Part 5

4.3K 169 0
                                    

မုန်းပါနဲ့ဦး
အပိုင်း (၅)
#မုန်းပါနဲ့ဦး

"ဟော…ကိုမျိုးပြန်လာတာပဲ တော်သေးတာပေါ့.."
မျိုးချစ် ခေါင်းညိတ်လိုက်ပြီး လွယ်အိတ်ကို ဖြုတ်ချခါ မိသားစု စုံနေတဲ့ ဆက်တီခုံ ဝိုင်းမှာ ၀င်ထိုင်လိုက်ရသည်..။
"အလုပ်များနေကြပြီ"
"မများပါဘူး…"
"ဟုတ်တယ်..မျိုးချစ်ရာ..ကိုကြီးတို့တော့  ခန်းမမှာပဲ ဆောင်လိုက်တော့မယ်… အလုပ်ရှုပ်သက်သာတယ်ကွာ.."
"ကောင်းတာပေါ့..လူလည်း သိပ်မပင်ပန်းတော့ဘူး.."
"အေးကွ….ကိုကြီးတို့က မင်း ပြန်လာလို့ မှီပါ့မလား စိတ်ပူနေတာ.."
"အဖေတို့ အမေတို့ကော.."
"ရပ်ကွက်ထဲက အသိတွေဆီ ဖိတ်စာ သွားပို့ကြတယ်…တို့မှာလည်း တစ်နှစ်ကြို ပြီး စီစဉ်တာတောင် မပြီးနိုင်သေးဘူး..မင်းတို့တုန်းက မြန်လိုက်တာ အဖေ ပြောပြီး တစ်ပတ်ပဲ ကြာတယ်နော်….ဟား..ဟား..ငါ့ပုဆိုးဆို လျှော်ဖို့ မမှီလို့ ကော်အတောင့်လိုက်ပဲလေ.."
"ဟား..ဟား…ကျွန်တော်ကော ဘာထူးလည်း ကျက်သရေခေါင်းပေါင်း ဘက်မှားနေတာ လူကြီး တစ်ယောက် အမြင်မတော် ၀င်ပြင်ပေးရတယ်လေ…"
"ကိုကို တော့ ဒီလို ဖြစ်လို့မရဘူးနော်..ဝေ သိက္ခာ ကျမှာ သိရဲ့လား.."
"ဟုတ်ပါပြီတဲ့ ဗျာ.."
ကြင်စဦး ဇနီးမောင်နှံကို ကြည့်ပြီး မျက်နှာပူလို့ အလိုက်တသိ အိမ်နောက်ဖေးဘက်ကို ထွက်လာခဲ့လိုက်သည်..။
မီးဖိုချောင် မှာ ပုလင်းတွေကို ရေသုတ်နေတဲ့ သူ့ကို တွေ့တော့ အံသြရင်း မယုံနိုင်စွာ ငေးကြည့်နေမိသည်..။
ခုနှစ်လ ကိုယ်၀န်နဲ့ ကိုယ်၀န်ဆောင် အင်္ကျီ  င်္ခရမ်းဖျော့လေး ၀တ်ထားတဲ့ သူက သိသိသာသာ ပိန်သွားသလိုပင်..။
ဘေးတိုက်မို့ သနပ်ခါး ပါးကွက်ကို မြင်နေရပြီး လုပ်လက်စ အလုပ်တွေ ကို စိတ်ပါ ၀င်စားစွာ လုပ်နေလို့ မျိုးချစ် ရပ်ကြည့်နေတာ ကို မမြင်…။
"အို…"
"အ….သားရယ်…ဖြည်းဖြည်း.."
လက်ထဲက ဖန်ပုလင်းကို ချပြီး ပါးချိုင့်ထင်းအောင် ပြုံးရင်း  ဗိုက်ကို  ခပ်ဖွဖွ လေး ပွတ်ပေးခါ ချော့သလို ပြောနေတော့ မျိုးချစ် ပြုံးလိုက်မိသည်..။
"ဟင်.."
ဖန်ပုလင်းကို ကောက်ကိုင်ပြီး မျိုးချစ်ကို မြင်သွားတော့ မျက်လုံး အဝိုင်းသားဖြင့် ငေးကြောင်ကြည့်နေသည်..။
အနားကို ရောက်အောင် သွားလိုက်တော့လည်း မျက်တောင်မခတ်မော့ငေးနေတာ စိတ်မရှည်ချင်စရာ..။
သွားခါနီး အလွမ်းသယ်နေသလောက်..အခုတော့ သွေးအေးလို့ ပြောစရာတွေ ပျောက်ဆုံးကုန်ပြီလား ဒေါ်လှမေရဲ့လို့ မေးပစ်ချင်သည်..။
"ဘယ်တုန်းက ပြန်ရောက်တာလည်း.."
"ခုပဲ.."
"သြော်…မေမေ က မနက်ကပဲ စာထပ်ထည့်လိုက်သေးတယ်.."
"အင်း…နေကောင်းရဲ့လား.."
"ကောင်းပါတယ်…."
"ပိန်သွားသလိုပဲ…"
"ဟုတ်တယ်…ခုရက်ပိုင်း သိပ်အိပ်မပျော်လို့ပါ….ရှင် နေကောင်းရဲ့လား…အလုပ်တွေကော အဆင်ပြေတယ်မလား.."
"ပြေတယ်…ဆေးခန်းသွားမလား.."
"မနေ့က အမေ ခေါ်သွားပေးတယ်..ဆေးတွေ ပေးထားပါတယ်.."
"လာလေ…အိမ်ရှေ့ကို …မီးဖိုချောင်မှာ အေးတယ်.."
"ကျွန်မ ခုမှ ၀င်လာတာပါ…အမေက အလုပ်မလုပ်ရဘူးတဲ့…ကျွန်မတော့ ကလေး တစ်ယောက် ပြန်ဖြစ်နေပြီ…အလစ်မပေးပဲ စောင့်ကြည့်နေကြတယ်.."
"ဟား..ကောင်းတာပေါ့..မဟုတ်ရင်..ခင်ဗျားက အငြိမ်နေမလား…"
မျိုးချစ် စသလို ပြောလိုက်တော့ နှုတ်ခမ်းမသိမသာစူပြီး ပုလင်းတွေကို နေရာပြန်ချ၍ လက်သုတ်ပုဝါကို ဖြန့်လှန်းနေသည်..။
"အကိုကြီးတို့က အိမ်မှာ မဆောင်လို့ တော်သေး..မဟုတ်ရင် အလုပ်ရှုပ်လိမ့်မယ်…သြော်..မင်္ဂလာခန်း  ပြင်ဆင် ပြီးပြီလား…ဘာလုပ်စရာ ကျန်သေးလည်း.."
"ကို၀င်းကိုနဲ့ ဝေ တို့က တိုက်ခန်းလေးမှာ နေကြမှာလေ…အဲမှာပဲ ပြင်ဆင်ထားတယ်.."
"သြော်…အင်း…အဟွင်း…လုပ်ပေးစရာ အလုပ်တောင် မကျန်တော့ဘူး.."
မျိုးချစ် ပြောလိုက်တဲ့ စကားကို သူက သဘောပေါက်သလို ခေါင်းရမ်းပြီး မျက်နှာချင်းဆိုင်လှည့်ကြည့်သည်..။
"လုပ်စရာတွေမှ ပုံလို့…ကိုကြီးက ခရီးရောက်မဆိုက် မခိုင်းချင်လို့ ဖြစ်ပါလိမ့်မယ်.."
'ဟုတ်လား..ဘာတွေလည်း.."
"ရေခဲမုန့် အော်ဒါမှာထားတာလည်း သွားပြောရဦးမယ်…ဇွန်းပန်းကန်တွေ ထည့်ယူခဲ့ဖို့သေချာ မှာရမယ်…အဖေ က သူ့ သူငယ်ချင်း ကျောင်းဆရာ တစ်ယောက်ကို သွားဖိတ်ခိုင်းချင်တယ်တဲ့… ဦးဘရွှေဆိုလား.."
"သြော်..သိပြီ…အခုပဲ သွားလိုက်မယ်…"
မျိုးချစ် အားတက်သရော ပြောရင်း မီးဖိုချောင်က ထွက်လာပြီးခါမှ သတိရလို့ နောက်လှည့်ကြည့်ခါ
"ဟွင့်.."
"ဟင်.."
"အိမ်ရှေ့လာ.."
"အင်း.."
ခေါင်းညိတ်ပြီး ပြုံးယောင်ယောင် မျက်နှာပေးနဲ့  ခပ်လှုပ်လှုပ် ထွက်လာတော့မှ ယုံကြည်စိတ်ချစွာ ဖိတ်စာယူပြီး အိမ်ပေါ်က ဆင်းလာခဲ့ရသည်..။
ဖိတ်စာဝေတာကော ကိတ်မုန့် က မလောက်မှာ စိုးလို့ ထပ်မှာရတာ နဲ့ ရေခဲမုန့်ဆိုင် ပြေးရတာဖြင့် မိုးချုပ်မှ အိမ်ပြန်ရောက်တော့ အိမ်မှာ လူစုံနေပြီ..။
"သားငယ်ကလည်း မနက်ဖြန်မှ လုပ်ပါလား.."
"ရက်နီးနေပြီမို့ပါ အမေရဲ့..အမေလည်း ပင်ပန်းသွားပြီမလား."
မျိုးချစ် ပခုံးနဲ့ ဇက်ကြောကို နောက်မှာ ထိုင်ပြီး နှိပ်ပေးတော့အမေက ပြုံးရင်း ခေါင်းရမ်းပြခါ အဖေ့ကို မေးငေါ့ပြသည်..။
အဖေကတော့ လူစာရင်းတွေကို လိုက်စစ်နေတာ မျက်မှန်တောင် တစ်ချက် မပင့်သေး..။
"အဖေ.."
"ဟေ…သြော်..မျိုးချစ်…သား ပြန်လာပြီလား.."
"အဟွင်း…ဘာတွေ စိတ်၀င်စားနေတာလည်း အဖေရဲ့.."
"အင်း….အဖေ့ သူငယ်ချင်း လှအောင်ကို ဖိတ်မလို့ကွ…သူ့အရင်လိပ်စာမှာလည်း မနေတော့ ခက်တယ်.."
"အိုး..ကို၀င်းမောင်ရယ်…ဖိတ်တယ်ပဲ ထားဦး..မလာနိုင်တော့ ဟိုဘက်က စိတ်ကောင်းမတဲ့လား..မိုးကုတ်နဲ့ ရန်ကုန် နီးတာမှတ်လို့.."
"အေးပါကွာ…ငါလည်း သတိရလို့ပါ…အင်း..မင်းရဲ့ သား မွေးရင် လှအောင် မြေးနဲ့ ပေးစားရမှာနော်..ဘကျော် နဲ့ လှအောင် ကတိထားခဲ့ကြတာလေ.."
"ဟုတ်လား.."
"အေးလေ..မင်း အမေ ဆီမှာ လက်စွပ်ရှိတယ်..မင်းသားကြီးလာရင် ပေးလိုက်ပေါ့…"
"အမေ ပဲ ပေးလိုက်ပေါ့…အိုး..ကိုကြီး မင်္ဂလာဆောင်ကိစ္စ ကနေ သား ရဲ့ မမွေးသေးတဲ့သား မင်္ဂလာကိစ္စက ပါလာတယ်….ဟား..ဟား…ကိတ်မုန့် နှစ်ဆယ် ထပ်မှာထားတယ်..အဲဒါ လောက်မလား အဖေ.."
"လောက်မှာပါ…မင်းကိုကြီးက ငွေအကုန် တိုက်ခန်းထဲ ထည့်လိုက်တော့ မဖြစ်မနေ လိုအပ်မဲ့ ပစ္စည်းလောက်ပဲ ၀ယ်ရတယ်…အိပ်ယာခမ်းနားတော့ မ၀ယ်နိုင်တော့ဘူး.."
"ဟာ..မဟုတ်တာ…သားမှာ ပိုက်ဆံ ရှိတယ် အမေ…အကိုကြီး လည်း ဘယ်စိတ်ကောင်းပါ့မလည်း…အမေ မနက်ဖြန် သွား၀ယ်ပေးလိုက်ပါနော်.."
"သားရယ်.."
အမေက မျက်ရည်စို့ ပြီး  ကြေကွဲစွာ ခေါ်တော့ မျိုးချစ် ပြုံးရင်း အမေ့ ပေါင်ပေါ်မှာ လှဲအိပ်လိုက်သည်..။
အမေ က ငယ်ငယ်တုန်းက အတိုင်းဆံပင်တွေကို ပွတ်သပ်ပေးရင်း တောင်းဆုတွေ ခြွေနေတော့သည်..။
.
"ရှင် ထမင်းစားမလား.."
"မစားချင်တော့ဘူး…ပြန်ခါနီး လက်ဖက်ရည် သောက်လာတာ ရင်ပြည့်နေပြီ.."
"အင်း…ဟို သစ်သားတန်းမှာ လျက်ဆားလေး ရှိတယ်.."
"မလှမေ စားလိုက်ဦး.."
မျိုးချစ်ပြောလိုက်တော့ ခပ်ကြောင်ကြောင် ကြည့်ပြီး ထမင်းစားပွဲဝိုင်းမှာ ထိုင်ခါ ထမင်းစားဖို့ ပြင်တော့သည်..။
"ဟင်…ရှင် အိပ်ယာပြင်လိုက်တာလား.."
"ဟုတ်တယ်လေ…ဘာဖြစ်လို့လည်း.."
"မဖြစ်ပါဘူး…ကျွန်မ ထမင်းစားတာ ကြာသွားတယ်.."
"ကျုပ် မရှိရင် ခင်ဗျား အမေ တို့နဲ့ အိပ်တာလား.."
"ဟုတ်တယ်…ကို၀င်းကို က အိမ်ရှေ့ခန်း ထွက်အိပ် ပေးတယ်လေ…အမေက စိတ်မချလို့ အိမ်မပြန်ခိုင်းဘူး…ဝေတို့ တိုက်ခန်း ၀ယ်လိုက်တာလည်း ဒါကြောင့်ပဲ နေမှာပါ…"
"အမေတို့ ဂရုစိုက်နေတဲ့ ကြားက ခင်ဗျားကလည်း ပိန်လာလိုက်တာ…"
သူ့ တစ်ကိုယ်လုံးကို ချုံ့ကြည့်ပြီး ဝေဖန်လိုက်တော့ ခေါင်းညိတ်ပြီး ခေါင်းအုံးတွေကို  နေရာ ချပေးသည်..။
"ဦးလေး ကော နေကောင်းရဲ့လား.."
"ဒီလိုပါပဲ…"
"မနက်ဖြန်တော့ သွားတွေ့လိုက်ဦးမယ်….ခင်ဗျားလည်း လိုက်ခဲ့ပေါ့.."
"အင်း.."
မျိုးချစ် အိပ်ယာထဲရောက်ပြန်တော့ အလုပ်ကိစ္စနဲ့ အတူ အကိုကြီး မင်္ဂလာဆောင်မှာ အဆင်မပြေဖြစ်မှာ စိုး၇ိမ်ပူပန်ရင်း တော်တော် ဖြင့် အိပ်မရပြန်…။
ည မီးလုံးကို ငေးကြည့်နေရင်း တစ်ဖက်ကို အကြည့်ရောက်သွားတော့ မထင်ထားတဲ့ မျက်၀န်း တစ်စုံကို တွေ့ရသည်..။
မျက်ရည်ပြည့်အိုင်ပြီး အပြုံး တစ်ခုနဲ့ ဆိုက်ကြည့်နေတော့ လူက တဒင်္ဂကြောင်သွားပြီး ကိုယ်ကို စောင်းလိုက်မိသည်..။
"ဘာဖြစ်လို့လည်း.."
မျိုးချစ် အမေးကြောင့် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခါ မျက်ရည်တွေကို သုတ်ပစ်ပြီး ခေါင်းရမ်းပြသည်..။
ဟင်း…ဘာမှ မဖြစ်ပဲ မျက်ရည်က အလိုလို ကျတယ် ဆိုတာ ရှိမှ မရှိပဲကို….ဒီမိန်းမ နဲ့ ဒါကြောင့် အဆင်မပြေတာလေ…။
ဘာဖြစ်တယ် ပြောမှ သိမှာပေါ့..အခုတော့ ၀မ်းနာမှန်းမသိ တစ်ခုခု ဖြစ်မှန်း မသိ ပူပန် စိုးရိမ်နေရပြီ…။
"နေကောင်းရဲ့လား.."
"ကောင်းပါတယ်…ဝေ့ အကြောင်း တွေးမိလို့ပါ.."
ကျစ်…ဒီမိန်းမ ဟာလေ..အင်မတန် မျက်ရည်လွယ်တဲ့ မိန်းမ …
အဖေကိုသတိရလည်း ငို..
ညီမ မင်္ဂလာဆောင်လည်း ငိုပြန်ပြီ…
ရုပ်ရှင် မင်းသမီးကို လုပ်စားသင့်တာပါ.။
မျိုးချစ် စိတ်တိုတို ဖြင့် ပြန်လှဲအိပ်ခါ ကျောပေးပြီး စောင်ဆွဲခြုံလိုက်ပေမဲ့ နောက်ကို ဆိုက်ကြည့်နေမလား ဆိုတဲ့ စိတ်နဲ့ နောက်ကျောမလုံ ဖြစ်ရပြန်သည်..။
ခရီးပန်းတာရယ်..တစ်နေ့ကုန် ပင်ပန်းထားတဲ့ အရှိန် နဲ့ ခြေထောက် တောင့်နေတာတောင် ဒဏ်ကြေဆေး မလူးနိုင်ပဲ အိပ်ပျော်သွားရသည်..။
.
"ကဲ..လာလေ…မလှမေ..လာ…မျိုးချစ် ဘေးမှာရပ်.."
"ဟုတ်တယ်…ကိုမျိုးက ဖက်လိုက်လေ…"
သတို့သမီး ဝေက အစကတည်းက သွက်လက်သူမို့ သူ့အသံစီစီဖြင့် အမိန့်ပေးတော့ မျိုးချစ် ရှက်ရှက်ဖြင့်ပင် ပခုံးကို ဖက်ပြလိုက်ရသည်..။
ကင်မရာ မီးရောင်လင်းသွားပြီးသည်နဲ့  လက်ပြန်ရုတ်လိုက်ပြီး အနားက အဖေ့ သူငယ်ချင်း မိတ်ဆွေတွေကို နှုတ်ဆက်သလိုလို ဖြင့် ရှောင်ထွက်လာခဲ့သည်..။
"အဖေ…သား ဘာလုပ်ပေးရဦးမလည်း.."
"အေးကွာ..မရှိတော့ပါဘူး…သားတို့လည်း နားချင်ပြီပေါ့ ပြန်လေ..ညနက်နေပြီ.."
"ဟုတ်ကဲ့…လက်ဖွဲ့တွေကိုတော့ မနက်မှပဲ ကားငှားပြီး ပို့ပေးလိုက်မယ်..ကိုကြီး "
"အေး…ရတယ်…ညီ…တစ်နေ့ကုန် ပင်ပန်းသွားပြီကွာ..နားလိုက်တော့.."
"ကိုကြီးကတော့ မနားနဲ့ဦးနော်.."
"ဟာ ..ဒီခွေးကောင်လေး.."
အိမ်ရှေ့ ခြံတံခါးမှာ သူငယ်ချင်းတွေကို နှုတ်ဆက်နေတဲ့ အကိုကြီး ကို စခဲ့လိုက်ပြီး လမ်းမပေါ် ထွက်လာခဲ့လိုက်သည်..။
ဘေးမှာ တူယှဉ်တွဲ လျှောက်နေတဲ့ လက်တွဲဖော် ဇနီးမယား အိမ်သူ သက်ထား မဟေသီလို့ ဘွဲ့အများကြီး တက်ခေါ်ကြပေမဲ့ မျိုးချစ် ရဲ့ မိန်းမ ဖြစ်သူကတော့  ဗိုက်ဖုံးအင်္ကျီ မိုးပြာရောင်လေးနဲ့ သဇင်တွေ ညွတ်နေအောင်ပန်ထားသည်..။
ဒီလိုကျတော့လည်း အထက်တန်းကျပြီး ကြည့်လို့ အကောင်းသားပဲ…။
"ရှင်…ရေချိုးဦးမလား.."
"အင်း.."
"ရေကန်မှာ ရေနည်းနေတယ်.."
"ရတယ်…ကျုပ်ဟာ့ကျုပ် စည်ထဲက ခပ်ချိုးလိုက်မယ်..ခင်ဗျားလည်း ခြေတွေ တောင့်နေပြီမလား…ခဏလှဲနေလေ…"
မျိုးချစ် ရေလဲ ပုဆိုးယူပြီး စည်ထဲက ရေကို ခပ်ချိုးရတော့ အေးစိမ့်စိမ့်တော့ ဖြစ်ပေမဲ့ ခပ်မြန်မြန်လောင်းချိုးလိုက်သည်..။
အိမ်ပေါ်ရောက်တော့ ခေါင်းက သဇင်ပန်းတွေကို ဖြုတ်ပြီး ဘေးမှာ တစ်ခက်ချင်း ချနေတာ မပြီးနိုင်သေး..။
မျိုးချစ် မတ်တက်အနေအထားနဲ့ ခေါင်းရေသုတ်ရင်း ရှေ့က ဓာတ်ပုံကို အကြည့်ရောက်သွားတာ့ မျက်မှောင်ကြုတ်မိသည်..။
"ခင်ဗျား..ကျုပ်ပုံကို မကြည့်ဘူးပေါ့.."
"ကြည့်ပါတယ်…"
"ဘာကြည့်တာလည်း..အိမ်က ၀င်းဦးပုံပဲ ထိုင်ကြည့်နေတာမလား…ဒါကြောင့်မို့ ပုံက ဒီမှာ ကျန်ခဲ့တာပေါ့..မွေးလာတဲ့ ကလေး ၀င်းဦးနဲ့ တူရင် ခင်ဗျား မလွယ်ဘူး မှတ်…"
"အိုး..ရှင်ကလည်း ထင်ရာ သိပ်ပြောတာပဲ..အမေတို့ဆီမှာ ရှင်ဓာတ်ပုံတွေမှ ပုံနေတာပဲ..ကို၀င်းကိုကလည်း ပုံတွေ ထပ်ထုတ်ပြီး အခန်းထဲ ကပ်ထားပေးတယ်..ရှင်မယုံရင် မနက် အမေတို့ ဆီသွားရင် အခန်းထဲ ၀င်ကြည့်ချေ.."
"အိုး.."
မျိုးချစ် သတိပေးလိုက်တော့မှ သူ့ဘက်က စကားလုံးပေါင်း မြောက်မြားစွာဖြင့် လျှောက်လှဲ ချက်တွေ ထွက်ကျလာတော့ စိတ်တိုလို့ ဆောင့်အောင်၍ စွပ်ကျယ် တစ်ထည် ကောက်စွပ်လိုက်ရ သည်..။
"အို.."
"ဟင်.."
ဗိုက်ကို ကိုင်ပြီး မျက်လုံးပြူး အေ်ာတော့ မျိုးချစ် ပျာပျာသလဲ အနားကိုရောက်သွားရတော့သည်..။
ဖျာကြမ်းပေါ်မှာ ထိုင်ချလိုက်ချိန် ဘေးက သဇင်ပန်းခတ် တွေကိုပါ လက်ဖြင့် ဖိထိုင်မိသည်..။
"အို..ပိကုန်ပြီ.."
"ကျစ်..ဒီပန်းက ဘာ အရေးလည်း..ဘာဖြစ်လို့လည်း.. ဗိုက်နာလို့လား.."
"မဟုတ်ဘူး..ကလေး လှုပ်လို့ပါ…အို…ရှင့်လက်ကြီး ဖယ်ပါ…."
သဇင်ပန်းခတ်ပေါ်က လက်ကို တွန်းဖယ်တော့ မျိုးချစ် အမြင်မကြည်သော်လည်း လွတ်လပ်ခွင့် ပေးလိုက်ခါ စိတ်ထဲ မကျေမနပ်ဖြစ်ရသည်..။
ယောင်္ကျား ဖြစ်သူက ဂရုတစိုက်ရှိပြန်တော့လည်း…သူက သဇင်ပန်းကိုသာ အာရုံပြုနေသည်လေ..။
"အို…"
"ခင်ဗျား..အိပ်လိုက်လေ.."
"ပန်းတွေ ဖြုတ်…"
"ဖယ်.."
လက်ကို ပုတ်ချပြီး ဘေးထိုးကလစ်အမဲလေးတွေကို ဆွဲဖြုတ်လိုက်တော့ သဇင်ပန်းခတ်ကလေးတွေလည်း ပါလာပြီး ပန်းဖြုတ်ခြင်း အလုပ် ပြီးဆုံးသွားတော့သည်..။
"ဘာလည်း..ရေစိမ်ထားမယ် မလား..ကျုပ်လုပ်လိုက်မယ်..ခင်ဗျား.. နားတော့."
"အင်း.."
တာ၀န်ယူပါတယ် ဆိုတာတောင် သဇင်ပန်းကို စိတ်မချသလိုကြည့်ပြီး ခပ်ဖြည်းဖြည်း လှဲချ အိပ်တော့သည်..။
"အို.."
သဇင်ပန်းလေးတွေကို ပန်းကန်ထဲ ရေထည့်ပြီး အစီအရီ ထည့်နေချိန် အသံကြားရတော့ မျိုးချစ်လှည့်ကြည့်မိသည်..။
"အထဲမှာ တစ်ခုခုများ ဖြစ်လို့လား မသိဘူး.."
"အဟွင်း…မဟုတ်ဘူး…ရှင်ပြန်လာတဲ့ အခါမှ အခုလို ဆိုးတာပါ.."
"ဟင်..ဟုတ်လား.."
စိတ်ထဲ ကြည်နူးချမ်းမြေ့သွားခါ ဘယ်လို ဖြစ်ပြီး သူ အိပ်နေတဲ့ အနားကို ရောက်သွားမှန်းတောင် မသိလိုက်ပါ..။
ခွင့်မတောင်း မိပဲ သားလေး ရှိနေတဲ့ သူ့ ဗိုက်ကို ဖွဖွလေး လက်ဝါးဖြင့် ကိုင် ကြည့်မိသည်..။
"ဒီမှာ.."
သူက လက်ကို ဆွဲယူပြီး နေရာရွေ့ပေးလိုက်တော့ တစ်လှုပ်လှုပ်ဖြင့်နေတဲ့ အရာလေး ကို စိတ်နဲ့ ခံစားမိသလို လက်ကလည်း ခံစားမိသည်..။
"အ..လှုပ်တယ်ဟ.."
"အဟွင်း.."
"ဟား..ဟား..မင်းက ဘောလုံးသမားလား....ဟေ…"
ကိုယ့်သားလေးကို ရည်မှန်းပြီး ဗိုက်ကလေးကို ငုံ့မွှေးပြီးမှ သတိ၀င်တော့ စိတ်ထဲ တစ်မျိုး ဖြစ်သွားရသည်..။
မော့ကြည့်မိတော့ ဘာမှ မပြောပဲ ကြည့်နေသည်မို့ မျိုးချစ်လည်း စိတ်ထဲ မထားတော့ပဲ  သား လှုပ်နေတဲ့ နေရာလေးကို လက်ပြန်တင်ထားလိုက်သည်..။
"နာမည်ရွေးရဦးမယ်…ခင်ဗျား..ဘယ်လို တွေးထားတယ်.."
"မျိုးချစ်ဒီပါ …"
စဉ်းစား တွေဝြေခင်းမျိုးတောင် မပြုပဲ ဖျတ်ခနဲ့ ပြန်ပြောလိုက်နိုင်တော့ မျိုးချစ် နှာခေါင်း ရှုံ့လိုက်မိသည်..။
ဘယ်လို နာမည်ကြီးကို ကြိုတွေးပြီး ကလေးကို ပေးလိုက်တာလည်း...
စိတ်တိုင်းမကျလို့ ဦးနှောက်ကို အလုပ်ပေးစဉ်းစားရင်း လက်က ဗိုက်ပေါ် ဖွဖွလေး ကိုင်ထားမိသည်..။
"ချစ်ဦး ဆိုရင်ကော…"
မျိုးချစ် တွေးမိတာ ကို မော့ကြည့်ပြီး ပြောတော့ ခပ်လေးလေး ခေါင်းညိတ်ပုံက အလိုမကျတာ သိသာနေသည်..။
"မျိုးချစ် ဒီပါ ဘာကောင်းလို့လည်း  နာမည်က စီးနေတာ ပြီးတော့ မျိုးချစ် ဆိုတာ က လည်း ကျုပ်နာမည်ကြီး အိုး..မကောင်းပါဘူးဗျာ…အဖေ နာမည်ကြီး ထည့်ပေးရအောင် ကိုလိုနီခေတ်လည်း မဟုတ်ပါဘူး..နာမည်လေးလုံးတောင် ရှည်လျားလွန်းတယ်.."
"မျိုးချစ်တာလည်း ကောင်းတာပဲ…ဒီပါ ဆိုတာ အလင်းရောင်…နာမည်လေးက ကောင်းပါတယ်…"
"ကျုပ်သား ရည်းစားရတော့ ကိုမျိုးချစ်ပဲ ခေါ်ရမလိုလို…ကိုဒီပါ လို့ပဲ ခေါ်ရမလိုလို  မကောင်းဘူး..မကောင်းဘူး..ချစ်ဦးပဲ ကောင်းတယ်.."
"ရှင့် သဘောပဲ…"
"ပြောပုံကိုက... ဆူအောင့်အောင့်နဲ့… မင်းအမေက မင်းအပေါ် စေတနာမထားဘူးကွ…
မင်းထွက်လာရင် အဖေ့ကိုပဲ ချစ်နော်…
အဖေ က နာမည်လှလှလေး ရွေးပေးထားတယ်….
သား တစ်ယောက်တည်း ပျင်းနေမှာပဲ…
အပြင်ရောက်ရင် အဖေနဲ့ တူတူ ဆော့ကြမယ်…
သားနည်းနည်းကြီးရင် အဖေတို့ ကျွန်းတောထဲ တူတူသွားကြမယ်…
သစ်ပင်ကြီးပေါ်က ကင်းတဲမှာ တူတူ နေကြမယ်…အိုး..တောထဲက စမ်းချောင်းမှာလည်း သားကို ရေကူးသင်ပေးမယ်…အဟွင်း…မင်းက ဘယ်တုန်းကတည်းက ငါ့သား ဖြစ်ချင်လို့ စောင့်နေသလည်း မသိဘူး..မထင်ထားပဲ ချက်ချင်းရောက်လာတယ်….သား လည်း အဖေ့ကို ချစ်လို့ပေါ့နော့်.."
သူ့ ဗိုက်နားကို မျက်နှာကပ်ပြီး မျိုးချစ် စကားတွေ တမေ့တမော ပြောပြီး သတိ၀င်လာလို့ မော့ကြည့်လိုက်တော့ မျက်ရည်စတွေ ခိုသီနေပြန်ပြီ..။
"ခင်ဗျား ဘာဖြစ်ပြန်တာလည်း.."
"ဟို…မဖြစ်..ပါဘူး..ဝေ.."
"လာပြန်ပြီ…ဘာလည်း…ခင်ဗျား.. လက်ထပ်ချင်တဲ့  အကိုကြီးက အခုတော့ ဝေနဲ့ လက်ထပ်သွားပြီမို့ နှမျောတသနေတာလား… ရင်ကွဲနေတာလား.."
"အိုး…ရှင် ဘယ်လို ပြောလိုက်တာလည်း.."
"သိသာနေတာချည်းကိုပဲ…"
"ကျွန်မ က အိမ်ထောင်ရှိပြီး သားလွယ်ထားရတဲ့ မိန်းမ တစ်ယောက် …ဘယ်ယောင်္ကျားကိုမှ ဘာစိတ်မှမပါပဲ နဲ့တောင် အချိန်ကြာအောင် မကြည့်ဘူး..ကျွန်မ ပျော်လို့…ပျော်လို့ ငိုမိတာကို…ရှင် ဒီလို စွပ်စွဲဖို့ မကောင်းပါဘူး.."
"ကျစ်.."
မျိုးချစ် ဒေါသဖြစ်လို့ ကျောပေးပြီး အိပ်လိုက်တာတောင် ရှိုက်သံ က ထွက်နေဆဲပင်..။
ဟင်း…သူငိုတာ အကြောင်းမဟုတ် ကလေးက အထဲမှာ ဒုက္ခများပြီး  ကြောက်လန့်နေရင်တော့ ခက်ပြီ..။
နောက်ဆို ဘာပြောချင်ချင် မွေးပြီးတဲ့ အထိ စောင့်ဖို့ ဆုံးဖြတ်လိုက်ရသည်..။
စကားလည်း မပြောချင်လို့ ခပ်ရှောင်ရှောင် နှစ်ရက်လောက် နေပြီး ပြန်လာခဲ့လိုက်မိသည်..။
.
"ဆရာ…ဆရာ…"
"ဟင်.."
"ဟာ…ဆရာ အဖျားကြီးနေပြီလား…ဒါကြောင့် မနေ့က မြို့ပေါ်တက်ပါလို့ ပြောတာ ဆရာကလည်း လူပေပဲဗျာ.."
တပည့်ကျော်က စေတနာ ပရပွဖြင့် ကျိန်းမောင်းပြောဆိုနေတော့ မျိုးချစ် အဖျားတက်နေရင်းက ပြုံးလိုက်မိသည်..။
နေသာကောင်းနေရင် ဒီကောင် တဲရှေ့တောင် ကြာကြာရပ်ရဲတဲ့ ကောင်မဟုတ်ပါဘူးလေ…။
"အေးကွာ…ဆေးသောက်မလို့…မင်း ဆီမှာ ဘာရှိလည်း.."
"ယမင်းနဲ့ ထည့်ပေးလိုက်မယ် ဆရာ…နေ့လည် မသက်သာရင်တော့ ဆရာ ဆေးခန်းပြေးပေတော့ ဗျို့.."
"အေးပါကွာ.."
တပည့်ကျော်ကျော် ပြန်သွားတော့ မှ ပိုအချမ်းတက်လာလို့ ချည်စောင်ပါးပါးကို ပခုံးထိ ဆွဲတင်ပြီး မှိန်းနေလိုက်ရသည်..။
"ဆရာ…..ဆရာ…"
"ဟင်.."
အဖျားတက်နေတဲ့ အရှိန်ကြောင့်လား သတိများ လစ်နေလို့လား မသိ မြင်နေကျ  ယမင်းရဲ့ ပုံသဏ္ဍန်က နှစ်ထပ်တွေ ဖြစ်ကုန်သည်..။
"ဆရာရယ်..အဖျားကြီးနေပြီ…"
"အေးကွာ.."
နဖူးပေါ်က လက်ရုတ်သွားတော့ နွေးထွေးမှု ပျောက်သွားသလို လစ်ဟာ သွားရသည်..။
"ဆရာ့ အတွက် ဆေးနဲ့ ဆန်ပြုတ်ကလေး လုပ်ထားတယ် ဆရာ..ထန်းလျက်ခဲလေးနဲ့ ပူတုန်းသောက်လိုက်ပါလား.."
"အေး…"
မျိုးချစ် ထထိုင်လိုက်တော့ ကိုယ်က လေးကန်နေလို့ ယမင်းက တွဲထူပေးရသည်..။
ယမင်းဆိုတာ ကျော်ကျော် ညီ့မ တစ်၀မ်းကွဲ..တစ်မိသားစုလုံး တောထဲ တောင်ထဲ အလုပ်၀င်နေတော့ အပျိုပေါက်မို့ စိတ်မချလို့ တောထဲ အထိ ခေါ်လာခဲ့ရသည်..။
ဒီကောင်မလေးက ပေါ့ပေါ့ပါးပါး ရှိသလို နေရာတကာလည်း ကူညီတက်ပြီး စိုး၇ိမ်စိတ်လည်း များသည်..။
အထူးသဖြင့် မျိုးချစ်ကိုဆို အကိုအရင်းအတိုင်း လိုအပ်တာတွေ ကူညီ လုပ်ကိုင် ချက်ပြုတ်ပေးတက်သည်..။
"နင့် ဆန်ပြုတ်က ဆားပေါ့လိုက်တာ ယမင်းရယ်.."
"ဟိ…ဟုတ်လား..ဆားမေ့သွားတယ်.. ဆရာ..ခဏ.."
မျိုးချစ် တဲထောင့်က အ၀တ်ပုံတွေထဲ မွှေလှန်ရှာပြီး အင်ဖက်နဲ့ ထုတ်ထားတဲ့ ဆားထုတ်ကို ဆွဲယူလာခါ ဆန်ပြုတ်ပန်းကန်ပေါ် ဖြူးထည့်ပေးသည်..။
"ဆရာကလည်း..မြို့ပေါ် သွားလိုက်ရင် ပြီးကရော.."
"ရှည်လိုက်တာ ကွာ…ဘာဆေးပါလည်း ပေး.."
"သိဘူး…ကိုကျော်ကျော် ပေးလိုက်တာလေ…အင့်.."
အနားမှာ ဆွေခနဲ့ ထိုင်ချပြီး လက်ဝါးဖြန့်ပေးတော့ မျိုးချစ် ဆွဲယူပြီး ပါးစပ်ထဲ ထည့်လိုက်ချိန် လက်ကို ဆွဲကိုင်လို့ လန့်သွားရသည်..။
"ဟယ်…ဆရာလက်တွေအေးစက်နေတာပဲ.."
"အဖျားရှိနေတာကိုး..ကဲ လွတ်ဦး..ငါ့ကို ရေတစ်ခွက်ယူပေးစမ်း.."
"ရေနွေးပဲ သောက်ပါ ဆရာရယ်..ရေမှာ ငှက်ဖျားပိုးပါရင် ဘယ်နဲ့ လုပ်မလည်း.."
"ကဲ..လုပ်ဟ..မြန်မြန်…ပါးစပ်ထဲ ဆေးက ပျော်နေပြီ.."
"ဟိဟိ..ဆရာကလည်း ဆေးကြောက်တက်သလား.."
မျိုးချစ်ကို ပြောင်ပြီးတော့မှ ရေနွေးကို ပန်းကန် နှုတ်ခမ်းပဲ့ဖြင့် ထည့်ပြီး ကမ်းပေးတော့ ခပ်ပြင်းပြင်းမှုတ်၍ သောက်လိုက်ရသည်..။
"အေးပါ ငါ နေမကောင်းလို့ နင် ဒီလို ပြောနိုင်တာ..နင် နဲ့ ကျော်ကျော် ကြပ်ကြပ်သတိထားနေ.."
"ဟိ..ဆရာကလည်း.."
"ဆရာကလည်း လုပ်မနေနဲ့..မနက်ဖြန် သစ်စက်ကို လိုက်သွားနိုင်မှာ မဟုတ်ဘူး..အဲဒါ သွားပြော ခိုင်းလိုက် .."
"ဟုတ်.."
ယမင်း ထွက်သွားတော့မှ တဲက ဝါးလုံးထောက်ထားတဲ့ တံခါးကို ဝါးဖြုတ်လိုက်ပြီး ခြင်ထောင်ထဲ ပြန်၀င်ခါ အိပ်လိုက်ရသည်..။
"ဟင်.."
"ခြင်စုတ်တွေ…ကဲ..ဟယ်.."
စကားသံ တိုးတိုးလေး နားထဲ ကြားနေရတော့ မျိုးချစ် မျက်လုံးကို အားယူပြီး ဖွင့်ကြည့်ချိန် ခြင်ထောင်ဘေးမှာ ငုတ်တုတ်ထိုင်နေတဲ့ ယမင်းကြောင့် မျက်လုံးပြူး သွားရသည်..။
ဘယ်လို ဖြစ်ပြီး တဲထဲ ရောက်နေတာပါလိမ့်..။
မျိုးချစ်က တစ်ယောက်တည်း နေတာကို ဒီကောင်မလေး အိမ်မပြန်ပဲ ၀င်ထိုင်နေတော့ သူများတွေ အမြင်မှာ…ဟာ…ကျစ်..။
မျိုးချစ် ခြင်ထောင်ကို ဆွဲမြှောက်ပြီး အပြင်ထွက်လာတာတောင် သတိမထားမိလောက်အောင် ခြင်တွေနဲ့ နပန်းသတ်နေသည်…။
"ဟဲ့..ယမင်း.."
"ရှင်…ဆရာ..နိုးပြီလား.."
"နင်..ဒီမှာ ဘာလုပ်နေတာလည်း.."
"ဆရာ့ကို စိတ်မချလို့လေ…ဆရာ အဖျားတက်ပြီး သတိလစ်နေမှာစိုးလို့ စောင့်နေတာ.."
"ကျစ်…ဘယ်အချိန်ရှိပြီလည်း..ပြန်..ပြန်…ကျော်ကျော်တို့ကော.."
"ယမင်း ပြောခဲ့ပါတယ်..ဆရာရဲ့…ယမင်း စိတ်ပူလို့ပါ.."
"ဟာ…ငါက ဒီမှာ တစ်ယောက်တည်းနေတာလေ.."
"အင်းလေ…အဲဒါ့ကြောင့် စောင့်ပေးနေတာပေါ့…ဆရာရယ်."
"ဟာ..ကျစ်..ငါ လည်း သက်သာနေပြီ နင်ပြန်တော့…သွား..မြန်မြန်…"
"ဟုတ်.."
မျိုးချစ် ခပ်ငေါက်ငေါက် ပြောလိုက်တော့မှ ခြင်တွေ ပေးထားတဲ့ လက်မောင်းသား ဖြူနုနုပေါ်က အနီကွက် ဒဏ်ရာတွေကို ကုတ်ရင်း နှုတ်ခမ်းစူခါ တဲထဲက ထွက်သွားတော့သည်..။
"ဘယ်လိုလည်း.."
"ဟွန့်..နိုးတာနဲ့..ယမင်းကို ဆူတာပဲ.."
"ဟား..ဟား..ကောင်းတယ်…ငါပြောသားပဲ..နင့်ကြောင့်…ဦးလေးက ငါ့ကိုလည်း ဒုက္ခခံခိုင်းထားတယ်…လာ မြန်မြန်…"
ကျော်ကျော့်ရဲ့ စကားသံတွေကြောင့် သူလည်း ထိုင်စောင့်နေရတာ သိလိုက်သည်..။
အေးလေ… သူစိမ်း ယောင်္ကျား နေမကောင်းတာကို ဘယ် မိဘ က သမီးပျိုလေး  တစ်ယောက်တည်း စောင့်ခိုင်းချင်ပါ့မလည်း..။
မျိုးချစ် သက်ပြင်းချပြီး အိပ်ယာထဲ လှဲ အိပ်လိုက်ချိန် ရေဆာ လို့ ခြင်ထောင်ပြင် ပြန်ထွက်ရသည်..။
ရေအိုးစင်က အပင်အောက်မှာပဲ ရှိတာမို့ ခပ်စမ်းစမ်း လျှောက်ဖို့ ရွယ်လိုက်ချိန် ဝါးတိုင်ဘေးက ခပ်ပူပူ အရာကို ၀င်တိုက်မိသည်..။
ဖယောင်းတိုင် မီးကို တိုးကြည့်လိုက်တော့ ရေနွေးဓာတ်ဘူး  အဟောင်း တစ်လုံးရောက်နေသည်..။
အပြင်မထွက်ရတော့ပဲ ရေနွေးကို ငှဲ့သောက်ရင်း ယမင်းကို စိတ်ထဲက ကျေးဇူးတင်လိုက်မိသည်..။
"ဆရာ…သက်သာရဲ့လား.."
"အေး.."
ယမင်းနဲ့ ရင်းနှီးနေတာ လက်အောက်ငယ်သားတွေ ပြောစရာ ဖြစ်မှာ စိုးလို့ မျိုးချစ် ကိုယ်တိုင် အနေ အထိုင် ဆင်ခြင်ဖို့ လိုနေပြီ..။
တဲပေါ်ရောက်လာချိန် မျိုးချစ် ခပ်စူးစူး ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တော့ ဒူးထောက်ထားရာ နောက်ကို ပြန်ဆုတ်ပြီး ပြန်ဆင်းသွားသည်..။
"ဟို..ယမင်းက ဆရာ့ကို စိတ်ပူလို့ပါ.."
"ဖျားတာ အဆန်းမှ မဟုတ်တာ…နင့် ကို တစ်ခါတည်း ပြောထားရဦးမယ်…နောက်ဆို…ငါ့တဲပေါ်ကို ငါ မသိပဲ မတက်မိစေနဲ့.."
" ရှင်…ဟုတ်…"
မိန်းမပျိုလေး တစ်ယောက်ကို အခုလို ပြောလိုက်တာ ရက်စက်ရာ ကျပေမဲ့ နောက်ပိုင်း ပြောစရာ ဖြစ်လာမှာ မလိုချင်လို့ ပြတ်သားပြရသည်..။
ကျော်ကျော်ကလည်း လွှသွား ပြင်နေရင်းကနေ တစ်ချက် လှမ်းကြည့်ပြီး ပြန်ခေါင်းငုံ့နေသည်..။
တစ်ဖက်က ယမင်း အဖေကလည်း မျက်နှာပူ သလို ခေါင်းကြီး ငုံ့ထားသည်..။
ဒီလောက်ဆိုရင် မျိုးချစ်ရဲ့ သဘောထားကို သိလောက်ပြီမို့ ခေါင်းကိုက်နေတဲ့ ကြားက ရှေ့က မျက်ရည်ပေါက် ကြီးငယ်ကျ နေတဲ့ ယမင်း ကို ရှောင်ပြီး တောလမ်းအတိုင်း ထွက်လာခဲ့လိုက်သည်..။
ချောင်းရေတွေက ကြည်သန့်နေပြီး ကျောက်တုံး ဖြူကြီးတွေ ပေါ် ကို ဖြတ်ကျော်ပြီး တစ်ဖက်ကမ်းက သစ်ပင်ရွေးနေတာ ကို စောင့် ကြည့်ဖို့ သွားရသည်..။
သစ်တုံးတွေ ဆွဲနေတာ တစ်ချက်ကြည့်ပြီး ပြန်ထွက်လာတော့ ချောင်းဘေးမှာ ဆောင့်ကြောင့် ထိုင်ပြီး ရှိုက်ကြီး တငင်ငိုနေတဲ့ ယမင်း ကြောင့် သက်ပြင်းချမိသည်..။
သူက စေတနာနဲ့ ပြုစုပေးတာကို အခုလို အပြောခံရတော့ ရှက်သွားမှာပေါ့လေ…။
ဒါပေမဲ့ ပြန်ပြင်ဖို့ မစဉ်းစားပဲ ကျောက်တုံးတွေကို တလွှားလွှားကျော်၍ ရှေ့က ဖြတ်တော့ တစ်ချက် မော့ကြည့်ပြီး မျက်ရည်သုတ်ခါ ပြန်ငုံ့နေသည်..။
နေ့လည် ထမင်းစားချိန်ရောက်တော့ စားနေကျ အတိုင်း ယမင်း တို့ တဲရှေ့ကို မကူးပဲ စက်အဖွဲ့နဲ့ ၀င်စားလိုက်ပြီး ဆေးသောက်ခါ အိပ်နေလိုက်သည်..။
မျက်နှာထား တင်းတင်း နဲ့ ခပ်ရှောင်ရှောင်နေတာ သုံးရက်မြှောက်တော့ ယမင်း အဖေ ဦးဘရွှေ ရောက်လာသည်..။
"ဆရာ..ကျွန်တော့်ကို တဲပေါ်တက်ခွင့်ပြုပါ.."
"တက်လာလေ.."
"ဟုတ်ကဲ့.."
မျိုးချစ် လက်ထဲက စာရင်းစာအုပ်နဲ့ ဘောပင်ကို ချလိုက်ပြီး သေချာ မတ်မတ် ပြင်ထိုင်လိုက်တော့ ဦးဘရွှေက ရှေ့မှာ ခပ်ကျုံကျုံ့ ထိုင်သည်.။
"ကျွန်တော်တို့ ကို ခွင့်လွှတ်ပါ ဆရာ.."
"ဘာ  အတွက်လည်း.."
"ကျွန်တော့်တို့ အပြောအဆိုက ဆရာ့ကို စော်ကားသလိုဖြစ်သွားတာ သိပါတယ်…မိဘ တစ်ယောက်အနေနဲ့  စိတ်ပူလို့ ပြောမိတဲ့ စကားမို့ လို့ ဆရာ နားလည်ခွင့်လွှတ်ပေးပါလို့ တောင်းပန်ချင်တာပါ.."
"ကျွန်တေ်ာ သိပါတယ်..ဒါကြောင့် ယမင်းကို တစ်ခါတည်း အပြတ် ပြောပြီးသားပါ…"
"ဟုတ်ကဲ့..အခု သမီးလေးက နေ့တိုင်းငိုနေရှာတယ် ဆရာ…ဆရာ စိတ်ဆိုးသွားတာ ကျွန်တော်တို့လည်း မနေတက်ပါဘူး..အခုလို အစားအသောက် စီစဉ်ပေးတာပါ လက်မခံတော့ စိတ်မကောင်းဘူးဆရာ…"
"ဒါကတော့…အနေအထိုင်ဆင်ခြင် သင့်တယ် ထင်လို့ ကျွန်တော် ကိုယ်တိုင် ပြင်ဆင်နေလိုက်တာပါ…"
"ဆရာ့ စေတနာတွေကို နားလည်ပါတယ်…ဆရာ ဖျားတဲ့ ညက ယမင်းက သွားစောင့်အိပ်မယ် ပြောတော့ မသင့်တော် လို့ တားမိပါတယ်ဆရာ….ဆရာ့တဲက အစွန်ကျသလို…စက်သမားတွေကလည်း ညဆို ဝိုင်းဖွဲ့သောက်စားတက်တာ သိလို့ပါ..ဒါကြောင့် ကျော်ကျော့်ကို အဖော်လိုက်သွားဖို့ ပြောမိတာပါ…ဆရာ့ကို မယုံလို့ မဟုတ်ပါဘူး…ဆရာ့ သိက္ခာနဲ့ ကိုယ်ကျင့်တရား ကို ကျွန်တော်တို့ ယုံပါတယ်…ဒါကြောင့် အရင်အတိုင်း ကျွန်တော့်တို့ အစားအသောက် စီစဉ်ပေးပါရစေ…စက်အဖွဲ့သားတွေနဲ့ စားရတာ ဆရာ အဆင်ပြေမှာ မဟုတ်ဘူး..ညတိုင်း အဖျားတက်နေတာ ကြာရင်မကောင်းဘူးဆရာ..ကျွန်တော်တို့ တစ်မိသားစုလုံးကို ပြေးလွှားနေရတဲ့ ဘ၀ကကယ်တင်ပြီး နေစရာ စားစရာ ပေးထားတဲ့ ကျေးဇူးရှင် စော်ကားမိသလို ဖြစ်နေပြီ ဆရာ.."
"မီးဆိုတာ မလောင်ခင် တားရတယ်ဆိုတာ ဦးလေး သိတယ်မလား..ကျွန်တော်ကလည်း တောလယ်မှာ နေရတာ ပါ… ကိုယ်ကျင့်တရား သိက္ခာကို အသိအမှတ်ပြုတာ ကျေးဇူးတင်ပေမဲ့..ကျွန်တော်ကတော့ ဒီပုံစံ အတိုင်းနေတာ ပိုကောင်းတယ်လို့ ထင်တယ်…ယမင်းလို နုနယ်တဲ့ သူကို ခဏခဏ မရက်စက် ချင်ဘူး..သူ့ကို ရင့်ရင့်သီးသီး ပြောလိုက်မိတာလည်း ကျွန်တော့်ကို ခွင့်လွှတ်ပါ..အခုအတိုင်းက ပိုကောင်းပါတယ်..ဦးလေး…"
"ဆရာ…စားဖို့သောက်ဖို့တော့…စီစဉ်ပေးပါရစေ..ဆရာရယ်…ကျွန်တော့် မိန်းမကလည်း စိတ်မကောင်းရှာဘူး.."
"ဟုတ်တယ်..အဒေါ်ချက်တာတွေကို စားနေကျမို့ စက်သားတွေချက်တာ စားလို့ မရတော့ဘူး..ဒီလိုဆို ကျွန်တော့် တစ်ယောက်စာ ကို ကျော်ကျော် နဲ့ ပဲ ပို့ခိုင်းပေးပါ.."
"ဟုတ်ကဲ့…"
"နောက်ပြီး..ဒီ အလုပ်သမားတွေထဲမှာ မိန်းကလေး ငယ်ငယ်ဆိုလို့ ယမင်း နဲ့ သူသူမော် တို့ပဲ ရှိတာ သူတို့ နှစ်ယောက်ကို နည်းနည်း ဂရုစိုက်ပါ…ချောင်းဘက်ကို တစ်ယောက်တည်း မလွှတ်ပါနဲ့…အလုပ်သမားတွေက နယ်စုံ လူစုံ မို့လို့ ပြသာနာ တစ်ခု ဖြစ်လာရင် မကောင်းဘူး.."
"ဟုတ်…ဟုတ်ကဲ့ဆရာ…ကျွန်တော် ပြောထားပါ့မယ်.."
"အင်း..ဦးလေး ပြောစရာ မရှိရင် ပြန်လို့ရပြီ.."
"ဟုတ်ကဲ့.."
၀ါးတန်း ထိုးပြီး လှန်တင်ထားတဲ့ တံခါးကို အကြည့်ရောက်သွားတော့ တောထဲမှာ အလေ့ကျပေါက်တက်သည့် သင်း၀င်ပန်း  တွေကို ခေါင်းတစ်ခုလုံး ပန်ထားပြီး နီမို့မို့ မျက်နှာလေးက တဲဘက်ကို မဝံ့မရဲ အကဲခတ်ကြည့်နေသည်..။
သူ့အဖေ အနားရောက်တော့ တစ်စုံတစ်ခု ပြောလိုက်လို့ အားရ ၀မ်းသာဖြင့် သူတို့ တဲတန်းဘက်ကို ပြန်ပြေးတော့သည်..။
ဟင်း…ကလေးမဟုတ်..လူကြီးမဟုတ်..
ဒီကောင်မလေးနဲ့လည်း ခက်ပါရဲ့…။
မျိုးချစ် သက်ပြင်းချပြီး စာရင်း စာအုပ်ကို ပြန်ကောက်ကိုင်လိုက်ခါ သစ်အရေအတွက် နဲ့ ရက်စွဲတွေကို သေချာ မှတ်သား နေရသည်..။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
ရေးပါဆိုလို့ ရေးတယ်လေ😁
ဖတ်ရတာ အဆင်မပြေရင် ခွင့်လွှတ်ကြပါ သည်းခံကြပါလို့ 🙏
.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖 95

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now