Part 6

4K 158 3
                                    

မုန်းပါနဲ့ဦး
အပိုင်း (၆)
#မုန်းပါနဲ့ဦး

"ဟေ့..ဘာလုပ်တာလည်း."
"ဟင်..ဆရာ.."
အတက်အဆင်း သစ်တုံးမှာ ဒူးထောက်ပြီး တဲပေါ်ကို လေးဘက်ထောက်ထားတဲ့ ယမင်း တစ်ယောက် မျိုးချစ် အသံကြောင့် အလန့်တကြား ပြန်ဆင်းချိန် ခွေခနဲ့ ပြုတ်ကျတော့သည်..။
"အ…"
မျိုးချစ် မထူပေးပဲ ဒီအတိုင်းကြည့်နေလိုက်တော့ ဒူးလေး ပွတ်ပြီး မျက်နှာ ရှုံ့မဲ့ခါ ထလာ၍ တဲထဲကို လက်ညိုးထိုးပြပြန်သည်..။
"ဟို..အကိုတို့ မရှိလို့ ဆရာစားဖို့ ထမင်းလာပို့တာပါ…တဲပေါ်လည်း မတက်ပါဘူး..ဆရာ.."
"ရပြီ..သွားတော့.."
"ဟုတ်ကဲ့.."
ဒူးထောက်ကျတဲ့ ဘယ်ဘက်ခြေထောက်ကို ဖော့လျှောက်ပြီး ထွက်သွားတော့ စိတ်မကောင်း ဖြစ်ရပေမဲ့ ကျေခိုင်းထားခဲ့လိုက်သည်..။
"ဆရာ….ဆရာရေ….ရန်ကုန်ကနေ  ရွာကျောင်းကို စာပို့လိုက်တယ်ဆရာ…"
ကျော်ကျော် က ပြန်လာရင်း လမ်း တစ်လျှောက်အော်ပြီး ပြေးလာတော့ စက်သမားတွေတောင် အလုပ်လုပ်နေရင်း တစ်ချက် လှမ်းကြည့်ကြသည်..။
"မင်းကလည်း ဘာဖြစ်လို့ ဒီလောက် အော်လာရတာလည်းကွ.."
"ဖုန်းလည်း ရောက်တယ်တဲ့ ဆရာ…ဆရာ့မိန်းမ သားလေး မွေးတယ်တဲ့.."
"ဟေ…မွေးပြီလား.."
"ဟုတ်ကဲ့..ဖုန်းရောက်တာ ငါးရက်လောက်ရှိပြီတဲ့..စာက ခုမှ ကျွန်တော်သွားယူလာတာ ဆရာ.."
'ဟုတ်လား..ပေးစမ်း.."
မျိုးချစ် ၀မ်းသာအားရဖြင့် ကျော်ကျော့်လက်ထဲက စာကို ဆွဲယူပြီး အိတ်ကို ကပျာကယာ ဖောက်ခါ ဆွဲထုတ်လိုက်သည်..။
စာရွက် ပေါ်မှာ အမေ့လက်ရေး ရှည်မျောမျောလေးတွေက ဖတ်နေကျမို့လို့ ဘာကို ဆိုလိုလည်း သဘောပေါက်သည်..။
၈ ရက်နေ့က သားလေးကို အိမ်မှာပဲ မွေးတဲ့ အကြောင်း
တလုံးတခဲ ဂွမ်းပုံ ဂွမ်းခဲ အတိုင်းပဲ  မလှမေလိုပဲ ပါးချိုင့်လေး တစ်ဖက်လည်း ပါသေးတဲ့…။
မလှမေကတော့ ကလေးထွားလို့ တော်တော် မွေးယူရပြီး ဆေးရုံတင်ရဖို့တောင် ဖြစ်ခဲ့သည် ဆိုတော့ စိတ်ထဲ ထင့်မိသွားသည်..။
လက်ရှိအချိန်တော့ ကလေးကော အမေ ကော ကျန်းမာ ပါတယ်ဆိုတဲ့ စကားနဲ့ အဆုံးသတ်ထားတော့မှ မျိုးချစ် သက်ပြင်းချနိုင်တော့သည်..။
အလုပ်သာ နားခွင့်ရှိရင် ပြေးပြီး တွေ့လိုက်ချင်ပါရဲ့ သားရယ်…။
.
"ဆရာ.."
"ဟင်.."
"ဆရာ ပျော်နေတာလား.."
"အေး…"
သစ်ပင်ရဲ့ အခေါက်တွေကို အရောင်ခွဲနေတုန်း အနားမှာ မေးထောက်ပြီး ဆောင့်ကြောင့်လာထိုင်ခါ မေးခွန်း ထုတ်နေတဲ့ ယမင်းကို ပြန်ပြောမိသည်..။
"သိပါတယ်..ဒါကြောင့် ဆရာ ယမင်းကို အော်မထုတ်တာမလား."
သူ့အတွေးနဲ့ သူ မှန် သလို မေးပင့်ပြောလိုက်တော့ မျိုးချစ် မသိမသာ ပြုံးမိသွားသည်..။
သူလာထိုင်တာလည်း သိတယ်..အော်ထုတ်ဖို့လည်း မမေ့ပါဘူး…ဒါပေမဲ့ ကိုယ့်အပေါ် စေတနာထားပြီး ထမင်းလာပို့ရင်း သုံးလေးရက်လောက် ခြေထော့ကျိုးဘဝရောက်သွားရတာ သနားလို့ မငေါက်ရက်တော့တာပါလေ..။
"ဆရာ့မှာ မိန်းမရှိတယ်လား.."
"အေး."
"ဆရာက ငယ်ငယ်လေး ဖြစ်ပြီး.."
"အိုး..သားတစ်ယောက်တောင် ရပြီဟ.."
"ဟင်း..ဟုတ်တယ်နော်…ဒါကြောင့်ဆရာ အရမ်းပျော်နေတာမလား.."
"ဟုတ်တယ်…ငါ့သားက ချစ်ဖို့ကောင်းတယ်.."
"ဆရာလည်း မတွေ့ပဲ.."
သစ်လုံးဘေးမှာ ကျနေတဲ့ သစ်ခေါက်တွေကို ဆွဲခွါရင်း နှုတ်ခမ်းစူခါ ပြောတော့ မျိုးချစ် ပြုံးလိုက်မိပြီး မသိချင်ယောင်ဆောင်ခါ နေလိုက်ရသည်..။
"ဆရာ့သားလေးက မွေးတာကြာပြီ လား.."
"စာရတာတစ်ပတ်ကျော်..အင်း.. စာလာတာနဲ့ ဆိုရင် ဆယ့်ငါးရက်
တစ်လ သားလောက်တော့ ရှိရောပေါ့.."
"သြော်…ဒါဆို ဆရာ မတွေ့ရသေးဘူးပေါ့နော်.."
"အင်း…ဒါကြောင့်…အလုပ်ပါးရင် ပြန်ဖို့ စဉ်းစားနေတာ.."
"ဆရာ့ မိန်းမကို လွမ်းနေပြီလား…"
"အိုး..မလွမ်းပါဘူး… ငါ့သားကို တွေ့ချင်တာ…မိန်းမကိုတော့ သတိတောင် မရပါဘူး.."
"ဆရာက ဆရာ့ မိန်းမကို မချစ်ဘူးလားဟင်.."
"မချစ်ဘူးလည်း မဟုတ်ဘူး..ချစ်တယ် လည်း မဟုတ်ဘူး…ငါရှာဖွေနေတာ သူနဲ့ ငါရဲ့ အနာဂတ် အတွက်ပဲလေ…အခုသားလေး လည်းရှိလာတော့ မိသားစု အတွက်ပေါ့ ..ငါက တစ်ကောင်ကြွက်လေ…အဖေတို့က ငါ ငါးနှစ်သားကတည်းက မွေးစားထားတာပေါ့…အင်း..သားရဲ့ အမေ မလှမေကတော့ အဖေ့သူငယ်ချင်းရဲ့ သမီးလေ…မာနကလည်း ခပ်ကြီးကြီးပါ…ဒါကြောင့် ငါ မခံချင်စိတ်နဲ့ ပိုက်ဆံနင်းကန် ရှာနေတာပေါ့…ဘာမဟုတ်တဲ့ သူ့ အသိုင်းအဝိုင်းက ငါ့ကို အထင်အမြင်သေးတာ လုံး၀ မကျေနပ်ဘူး.."
"ဟုတ်…ဟုတ်ကဲ့.."
မျိုးချစ် စကားပြောနေရင်းနဲ့ တောထဲ တောင်ထဲ ရောက်နေရာက အိမ်ပြန်ရောက်သွားသလို  ပြောလိုက်မိတော့ ဘေးက ယမင်းက မျက်လုံးကလယ်ကလယ်ဖြင့် ခေါင်းညိတ်သည်..။
ဒီတော့မှ ရင်ထဲက စကားတွေကို ဘာလို့များ ယမင်း ကို ဖွင့်အံမိလည်းလို့ ကိုယ့်ကိုယ်ကို အပြစ်တင်စရာ ဖြစ်ရတော့သည်..။
"ဟင်း…အဒေါ် ထမင်းချက်ပြီမလား..မင်းသွားကူလေ.."
"ချက်ပြီးပါပြီ ဆရာရဲ့…ဟို…ဆရာခွင့်ပြုရင် တဲပေါ်တက်ပြီး အ၀တ်အစားနဲ့ ပန်းကန် ယူမလို့ပါ…"
"နေဦး…ငါယူပေးမယ်..နင် တဲပေါ် မတက်ရဘူး.."
"ရှင်…ဟုတ်…"
မျိုးချစ်လက်ထဲက ကြိုးဘူးကို ပစ်ချခဲ့ပြီး တဲပေါ်တက်သွားတော့ မျက်နှာငယ်ကလေးနဲ့ ရပ်စောင့်နေရှာသည်..။
မတက်နိုင်ဘူးလေ…သမိုင်းကောင်းဖို့ဆို လက်ရှိ အနေအထိုင် ကလည်း အရေးကြီးသည်ကိုး..။
"ဟုတ်လား..ဘယ်တုန်းကလည်း အမေ.."
"ဟုတ်ကဲ့…သား အမြန်ဆုံး ပြန်လာခဲ့ပါမယ်…"
"ဟုတ်ကဲ့.."
အလုပ်တွေ တို့လို့တန်းလန်းဖြင့် ထားခဲ့ရမှာ စိတ်မချပေမဲ့ နာရေးမို့လို့ မပြန်လို့လည်း မဖြစ်…။
သားကိုလည်း တွေ့ချင်စိတ်က ပြင်းပြနေတော့ မရရအောင် သွားတော့မည်ဟု ဆုံးဖြတ်လိုက်ရသည်..။
အခုဆို သားက သုံးလကျော် လေးလသားလေး ဖြစ်နေပြီ..ကိုယ်ကတော့ တစ်စခန်း ပြီး တစ်စခန်း ပြောင်းခါ တောထဲ တောင်ထဲမှာ သာ လှည့်ပတ်နေရသည့်ဘ၀..။
မျိုးချစ် တဲကို ပြန်ရောက်တော့ အလုပ်သမား ခေါင်းဆောင်ကို ခေါ်၍ အလုပ်ကို သေချာ ဂရုစိုက်လုပ်ဖို့နဲ့ သစ်တင်ဖို့ ကိစ္စ အ၀၀ ကို သေချာ မှာကြားရပြန်သည်..။
"ဆရာ..ဒီမှာ..ထမင်းရပြီ.."
"ပြန်ယူသွားလိုက်…ငါ ရန်ကုန်ပြန်ရမယ်.."
"ရှင်.."
မျက်ရည်တွေ ပြည့်အိုင်ပြီး တဲပေါ် မော့ကြည့်တော့ စာရင်းစာအုပ်မှာ ရက်စွဲတပ်နေရင်းက ခေါင်းရမ်းမိသည်..။
"ငါ့ ယောက္ခထီးဆုံးလို့ ပြန်ရမယ်…နင့် အဖေကို လွတ်လိုက်ဦး…"
"ဟုတ်…..ဟို….ဆရာ..ပြန်လာမှာလား ဟင်.."
"လာရမှာပေါ့…မလာလို့ရမလားဟ..."
"သြော်..ဟုတ်…"
တဲတန်းဘက်ကို ခပ်သုတ်သုတ် ထွက်သွားတဲ့  ယမင်း နောက်ကျောကို လိုက်ငေးရင်း သက်ပြင်းမောက ကပ်ပါလာတော့သည်..။
ခက်တော့နေပါပြီလေ…။
.
"ဟယ်…သား..လာတက်…"
အမေ က လှမ်းခေါ်လို့ အိမ်ပေါ်တက်လာတော့ အဖေက အ၀တ်အစားလဲရင်း မျိုးချစ်ကို လှမ်းကြည့်သည်..။
"သား…ဘယ်တုန်းက ထွက်လာတာလည်း.."
"ဖုန်းပြောပြီးကတည်းက ထွက်လာခဲ့တာပါ အဖေ…လမ်းမှာ ကားကြုံမရလို့ တော်တော် စောင့်လိုက်ရတယ်.."
"အေးကွာ..စိတ်မကောင်းစရာပဲ.. မဆုံးခင်နေတုန်းကတောင် ငါနဲ့ လက်ဖက်ရည်ဆိုင်သွားထိုင်ဖို့ ပြောနေသေးတာကွာ…"
"ဟင်း…မလှမေရော…"
"မီးဖွားထားတာကလည်း မကြာသေးတော့…ဝေ၀ကတော့ အတင်းပြန်လွတ်တာပဲ….ဒီမနက်မှ အိမ်ပြန်ခေါ်လာရတယ်…မနည်းချော့မော့ ထားလို့ အိပ်နေတယ်…သူက အဖေကို သိပ်တွယ်တာတဲ့ သူဆိုတော့ ပိုဆိုးတာပေါ့ကွာ…၀င်သွားလိုက် မင်းသားလည်းအိပ်နေတယ် ထင်တယ်.."
မျိုးချစ် သက်ပြင်းချရင်း လွယ်အိတ်ကို ခုံနားမှာ ချ၍ အခန်းက ခန်းစည်းလိုက်ကာလေးကို မခါ ၀င်ခဲ့ရသည်..။
မာကျုရီ မီးရောင်ကြောင့် ဖျာပေါ်မှာ ခပ်စောင်းစောင်းအိပ်ပျော်နေတာ သူမှ ဟုတ်ရဲ့လားလို့ ထင်ရအောင် ပိန်ကျသွားသည်..။
အေးပေါ့လေ…မီးဖွားထားတဲ့ သူက အဖေအတွက်လည်း အပူတိုးရသည်ကိုး..။
ရှေ့ကို တိုးကြည့်တော့ အနှီးထုတ်ဖြူဖြူလေးက ခပ်လှုပ်လှုပ်ဖြစ်နေတာ မျိုးချစ်ရင်ထဲ တဒိတ်ဒိတ်ဖြစ်နေမိသည်..။
အနှီးဖြူဖြူလေးပေါ်က လက်သီးဆုပ်သေးသေးလေးကို အရင်မြင်လိုက်တော့ ရင်ထဲ လှိုက်ခနဲ့ ဖြစ်ခါ ပြုံးလိုက်သည်..။
အနားကို တိုးကပ်သွားတော့ လက်ကလေးတွေကို ပါးစပ်ထဲထည့်စုပ်ပြီး မျက်လုံးလေး ပြူးခါ သူ့အမေကို မော့ကြည့်နေသည်..။
ဖျာကြမ်းပေါ် ဖွဖွလေး ထိုင်ချလိုက်ပြီး သားလေးကို ကြည့်ရင်း ရင်ထဲမှာ တစိမ့်စိမ့်အေးမြလာသလိုလို…။
သားလေးရဲ့ နုဖက်နေတဲ့ လက်သီးဆုတ်ကလေးကို ဖွဖွ တို့ထိရင်း ကိုယ့်လက်ကြမ်းကြောင့် ပွန်းသွားမှာတောင် စိုးရသည်..။
သစ်ခေါက်တွေကို ခွါပြီး အရောင်ခွဲရတာမို့ လက်ထိပ်တွေက ကြမ်းတမ်းနေတာသိတော့ လက်ကို ကပျာပြန်ရုတ်လိုက်မိသည်..။
"အဲ."
"ဟင်.."
ကလေး ငိုသံကြောင့် သူပါ မျက်လုံးပွင့်လာပြီး မျိုးချစ်ကို ကြောင်ကြည့်နေတော့ အားပေးသလို ပြုံးပြလိုက်မိသည်…။
"အို.."
အိပ်နေရာက ဆတ်ခနဲ့ ထထိုင်လိုက်တော့ မျိုးချစ် ဖေးထူပေးလိုက်ရသည်..။
"အိပ်နေပါ…ဘာဖြစ်လို့ထတာလည်း…သား ငိုလို့လား.."
"ရှင်…ရှင်…ဘယ်တုန်းက ပြန်ရောက်တာလည်း.."
"ခုပဲ…သတင်းကြားရချင်း ပြန်ခဲ့လိုက်တာ..ကားကြုံတော်တော် မရလို့ နောက်ကျသွားတယ်.."
"အဲ့…"
"အို….သားလေး နိုးပြီလား.."
"ကျုပ် ၀င်လာကတည်းက နိုးနေတာပါ….မငိုပဲ မော့ကြည့်နေတယ်.."
"ဟုတ်တယ်…သားက အေးတယ်…သိပ်မငိုတက်ဘူး…"
"သားလေးတော့ ၀၀ ကစ်ကစ်ကလေးပါ အမေ ဖြစ်သူက တအားပိန်နေပြီ…"
"ဟင်း…"
မျိုးချစ်စကားကို ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်တော့ သူ့ကိုယ်စား စိတ်ထဲ မောလျလျကြီး ဖြစ်သွားရသည်..။
အသိမကြွယ်သေးတဲ့ ကလေး တစ်ယောက် ဘ၀တုန်းကတောင် အဖေပြန်မလာတော့ဘူးဆိုတာ သိတော့ ဘာကြောင့်မှန်းမသိ အူလှိုက်သည်းလှိုက်ငိုကြွေးခဲ့ရသည်လေ…။
"ရှင်..တစ်ခုခုစားမလား…"
"မစားတော့ဘူး..ညနက်နေပြီ..အိပ်တော့မယ်.."
"ဘာမှမစားတော့.."
"လမ်းမှာ စားခဲ့ပါတယ်..နေ…ကျုပ် ခြင်ထောင် ပြင်ပေးမယ်လေ.."
မျိုးချစ် ရေကပျာချိုးပြီး အ၀တ်အစားလဲခါ အိပ်ယာလည်း ပြင်ဆင်ပေးလိုက်သည်..။
"မလွေမ…"
"ဟင်…"
"သားလေးကို အလယ်မှာ သိပ်လို့ရမလား….ကျုပ် ကြည့်ချင်လို့…သတိထား အိပ်ပါ့မယ်.."
မျိုးချစ်ကို အံသြသလို တစ်ချက် ကြည့်ပြီး ခပ်ဖျော့ဖျော့ ပြုံးခါ ကလေးကို နေရာ ပြောင်းရွေ့ပေးသည်..။
"တအားမတိုးနဲ့…မတော် ဖိမိမှာစိုးလို့.."
မျိုးချစ် ဘေးမှာ ရောက်နေသည့် အိပ်ပျော်နေတဲ့ ပါးဖောင်းဖောင်းဖြင့် သားလေးကို ကြည့်ရင်း ချစ်စိတ်တွေပြည့်လျှံလာပြန်သည်..။
"မွေးစက သေးသေးလေးနေမှာပဲ.."
"အင်း..ရှင့်ခေါင်းအုံး တစ်ပိုင်းစာလောက်ပဲ ရှိတယ်…ဒါတောင် သားက ထွားလွန်းတယ်.."
"ဟုတ်လား…ဖေဖေ ဖုန်းရတော့ ပြန်လာချင်တာကွာ..လာလို့မရဘူး သားရယ်…ကျစ်…သား လူလောကထဲ ရောက်ချိန် ဖေဖေ မကြိုဆိုလိုက်ရတာ စိတ်မကောင်းဘူး.."
"ဖေဖေက သားအတွက် ပိုက်ဆံရှာနေရလို့ပါ…"
သားလေးရဲ့ ရင်ဘတ်ပေါ်က အ၀တ်ကို ဆွဲတင်ပေးရင်း ခပ်ဖြည်းဖြည်းလေး ဖြည့်ပြောပေးတော့ မျိုးချစ် ပြုံးရင်း ကြည့်လိုက်တာ အကြည့်ချင်းဆုံသွားသည်..။
သူ့မျက်လုံးထဲ မျက်ရည်တွေ ပြည့်နေပြန်ပြီ..။
ဘာကြောင့်လည်း မမေးတော့ပါဘူး..ဒါတွေက အပျော်မျက်ရည်မှ မဟုတ်တာပဲလေ…။
"မမ တော်ပြီလေ…မမရယ်…သားလေးလည်း ရှိသေးတယ်လေ…မမ ဒီလို လုပ်လို့မရဘူး.."
"ဟီး…လွှတ်..ငါ…ငါ ငိုပါရစေ..…"
"မမရယ်..တော်ပါတော့…"
မျိုးချစ် ခပ်လှမ်းလှမ်းမှာ စောင့်ကြည့်နေချိန် အနွေးထည်ပွပွ ၀တ်ထားတဲ့ သူ့ရဲ့ ငိုရှိုက်သံ သဲ့သဲ့ ကို အတိုင်းသား ကြားနေရသည်..။
"ဟေ့..လှမေ…နင့်သားကို သွားကြည့်စမ်း..ငိုနေပြီ.."
"ညီမလေး..လာ..လာ…အဖေ့ကို နင် အများဆုံးပြုစုခဲ့ရတာပဲကွာ..လာပါ…"
တစ်ယောက် တစ်ဖက် ဆွဲထုတ်လာလို့ ခပ်လှမ်းလှမ်းရောက်လာပေမဲ့ လှည့်ကြည့်လှည့်ကြည့်ဖြင့် ရှိုက်ငိုနေဆဲ…။
သားကို သူတို့ ဆွေမျိုးတစ်ယောက်က ထိန်းထားပေးခဲ့လို့ ဘာတွေ အကြောင်းပြပြီး နှစ်သိမ့်ရမလည်း မတွေးတက်အောင်ပင်..။
"အဖေ..ဟီး…အင့်.."
"သတိထားဦးမှပေါ့…"
အသံမထွက်ပဲ တစ်ကိုယ်လုံးတုန်ခါ ရှိုက်ငိုနေတော့ မျိုးချစ် ပခုံးဆွဲဖက်ပြီး ရင်ခွင်ထဲ ထည့်ပိုက်လိုက်မိသည်..။
လူအများကြီးက နေရာရွေ့သွားပေမဲ့ မျိုးချစ်နဲ့ သူ နှစ်ယောက်တည်း ကျန်ခဲ့ခါ ရင်ခွင်မှာ မျက်နှာအပ်ပြီး ရှိုက်လို့ကောင်းနေဆဲပင်..။
"ဟာ…မလှမေ…သတိထားလေ.."
ရင်ခွင်မှာ  မျက်နှာ အပ်ထားရင်းက ခွေကျသွားတော့ မျိုးချစ် ပျာပျာသလဲ ပွေ့ပိုက်ထားလိုက်မိသည်..။
"ဟယ်…သတိလစ်ပြီလား..ထင်သားပဲ…ဒီကောင်မလေး သွေးနု သားနု နဲ့ဟယ်..မလိုက်ဖို့ အတန်တန်တားနေတာ မရဘူး.."
"သွား..သွား…၀န်းထဲ  မလိုက်စေနဲ့…အပြင်ဘက်ကို ပြန်ခေါ်သွား.."
မျိုးချစ် ပွေ့ချီ ပြီး ခေါ်ထုတ်လာခါ ကားပေါ်တင်ပြီး ယပ်တောင်ဖြင့် ဖြည်းဖြည်း ခပ်ပေးနေမိသည်..။
အိမ်ပြန်ရောက်သည် အထိ ကြောင်စီစီလေး ပြန်ပါလာသည့် သူ့ကို တစ်မိသားစုလုံးဝိုင်း၍ နားချ ပြုစုပေးနေရသည်..။
အခန်းထဲမှာ ၀င်အိပ်နေတာ တစ်နေကုန်မို့ အမေကတော့ ခဏခဏ အခန်းထဲ ၀င်ကြည့်သည်..။
မျိုးချစ် အခန်းထဲ ၀င်တော့ သားကို နို့တိုက်ရင်း အိပ်ပျော်နေသည့် သူ့ကြောင့် သက်ပြင်းချမိသည်..။
ကလေးသေးသေးလေး နဲ့ သူ အခုလို အိပ်ယာထဲ လဲသွားရင် သားတော့ ဒုက္ခပါပဲ..။
.
"မလွေမ…"
"ရှင်…ဟင်…"
"သား အနှီးတွေ စိုနေတယ်.."
"အို…ဟုတ်ပါရဲ့.."
အသိစိတ် မ၀င်သလိုမျိုး မျိုးချစ် ပြောလိုက်တော့မှ ဆတ်ခနဲ့ ထထိုင်လိုက်ပြီး သားလေးကို ပွေ့ချီလိုက်သည်..။
အနှီးအသစ် တစ်ထည် ထုတ်ပြီး လှဲပေး၍ ရင်ခွင်ထဲ ပိုက်ခါ ကြောင်စီစီ ဖြင့် ငုတ်တုတ်ထိုင်နေပြန်သည်..။
မျိုးချစ် အနားမှာ ဒူးထောက် ထိုင်ချလိုက်ပြီး ပခုံးကို ပုတ်ခါ မလုပ်တက် မကိုင်တက်ဖြင့် နှစ်သိမ့်ဖို့ ကြိုးစားနေမိသည်..။
သားလေးကို ပိုက်လျက်သားကနေ မျိုးချစ် ရင်ခွင်ထဲ ခေါင်းစောင်းမှီလိုက်တော့ သက်ပြင်းချရင်း ပြန်ထွေးပွေ့ မိသည်..။
"ငိုလိုက်ပါကွာ…စိတ်ထဲ ခံစားနေရင် ရောဂါ ဖြစ်လိမ့်မယ်…."
"အဟင့်…ဟီး….."
မျိုးချစ် ရင်ဘတ် အကျီ င်္ စကို ဆုပ်ကိုင်ပြီး မျက်နှာအပ်ခါ ငိုချလိုက်တော့ ခေါင်းကို ခပ်ဖွဖွပုတ်ပေးလိုက်သည်..။
သားကလည်း မျက်လုံးလေး ဝိုင်းလျက် အဖေ နဲ့ အမေ ကို မော့ကြည့်ခါ မငိုပဲ အလိုက်တသိ ငြိမ်နေရှာသည်..။
"အင့်…ဟီး…"
ရှိုက်သံဖြင့် ငိုနေချိန် ပခုံးကို ဖက်ပြီး ရင်ခွင်ထဲ ထည့်ခါ အားပေးဖို့ ကြိုးစားနေမိသည်..။
သားလေးရဲ့ မျက်လုံးကလယ်လေးကို ငေးရင်း မျိုးချစ်လည်း စိတ်မကောင်း ဖြစ်နေရသည်..။
.
"သားရေ…ဒီမှာကြည့်စမ်း….ချွမ်.."
လက်ထဲက ခြူလုံးလေးကို ခေါက်ပြတော့ သားက လိုက်ကြည့်ပြီး လက်ကလေးတွေကို ဆုပ်လိုက်ဖြန့်လိုက်ဖြင့် ပါးစပ်ထဲ ထည့်လိုက်သည်..။
"ဟာကွာ…ဗိုက်ဆာ ပြန်ပြီလား..မင်းကလည်း..တစ်ချိန်လုံးဆာချည်းနေတာပဲကွာ..နေဦး မေမေ့ ကို ခေါ်ပေးမယ်.."
"သား မေမေ ရေ…လာပါဦးဗျ…ဒီမှာ သားသား ဗိုက်ဆာနေပြီ…"
မျိုးချစ် လေသံတိုးတိုးဖြင့် ခေါ်လိုက်တော့ သားက နားလည်သလိုမျိုးလေး ပြုံးပြပြီး ခြေထောက်ကလေးတွေ လှုပ်သည်..။
"ဟာ…မင်းက ပေါက်တောပဲကွ…ကဲ..ထဦး.."
သားကိုယ်လေးကို မြှောက်ချီပြီး ဘောင်းဘီလဲပေး၍ အခင်းပြောင်းခါ ပြန်ချပေးလိုက်ပြီး မျိုးချစ်လည်း အနားမှာ လှဲအိပ်လိုက်သည်..။
"ဂျောင်…ဂျောင်…ချွမ်…"
မျိုးချစ် လက်ထဲက ခြူလေးကို လိုက်ကြည့်နေရင်း သူ့ အမေ အရိပ်ကို တွေ့လိုက်တော့ မျိုးချစ်ဆီကို မကြည့်တော့ပဲ သူ့အမေဆီကို လိုက်ကြည့်ပြန်သည်..။
တော်တော် အပြောင်းအလဲ မြန်တဲ့ကောင်ပဲ..။
"ဟင်…ဘောင်းဘီ လဲထားတာလား.."
"ဟုတ်တယ်…ခုနမှ လဲလိုက်တာ.."
"ကျွန်မ ကို မခေါ်လိုက်ဘူး..အ၀တ် လျှော်နေတာနဲ့ပဲ ကြာသွားတယ်.."
"ဆေးခန်းသွားမလား မလှမေ…"
"ဟင်..ဘာဖြစ်လို့လည်း.."
"မောတယ်ဆို.."
"တစ်ခါတစ်ခါမှပါ…"
သူ့ရဲ့ တစ်ခါတလေ ဆိုတာက မျိုးချစ် ရောက်နေတာ ဆယ့်ငါးရက်ကျော်ပြီလေ..။
ညပိုင်း အိပ်ပျော်နေရင်း ချွေးသံတရွဲရွဲ နဲ့ ထထိုင်ခါ မောနေတက်တဲ့ သူ့ကို သားလေး အတွက် စိတ်ပူမိသည်..။
မိခင်က ကျန်းမာမှ သားလေး အတွက် အာဟာရ ရှိမှာ မဟုတ်လား..။
နို့မှုန့်တွေ ဘယ်လောက်ကောင်းကောင်း မိခင် နို့ကို မမှီနိုင်တာ သိတော့ မျိုးချစ်လည်း သူ့ကို အားရှိစေချင်ပါသည်…။
သူ့အဖေ ဆုံးပြီး နှစ်ရက်လောက်ကြာတော့ သူလည်း ပုံမှန် အတိုင်း လှုပ်ရှား သွားလာ လုပ်ကိုင်နေပေမဲ့ ယူခါစတုန်းကနဲ့  မတူပဲ မျိုးချစ်ပြန်လာတိုင်း ပိန်လာသလို မြင်နေရသည်..။
နေကောင်းရဲ့လားလို့ မေးတိုင်း ကောင်းပါတယ်တဲ့…။
တစ်ခါတလေ ထမင်းစားနေချိန်  ဘေးမှာ စောင့်ပေးရင်း မျက်ရည်တွေ ပြည့်အိုင်လာပြီး လူကို ငေးကြည့်နေတက်ပြန်သည်..။
ဘာဖြစ်လို့လည်း မေးရင်လည်း အကြောင်းပြချက် ရေရာ သေချာမှုမရှိ…။
"သားရေ…စတိုးဆိုင်မှာ မင်းဖုန်း၀င်လို့တဲ့ လာခေါ်တယ်.."
"ဟုတ်ကဲ့..လာပြီ အဖေ…"
မျိုးချစ် အတွေးစတွေ ရပ်တန့်လိုက်ပြီး အခန်းထဲက ကပျာကယာ ထွက်ခါ စတိုးဆိုင်ဘက်ကို သုတ်ခြေတင်ရတော့သည်..။
ဖုန်းကိုင်လိုက်တော့မှ မျိုးချစ်ရဲ့ တာ၀န်တွေ တသီတတန်းက ရက်မဆိုင်းနိုင်အောင် စောင့်နေပြီဆိုတဲ့ အသိပြန်၀င်လာတော့သည်..။
ဟူး..တကယ်တော့ သားလေး အနားမှာပဲ ပျော်နေပါပြီ…။
ဘယ်တက်နိုင်မလည်းလေ… အလုပ်ပြီးရင်တော့ ပြန်လာနိုင်မှာပေါ့လေ..။
အခုပိုက်ဆံတွေ ကုန်းရုန်းရှာနေတာလည်း တစ်နေ့ မိသားစု  နဲ့ မခွဲပဲ အတူတူ ပျော်နိုင်ဖို့ပါပဲလေ..။
"သား အလုပ်ကလား.."
မျိုးချစ် အိမ်ပေါ်ရောက်တာနဲ့ ဆီးကြိုမေးလိုက်တော့ အဖေကို ပြုံး၍ ခေါင်းညိတ်ပြလိုက်ရသည်..။
အဖေ စိတ်ပူနေမှာ စိုး၍ ဖော့လိုက်ခြင်းကိုပင် အဖေက မယုံသင်္ကာသလို အကြည့်စူးစူး ဖြင့်ကြည့်ခါ..
"ဘာဖြစ်လို့လည်း.."
"သစ်ဆွဲသမား နဲ့ စက်သား တစ်ယောက် စကားများလို့ အဖေ..အဲဒါ သစ်ဆွဲ တွေကော စက်သမားတွေကော အလုပ်ရပ်ထားတယ်တဲ့…သား ပြန်ရမယ် ထင်တယ်.."
"ဟင်..မင်း အလုပ်ကလည်း..ပိုက်ဆံတော့ရပါရဲ့.. လူပင်ပန်း စိတ်ပင်ပန်းပါလားကွာ…"
"ဒီ တစ်နှစ်ပါပဲ အဖေ..နောက်ဆို ရန်ကုန် အရောင်းခန်းမှာပဲ နေရတော့မှာပါ အဖေရဲ့.."
"အေးပေါ့လေ….အပင်မစိုက်ပဲ အသီးစားလို့ ဘယ်ရပါ့မလည်း…အဖေ နားလည်ပါတယ်…ဟင်း…လှမေ ကတော့ စိတ်မကောင်း ဖြစ်ဦးမယ်..နားလည်အောင် ပြောပြခဲ့ပေါ့လေ…တို့လည်း ရှိနေတာပဲ.."
"ဟုတ်ကဲ့.."
အခန်းထဲရောက်တော့ နို့သောက်နေတဲ့ သားလေး ပါးကို ငုံ့မွှေးရင်း စိတ်ထဲ မသာမယာ ဖြစ်ရသည်..။
သားလေးကတော့ ဘာမှ မသ်ိပေမဲ့ မျိုးချစ်ကတော့ မခွဲနိုင်အောင် ဖြစ်နေပြီလေ..။
"ဟင်း….ကျုပ် တောထဲ ပြန်သွားရဦးမယ်.."
"အင်း.."
"အဖေက မလှမေ စိတ်မကောင်း ဖြစ်နေမှာ စိုးတယ်တဲ့…ကျုပ်တော့ မထင်ပါဘူး..ခင်ဗျားက ကျုပ်ကို ဘယ်မှာ သံယောဇဉ် ရှိလို့လည်း…အဖေ အမေ နဲ့ ဒီအိမ်မှာ ခင်ဗျားက သမီး အရင်းလိုတောင် ဖြစ်နေပြီမလား…သားလေးသာ နည်းနည်းသိတက်ပြီး ကြီးလာရင် ကောင်းမယ်…ဒါဆို…ကျုပ် တောပြန်ခါနီးရင် ဖေဖေ မသွားနဲ့လို့ သံယောဇဉ် နဲ့ ငိုမဲ့ တစ်ယောက်ရှိလာပြီလေ…အဟွင်း..အဲ့အခါကျရင်လည်း ခင်ဗျားက ကျုပ်သားကို မငိုရဘူး ဘာညာ ပြောပြီး ကျုပ်မရှိတုန်း ရိုက်ဦးမယ်….ဟင်း…"
မျိုးချစ် ကိုယ့် အတွေးနဲ့ ကိုယ်ပြော နေရင်း သက်ပြင်းချခါ မော့ကြည့်တော့ ခပ်ပြုံးပြုံးဖြင့် ကြည့်နေတာနဲ့ တိုးပြီး ဒေါသဖြစ်ရသည်..။
သြော်.အဖေတို့များ ပြောလိုက်တာ…. အခုတော့ ယောင်္ကျား ဖြစ်သူ ခရီးထွက်ရမှာကို သူ့မှာ ပျော်လွန်းလို့ ဟန်တောင် မဆောင်နိုင်အောင်ပင်..။
အေးပေါ့လေ…မျိုးချစ် အတွက် လုပ်ကိုင်ပေးစရာ မလိုတော့ သူလည်း သက်သာသွားပြီပေါ့…။
အလုပ်တွေကို ခေါင်းထဲ ပြန်ထည့်ခါ ကျောပိုးအိတ်ဆွဲပြီး အ၀တ်အစားနဲ့ ပစ္စည်းတစ်ချို့ ကောက်ထည့်နေလိုက်သည်.။
"ရော့…လိုအပ်တာ သုံးဖို့…အားဖြစ်အောင်လည်း စားစမ်းပါ…ခင်ဗျား..အားရှိမှ သားလည်း အားဖြစ်မှာပေါ့.."
"အင်း.."
မျိုးချစ် လှမ်းပေးတဲ့  နှစ်ရာတန် အထပ်ကို ကြည့်ပြီး မျက်လုံးပြူးရင်း လှမ်းယူလိုက်သည်..။
ကြည့်ရတာ အားမရလိုက်တာ…သွေးအေးလွန်းတဲ့ မိန်းမရထားတာလည်း ၀ဋ်ဆင်းရဲ တစ်မျိုးပင်…။
အကိုကြီးကတော့ မိန်းမရ ကံကောင်းသည်ဟု ဆိုရမလား မသိ…။
လှဝေတို့များ လူရှေ့လည်း ရင်ခွင်ထဲ တိုး၀င်ငိုလိုက်တာပဲ…။
မိသားစုဝိုင်းမှာ စကားပြောရင်း နာစရာပါသွားလည်း မိဘ မောင်ဘွားရှေ့မှာတင် လက်သီးလေး ဆုပ်ပြီး ကိုကြီး လက်မောင်းကို ဖွဖွ ထုပစ်တာပဲ..။
ထမင်းစားတော့လည်း ကိုကြီး ထည့်ပေးမှ ကိုကြီး နွှင်ပေးမှ စားလို့ ကောင်းပါသည်တဲ့..။
ညနေစောင်းရင် အပြင်တစ်ပတ်မလည်ရရင် နေလို့မကောင်းလို့ လက်မောင်းချိတ်ခါ ညတိုင်း ထွက်သည်..။
အိမ်က မလှမေများ သူ့ ၀မ်းနည်းနေတဲ့ စိတ်တွေ ပေါ့ပါးပါစေ ဆိုပြီး သားကို အိပ်နေတုန်း အမေ နဲ့ ထားပြီး သွားရအောင်လို့ ခေါ်မိတာ..ခေါင်းရမ်းပြီး ငိုလို့ နောက် တစ်ကြိမ် မခေါ်ရဲတော့ပေ…။
ဟူး…တစ်ခါတလေတော့လည်း ပျော်ရွှင်ကြည်နူးစရာ မိသားစု ဘဝလေးကို တိတ်တိတ်ဆိတ် တောင်းတမိပါသည်..။
"ရှင် …သားလေး ၈လ ပြည့်ရင် ပြန်လာမှာလား.."
"ဟင်…၈လ ပြည့်.."
"အင်းလေ…ခု လေးလပြည့်တော့…"
"သြော်…ဟုတ်တယ်…ကျုပ်တို့က လေးလ တစ်ကြိမ် ခွဲတမ်းအရ နေရာ ပြောင်းရတယ်..အပြောင်းအရွေ့ လုပ်ပြီးလို့ လူပြန်စုရချိန်ကျတော့ နားရတယ်လေ…အင်း..အင်း..ဟုတ်တယ်…သား ရှစ်လဆို ပြန်လာလို့ရပြီ…အဲဒီ့ အခါ ကျရင် မစ္စတာဂျော့ကို အပူတိုက်ပြီး ဒီမှာပဲ အလုပ်တစ်ခုပေးဖို့ ပြောကြည့်ဦးမယ်…ကျုပ် မရှိချိန် ကျုပ်သားလေးကို ဂရုစိုက်ပါနော်…"
"ဟုတ်ကဲ့…ရှင်လည်း..တောထဲမှာ ဂရုစိုက်ပါ…"
၀တ်ကြေကျမ်းကြေ အရ ပြောသလား မသိပေမဲ့ မျိုးချစ် အားတက်သရော ခေါင်းညိတ်လိုက်ပြီး သားလေးကို ဖွဖွ မွှေးခါ လွယ်အိတ်ကောက်လွယ်လိုက်သည်..။
မလှမေလည်း ကျန်းမာရေး ဂရုစိုက်ပါလို့ ပြောမဲ့ စကားက နှုတ်၀မှ အပြင်မထွက်နိုင်အောင် ဖြစ်နေတာ စိတ်မရှည်လို့ ဘာမှ မပြောပဲ ထွက်လာခဲ့လိုက်သည်..။
အိမ်၀ အထိ သားကို ပိုက်ရင်း လိုက်ပို့ပေးတော့ အဖေ နဲ့ အမေ တို့ကို နှုတ်ဆက်ပြီး လက်ပြ ခါ ကျောခိုင်းခဲ့ရသည်..။
ရင်ထဲမှာတော့ ခရီးအစမှာတင် မောလျနေပြီ..။
.
"သြော်..ဆရာ က ဒီမှာကိုး…."
"ဟင်း.."
တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်လို့ စမ်းချောင်းဘေး မှာ လာထိုင်နေတာကို ယမင်း က လိုက်လာတော့ စိတ်ထဲ အလိုမကျ ဖြစ်မိသည်..။
"ဘာရွက်တွေ နေလှန်းနေတာလည်း ဆရာ”
"မသိပါဘူး..ဘဖေ တို့က မောတယ်ဆို ဒီအရွက်ကို ရေနွေးခပ်သောက်ရင် ကောင်းတယ်ပြောလို့ ယူလာပြီး လှန်းထားတာ”
"ဟင်…ဆရာ မောလို့လား”
"မဟုတ်ပါဘူး...ငါ့မိန်းမ အတွက် လုပ်နေတာ ပြန်ရင် ယူသွားဖို့”
"သြော်…အဖွဲ့သားတွေကတော့… ထမင်းစားချိန်တောင် ကြာကြာ မနားရဲတော့ဘူး ဆရာ.."
"ကောင်းတယ်..ခြောက်လကျော်လောက် လုပ်တာတောင် ခွဲတမ်း နေရာ မပြတ်နိုင်ဘူးဆိုတော့ သေသင့်နေပြီ.."
"ဆရာရယ်..ဒီနေရာက လမ်းကြမ်းလို့ပါဆရာရဲ့…ဟိုဘက် ကုမ္ပဏီတွေဆို ကားကြီးတွေနဲ့ ထုတ်တာ ခဏလေးရယ်.."
"ကျစ်…ဟုတ်တယ်…လမ်းကိစ္စလည်း တပ်မှူးကို ပြောထားသားပဲ…သူတို့ က ကြန့်ကြာနေတော့ အလုပ်တွေပါ အချိန်မမှီဘူး…"
"အင်း..ဆရာက အရင်တုန်းကဆိုရင် အလုပ်ထဲ စိတ်ရောက်နေလို့ ပြန်ဖို့ တောင် မနည်းပြောယူရတယ်..အခုတော့ အိမ်ချည်းပြန်ချင်နေတာပဲ…"
"ဟင်း..ဟုတ်တယ်…သားလေး ရှစ်လပြည့်ရင် ပြန်လာမယ်လို့ ပြောခဲ့တာ..မပြန်ဖြစ်ဘူး…အခုဆို သားလေး ဆယ်လတောင်ပြည့်နေပြီ…ဒါလည်း မပြန်နိုင်သေးဘူး…"
"အိုး..ဆရာက ကတိပေးထားလို့လား..ဒါဆို ဖုန်းဆက်ပြောလိုက်ပေါ့ဆရာရယ်.."
"မလိုပါဘူး..မလှမေက ဒီတိုင်းပြောတာပါ..အင်း ငါသားကို သတိရလို့ပါ သားကော သူကော ငါ့ကို မေ့တောင်နေပြီထင်ပါတယ်….ဟင်း…လောက မှာ အဖေတွေရဲ့ အချစ်က ဘာကြောင့်များ အမည်မပေါ်တာလည်း စဉ်းစားလို့ကို မရဘူး…ငါတောထဲ တောင်ထဲမှာ သားလေးကို လွမ်းနေပါတယ်လို့ ပြောရင် ဘယ်ယုံပါ့မလည်း.."
"အဟွင်း…ဆရာကလည်း အဆွေးသမားကြီး လုံးလုံး ဖြစ်သွားပြန်ပြီရော.."
"အေးပေါ့လေ…ရယ်စရာပေါ့…ကဲ…ပြန်ဦးမယ်…နင်လည်း ဒီမှာ ကြာကြာ မနေနဲ့…"
"ဟုတ်…ယမင်းလည်း လိုက်မယ်ဆရာ.."
မျိုးချစ်လက်ကို ရုတ်တရက် ဆွဲခိုပြီး ထတော့ လူက ဟန်ချက်ပျက်သွားပြီး ယမင်း လက်မောင်းကို ဆုပ်ကိုင်လိုက်မိသည်..။
မျိုးချစ်  သတိနဲ့ ပြန်လွှတ်လိုက်ပေမဲ့ ဖြူနုနု လက်မောင်းသားလေးမှာ လက်ချောင်းရာ နီနီတွေ ထင်စွဲနေတုန်းမို့ မျက်နှာပူမိသည်..။
ယမင်း ကို မစောင့်ပဲ ခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းလာပေမဲ့ တစ်မျိုးတမည် ထင်ကုန်မှာ စိတ်ထဲက တွေးကြောက်ရသည်..။
.
"ကျစ်.."
မျိုးချစ် စောင်ကို ဆွဲခြုံပြီးတာတောင် ချမ်းနေတာ ပျောက်မသွားပဲ ရှိနေတော့ စိတ်တိုမိသည်..။
အခုရက်ပိုင်း အလုပ်ပါးတုန်း အိမ်ပြန်မယ်လို့ တွေးထားခါမှ ကောက်ခါ ငင်ခါ ထဖျားရသည့် အဖြစ်ကိုလည်း မကျေနပ်နိုင်…။
ပြီးခဲ့တဲ့ တစ်ပတ်ကျော်က သားလေး တစ်နှစ်ပြည့် မွေးနေ့ အလှူ လုပ်ဖြစ်တဲ့ အကြောင်း အမေ့ ဆီက စာရတော့ ၀မ်းသာသလို အနားမှာ မနေနိုင်တာလည်း စိတ်မကောင်းဖြစ်ရသည်..။
သားလေးက မျိုးချစ် ပြန်လာတုန်းက ပက်လက်ယက်ကန်လေး အခုဆို လမ်းတောင်လျှောက်တော့မယ် ဆိုတော့ စိတ်ထဲ မှာ ပုံဖော်ရင်း အဖျားတက်နေသည့်ကြားက ပြုံးလိုက်မိသည်..။
"ဆရာ..ဆရာ.."
"ကျော်ကျော်လား.."
"ဟုတ်ကဲ့.."
"လာလေ…"
"ရန်ကုန်က စာပါလာလို့ဆရာ…သစ်စက်ဆီလည်း ဖုန်း၀င်တာ သုံးလေးခါပဲတဲ့…"
"ဟင်း…ဘာအကြောင်းလည်း မသိဘူး..ပေးစမ်း..ပေးစမ်း.."
မျိုးချစ် အဖျားတက်နေသည့် လက်တုန်တုန်ယင်ယင် ဖြင့်ယူပြီး စာအိတ်ကို ကပျာကယာ ဖောက်လိုက်သည်..။
အမေ့လက်ရေး ရှည်မျောမျောတွေက မျက်လုံး ထဲ နှစ်ထပ်သုံးထပ်ဖြစ်နေတော့ မနည်း ကြိုးစားပြီး ဖတ်နေရသည်..။
သား စခန်းပြောင်းသွားပြီဆိုတော့ ဖုန်းခေါ်တာ ဘယ်လိုမှ မရပါလား သားရယ်…
အလာကောင်းပေမဲ့ အခါနှောင်းမှာ သိပ်စိုးရိမ်တယ်..
ဒါကြောင့် အမေ စာထပ်ထည့်လိုက်တာပါ ဖုန်းခဏခဏ ပြောကြည့်ပေမဲ့ သားကို တောနက်ထဲရောက်နေလို့ လွယ်လွယ်ကူကူ မခေါ်နိုင်ဘူးတဲ့လေ….သား အတွက်လည်း အမေ စိုးရိမ်တယ်.။
လှမေ နေမကောင်းဘူး..တော်တော့်ကို နေမကောင်းဘူးသားရယ်…အခုစာရေးနေချိန် ဆေးရုံပေါ်ရောက်နေပြီ…
အခြေအနေကတော့ ဆရာ၀န်လည်း လက်လျော့ရမလို ဖြစ်နေပြီကွယ်…
သားစာရရင် မှီရာနဲ့သာ အမြန်ဆုံးလိုက်ခဲ့ပါ…။
"ဟင်…"
မျိုးချစ် ခေါင်းထဲ ထိုးကိုက်သွားသလို အတွေးထဲ ပေါ်လာတာ နို့သောက်နေတဲ့ သားရဲ့  နုနယ်တဲ့ ပုံရိပ်ကလေး..။
ဆရာ၀န်တောင် လက်လျော့လိုက်ပြီဆိုတော့ သားခမျာ အသက်တစ်နှစ်အရွယ်မှာတင် မိတဆိုးလေး ဖြစ်တော့မှာလား သားရယ်…။
"အား…ကျွတ်..ကျွတ်…"
"ဆရာ..အဖျား ပြန်ထ ပြန်ပြီထင်တယ်…"
"ကျော်ကျော်.."
"ဗျာ.."
"ငါ ရန်ကုန်ပြန်မှ ဖြစ်မယ်…အဲဒါ မင်း စီစဉ်ပေးစမ်းပါ.."
"ဆရာ ဖျားနေတာ…"
"ရတယ်…မနက်ဖြန် ပြန်ရမှကို ဖြစ်မယ်.."
"ဟုတ်…ဟုတ်ကဲ့ဆရာ…"
မျိုးချစ် ခပ်ငေါက်ငေါက် ပြောလိုက်တော့မှ ကျော်ကျော် က ခေါင်းညိတ်ပြီး တဲပေါ်က ဆင်းပြေးတော့သည်..။
ဟင်း..မနက်ဖြန် ကားကြုံရရင်တော့ အချိန်မှီ ပြန်ရောက်နိုင်မှာပါလေ…။
"ဆရာ…ဆေးသောက်ဖို့ ဆန်ပြုတ်သောက်ပါလား ဆရာ.."
လက်မောင်းပေါ် လက်တင်ပြီး ခပ်ဖွဖွ လှုပ်နှိုးနေတာ သိပေမဲ့ မျိုးချစ် မျက်လုံးတွေ ဖွင့်လို့မရအောင် လေးကန်နေသည်..။
"ဟင်း…"
"ယမင်း ထူပေးမယ်ဆရာ.."
ခေါင်းအောက်ကို လက်ထိုးထည့်ပြီး မထူပေးတော့ အလိုက်သင့်ထပေမဲ့ ယမင်း ရင်ခွင်ထဲကိုသာ အိကျသွားရသည်..။
"ကျော်..ကျော်.."
"အကိုကြီးက ဆရာ့အတွက် ကားကြုံ  ရှာနေရလို့ပါ ဆရာ…"
"…."
"ဆရာ တော်တော် အဖျားကြီးနေတာ ဆရာရဲ့.."
နဖူးပေါ်က ချွေးတွေကို လက်ဖနောင့်လေးနဲ့ ဖွဖွ သုတ်ပေးရင်း ပြောတော့ စကား မပြန်နိုင်ပေမဲ့ အထိအတွေ့ကို သိနေသည်..။
တဲပေါ်မလာဖို့ ပြောထားရဲ့နဲ့ အစိုးရိမ် ကြီးပြီး သံယောဇဉ် မကင်းရှာသည့် စိတ်ကြောင့် စိတ်မနာပဲ ပြေးတက်လာတာ သိတော့ မနှင်လွှတ်ချင်တော့ပါ..။
မျိူးချစ် ခေါင်းကို အသာ ထိန်းပြီး ပြန်ချလိုက် ခါ မျက်လုံး စုံမှိတ်ထားမိသည်..။
"ဟင်..မလှမေ…."
တဲရှေ့မှာ ဆောင့်ကြောင့်ထိုင်နေတဲ့ မလှမေကို မြင်တော့ မျိုးချစ် အံသြရင်း ကပျာကယာ လျှောက်ခဲ့လိုက်သည်..။
"ဘယ်လို ရောက်လာတာလည်း.. မလှမေရယ်…ကျုပ် အခုပဲ ခင်ဗျားဆီ လာမလို့…"
"ဟင်.."
မျိုးချစ် လက်ထဲ လွဲပေးတဲ့ အရာကို ငုံ့ကြည့်လိုက်တော့ သားလေးကို အနှီးနဲ့ ထုတ်လျက်သားလေး ဖြစ်နေသည်..။
လက်ပြောင်းပြီး လွဲချီလိုက်တော့ သားက တစ်ချက်တွန့်သွားပြီး စူးဝါးစွာ အော်ငိုတော့သည်..။
"ပြန်ခေါ်ပါ မလှမေ…သား နို့ဆာလို့ ဖြစ်မယ်…"
မျိုးချစ် လှမ်းပေးပေမဲ့ နောက်ကို ခြေလှမ်း ဆုတ်သွားတော့ သားဇောဖြင့် ရှေ့တိုးခါ ပေးပေမဲ့ နောက်ဆုတ်ပြန်သည်..။
"တောထဲ အထိ လိုက်လာပြီး ကလေး ကို ဒုက္ခပေးတာလား…ပြန်ခေါ်သွား.."
"ဟာ..ခေါ်နေတယ်လေ…"
"ဟေ့…"
မျိုးချစ် ဒေါသတကြီး ဖြစ်နေပေမဲ့ သူကတော့ ကျောခိုင်းလျက်သား ခပ်ရွေ့ရွေ့ ထွက်သွားနေသည်..။
တောစပ်ကို ရောက်လုပြီမို့ မျိုးချစ် ပြေးလိုက်ဖို့ ရည်ရွယ်လိုက်ပေမဲ့ လက်ထဲက သားလေး ငိုနေတော့ လှုပ်ချော့မိသည်.။
တောစပ်ကို လှမ်းကြည့်တော့ ဘယ်သူမှ မရှိတော့ပါ…။
ကလေးက ငိုလေ မျိုးချစ်မှာ ကြံရာမရ ဖြစ်လေနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင်ပင်..။
သားလေးက ငိုရင်း ငိုရင်း တအင့်အင့် ဖြစ်လာခါ အသံပျောက်လာပြီ..။
နှုတ်ခမ်းလေးတွေ တုန်ယင်ရင်း ပြာသလို ဖြစ်လာတော့ ဘာမှ မလုပ်တက်လို့ ယမင်း တို့ အိမ်ထဲ ခေါ်ပြေးရသည်..။
ယမင်း က ပွေ့ချီလိုက်ပြီး မျိုးချစ်ကို ကျောပေးခါ တစ်ခုခု လုပ်လိုက်တော့မှ သားလေး က အငိုတိတ်သွားသည်..။
"ဟင်..တိတ်သွားပြီလား.."
"ယမင်း…ဘာလုပ်လိုက်တာလည်း..အဒေါ်"
"ကလေးက သူ့အမေ နို့တိုက်တော့မှ တိတ်မှာပေါ့ ဆရာရဲ့…"
"ဟမ်…"
မျိုးချစ် အိမ်မက်ကနေ လှန့် နိုးပြီး ကတုန်ကယင် ဖြစ်နေချိန် အနားမှာ ထိုင်စောင့်နေတဲ့ ယမင်း နဲ့ ကျော်ကျော့် ကိုတွေ့ရသည်..။
နှစ်ယောက်စလုံးက မျက်လုံးပြူး၍ ကြည့်နေကြပေမဲ့ မျိုးချစ်မှာတော့ ယမင်း ကို မျက်နှာချင်းဆိုင်ဖို့ပင် တွန့်ဆုတ် ၀န်လေးခါ မလုံမလဲ ဖြစ်ရသည်..။
"ဆရာ.."
"ကျစ်…ဒုက္ခပါပဲ…"
အိမ်မက်က လန့်နိုးတဲ့ အရှိန်ကြောင့် လူကောင်းပကတိထင်ခဲ့ပေမဲ့ တရိတ်ရိတ် မူးတက်လာပြီး ခွေကျချင်သလို ဖြစ်လာခါမှ ဖျားနေတာ ကို ပြန်သတိ၀င်သည်..။
"ကျော်ကျော်…ငါသွားလို့ရပြီလား.."
"ည နှစ်နာရီပဲ ရှိသေးတယ် ဆရာ.."
"ဟင်း…"
"ဆရာ…ဆရာ…"
"ဟယ်…လုပ်ပါဦး…ဆရာ.."
ယမင်း ရဲ့ ငိုသံနဲ့ ခေါ်သံ ပလုံးပထွေးတွေကို ကြားတစ်ချက် မကြားတစ်ချက်ဖြစ် မျိုးချစ် အမှောင်ကမ္ဘာထဲ ရောက်သွားရသည်..။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
စပိုက်ကာ့ကို မုန်းပါနဲ့ဦး နော် 😭
ဇာတ်တွေနာကုန်ပါပြီ💔
စိတ်ညစ်သွားမှာပဲ ဆောရီး ပါ 🙏
.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖 115

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now