစ်ခဲ့ပါတယ်…မေရယ်…
ဖွင့်ပြောဖို့  မာနတွေဖုံးလွမ်း ခဲ့တဲ့ မောင့်ကို ခွင့်လွှတ်ပါ….။
"သားရယ်…မငိုပါနဲ့…"
"အင့်….သား ငိုပါရစေ..အမေရယ်…သား မငိုရင် ရင်ဘတ်အောင့်လို့ သေရလိမ့်မယ်.."
"အေးပါကွာ…ဘာပဲ ဖြစ်ဖြစ် အကျိုး အကြောင်းတော့ ရှိမှာပဲ မင်းမှာက သားလည်း ရှိသေးတယ်…"
"သားလေး…သားလေးကော..အမေ.."
"ဝေ၀့တို့ အိမ်က မိန်းကလေး ကြည့်ပေးထားတယ်…"
"ဟင်း…."
မျိုးချစ် သက်ပြင်းချလိုက်ပြီး စိတ်ကို တင်းခါ မျက်ရည်တွေကို သုတ်ပစ်လိုက်သည်..။
အမေလည်း ငိုနေသလို အဖေကလည်း မျက်နှာက မကောင်းဖြစ်နေခါ ကိုကြီးတို့ လင်မယား လည်း စိတ်ပူနေရပြီ..။
ကိုယ့် အပူ ကိုယ် သာ ဒုက္ခခံသင့်ပါတယ် ဆိုတဲ့ အတွေးနဲ့ တံတွေး တစ်ချက် မြိုချမိသည်..။
"ကိုကြီး ကျွန်တော် အိမ်ပြန်ချင်တယ်.."
"ဟင်…အင်း..ကိုကြီး သွားပြောကြည့်မယ်…"
"အမေ.."
"ပြောလေ..သား…"
"သား ပိုက်ဆံ ကျန်သေးလား ဟင်.."
"ကျန်ပါတယ် သားရယ်…ဘာဖြစ်လို့လည်း.."
"အန်တီကြည်ကြည် အိမ်လေးကို သားလိုချင်လို့ပါ…"
"ဟယ်…"
"၀ယ်ပေးပါနော်…အမေ…ပိုက်ဆံမလောက်ရင်...ငွေကြိုထုတ်ပြီး.."
"မလိုပါဘူးကွာ…၀ယ်တာက လွယ်တယ်..အိမ်သေးသေးလေးကို မင်းက ဘာလုပ်ဖို့လည်း.."
"ကျွန်တော် လိုချင် လို့ပါ…"
"အေး..ဟုတ်ပြီ….၀ယ်လိုက်မယ်…"
အဖေ က ပခုံးပုတ်ပြီး ပြောတော့ မျိုးချစ် ခေါင်းညိတ်ခါ မျက်လုံး ပြန်မှိတ်ထားလိုက်သည်..။
မျက်လုံး မှိတ်တိုင်း စာကြောင်းတွေကိုပဲ မြင်ယောင်နေတာ ဝေဒနာတိုးရသည်..။
"ထိုင်ဦး…အမေ အိပ်ယာ ပြင်လိုက်မယ်.."
မျိုးချစ် ခုံမှာ ထိုင်လိုက်တော့ ၀ယ်ထားတာ မကြာသေးတဲ့ သတို့သမီး ၀တ်စုံကို တွေ့ချိန် တုန်လှုပ် ခြောက်ခြားမိသည်..။
၀တ်စုံ ကြေးလေး  တိုးတောင်းကတည်းက ၀င်ခဲ့တဲ့ သံသယတွေ အိုး….မေရယ်…..။
"သား …ဒီပုံ ဖြစ်နေတယ်ဆိုရင် ပြန်ဖို့ ရက်ရွေ့ရလိမ့်မယ်.."
"ရတယ် အဖေ..ဖုန်းပြောပြီးသားဆိုတော့ ပြန်ရလိမ့်မယ်…ဒါပေမဲ့ အဖေတို့ မလိုက်ပါနဲ့…"
"ဟေ…"
"သား မိန်းမ မယူတော့ဘူး အဖေ…"
"ဟ…ဘာဖြစ်ရတာလည်း.."
"သား….သား…."
"အိုး…ကို၀င်းမောင်ရယ် ကလေး ကို မမေးစမ်းပါနဲ့…သား…သွားနားချေ…"
"ဟုတ်ကဲ့…"
မျိုးချစ် အခန်းထဲရောက်တော့ ဂျက်ထိုးလိုက်ပြီး အခန်း ပတ်လည်ကို လိုက်ကြည့်မိသည်.။
ကိုယ်ပုံတွေ တော်တော် များများ ကပ်ထားပေမဲ့ အမှတ်တရ က တစ်စုံ တစ်ယောက်ဆီမှာသာ…။
"ဘာကျန်ခဲ့လို့လည်း ဆရာ…"
"ဟင်…ဆရာ့ မိန်းမ ပုံလား.."
"အေး.."
တောထဲမှာ မောင် နေရာပြောင်းရတိုင်း မမေ့မလျော့ သယ်သွားတက်တဲ့ မေ့ ဓာတ်ပံုံ ရှိတယ် ဆိုတာ မေ သိမသွားဘူး…။
တနေ့တခြား ပိန်လာတဲ့ မေ့ အတွက် စိတ်ပူလို့ ညပိုင်းတွေ အိပ်မပျော် ဖြစ်ခဲ့ရတယ်ဆိုတာ ပြောခွင့်မရတော့ဘူး…။
ရင်ခွင်ထဲ ပွေ့ပိုက် အိပ်ချင်ပေမဲ့ မှားခဲ့မိတဲ့ ညက ရှိုက်သံတွေကို မြင်ယောင်ရင် မလိုလားဘူးလို့ပဲ တွေးမိလို့ ကျောပေးခဲ့ရတာပါကွာ..။
ကိုကြီး ကို ငေးကြည့်နေတက်တဲ့ မေ့ မျက်၀န်းတွေကို သ၀န်တိုလို့ မောင် ရင်ထဲ ပြောင်းဆန်နေခဲ့ရတာပါ မေရယ်…။
မောင်လေ…ဖုန်းဆက်တိုင်း အမေ့ကို တိုက်ရိုက်မေးဖို့ ရှက်လို့ ကလေးကော အမေကော ကျန်းမာရဲ့လား မေးမိတယ်…ဒါပေမဲ့ မေ နေကောင်းတယ် ဆိုမှ ဖုန်းကိုင်ထားရင်း ၀မ်းသာရသူပါ…။
ကိုယ်တိုင်ဝယ်ပေးဖို့ ရှက်ပေမဲ့ မေ့အတွက် အသုံးအဆောင် လိုအပ်တာတွေ ဝယ်ပေးဖို့ အမေ့ကို အမြဲပူဆာခဲ့ရသူပါ…။
အလုပ်တွေ အချိန်မှီ မပြီးရင် အိမ်မပြန်နိုင်လို့ ဒေါသထွက်ရသူမို့ အလုပ်သမားတွေက
"တို့ဆရာ…သူ့မိန်းမကိုလွမ်းနေပြီ
မြန်မြန်ပြန်မှ အေးမှာပါ”လို့
မကြားတကြား စနောက်ကြတယ် မေရယ်။
တောထဲ တောင်ထဲ မှာ ငှက်ဖျား ခဏခဏ ဖြစ်နေပေမဲ့ မေ့ အတွက် အမောပျောက်အောင် အပင်ထိပ်ဖျားမှာ ပွင့်တဲ့ ပန်းတွေကို ခက်ခက်ခဲခဲ ခူးပြီး နေလှန်းခဲ့ဖူးတယ် မေ..။
ကားကြုံရတိုင်း လူကြုံ ရတိုင်း ပို့ပေးပေမဲ့  ဆရာ၀န်က ရောဂါသည်ကို လက်တည့်မစမ်းပါနဲ့ ဆိုလို့ မောင် နေလှန်းထားတဲ့ အရွက် တွေ အပွင့် အခေါက်တွေ ခုချိန်ထိ ရှိပါသေးတယ် မေရယ်..။
နှလုံးဆေးတွေက ဆေးကြီးတယ်ဆိုပေမဲ့… အမေ က ဆေးခန်းပြဖို့ ပိုက်ဆံလိုတယ် ပြောတိုင်း မောင် ဖျားနေရဲ့သားနဲ့ အိမ်မပြန် နိုင်အောင် ကိုယ့်အလုပ်တွေ ပြီးလည်း သူများအလုပ်ဆိုင်းတွေ ပါ ၀င်လုပ်ရင်း သုံးလေးဆ ပို လုပ်ခဲ့တယ်..။
မောင် မနားမနေ ကြိုးစားခဲ့တာတွေက မေ့ကို မစွန့်လွှတ်နိုင်လို့ဆိုတာ မေ မသိသွားရဘူး..။
မောင်က သိပ်စိတ်ကူးယဉ်တက်တဲ့ သူပါ မေရယ်…ကဗျာတွေ သီချင်းတွေ ရေးချင်တဲ့ မောင်လေ…
မေ့နဲ့ တွေ့ခါစတုန်းက မေ့ ပါးခွက်ကလေးဆိုတဲ့ ကဗျာ တစ်ပုဒ် ကောက် ဖွဲ့ခဲ့ဖူးတယ်..
စျေးဆစ်တော်တဲ့ မိန်းကလေး
တစ်ရာ့ငါးဆယ် ရမှ
သူ့ မျက်နှာ့လေး လင်းလက်လို့
ကျွန်မနာမည် မလှမေ ရှင့်
လိုတာ ရလို့ နှုတ်မဆက် ကျေးမဆပ် ပဲ
ကျောခိုင်းလို့ ထွက်သွားရက်တဲ့
စိမ်းကားသူ မေရယ်..
စည်းတစ်ဖက် စျေးတန်းထဲ
ကျန်ခဲ့ရပေမဲ့
အခြေအနေ ပေးရင်
မေ့ ပါးခွက်လေးထဲ ခိုနားခွင့်ရချင်တယ်..။
မောင် ရင်ခုန်ရတဲ့ မိန်းကလေးကို ပိုင်ဆိုင်လိုက်ရပေမဲ့  မောင့်ဆီ ရောက်တော့မှ မေ့ ပါးခွက်လေး မပေါ်လောက်အောင် စိတ်သောက များခဲ့ရတယ်လေ…။
ဒါကြောင့် မောင်နဲ့ ဝေးနေမှ မေ က ပျော်မယ်လို့ ထင်ခဲ့မိတယ်။
မောင့်ကို ခွင့်မလွှတ်ပါနဲ့ မေရယ်…အခုတော့ စျေးတန်းထဲ က ကျောခိုင်း ထွက်သွားတာမှ မဟုတ်တာပဲလေ..။
ကိုယ့်ရင်ခွင်ထဲ မပျော်ပိုက်တဲ့  သွေးအေးတဲ့ မိန်းမ ကို မုန်းမေ့ နိုင်အောင် ကြိုးစားခဲ့ရင်း….
တဲရဲ့ ဝါးတန်းမှာ ထိုးထားတဲ့ မေ့ ဓာတ်ပုံကို  တစ်ချိန်ကျတော့ မောင် မေ့သွားခဲ့တယ်…
ကိုယ် မေတ္တာတွေကို မလိုအပ်တဲ့ မိန်းမ လောက ကနေ  ထွက်သွားပြီး ဆိုတဲ့ အသိနဲ့ မေ့ ကို မောင်မေ့ပစ် ထားခဲ့တာ ကြာပါပြီ …။
မိန်းမငယ် လှလှလေး တစ်ယောက်ကို ယောင်္ကျားစိတ် နဲ့ ကြည့်ပြီး မောင် ဇွတ်မှိတ် ချစ်ဖို့ ကြိုးစားခဲ့တယ်။
ဒါပေမဲ့…အခြေအနေတွေက….။
လက်ထဲက ပါလာတဲ့ စာအုပ်ကို ပွေ့ပိုက်ရင်း မျိုးချစ် အ၀တ်အစား ဘီဒိုထဲက နားကြပ်ကပ်ဆက်ဆီ အကြည့်ရောက်သွားသည်..။
အခန်း အပြင်က အမေတို့ မကြားရလေအောင် အံကြိတ်ပြီး ယောင်္ကျားတန်မဲ့ မျက်ရည်ပေါက် ကြီးငယ် ဖြင့် ငိုနေမိသည်..။
မေ့ ကို စတွေ့ထဲက အထင်လွဲ သံသယ ပွားခဲ့ရတယ်…ဒါပေမဲ့ … အဖြစ်မှန်ကိုသိတိုင်း မောင်ပဲ ရင်ထဲ နင့်နေအောင် ခံစားခဲ့ရတယ်…။
အခုလည်း အဖြစ်မှန်ကို သိချိန် မလိုက်နိုင်တဲ့ စည်း တစ်ဖက်ကို ရောက်သွားတဲ့ မေ့ကြောင့် မောင် အသည်းတွေ ကွဲကြေ ရပြန်ပါပြီ..မေရယ်…။
မေ က ရက်စက်တက်တာလား…မောင်က တုံးအခဲ့တာလား…။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
စာရှည်သွားတာ ဆောရီးပါ
နောက်ကျသွားလား😁
ဒီတစ်ခါတော့
တမင် နောက်ကျတင်တာပါ🙏
မနက် ၇နာရီ လောက်က တင်ဦးမလို့ စိတ်ညစ်စရာတွေ မနက်စောစော ဖတ်ရမှာ အားနာလို့ပါ🙏
အခုလည်း စိတ်ညစ်သွားမှာပဲ ဆောရီးပါ ကျေးဇူးလည်း အထူးတင်ပါတယ် နော်

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖 22

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now