Part 27

3K 135 2
                                    

မုန်းပါနဲ့ဦး
အပိုင်း (၂၇)
#မုန်းပါနဲ့ဦး

"လူစီဖာလေးရေ…."
အချစ် ဆိုဖာပေါ် ပစ်ချထိုင်လိုက်ပြီး လူစီဖာကို ပွေ့ချီလိုက်တော့  ကိုယ်ပေါ်က ရုန်းပြီး ဦးဒီက ဆီကို ပြေးသွားသည်..။
ဦးဒီက က သွားဖြူတွေ တစ်စွန်းတစ ပေါ်အောင် ပြုံးပြီး ကောက်ချီခါ နမ်းလိုက်တော့ အချစ် စိတ်ထဲ အလိုမကျမှု ဖြစ်လာရပြန်သည်..။
အဲ့ဒီ့ လူကြီးကလေ….လူကို စကားပြောရင်တောင် အဟွင်းဆိုပြီး သွားပေါ်အောင် မပြုံးဖူးပေမဲ့ ကြောင်ကို ကျတော့ ချစ်တက်လိုက်တာ ပြုံးဖြီးနေတာပဲ…။
ကြောင်စုတ်ကလည်း အမြင်ကပ်ဖို့ တကယ်ကောင်းတယ်…အဲလိုမှန်းသိရင် အခန်းထဲ ပိတ်ခဲ့မိတာ ဦးဒီက ကို မပြောခဲ့ပါဘူးနော်..။
"သမီး ထမင်းစားတော့မလား…ကြီးကြီး ပြင်ထားမယ်.."
"စားတော့ဘူး..အချစ်တို့ စားခဲ့ပြီ.."
"ကားအကြာကြီး စီးလာတော့ ပင်ပန်းနေမှာပဲ…နားလိုက်လေ…ရေတော့ မချိုးနဲ့တော့ နောက်ကျနေပြီ.."
"ကြီးကြီးရဲ့ သမီး ရေမချိုးတာ လေးရက် ရှိပြီ.."
"ဟေ..ဟုတ်လား..အေးပေါ့….မေဖူးက အခန်းထဲမှာ အိတ်ကို တွေ့တော့ သမီး အိတ်ကျန်ခဲ့ပြီ.ဆိုပြီး…စိတ်ပူနေတာ…."
"ကောင်မလေး က ကားနောက်ခန်း ၀င်လိုက်လာတာ..ဒီက တောင် မသိဘူး.."
"ဟင်..ဟုတ်လား..သမီးရယ်…"
"ဟဲ..ဟဲ..အချစ်လိုက်ချင်တာကို …ဦးဒီက မှ မခေါ်တာလေ…အဲတော့ ရတဲ့ နည်းနဲ့ လိုက်ရတာပေါ့…"
"အေး..အေး..ကောင်းပါတယ်.."
ကြီးကြီး က ခေါင်းညိတ်ပြီး ထောက်ခံလိုက်တော့မှ အချစ် အပေါ်ထပ်ကို တက်လာခဲ့လိုက်သည်..။
အခန်းထဲ ရောက်သွားတော့ စိတ်ထဲ အေးမြသွားသလို ခုတင်ပေါ် ပစ်လဲချလိုက်ရတဲ့ စည်းစိမ်က ဘာနဲ့မှ မတူနိုင်အောင် ဇိမ်ကျလွန်းပါသည်..။
ဦးဒီက ခေါင်းအုံးကို ဆွဲပွေ့ယူလိုက်ပြီး ရင်ဘတ်ဖြူဖြူကြီးကို မြင်ယောင်မိတော့ ခေါင်းအုံးကို အလန့်တကြား လွင့်ပစ်လိုက်မိသည်..။
"ရေချိုးအုံးမှပါလေ…"
အချစ် တီရှပ်ကို လှန်ချွတ်ပြီး ပစ်ချခဲ့လိုက်ခါ ရေချိုးခန်းထဲ ကို ၀င်ပြေးပြီး ရေချိုးဇလုံကို ရေဖြည့်လိုက်ရင်း ဆပ်ပြာမြုပ်တွေပါ ဖျော်ထည့်လိုက်သည်..။
"ဝုန်း…"
"အား…."
အချစ် ခုန်လိုက်မိတော့ ပိုက်က ပြုတ်ထွက်ပြီး ရေတွေစင်ခါ ဘယ်လိုမှ ပိတ်လို့မရအောင် ဖြစ်သွားသည်..။
"ဦး..ဦးဒီက…"
"ဦးဒီကရေ…."
"ဟာ…အောက်မှာလား.."
"ဦးဒီကရေ…"
"ဘာဖြစ်တာလည်း.."
"ရေပိုက်ပြုတ်သွားလို့…"
"ဟုတ်လား..တံခါးဖွင့်လေ."
"အင်း…ဟာ..ဖြစ်ဘူး…အချစ် အ၀တ်ကျန်ခဲ့လို့.."
"ကျစ်…ဖွင့်ပါ…ဒီက မကြည့်ဘူး.."
"မရဘူး.."
အချစ် မရဘူးလို့ ပြောနေပေမဲ့ သော့သံကြားပြီး ခဏကြာတော့ တံခါးဖွင့်လာတော့မှာ သိလို့  အတွင်း၀တ်တွေဖြင့် ရေချိုးကန်ထဲ ၀င်ခါ ဆပ်ပြာမြုပ်တွေကို ကိုယ်ပေါ်ကို လက်နဲ့သိမ်းအုပ်ထားရသည်..။
"အ..အား…ပိုက်ကျိုးသွားတာလား…တော်တော်ကဲပါလား..ရွှေခဲရယ်.."
"မကျိုးပါဘူး…ပြုတ်သွားတာပါ…ဟိုနားကနေ လှည့်လိုက်လို့ ပြုတ်သွားတာ.."
အချစ် လက်ညိုးထိုးပြတော့ ဦးဒီက က ရေတွေ ပန်းထွက်နေတဲ့ အောက်ကို ၀င်ပြီး ပိုက်ကို လှည့်ခါပိတ်ဖို့ကြိုးစားနေသည်…။
"အင်း …ရပြီ…"
'ဟုတ်.."
"မြန်မြန်ချိုးဦး..ညနက်နေပြီ.."
"ဟုတ်.."
"အ…"
"အယ်.."
အချစ် ချထားတဲ့ ရေချိုးဖက်ကို တက်နင်းပြီး လဲကျမှာစိုးလို့  အချစ် ရေချိုးကန်ထဲက ဝုန်းခနဲ ထပြီး ဆွဲထားလိုက်ရသည်..။
"အင်.."
ဦးဒီက က အချစ် ခါးကို ပြန်ဖက်ထိန်းလိုက်ပြီး နှစ်ယောက် ပူးကပ်သွားတော့မှ မျက်လုံးပြူးသွားရသည်..။
နီးကပ်နေတဲ့ မျက်နှာ နှစ်ခု မှာ အချစ် တစ်ယောက်တည်း ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲနေမိတော့ ဦးဒီက ကို တောင် သေချာ မကြည့်ရဲဖြစ်နေရသည်..။
ဦးဒီက လက်ညိုးကွေးရင်း အချစ် ပါးကို တို့ထိနေတော့ မျက်လုံးပြူးနေချိန် ရှေ့တိုးလာတော့ မျက်လုံး စုံမှိတ်ထားလိုက်မိသည်….။
စက္ကန့်ပေါင်းများစွာကို စောင့်စားနေပြီး နှုတ်ခမ်းလေးရဲ့ ပြောင်းလဲ သွားမဲ့ အထိအတွေ့တွေကို ကြောက်လန့်နေမိပေမဲ့….
"အေးနေမယ်.."
"အင်.."
အချစ် ခါးကို လက်လွတ်လိုက်ပြီး  သတိပေး၍ ထွက်သွားတဲ့ ဦးဒီက ကျောပြင် ကို မကျေမနပ်ဖြင့် လိုက်ကြည့်နေမိသည်..။
အချစ် ရေချိုးခန်းထဲက ရင်လျားဖြင့် မထွက်ရဲလို့ တံခါးကို ခပ်ဟဟ ဖွင့်လိုက်တော့ တံခါးမှာ ရေချိုးပြီး ၀တ်တဲ့ အကျီင်္ကို ချိတ်ထားပေးသည်..။
ဒီလိုကျတော့လည်း လိမ်မာလိုက်တဲ့ လူကြီး..။
အချစ် အ၀တ်အစားတွေ ထုတ်တော့ ဦးဒီက အခန်းထဲမှာ မရှိလို့ မျက်နှာပူတာ သက်သာသည်..။
ညအိပ်၀တ်စုံလေး ၀တ်ပြီး ခေါင်းကို ရေအမြန်သုတ်ရင်း အခန်းပြင်ကို ရောက်လာတော့ ဦးဒီက က ဆိုဖာပေါ်မှာ လူစီဖာကို ပွတ်သပ်ပေးနေပြန်သည်..။
အဲ့ဒီ့ ကြောင်ချွဲပစ်နေတာ အမြင်ကပ်ဖို့ကောင်းလိုက်တာနော်…
သူ့ သခင်က အရေးပေးလို့ …ကြီးကျယ်နေတာလေ..။
"ဦးဒီက.."
"ဟင်.."
"နေကောင်းရဲ့လား.."
"အဟွင်း..ဘာဖြစ်လို့လည်း.."
"ဦးဒီက လမ်းမှာလည်း ခေါက်ဆွဲပြုတ်ပဲ စားလာတာလေ..နေကောင်းလားလို့..ဗိုက်မဆာလို့လား…ဗိုက်အောင့်နေတုန်းလားဟင်.."
"စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်…ကောင်းနေပါပြီ.."
"အွင့်…မအိပ်သေးဘူးလား..ဦး.."
"အိပ်မယ်…"
"ဦးဒီက ရေစိုတွေ လဲပြီးပြီလား.."
" …ရေချိုးပြီးမှ လဲမယ်.."
"ဟာ…တစ်နာရီ ထိုးတော့မယ်..ဦးရဲ့.."
"အင်း..မြန်မြန် ချိုးလိုက်မယ်…ရွှေခဲ အိပ်တော့လေ…မျက်လုံးတွေ ရဲနေပြီ.."
"ဟုတ်…"
အချစ် ခေါင်းညိတ်ပြီး အခန်းထဲကို ပြန်ရောက်လာတော့ ဦးဒီက က သူ့ကြောင်ကို ကုတင်မှာ နေရာချပြီး အ၀တ်အစားတွေယူခါ ရေချိုးခန်းထဲ ၀င်သွားသည်..။
အချစ်လျှော်စရာတွေ ထားခဲ့တာ သတိရတော့ ရေချိုးခန်းထဲ ပြေးသွားချိန် ဦးဒီက က ကောက် သိမ်းနေပြီလေ…။
"ဦး..ပေး..ပေး..အချစ်ကို.."
"မနက်မှလုပ်လေ.."
"ရတယ်..ဦးဒီက က ဘာလို့ ကိုင်လည်း…အချစ် ငရဲကြီးမှာပေါ့.."
"နောက်တစ်ခါ ကြီးမှာ ကြောက်ရင် ကိုယ်တိုင်သိမ်းနော်.."
"ဟုတ်.."
အချစ် ခေါင်းညိတ်လိုက်ပြီး အတွင်း၀တ် ရေစိုတွေကို လှမ်းယူခါ ခပ်သွက်သွက် ထွက်လာခဲ့လိုက်ရသည်..။
အချစ်တို့ ဆိုသည်မှာလည်း ဒီကိစ္စ နဲ့ ပတ်သက်ပြီး ခဏခဏ အပြောခံရပေါင်းလည်း များလှပါပြီလေ..။
ခုတင်ပေါ်ရောက်ပြီး ဦးဒီက က ထွက်မလာသေးတော့ တံခါး သွားထုဖို့ စဉ်းစားမိပေမဲ့ ဘာဖြစ်လို့လည်း မေးရင် ဘယ်လိုပြောရမလည်း မသိ…။
ဦးဒီက နဲ့ နီးနီးကပ်ကပ် သုံးလေးရက် နေလာပြီး အခုကျတော့ ပျင်းသလိုလို ကြီး…။
အချစ် တစ်ယောက်တည်း ဘာလိုမှန်း မသိ လိုနေတာ အိပ်ချင်နေတဲ့ မျက်လုံးတွေက အခုကျတော့ ပြူးကြောင်နေသည်..။
အရင်လို စိတ်ကူးယဉ်လိုက်ရင် အိပ်ပျော်တက်တဲ့ ဦးနှောက်ကလည်း ဘယ်မှ စိတ်ကူးယဉ်လို့ မရပဲ ဦးဒီက ရဲ့ အဟွင်းဆိုပြီး ပြုံးတက်တဲ့ မျက်နှာကြီးကိုပဲ မြင်ယောင်နေတာ ခဏခဏ နဲ့…ဘာတွေ ဖြစ်မှန်းကို မသိပါဘူး..။
အချစ် သက်ပြင်းချရင်း အားလုံးကို ကျောပေးခါ အိပ်ဖို့ ကြိုးစားနေမိသည်..။
အချစ် ကိုယ်ပေါ် ဂွမ်းစောင် ရောက်လာပြီး ဆံပင်တွေကို ကိုင်ကြည့်သေးသည်..။
ခဏကြာတော့ ခုတင်ပေါ်မှာ သိမ့်ခနဲ့ ဖြစ်ခါ ဦးဒီက ရဲ့ ရေမွှေးဆပ်ပြာ အနံ့ တစ်ခု ရနေသည်..။
အချစ်ခေါင်းကို တစ်ခုခု နဲ့ ဖိပွတ်နေတာသိတော့ ခေါင်းရေမစင်လို့ ရေသုတ်ပေးနေမှန်း သိခါ စိတ်ထဲမှာ ကြိတ်ပျော်သွားရသည်..။
ဆံပင်တွေကို ကိုင်ကြည့်လိုက် ရေသုတ်လိုက်ဖြင့် အိပ်ရေးပျက်ခံနေတဲ့ ဦးဒီက ကို အားနာပေမဲ့ ပြောဖို့ကျတော့ အိပ်ချင်ယောင်ဆောင်နေမိတဲ့ ကိုယ့်အပြစ်နဲ့ ကိုယ်မို့ နှုတ်ပိတ်နေရသည်..။
အချစ် ပါးကို အေးစက်စက် လက်ချောင်းတွေ ရောက်လာပြီး မထိထထိ တို့ကြည့်နေခါ နဖူး အပေါ်နားက ဆံပင်တွေဆီကို အထိအတွေ့ တစ်ခုရလိုက်သည်..။
ရင်တွေ တလှပ်လှပ်ဖြစ်နေပေမဲ့ ကြောက်တာမျိုးလည်း မဟုတ်ပဲ ဦးဒီက ကို ပြန်ဖက် ချင်တဲ့ စိတ်က ဘာတွေ ဖြစ်နေမှန်းကို မသိပါဘူး..။
ဦးဒီက မီးမှိတ်လိုက်ပြီး စောင်ခြုံလိုက်တာ သိတော့ အချစ် မျက်လုံးမှိတ် အိပ်ချင်ယောင် ဆောင်ထားရင်း ကိုယ်ကို တစ်ပတ်လှည့်ပစ်လိုက်သည်..။
ဦးဒီက ဘက်ကို တိုးပြီး ရင်ဘတ်ကြီးထဲ ရောက်အောင် ၀င်လိုက်တော့မှ ဦးဒီက ရဲ့ လက်တွေ က အချစ်လက်မောင်းကိုရောက်လာသည်..။
အချစ် စိတ်ထဲမှာ ပျော်နေပေမဲ့ မျက်လုံးဖွင့်မကြည့်ပဲ ရင်ခွင်ကျယ်ကြီးထဲ ခေါင်းတိုးနေချိန် အိပ်ချင်လာတော့သည်..။
ဦးဒီက ရင်ဘတ်ကြီး က အချစ်အတွက် အိပ်ဆေးများလား..။
.
"ပန်းအချစ်ဦး.."
"ရှင်…လာပြီ.."
ဒီပါ နာရီကြည့်ပြီး ခေါ်လိုက်တော့မှ ခေါင်းကုတ်ရင်း မီးဖိုဆောင်ထဲက ပြေးထွက်လာတော့သည်..။
ခရီးက ပြန်ရောက်ကတည်း က သင်တန်း အကြောင်း ပါးစပ်ထဲတောင်ထည့်မပြောတာ သတိထားမိသည်..။
ခရီးပန်းလာလို့ နားပါစေဆိုပြီး မေ့ချင်ယောင်ဆောင်ထားတာ အခုတော့ တစ်ပတ်ကျော်လာပြီလေ..။
"သင်တန်းသွားရမယ်လေ…"
"နောက်ကျနေပြီ.."
"ဘယ်မှာ နောက်ကျမလည်း..ခုမှ ကိုးနာရီပဲ ရှိသေးတယ်.."
"အချစ် ကြောက်တယ်.."
"ဘာဖြစ်လို့လည်း.."
"သင်တန်းဆရာမက သင်တန်း ပျက်လို့မရဘူးတဲ့…အခု အချစ် က .."
"ရပါတယ်…ဖိုးကောင်းကို ပြောခိုင်းထားတယ်.."
"ဟုတ်လား..ရလား..အာ့ဆို သွားမယ်နော်..ဦး.."
"အင်း…သင်တန်းမှာ မဆိုးနဲ့နော်…ခေါင်းဖြီးလိုက်ဦး…"
"အွင့်.."
ဒီပါ့ကို နှုတ်ခမ်းစူ ခေါင်းညိတ်ပြပြီး ထွက်သွားတဲ့ ကောင်မလေးကို လိုက်ငေးနေရင်း စားလက်စ ကိတ်မုန့်ကိုတောင် မေ့သွားရသည့် အဖြစ်…။
ကိုယ့် အဖြစ်ကို ကိုယ်တွေးရင်း ခိုးပြီး ဟက်ခနဲ့ ရယ်မိသွားခါ စားလက်စ ကိတ်မုန့်ကို ပြန်ကောက်ကိုင်လိုက်ရသည်..။
ဒီနေ့ အစည်းအဝေးလည်း လုပ်ရဦးမှာမို့ ကော်ဖီကို ခပ်သွက်သွက်သောက်ပြီး ကုမ္ပဏီကို ထွက်လာခဲ့မိသည်..။
"ဟော..မောင်ဒီပါ လာတာနဲ့ အတော်ပဲ.."
"ဟုတ်ကဲ့…အစည်းအဝေး ရှိတယ် ဆိုလို့ပါ…"
"အေးကွာ…နှစ်ပတ်လည်ပွဲကို အသိမပေးလို့တဲ့..တကယ်ဆိုကွာ ၀န်ထမ်းတွေကို အားပေးချီးမြှောက်တာပဲလေ.."
"ဟုတ်ကဲ့…"
"ဒါကို ကွာ..ရှယ်ယာရှင်တွေကို အသိပေးစရာလိုလို့လား.."
"လိုတယ်ထင်တယ် အန်ကယ်…သူတို့လည်း ဒီကုမ္ပဏီ ဟိုတယ်တွေကို ပိုင်တယ်လေ.."
"အင်း…ဒါပေမဲ့.."
"သူတို့ဘက်ကကြည့်တော့လည်း အသိမပေးပဲ လုပ်တာ စိတ်မကောင်းဖြစ်ကြတယ် ထင်တယ်.."
"ဘယ်လိုသိသွားကြလည်း မသိပါဘူး..အန်ကယ်က အကုန်အကျ မများအောင် တိတ်တဆိတ်လုပ်လိုက်တာပါ.."
ဒီပါ ဘာမှ မပြောပဲ နေပေမဲ့ တီးဝိုင်းတွေ အဖျော်ယမကာတွေ အပါအ၀င် ဖျော်ဖြေရေး အစီအစဉ် အမျိုးမျိုးက အသုံးစရိတ်တော်တော် ကုန်သွားပေမဲ့ သူ့ပါတနာတွေကိုပဲ ဖိတ်ပြီး ပျေ်ာပွဲလုပ်လိုက်တာ ၀န်ထမ်းတစ်ယောက်တောင် မပါဘူးဆိုတာ ကို သိနေသည်..။
သူ့ဟိုတယ် နှစ်ပတ်လည်ပွဲလို့ သုံးသွားတာ ကိုယ့်နားနဲ့ ကြားလိုက်ရတော့ အဖေ့ကိုယ်စား ဒေါသထွက်မိသေးသည်..
ဒီပါ ခေါင်းညိတ်ပြီး ဝှီးချဲကို နေရာပြောင်းခါ အစည်းအဝေးခန်းကို ၀င်လာခဲ့လိုက်သည်..။
အန်ကယ်စိုးပဲ ဦးဆောင်ပြီး လုပ်ပါစေတော့ …ဒီပါ့ ကိုတော့ ခြေကျိုးနေတဲ့ သူလို့ပဲ မြင်ပါစေလေ…။
.
"ဟယ်..ချောလိုက်တာ.."
"ဟဲ့..ပန်းအချစ်ဦး.."
"ဟင်.."
"သိပ်မကြည့်နဲ့ အဲ့ကောင်မက မာနကြီးတယ်…သူ့ ဘဲကလည်း ချောတယ်…ဟိုမှာတွေ့လား..စားဖိုမှူး လယ်ဗယ်တူး တက်နေတာလေ.."
"ဟုတ်လား.."
အချစ် ကို ဖန်ခွက်တွေတိုက်ခိုင်းထားလို့ စနစ်ကျအောင် တိုက်နေရင်း မှန်ကာထားတဲ့ အခန်းဘက်က စာဖိုမှူး သင်တန်းကို ငေးကြည့်နေမိသည်..။
ဟုတ်ပါရဲ့ အဆီတ၀င်း၀င်း ဖြစ်နေတဲ့ လူတွေကြားထဲမှာ ဆံပင်တွေ ထောင်ပြီး အသားဖြူဖြူ အရပ်ရှည်ရှည် နဲ့ လက်နောက်ပစ်ပြီး ရပ်နေတဲ့လူက အထင်းဆုံး..။
"ချောတယ်မလား.."
"အင်း."
"သူတို့က အထူးတန်းက အောင်သွားတာလေ..အခုဆို အဆင့်တက်သွားပြီ…သူ့နာမည်က ရဲဇာနည်တဲ့.."
"သြော်…ကောင်မလေးကကော.."
"မင်းသမီး မဟုတ်တဲ့ ဖွေးဖွေး.."
"ချစ်ဖို့ကောင်းပါတယ်.."
အချစ် ဖန်ခွက်တွေကိ်ုချပြီး ဆရာမကို သွားပြတော့ ဆရာမက အမှတ်တွေကို စာရွက်မှာ ချရေးပြီး ရပြီ တစ်ခွန်းသာ ပြောသည်..။
လက်ရာပါရင် အမှတ်လျော့သလို ရေစက် အရာတွေကျန်နေရင်လည်း အမှတ်လျော့တက်သည်..။
"ရှေ့က ပန်းကန်ပြားတွေကို တစ်ယောက်ချင်း ယူလာပြီး ချပြပါနော်.."
အချစ် ရှေ့က ပန်းကန်ပြားကို ယူသွားပြီး ချပေးလိုက်ခါ ကိုယ့်နေရာမှာ ကိုယ်ပြန်ရပ်နေရသည်..။
"အကုန်လုံး မှားနေပါတယ်…ဒီမှာကြည့်ပါ.."
ဆရာမက ကြွေပန်းကန်ပြားကို မြှောက်ပြပြီး လက်လေးချောင်းကို အောက်ကို ထည့်လိုက်သည်..။
လက်ညိုးကို ပန်းကန် နှုတ်ခမ်းကိုတင်ပြီး လက်မကို အောက်မှာ ဖွက်ခါ လက်မစောင်းလေးနဲ့ ညှပ်ကိုင်ပြသည်..။
"ဟုတ်ပြီနော်…အဲပုံစံ အတိုင်း ကိုင်ရမယ်..ဒါဆို ဖိတ်ကျ ကွဲကျတာတွေ သိပ်မဖြစ်တော့ဘူး..လက်သီးဆုပ်လိုက်မယ်…လက်ချောင်းတွေကို ပန်းကန်းအောက်မှာထားပြီး လက်သီးဆုပ် လက်မ နေရာမှာ ပန်းကန်ထားတယ်…တွေ့တယ်နော်.."
"ဟုတ်ကဲ့ပါ.."
"ဒါဆိုရင် စစ်ဆေးရေး အတွက် စားပွဲခင်း ယူလာပါ.."
အချစ်ရှေ့မှာ ချထားတဲ့ ခေါက်ထားတဲ့ အ၀တ်စ သုံးစကို ကောက်ယူပြီး ရှေ့ စားပွဲဝိုင်း ငါးခုမှ အစွန်ဆုံးကို သွားလိုက်သည်..။
ငါးယောက်သား စားပွဲကိုယ်စီ ဖြစ်သွားချိန် ဆရာမ က စလို့ရပြီ ပြောတော့ အချစ်မှာ ဘာလုပ်ရမှန်းမသိ…။
သူများတွေ အဖြူပိတ်စကို ဖြန့်လိုက်တော့ အချစ်လည်း လိုက်ဖြန့်ပေမဲ့ အစတွေ ထပ်နေလို့ မလွယ်ကူပြန်…။
အဖြူပိတ်စ ခင်းပြီးတော့ သူများတွေလုပ်တဲ့ အတိုင်း နက်ပြာရောင် ပိတ်စထူထူ ကို ထပ်ခင်းလိုက်သည်..။
ဆရာမက စားပွဲဝိုင်း တစ်ဝိုင်းချင်းစီကို စစ်ဆေးလာပြီး အချစ် စားပွဲကို ကြည့်ခါ အချစ် ကို ပြန်ကြည့်သည်..။
"စားပွဲခင်း ခင်းပြီးတာလား.."
"ဟုတ်ကဲ့.."
"အဟား..ဘယ်တောက တက်လာတာလည်း .."
"ဘာ.."
မျက်နှာလေး ချောလို့ ချစ်ဖို့ကောင်းတယ်လို့ ပြောမိတဲ့ ကိုယ့်ပါးစပ်ကို ကိုယ် ဒေါသထွက်ရင်း အချစ် နှုတ်ခမ်းကိုက်ခါ ပြန်ကြည့်လိုက်သည်.။
"မှားနေတယ်..ပန်းအချစ်ဦး.."
"အချစ် သင်တန်း ပျက်လိုက်မိလို့ပါ…"
"ကောင်းပြီလေ…တစ်ခါ ထပ်လုပ်ပြမယ်..သေချာကြည့်ထားပါ.."
ဆရာမ က စားပွဲခင်းတွေကို စုသိမ်းလိုက်ပြီး အဖြူကို ခါ၍ အောက်ဆုံးမှာ ခင်းလိုက်ခါ အပြာရောင်ကို ထောင့်လိုက် ပြန်ခင်းသည်..။
နောက်ဆုံးမှာ အဖြူရောင် အဝိုင်းလေးကို အလယ်တည့်တည့်မှာ နေရာချပြီး အဆုံးသတ်လိုက်တော့ စားပွဲခင်း လှလှ လေး ဖြစ်သွားတော့သည်..။
"လုပ်တက်မလား.."
"ဟုတ်ကဲ့.."
အချစ် အစက ပြန်လုပ်ပြလိုက်တော့ ဆရာမက ဘာမှ မပြောပဲ စာရွက်မှာ အမှတ်ဖြည့်ပေးသည်..။
ဒီအမှတ်တွေက သင်တန်းဆင်းပွဲကျရင် အဆင့်ရမယ် ဆိုတာ သိတော့ အချစ်စိတ်ပူရပြန်သည်..။
သင်တန်းဆင်းချိန်ရောက်လာတော့ အချစ်ရဲ့ မြိုသိပ်ထားရတဲ့ ဒေါသတွေကြောင့်…
"ဟဲ့..နင်..ဘာပြောတာလည်း."
"ဘာလည်း.."
"ငါ့ကို တောက လို့ ပြောတယ်လေ.."
"ဟုတ်ရင် နာပေါ့…"
"ရုပ်ကလေးချောပြီး အပုတ်နံ့ မသင်းချင်နဲ့…. တောသူ လက်ဝါး ဘယ်လောက် သန်လည်း သိလား..ပိန်နေတဲ့ ခါးကို ကိုင်ချိုးပြီး အမှိုက်ပုံးထဲ စနစ်တကျပစ်ပေးလိုက်မယ်..နောက်တစ်ခါ ပြောကြည့်ကြည့်.."
အချစ် လက်ညိုးထိုးကျိန်းပြီး ပြောလိုက်ခါ ထွက်လာတော့ နောက်ကနေ ပွစိပွစိ ပြောခါ ကျန်နေခဲ့သည်..။
"ပန်းအချစ်ဦး…တော်တယ်…ဟီဟီ.."
ဘေးက အပေါင်းအပါတွေက ဝိုင်းအားပေးနေတော့ အချစ် မြှောက်ကြွကြွ ဖြစ်နေသည်..။
"နင်ကလည်း…သင်တန်းဘာလို့ မလာတာလည်း..ငါတို့က အထုတ်ခံရပြီထင်တာ.."
"အွင်း..စည်းကမ်းတစ်ခါဖောက်ပြီးပြီတဲ့..ဆရာမက သတိပေးထားတယ်.."
"နေမကောင်းလို့လား.."
"ကောင်းပါတယ်…အချစ် ခရီးသွားတာ.."
"ဟင်..ဟုတ်လား..ငါတို့ကိုတောင် မပြောဘူး..ဘာ လက်ဆောင်တွေ ပါလည်း.."
"မုန့်တွေပေါ့…ကြီးကြီးတို့ကို ပေးလိုက်ပြီ…အစုံပဲ မမှတ်မိတော့ဘူး…မိုးကုတ် နဲ့ ပြင်ဦးလွင်..သြော်..မန္တလေးက ထိုးမုန့်တွေလည်း ၀ယ်ခဲ့သေးတယ်.."
"ဗိုက်ဆာ လာပြီ…ဓာတ်ပုံလေး တောင် မပါဘူးလားဟယ်..."
"ဟင်..ခဏ.."
အချစ်ကျောပိုး အိတ်ထဲက ဖုန်းကို ထုတ်ပြီး ဓာတ်ပုံ အလ်ဘမ်ထဲ ၀င်လိုက်တော့ မိုးကုတ်မှာ ဦးဒီက ရိုက်ပေးထားတဲ့ ပုံတွေ အများကြီး ထွက်လာသည်..။
"ဒီမှာ.."
မမပိုး က ဆွဲလုပြီး ပြုံးရင်း ကြည့်တော့ သုံးယောက် စလုံး ခေါင်းချင်းဆိုင်နေချိ်ိန် အချစ် သက်ပြင်းချမိသည်..။
အချစ်ငယ်ငယ်က ဓာတ်ပုံ ရိုက်ခံရတာ ဝါသနာ ပါပေမဲ့ ဘယ်ဆွေမျိုးမှ အရေးတယူ မရှိပါဘူး..။
မတော်မဆ အလှူတို့ မင်္ဂလာဆောင်တို့မှာ ဆွေမျိုးတွေ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်ရင်လည်း..
"ဟဲ့…ပန်းအချစ်ဦး..ထွက်လေ.."
"အချစ် လည်း ရိုက်ချင်လို့.."
"အိုး..ဒါ ငါတို့ မိသားစု ဓာတ်ပုံ ရိုက်နေတာဟဲ့…အိမ်မှာ ချိတ်ဖို့..နင်ပါလို့ မဖြစ်ဘူး..ဖယ်…ဖယ်…"
အချစ် ဇာဂါ၀န် ချိုင်းပြတ်ကလေး နဲ့ ဓာတ်ပုံ ရိုက်တဲ့ အတန်းနောက်ကို ရွေ့ခါ ထွက်လာခဲ့ရသည်..။
"စိတ်မကောင်း မဖြစ်ပါနဲ့ မြေးရယ်..အဲ့ဟာမတွေက လှတာလည်း မဟုတ်ပဲ ရိုက်ချင်နေကြတာ…ငါ့မြေးက လှပြီးသားပဲ …ဓာတ်ပုံ ရိုက်စရာ မလိုပါဘူး.."
"ဒါပေမဲ့…အချစ်ပုံ တစ်ပုံမှ မရှိဘူး.."
"သူတို့ပြီးသွားရင်..တစ်ပုံရိုက်လေ…အဖွားပြောပေးမယ်.."
"အချစ်က မိသားစုတွေ အများကြီးထဲမှာ ပါချင်တာ…"
"တို့မြေးအဖွား နှစ်ယောက်ပဲ ရိုက်ကြမယ်ကွယ်…သူတို့ကမှ မိသားစုလို မသတ်မှတ်တာပဲ…ဟင်း..နင့်မှာက နာမည်စီးလို့လား မသိပါဘူး..ဆွေမျိုးတွေလည်း တစ်ယောက်မှ ကြည့်မရဘူး..နင်ကလည်း အငြိမ်မှမနေပဲကိုး..အသံကလည်း စွာစွာ…ဟင်း..ခက်ပါတယ်..ပန်းအချစ်ဦးရယ်..နင့်ကို မွေးထားရတာလည်း..ငါ့သားသမီးတွေက လည်း ငါ့ကို ပေးရကျွေးရ သိပ်မသဒ္ဓါချင်တော့ဘူး…ငါ့မြေးလေး…တစ်နေ့ တန်ဖိုး ထားတဲ့ ပတ်၀န်းကျင်ကို ရောက်ပါစေလို့ပဲ အဖွား ဆုတောင်းပေးနိုင်တယ်ကွယ်.. …"
အဖွားက ဆူခေါက် ရိုက်တက်ပေမဲ့ တခြားသူတွေထက် အချစ်ကို ပိုပြီး မေတ္တာ ကရုဏာ ထားတာ သိပါသည်..။
အခုတော့ အဖွား ဆုတောင်း အတိုင်း ဖြစ်လာတာလား..။
မိုးကုတ် မှာ အချစ် ဖုန်းကို ယူပြီး ဓာတ်ပုံတွေရိုက်နေတုန်းက ဦးဒီက က ရှု့ခင်းတွေကို ရိုက်နေတယ်လို့ ထင်ခဲ့တာပါ..။
မနေ့က ဖုန်းလျှောက်နှိပ်ရင်း တွေ့တာ အချစ်ပုံတွေချည်း..။
ကိုယ်တိုင် သတိမထားမိချိန်မို့ ရယ်နေတဲ့ ပုံ တို့ မျက်နှာ ရှုံ့မဲ့နေတာတောင် နှစ်ပုံလောက် ပါသေးသည်..။
"ဟယ်..ရုပ်ကလည်း ကြည့်ဦး..ဘာဖြစ်နေတာလည်း.."
တောင်ပေါ်က အပြန် စိတ်ရှုပ်လို့ ညစျေးကို တစ်ခေါက် ပြန်သွားချိန် အချစ် ရဲ့ စူပုတ်ပုတ် မျက်နှာနဲ့ ပြောင်းဖူးဖုတ် စားနေတဲ့ ပုံကြီးကို ရိုက်ထားသည်လေ..။
"ဟိဟိ…အိပ်ပျော်နေတာလား.."
"ဟုတ်တယ်…ပြင်ဦးလွင် လမ်းမှာတုန်းက.."
"ပုံလေးတွေက ချစ်စရာလေးတွေ..အနားကနေ အမြဲစောင့်ကြည့်ပြီး ရိုက်ထားသလိုပဲ..ဘယ်သူရိုက်ပေးတာလည်း အချစ်.."
အချစ် ဘယ်လို ပြောရင် ကောင်းမလည်း စဉ်းစားနေရင်း ပါးစပ်ထဲ ရောက်လာတဲ့ စကားအတိုင်း..
"ဦးလေး ရိုက်ပေးတာ.."
"အိုး….ပန်းအချစ်ဦးက သူဌေးပဲ..သိမ့်ရေ…ဟိုနေ့က ငါ ..ဒါမျိုးဂါ၀န် အွန်လိုင်းမှာ မေးကြည့်တာ ရှစ်သောင်းကျော်တယ်…"
အချစ် ဂါ၀န်ကို ကိုင်ကြည့်ပြီး အောက်နားက ချည်ထိုးထားတဲ့ တံဆိပ်ကလေးကို ဆွဲပြတော့ မမသိမ့်က ငုံ့ကြည့်ရင်း..
"ဟုတ်မယ်…အသားလေးက အိဖက်နေတာပဲ….ဘယ်လောက်ပေးရလည်း ….အချစ်.."
"..အချစ်ကို အိမ်က ၀ယ်ပေးတာလေ.."
"ဟုတ်လား..ဒါဆို နင်တို့ အိမ်က ချမ်းသာမှာပဲ.."
အချစ် အိမ်ကို မြင်ယောင်လိုက်ပြီး ခေါင်းညိတ်လိုက်ပြီးခါမှ ကိုယ်ပိုင် မဟုတ်တာ သတိရတော့ ခေါင်းရမ်းလိုက်ရသည်..။
"အချစ် .. ဦးလေးက ချမ်းသာတာပါ.."
"ဟုတ်လား..နင်တို့ အိမ်ကို လာလည်လို့ရလား.."
"မရဘူး..ဦး က စည်းကမ်းကြီးတယ်.."
အချစ် ခေါင်းရမ်းပြီး ပြောလိုက်တော့ မမပိုးက ပခုံးကို ကိုင်ခါ နှုတ်ခမ်းစူရင်း…
"နင်က တို့ကို ဆင်းရဲလို့ မခင်ချင်တာလား.."
"ဟုတ်ပါဘူး…"
"..ငါတို့က နင့်ကို တကယ်ခင်တာနော်…အငယ်ဆုံးမို့ အချစ်ဆုံး သိလား.."
"ဟုတ်..ဒါပေမဲ့…အိမ်ခေါ်ရင် စိတ်ဆိုးမလား မသိဘူး.."
"အိုး..ပြောပေါ့ဟာ…ငါတို့လိုက်လည်ချင်လို့ပါ…နင်တို့ အိမ်ကြီးကို ကြည့်ချင်တယ်…နင်ကိုလာပို့တဲ့ ကားကလည်း  Range Rover အကောင်းစားကြီးလေ…"
"ဟင်..အင်း.."
"လိုက်မယ်နော်.."
"နောက်နေ့မှပေါ့…အချစ် ပြောထားမယ်.."
"အေး..ရအောင်ပြောနော်…နင့်ဦးလေး က နင့်ကို တော်တော်ချစ်မှာပါ..ပြောနော်.."
"အင်းပါ…"
အချစ် ကပျာကယာ ခေါင်းညိတ်ပြီး ကားရောက်မရောက် ဖုန်းဆက် မကြည့်သေးပဲ သင်တန်း အခန်းထဲက  ထွက်လာခဲ့လိုက်တော့သည်..။
ဟူး..သူတို့ အဖွဲ့သာ အိမ်ကို လိုက်လာရင် ကျီးကန်းသိုက်လို ဆူညံနေမှာပဲ…။
အချစ် အိမ်ကိုရောက်ပြီး တစ်နေ့ကုန် ဘာလုပ်ရမှန်း မသိပဲ ကြီးကြီး ကို ၀င်ရှုပ်လိုက် နောက်ခြံထဲ အပင်တွေ လိုက်စပ်စုလိုက် ခြံထဲ လျှောက်သွားလိုက်ဖြင့် အချိန်ဖြုန်းနေရသည်.။
အရင်ကဆို ဦးဒီက က တစ်နေ့ကုန်ရှိပြီး..အခုနောက်ပိုင်း အိပ်ခါနီးမှ ပြန်လာတက်တာလေ..။
.
"အမေ က ကံကောင်းလိုက်တာ…"
ဧည့်ခန်းထဲက ပန်းချီကားကို မော့ကြည့်ရင်း အချစ် ရင်ဖွင့်နေမိတာ ရူးများသွားပြီလား မသိ…။
"အဖေက အမေ့ကို နောက်ဆုံးချိန် အထိ သတိတရ အရမ်း ချစ်ပြီးမှ လိုက်လာတာတဲ့လေ.."
"အချစ်ကို ဘယ်သူက အဲလို ချစ်မှာလည်း…အိုး..ဘယ်သူမှ မချစ်ပါဘူး..ချစ်မဲ့ သူကို မရှိဘူး..အချစ်က ဆိုးလို့ ဖြစ်မယ်…"
"ကိုယ်ဆိုးတာ ကိုယ်သိတယ်ပေါ့.."
"ဟင်..ဦး.."
လှေကားကနေ ထွက်လာသည့် ဦးဒီက ကို တွေ့တော့ မျက်နှာ မှာ အပြုံးလေးပွင့်သွားခါ အနားကို အပြေးရောက်သွားမိသည်..။
"ဦးကလည်း ဒီနေ့လည်း..နောက်ကျလိုက်တာ.."
"ဝှီးချဲနဲ့ အလုပ်လုပ်ရတော့ကြာတာပေါ့.."
"အွင်းလေ..ဘာဖြစ်လို့ ဒီလိုကြီးနေသေးလည်း.."
"ရန်သူ ရှိလို့ပါဆို…တစ်ခါတလေ ရန်သူ စိတ်ချမ်းသာရင် ကိုယ် အန္တရယ်ကင်းတယ်လေ…"
"ဦး က သတ္တိ မရှိလို့ပေါ့.."
"အဟွင်း…ဟုတ်တယ်…ထမင်းစားပြီးပြီလား.."
ဒီပါ့ နောက်ကို တကောက်ကောက် လျှောက်လိုက်ရင်း မနားတမ်း စကားလိုက်ပြောနေတော့ လိုအပ်တဲ့ မေးခွန်းပဲ မေးလိုက်ရသည်..။
"ဟင့်အင်း…ဦးကို စောင့်နေတာ.."
"တကယ်…..အံသြဖို့ကောင်းလိုက်တာ…"
"ဘာလည်း မယုံဘူးလား.."
"အင်း.."
"တော်ပြီ…လုံး၀ မစားတော့ဘူး.."
"ဟောဗျာ…ပြန်စဉ်းစားပါဦး…မစားပဲနေနိုင်လို့လား.."
"နေနိုင်တယ်.."
"ဟုတ်ပါပြီ…"
ဒီပါ အခန်းထဲ ၀င်လာတော့ နောက်ကနေ နှုတ်ခမ်းစူပြီး လိုက်လာတာသိလို့ အ၀တ်အစားတွေကို အ၀တ်လဲခန်းဆီကို ယူလာခဲ့လိုက်ရသည်..။
"ဟေ့..ရွှေခဲ.."
"ဟင်.."
"ဒီမှာ ချွတ်ပြီး လိတ်ခဲ့ပြန်ပြီ…လာသိမ်းလေ…"
"ဟုတ်.."
ဒီပါ ကောက်ယူပြီး မျက်နှာပူပူ နဲ့ လှမ်းပေးလိုက်ရတာ စိတ်တွေလည်း ရှုပ်ရပါသည်..။
ဒါပေမဲ့လည်း အမြဲတမ်း ကောက်သိမ်း ပေးနေရတာ မျက်နှာပူပူ နဲ့ပါပဲလေ..။
.
"ကြီးကြီး…ပန်းကန်ကို အဲလို မကိုင်ရဘူး.."
"ဟင်..ဘယ်လိုကိုင်ရလို့လည်း သမီး.."
'ဒီမှာ..လက်မ နဲ့ လက်သီးဆုပ်ပြီး ကိုင်ရတယ်…"
"သြော်.."
"ချပေးရင်…ဒီလိုလေး…"
"ဧည့်သည် ရေသုံးဆောင်ချင်ပါသလား ရှင်..."
ဒီပါ့ အနားကို ခေါင်းစောင်းငုံ့ပြီး မေးတော့ ပြုံးရင်း မျက်လုံးစုံမှိတ်၍ ခေါင်းညိတ်ပေးလိုက်ရသည်..။
ရေခရား အောက်မှာ လက်သုတ်ပုဝါ ခေါက်ပြီး ခံခါ ခွက်ထဲကို ရေ တစ်၀က်ကျော် လောင်းထည့်ပေးပြီး ရေခရားနှုတ်ခမ်းကို လက်သုတ်ပုဝါနဲ့ တစ်ခါတည်း သုတ်ပြီးမှ ချတော့သည်..။
သင်တန်းမှာ သင်သမျှ လက်တွေ့ လေ့ကျင့်နေတာ သိရတော့ သူပျော်နေတာ ကြောင့် ဒီပါလည်း  စိတ်ချမ်းသာပါသည်..။
"ဧည့်သည်…ပန်းပွင့်ကြော် သုံးဆောင်ချင်ပါသလား ရှင်.."
နှုတ်ခမ်းကို အစွမ်းကုန် ဖွင့်ဟပြိး ပြုံးပြ ရင်း မေးတော့ ဒီပါ ခေါင်းည်ိတ်လိုက်ချိန် ပန်းကန်ထဲက ပန်းပွင့်ကြော်ကို ခက်ရင်း ဇွန်းနဲ့ သေချာ ကိုင်ပြီး ပန်းကန်ထောင့်ကို ထည့်ပေးသည်..။
သူပဲ ထမင်းဝိုင်းမှာ ဆရာမလေး လုပ်နေတော့ ကြီးကြီးကလည်း ပြုံးစေ့စေ့ ဖြင့် မီးဖိုခန်းထဲ ၀င်သွားတော့သည်..။
"ဘာများလိုအပ်သေးလည်းရှင်.."
"ပန်းအချစ်ဦး.."
"ကျေးဇူးတင်ပါတယ်ရှင်…အဲဒီ ဟင်းအမယ်တော့ မရပါဘူးရှင့်..လိုအပ်တာ ရှိရင် ပြောနိုင်ပါတယ်..သုံးဆောင်ပါရှင့်.."
ဒီပါ ပြုံးရင်း ထမင်းတွေက ချိုနေသလိုလို ဖြစ်နေတာ က ကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့ သူ့ လုပ်ရပ် တွေကြောင့်လေ..။
မနေ့ညက ရူပါ နဲ့ ဖုန်းပြောနေချိန် သူကတော့ တီဗွီကြည့်ပြီး အေးအေးဆေးဆေး နေနိုင်နေပြီ..။
ဖုန်းချလိုက်တော့ ကိုရူပါ နဲ့ မမ အိ နေကောင်းလား ဖိုးဖိုး ဘယ်တော့ ပြန်လာမလည်းလို့ တည်ငြိမ် ရိုးသားတဲ့ မျက်၀န်းလေးတွေဖြင့် မေးနိုင်နေပြီ…။
"ရွှေခဲ.."
"မရပါဘူးရှင့်."
"မဟုတ်ဘူး..ဒီက ခေါ်နေတာ.."
"ဒီက ကို ခေါ်လို့မရပါဘူး.."
"အာကြာ…"
"အာကွာလည်း မရပါဘူး.."
"ထမင်းစားခိုင်းနေတာ..ညနက်သွားရင် မကောင်းဘူး.."
"ဟွင့်..တကယ် မစားဘူး.."
၀န်ဆောင်မှုတွေ ပျောက်ဆုံးပြီး နှုတ်ခမ်းစူခါ ခြေဆောင့်၍ ထွက်သွားတော့ ဒီပါ သက်ပြင်းချရင်း ထမင်းဆက်စားနေရသည်..။
"ဟင်..ဘယ်ရောက်သွားပါလိမ့်.."
ဒီပါ ထမင်းစားပြီးကတည်းက စာဖတ်ခန်းထဲ ရောက်သွားတာ ပြန်ထွက်လာတော့ ရွှေခဲ က ပျောက်နေပြီလေ…။
လှေကားတွေကို ဆင်းသွားလိုက်ပြီး ဧည့်ခန်းထဲ ကြည့်တော့ ရှိမနေလို့ ထမင်းစားခန်းသွားကြည့်တော့ ပလုတ်ပလောင်း ဖြစ်နေသည်..။
"တကယ် မစားဘူးပဲ.."
"ဟာ.."
"မစားချင်ဘူးဆို.."
"အခုမှ..ဗိုက်ဆာလို့လေ…"
"အဟွင်း..ဖြည်းဖြည်းစားဦး..နင် နေဦးမယ်..အင့် ရေသောက်.."
ဒီပါ ရေခွက်ထဲ ရေငှဲ့ထည့်ပေးလိုက်တော့ ကောက်ယူပြီး မျက်လုံးပြူးခါ ရေနဲ့ မျှောချရတော့သည်..။
ကျောကို ဖွဖွ ဖိသပ်ပေးတော့ ဒီပါကို မော့ကြည့်ပြီး ပြုံးပြခါ ထမင်းဆက်စားနေသည်..။
အပေါ်စီးကနေ ကြည့်မိတာ ရှည်တဲ့ မျက်တောင်ကော့ပျံလေးတွေနဲ့ အတူ စင်းနေတဲ့နှာတံလေးကို ကြည့်ပြီး ရင်ခုန်ချင်လာသည်..။
ပါးအိအိလေးကို ဖွဖွ ပွတ်ကိုင်ကြည့်ချင်ပေမဲ့ မလုပ်ရက်ပါဘူးလေ..တော်ကြာ စိတ်ဆိုးသွားမှ ခက်လိမ့်မည်..။
အခုလို အကိုကြီး တစ်ယောက်လို ဟန်ဆောင် ရင်းနှီးနေတာကိုပဲ စိတ်ချမ်းသာရပါသည်..။
"ဦးဒီက…"
"အင်း.."
ထမင်းစားပြီးတာနဲ့ အနားကိုရောက်လာခါ မေးခွန်းတွေ စလာတော့မယ်ဆိုတာ ကြိုသိနေပါသည်..။
"ဘာဖြစ်လို့ လူစီဖာ့ကို အမြဲပွတ်သပ်နေတာလည်း.."
"သူ ကြိုက်တယ်လေ.."
"သြော်..ဦးဒီက လူစီဖာ့ စကားနားလည်တယ်ပေါ့…ညောင်ဆိုတာ ဘာပြောတာလည်း.."
"ရွှေခဲ…."
"ဟဲ..ဟဲ…သိချင်လို့ပါ…"
ရယ်ကြဲကြဲ နဲ့ အနားမှာ ကပ်ထိုင်လိုက်တော့ ဒီပါ့လက်ထဲက လူစီဖာ့ကို ငုံကြည့်ပြီး ပြုံးရင်း ပွေ့ဖက်လိုက်ချိန် လူစီဖာက ငြိမ်နေသည်..။
"လူစီ့ဖာကို ချစ်တယ်…အဲဒါကြောင့် သူ့ကို အမြဲဂရုတစိုက် စောင့်ကြည့်နေတယ်..သူ့ရဲ့ အပြုအမူ တစ်ခုက ဘာလိုအပ်လည်း ဆိုတာ အလိုလို သိနေပြီ..သူက ပွတ်သပ်ပေးရင် ပျော်နေတက်တယ်ဆိုတာ စကားလုံးမလိုပဲ ခံစားလို့ရတယ်.. နေ့တိုင်း  သူ့ အတွက် အချိန်တစ်ခု ပေးပြီး ပျော်အောင် လုပ်ပေးတာပေါ့…အချိန်ပြည့် ဂရုမစိုက်နိုင်ပေမဲ့ သူ့ကိုစမွေးကတည်းက ဒီနေ့အထိ အစားကျွေးချိန် မမေ့ခဲ့ဘူး..ဖေကြီးက လောကမှာ ဘာမှ မမြဲဘူးဆိုပြီး သင်ပေးထားလို့…လူစီဖာ့ အတွက် ဘဏ်ကောင့်လုပ်ပေးထားပြီး ၀န်ဆောင်မှုနဲ့ ချိတ်ပေးထားတယ်…ဒီက မရှိတော့ရင်လည်း သူ့အတွက် တာ၀န်ယူ ကျွေးမွေး စောင့်ရှောက်ကြမယ်လေ…"
"ဦး ကလည်း..လူစီဖာ နဲ့ တူတူမနေဘူး ချစ်တယ်လို့  ခဏခဏ မပြောတော့သူက ကြာရင် မေ့သွားမှာပေါ့...."
"ချစ်တယ်လို့ တဖွဖွ ပြောပြီး ကြင်နာပြနေဖို့ကတော့ ဒီက ဆယ်ကျော်သက် မဟုတ်တော့ နည်းနည်း နားလည်ပေးပါ….ဒါပေမဲ့…ပန်းအချစ်ဦးကို..ဒီက တကယ်ချစ်ပါတယ်…တစ်ဘ၀လုံး အတွက် ပင်ပန်းမှု ဆင်းရဲမှု နာကျင်မှု မရှိအောင် တာ၀န်ယူကာကွယ် ပေးချင်တာပါ.."
"ဟင်..အချစ်က.."
ဒီပါ့ကို မော့ကြည့်ပြီး မျက်လုံးချင်းဆုံတော့ ဆက်မပြောပဲ အကြည့်လွဲ သွားတာမို့ ပြုံးလိုက်မိသည်..။
ပန်းအချစ်ဦးရယ်…မင်းက ဖြူစင်တဲ့ ကလေး တစ်ယောက်ပါ…ဒါကြောင့် ကလေးလို ဟန်မဆောင်ပဲ နေနိုင် ဖို့ပဲ ကြိုးစားပါလား..။
"ဦးဒီက…"
"အင်း…"
"အချစ်ကို ချစ်လား.."
"ပိုက်ဆံလိုလို့လား.."
"အချစ် အဲလောက် ငွေမမက်ဘူးသိလား…ဟွင့်..သူများ အကြောင်းတွေသိသွားတော့ အထင်သေးနေပြီမလား…မယူဘူး.."
ဒီပါ့ဘေးကနေ ထသွားဖို့ ပြင်နေတော့ ပခုံးကို ဆွဲဖိ ထားလိုက်မိသည်..။
"..လွှတ်.."
"ဒီက..စလိုက်တာပါ…ပြောလေ.."
"ဦးဒီက အချစ်ကို ချစ်တယ်ဆိုပြီး တစ်ခါမှ အဲလို မလုပ်ပေးဘူး.."
ဒီပါ့ရင်ဘတ်ပေါ်က လူစီဖာ့ကို ဘေးကို တွန်းချပြီး ခေါင်းတိုး ၀င်လာတဲ့ ကလေးဆိုးလေးကို အံသြရင်း ကြည့်နေမိသည်..။
ဘယ်လိုပါလိမ့်…ကြောင်နဲ့ လိုက်ပြီး နေရာလုနေတာ…လူစီဖာက လူကြီးဆန်ဆန် ဘေးမှာ ငြိမ်နေတော့ ဒီပါ ခေါင်းလေးကို ဖွဖွ ပွတ်ပေးသည်..။
"ဒီမှာပါဆို.."
လက်ကို ဆွဲယူပြီး သူ့ခေါင်းပေါ်တင်ပေးတော့ဒီပါ ပြုံးရင်း ငြိမ်နေတာကို လက်ကိုဆွဲပြီး ပွတ်ခိ်ုင်းနေပြန်သည်..။
တော်တော် ဆိုးတဲ့ ကောင်မလေး..။
"ဦး.."
"ဦးဒီက မဟုတ်တော့ဘူးလား.."
ဒီပါ ပြန်ရောက်ကတည်းက နာမည်ပြောင်းခေါ်နေတာ သတိထားမိပြီး ထောက်ပြလိုက်တော့ မျက်လုံးလေး ဝိုင်းပြီး စဉ်းစားခါ…
"ရှည်လို့..အချစ်ပြောမလို့.."
"ပြောကြည့်ကြည့်.."
"တကယ်ပြောနေတာ.."
"အင်းလေ.."
"အချစ် သူငယ်ချင်းတွေက အိမ်လည် လာချင်လို့တဲ့…နေ့တိုင်း အချစ်ကို ပြောတယ်…"
"မိန်းကလေးတွေလား..ယောင်္ကျားလေးတွေလား…သင်တန်းတက်တာ ဆယ်ရက်တောင် မကြာသေးဘူး သူငယ်ချင်းရနေပြီပေါ့…"
"အင်း ..မိန်းကလေးကော ယောင်္ကျားလေးကောလေ..ရှေ့ အပတ်ထဲ အချစ် မွေးနေ့ ရှိတယ်…အဲဒါ သူတို့နဲ့ ကိတ်မုန့်လှီးချင်တယ်…ရမလားဟင်.."
"ဘာလုပ်ဖို့လည်း...အပိုတွေ အလုပ်ရှုပ်လို့ လုပ်မနေပါနဲ့…လူရှုပ်တာလည်း …ဒီက မကြိုက်ဘူး.."
"…."
"ဟွင့်…ကြားလား.."
"ဟုတ်.."
မျက်နှာငယ်လေးနဲ့ ခေါင်းညိတ်ပြတော့ ဒီပါ ပြုံးချင်ပေမဲ့ တမင် မျက်နှာ တည်ထားရင်း ရင်ဘတ်ထဲ အလိုအလျောက်
ရောက်နေတဲ့ ခေါင်းကို ဖွဖွလေး သပ်ပေးနေရသည်..။
.
"အ…"
"ဟာ…ရရဲ့လား…ကျွန်တော် မမြင်လို့ပါ…"
"ရပါတယ်…အချစ်လည်း ပုံးကြီးကွယ်နေလို့ရှင့်.."
"နာမည်လေးကော လူလေးကော လှတယ်နော်.."
"ဟင်.."
အချစ် ရန်စွာဖို့ မော့ကြည့်လိုက်ပေမဲ့ အားလုံးရဲ့ အချစ်တော် ရဲဇာနည် ဆိုတာ သိလိုက်တော့ ပြုံးပြလိုက်ရသည်..။
ဒီလူ တော်တော်ချောတာပဲ..ဒါကြောင့် ဟိုမိန်းမက မာနဇွတ်ကြီးနေတာလေ…။
ကိုရူပါ့လို မချောပေမဲ့ မော်ဒယ် လုပ်စားရင် ရလောက်တဲ့ ပုံစံ မျိုးပါပဲ…။
"တစ်ခုခု ပေနေလို့လား..ကျွန်တော် မီးဖိုခန်းထဲက ထွက်လာရလို့ပါ.."
"ဟင်..မုတ်ဘူး."
အချစ် သတိလက်လွတ်ငေးနေမိတာ သူ့မျက်နှာကို ကိုင်ပြီးမေးတော့မှ ခေါင်းရမ်းပြီး ခပ်သွက်သွက် ပြေးထွက်လာခဲ့ရသည်.။
"ဟဲ့…ဟိုကောင် က နင့်ကို ကြည့်ပြီး ပြုံးနေလိုက်တာဟာ.."
"အေးလေ…အဲဒီ့ အကြည့်တွေကို ငါသိတယ်.."
"..မမသိမ့်ကလည်း..…သူ့မိန်းမကြားသွားမှလေ.."
"မိန်းမ မဟုတ်ပါဘူး..သူ့ဟာသူ လိုက်ရောနေတာပါ…ဇာနည် က နင့်ကို ပဲ ကြည့်နေတာလေ…ဟိဟိ.."
"ဖယ်ဦး…အချစ် အိပ်ယာခင်းတွေ လုပ်ကြည့်ရဦးမယ်.."
"အေး…ငါကောပဲ.."
အချစ် သတိပေးလိုက်တော့မှ သူတို့လည်း အိပ်ယာခင်းတွေ ယူပြီး လေ့ကျင်ဖို့ ပေးထားတဲ့ မွေ့ယာကြီးကို လုကြတော့သည်..။
အချစ်ကတော့ သင်တန်းခန်း အပြင်မှာ ရပ်ရင်း အချစ်ကို လိုက်ကြည့်နေတဲ့ ရဲတဲ့ ဇာနည် ကို ပြန်ပြုံးပြလိုက်မိသည်..။
.
"အယ်…ဒါ ဘယ်လို ဖြစ်တာလည်း…ရွှေခဲ.."
"နေပါဦး..ဦး မအိပ်သေးရင်…ဆိုဖာ မှာ ထိုင်နေ…အိပ်ယာခင်း ခင်းနည်း ကျင့်နေတာ.."
"ကောင်းတယ်…လုပ်…လာ…လူစီဖာ…ဆိုဖာ ကို သွားကြမယ်.."
ဦးဒီက က သူ့ကြောင်ကို ချီပြီး ထွက်သွားတော့ အချစ် နှုတ်ခမ်းကိုက်ပြီး အိပ်ယာခင်းတွေကို မြန်မြန်ဆန်ဆန် ဆွဲလွဲ ခင်းပစ်လိုက်သည်..။
ကြောင် အတွက် အချိန် ရှိပြီး အချစ် ကျတော့ စာဖတ်ခန်းထဲလည်း စကားများလို့ မ၀င်ရဘူးတဲ့..။
အလုပ်ကပြန်လာရင်လည်း အလိုက်တသိ နှုတ်ဆိတ်နေရသည်..။
ပိတ်ရက်ဆိုတာ ဦးဒီက မှာ မရှိ…. မိုးလင်းရင် ထွက်သွားပြီး မိုးချုပ်ရင် ပြန်လာခါ ကြောင် အတွက်ပဲ အချိန်ရှိတယ်လေ…။
မုန်းဖို့ကောင်းတဲ့ အဘိုးကြီး..။
အချစ် အိပ်ယာ ခင်းကို ဆရာမပြတဲ့ အတိုင်းခင်းကြည့်ချိန် ရွဲ့လို့ စောင်းလို့ မရလို့ အခါခါ ပြန်ခင်းနေရတာ စိတ်ကမရှည်ချင်ပါ..။
ဒါပေမဲ့ မနက်ဖြန် စစ်ဆေးရေး ရှိတယ်ဆိုတော့ သတ်မှတ်ထားတဲ့ အချိန် အတွင်း မွေ့ယာပေါ်ကို ပုံစံ တကျ အခင်း လေးထပ် ခင်းရမည်လေ..။
ခေါင်းအုံးတွေကို ဆွဲထောင်လိုက်ပြီး နာရီကြည့်လိုက်တော့ နောက်ဆုံး အခေါက်က စံချိန်တင်သွားပြီ ဖြစ်သည်..။
ဒါဆိုရင် ဟို ဖွေးဇာနည် မကို ကျော်လို့ရပြီပေါ့..။
ဟွင်း..မာနကြီးတဲ့ မျက်နှာ မနက်ဖြန် ဘယ်လိုနေမလည်း ကြိုတွေးရင်း ခေါင်းမော့ ရယ်လိုက်မိသည်..။
"ရပြီ…အယ်…"
အချစ် အခန်းထဲက ထွက်လာတော့ ဦးဒီက ဆိုဖာမှာ အိပ်ပျော်နေလို့ စချင်တာနဲ့ ဘောင်းဘီ အိတ်ထဲက ဖုန်းကို ထုတ်ပြီး ရိုက်လိုက်သည်..။
ဖုန်းထဲက ဓာတ်ပုံကို ပြန်ကြည့်တော့ အိပ်ပျော်နေတဲ့ ဦးဒီက မျက်နှာလည်း ပါသလို ရင်ဘတ်ပေါ်က လူစီဖာကလည်း လှည့်ကြည့်တာ မျက်လုံး အပြူးသား …။
ကျစ်…ဒီကြောင်စုတ်တော့…အမှိုက်ထဲ သွားပစ်မိတော့မယ်…။
ဂုတ်က ဆွဲချရင်လည်း နိုးသွားမှာ စိုးလို့ ဖုန်းကို စောင်းပြီး ရိုက်လိုက်ခါ ပြန်ကြည့်တော့လည်း ကြောင်ပါနေသည်.။
အချစ် လက်လျော့လိုက်ခါ ဖုန်းကို အိတ်ထဲ ပြန်ထည့်ပြီး ဦးဒီက ကို နှိုးဖို့ လက်ရွယ်လိုက်မိသည်..။
အိုး..ဦးဒီကမှာ ပါးချိုင့်ရှိလို့လား..။
ပါးမြိုင်းမွှေးတွေ ဖုံးနေတဲ့ ပါးကို့ကြည့်ပြီး စပ်စုနေချိန် အကြည့်တွေက မျက်နှာ တစ်ခုလုံးကို ဖြန့်ကျက်သွားတော့သည်.။
မျက်တောင် နက်နက် တွေနဲ့ အတူ မျက်ခုံးတန်းတွေကို ထိကိုင်ချင်သည်..။
ဖြောင့်ဆင်းနေတဲ့ နှာတံကိုလည်း မျက်လုံးမှေးကြည့်ရင်း နှုတ်ခမ်းဆီကို ရောက်တော့ ရင်ထဲ ဒိတ်ခနဲ့ ဖြစ်သွားရသည်..။
အိပ်မက်ထဲမှာ လိုလို….အပြင်မှာ လိုလို နဲ့…ခဏခဏ….…။
အချစ် နှုတ်ခမ်းကိုက် ပြုံးလိုက်ပြီး လက်တွေကို ဝေ့ယမ်းလိုက်တော့ ဦးဒီက က နည်းနည်းမှ မလှုပ်ပါ…။
အချစ် ဆံပင်တွေကို နောက်လှန်တင်လိုက်ပြီး အသက်ပြင်းပြင်းရှုခါ ပါးကိုငုံ့ကြည့်တာ ပါးအနားကို ရောက်ချိန်…
"ညောင်.."
"ကျစ်.."
"အင်.."
အချစ် ကပျာကယာ ခေါင်းထောင်လိုက်ပြီး ခေါင်းကုတ်သလို လုပ်နေတော့ ဦးဒီက မျက်လုံးပွင့်လာပြီး သူ့ကြောင်ကို ငုံ့ကြည့်သည်..။
အချစ် ကို ကြည့်နေတဲ့ လူစီဖာ့ကို နှုတ်ခမ်းကိုက် လက်သီးထောင်ပြလိုက်ပြီး..
"ဦးဒီက အိပ်လို့ရပြီ.."
"အင်း.."
ခုတင်ပေါ်ရောက်လည်း အမြဲလိုက်ကပ်နေတဲ့ ကြောင်စုတ်ဖွားကို ခြေရင်းမှာ ချလိုက်ပြီး အမြင်ကပ်ကပ်ဖြင့် စောင်ပါ ခြုံပေးလိုက်သည်..။
"အိပ်လေ..ဦး.."
'နေပါဦး…မီးပိတ်.."
"လာ.."
အချစ်လက်ကို အတင်းဆွဲတော့ ဦးဒီက က ကြောင်စီစီ နဲ့ လှဲအိပ်ချိန် အချစ် ခေါင်းအုံးယူပြီး ရင်ဘတ်ကြီးထဲကို တိုး၀င်ခါ ခါးကို ဖက်ပစ်လိုက်သည်..။
"သြော်..ဒီနေ့ ယောင်တာ မဟုတ်ဘူးလား.."
"ဟင်.."
အချစ် သတိရပြီး မျက်လုံးပြူးသွားပေမဲ့ ရှက်လို့ ရင်ဘတ်ကြီးကို ခေါင်းဆိုက်ခါ မျက်နှာ ဖွက်ထားမိသည်..။
နေ့တိုင်းဆို ဦးဒီက အိပ်တော့မှ အိပ်ချင်ယောင်ဆောင်ထားရင်း လူးလိမ့်ပြီး ရင်ဘတ်ထဲ ခိုး ၀င်နေတာလေ…။
အခုတော့ ကြောင်ကို အမြင်ကပ်လို့ မေ့ပြီး စိတ်ထဲ ရှိတာ လုပ်မိတာ  သူခိုးလူမိ ဖြစ်သွားပြီ…။
"အဟွင်း…အိပ်ပျော်သွားပြီပဲ…မြန်လိုက်တာ…ဟူး…ဒီနေ့လည်း ယောင်တာပါပဲလေ…"
ဦးဒီက က ခပ်ညီးညီး ပြောနေရင်း သက်ပြင်းပါ ချလိုက်တော့ အချစ် စိတ်ထဲမှာ ရယ်ချင်တာကို မြိုသိပ်ပြီး မျက်လုံး စုံမှိတ်ထားလိုက်သည်..။
တော်တော် တုံးတဲ့ လူကြီး..ဟိဟိ…အဲဒါကြောင့်…ရည်းစား မရှိတာလေ…။
.
"ပန်းအချစ်ဦး စံချိန်တင်သွားပြီ.."
"ရေး…"
"နောက် စစ်ဆေးရေး သုံးခု မှာ စံချိန်တင်ရင် ထူးချွန်ဆု ရမှာနော်…ကြိုးစား.."
"ဟုတ်ကဲ့ရှင်.."
အချစ် အနားမှာ ဝိုင်းဝိုင်းလည်နေတဲ့ အဖွဲ့သားတွေကို ရယ်ပြရင်း ဆရာမကိုလည်း ခေါင်းညိတ်ပြရသည်..။
သင်တန်း အပြင်မှာ ရပ်ပြီး ရဲဇာနည် တစ်ယောက် လက်ခုတ်တီးနေတော့ သူ့ရည်းစားက မျက်စောင်းထိုးသည်..။
"ဒီမှာ…ကိုယ်တိုင်လုပ်ထားတဲ့ ကိတ်…ဂုဏ်ပြုပါတယ်.."
ပန်းကန် အဝိုင်းလေးထဲ ထည့်ထားတဲ့ ကိတ်မုန့် သေးသေးလေးကို အချစ်ရှေ့ကို လက်ဆန့်ပေးတော့ ခေါင်းညိတ်ပြီး ယူလိုက်ရသည်..။
အခန်းထဲ ပြန်ရောက်လာတော့ မမပိုးတို့ကလည်း ပြုံးစေ့စေ့ ဖြင့် အနားကို ရောက်လာခါ…
"အမယ်..တယ်ဟုတ်ပါလား.."
"ဟိ..ဟိ.."
"ဟဲ့..ပန်းအချစ်ဦး.."
"ဘာလည်း.."
"နင့်မှာ  ယောင်္ကျားရှားနေလား.."
"ဘာ.."
"ကိုရဲ က ငါ့ လူဆိုတာ နင်မသိဘူးလား.."
"သိတယ်လေ…ငါက ဘာလုပ်နေလို့လည်း.."
"ကြွက်သူခိုး လုပ်နေတာလေ…ကြာကူလီမ…စနိုက်ကြော်မ.."
"ဘာ…"
"ကဲဟယ်.."
အချစ် ကို ပါးရိုက်လိုက်တော့ ရှောင်ပစ်လိုက်ပြီး ဒေါသတွေ အတောင့်လိုက်ထွက်လာလို့ ကိတ်မုန့်ပန်းကန်နဲ့ မျက်နှာကို ဖိကပ်ပေးလိုက်သည်..။
"မှတ်ထား..ငါ့ကို ပြောရင် ပြောတဲ့ အတိုင်း ဖြစ်အောင် လုပ်ပေးမယ်.."
အချစ် ပြောပြီး ထွက်လာခဲ့ရပေမဲ့ ဆရာမ များ ဆူလေမလား လို့ စိတ်ပူရင်း လက်တွေက ကတုန်ကယင် ဖြစ်နေရသည်..။
.
"ဟင်း.."
ဒီပါ စာရင်း စာရွက်တွေ ဖိုင်တွေနဲ့ အလုပ်ရှုပ်နေရင်း သက်ပြင်းတွေ လည်း ဘယ်နှကြိမ်ချနေမိမှန်း မသိတော့ပါဘူး…။
ငွေကြေးကွာဟ မှုတွေက ဦးအောင်သူရဲ့ အလွဲသုံးစား လုပ်မှုကို သက်သေ မရှာပြနိုင်ရင် ဒီပါက တာ၀န်ယူပေးရမှာ သေချာနေပြီလေ…။
နာရီကြည့်လိုက်ပြီး ဖုန်းဆက်ဖို့ နောက်ကျနေတော့ ကပျာကယာ ကောက်နှိပ်လိုက်ရသည်..။
"ဟလို..ဖေကြီး…အိပ်ပြီလား..နေကောင်းလား.."
"မအိပ်သေးပါဘူး…ဘယ်သွားနေလို့လည်း သား.."
"မသွားပါဘူး ဖေကြီးရဲ့…ဒီက စာတွေဖတ်ရင်း နောက်ကျသွားလို့ပါ.."
"မင်းကလည်း ကုမ္ပဏီ ကိစ္စတွေ ခေါင်းရှုပ်နေတာတောင် စာအုပ်ဖတ် နိုင်သေးတယ်.."
"ကုမ္ပဏီက မရှုပ်ပါဘူး.."
"ငွေတွေ ကွာနေလို့ဆို.."
"သြော်..အဲဒါ အန်ကယ်စိုးတို့လည်း ရှင်းနေပါတယ်.."
"ဟင်း..အလုပ်ကို အာရုံစိုက်ပါကွာ…မင်း အဖေ လုပ်ငန်းမို့ ဦးဆောင်နိုင်အောင် ကြိုးစားမယ်ဆို…"
"ဟုတ်ကဲ့…ဒီက လေ့လာနေပါတယ်…"
ဖေကြီး သိရင် စိတ်ပူမှာ စိုးလို့ ဒီပါ မုသားသုံးလိုက်ရတယ် ဆိုပေမဲ့ မလုံမလဲ ဖြစ်ရသည်..။
"သမီးကော..နေကောင်းလား.."
"ဟုတ်..မာမီတို့ကော.."
"သူ့ချွေးမနဲ့ စျေး၀ယ်ထွက်ပြီး ခုမှ ထမင်းစားကြတယ်…မင်းမိန်းမသာ ကြာကြာနေရင် သူတို့လို ဖြစ်သွားမှာတောင် စိုးရတယ်..အိမ်မှာကို မနေကြဘူး.."
"အဟွင်း…ဟုတ်တယ်..ဖေကြီး ….ဒက်ဒီကော ရှိလား.."
"ရှိတယ်…ဟေ့..၀င်းကို..ဒီမှာ မင်း သားကြီး.."
"ဟုတ်ကဲ့…အဖေ…"
"ဟလို..ဒက်ဒီလား.."
"အေးသား..အခြေအနေ ဘယ်လိုလည်း.."
"ဖေကြီး ရှိနေလား.."
ဒီပါ အသံတိုးတိုးဖြင့် မေးလိုက်တော့ ဒက်ဒီဘက်က တံခါးဖွင့်သံ ကြားရလိုက်သည်..။
"ရတယ်..အပြင်ထွက်ပြောနေတာပါ.."
"ရှာလို့မရဘူး..ဒက်ဒီ..အသေးစိတ်ကို ပြင်ဆင်ထားပြီးမှ လုပ်တာဆိုတော့ မလွယ်ဘူး.."
"စိတ်မပျက်ပါနဲ့ကွာ…သား အဖေ ဆိုရင် ဘယ်တော့မှ ဇွဲမလျော့ခဲ့လို့  အောင်မြင်ခဲ့တာပါ…လုပ်ငန်းကြီးမှာ ဒီလို အပေါက်ကြီးကြီး တွေလည်း ရှိနေတာ သဘာ၀ပဲ..တကယ့်အရေးဖြစ်လာရင် မျိုးချစ် လို တစ်ယောက်တည်း မဟုတ်ဘူး..ဒက်ဒီလည်း ရှိတယ်..ဒက်ဒီ တို့ ပိုင်ဆိုင်တာ သား ပိုင်ဆိုင်တာတွေပဲလေ…သိပ်မစိုးရိမ်နဲ့..ကျန်းမာရေး ထိခိုက်မခံနဲ့နော်…"
"ဟုတ်ကဲ့.."
"အေး..ခေါင်းကို အနားပေးပြီး အိပ်လိုက်တော့နော်.."
"ဟုတ်ကဲ့.."
ဒက်ဒီ ဖုန်းချသွားတော့  ဒီပါ သက်ပြင်းချရင်း ဖိုင်အထပ်လိုက်ကို ပြန်ဆွဲတင်ခါ ပြုပြင်မှု နဲ့ အထွေထွေ အသုံးစရိတ်တွေကို လအလိုက်  ပြန်စစ်ရသည်..။
"ဒေါက်..ဒေါက်…"
"ရွှေခဲပြော.."
"ဦး… အိပ်သေးဘူးလား.."
"အိပ်နှင့်လိုက်…ရွှေခဲ…ဒီက အလုပ်တွေကျန်နေသေးလို့.."
"ဟွင့်…"
ခြေသံ ပြင်းပြင်းနဲ့ တံခါး ဆောင့်ပိတ်လိုက်သံကြောင့် ဒီပါ နာရီကိုကြည့်လိုက်တော့ ကိုးနာရီ ခွဲနြေ့ပီမို့ အိပ်ချင်နေပြီ ဆိုတာ သိလိုက်သည်..။
ပန်းအချစ်ဦး တို့ လူကသာ ပိန်ပိန်ညှပ်ညှပ်သေးသေးလေး…စားတော့လည်း အ၀..အိပ်တော့လည်း နေ၀င်အိပ်တန်းတက်ချင်သည်..။
ဒီပါ လက်စ ဖိုင်ကို ပြီးအောင် စစ်လိုက်ပြီး ဆယ်နာရီ ထိုးတော့ မှ လက်စသတ်ခါ စာဖတ်ခန်းထဲက ထွက်လာခဲ့ရသည်..။
"ဟင်…ဘာ..ဘာဖြစ်တာလည်း..ရွှေခဲ.."
ဒီပါ မီးမှိတ်ပြီး ခုတင်ပေါ်ကို ရောက်တော့ ရှိုက်သံနဲ့ အတူ သူ့ကျောပြင်တုန်နေတာ သတိထားမိတော့ ငုံ့ကြည့်လိုက်မိသည်..။
"ဘာဖြစ်တာလည်း..ကောင်မလေး..ဟင်.."
"….."
"ဘာဖြစ်လို့လည်း.."
"အင့်…"
ခေါင်းရမ်းပြီး ဖြေပေးပေမဲ့ ဒီပါ စိတ်ထဲ ပူလောင်ပြင်းရှနေတာ ကျောခိုင်းထားတဲ့ သူ သိမယ် မထင်..။
မာကျောလှတဲ့ သူက အခုလို ငိုနေတော့ ရူပါနဲ့ တုန်းက ကိစ္စတွေကို ပြန်မြင်ယောင် ရင်း စိတ်မရှည်ဖြစ်ရသည်..။
"ပြောလေ.."
"အော်နဲ့.."
"ဆောရီး..ဒီက စိတ်ပူလို့ပါ..ဘာဖြစ်တာလည်း..ဟင်.."
"အိပ်မက်မက်လို့.."
အလိမ်အညာစကား တစ်ခုပဲ ထွက်လာလို့ ဒီပါ သက်ပြင်းချရင်း စိတ်မောရပေမဲ့ သူ့ လက်မောင်းကို ပွတ်သပ်ပေးနေမိသည်..။
ဆံပင်လေးတွေကို ထိုးဖွလိုက်ပြီး ရိုးသားစွာဖြင့် လက်ကို ဆွဲခါ ရင်ခွင်ထဲကို ကိုယ်လုံးလေး သွင်းယူလိုက်သည်..။
"အင့်.."
ရင်ဘတ်ထဲကို ခေါင်းတိုး၀င်ပြီး ရှိက်နေတာ သိတော့ သက်ပြင်းမော ချရင်း ဆံပင်တိုလေးတွေကို ပွတ်သပ် ခါ နှစ်သိမ့်ပေးနေရသည်..။
ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
ဇာတ်ကလည်း မျော
ဟိုလိုလို ဒီလိုလို💔😢 ဝဲကိုလည်နေတာပဲ နော် 💔😢
ဘယ်လိုတွေ ပြောရမှန်းတောင် မသိတော့ပါဘူး💔😢
အခုလို ခပ်ညံညံ့တွေ တွေ စောင့်ဖတ်ပေးတာ အားနာပြီး
ကျေးဇူးတင်ပါတယ်❤
အားပေးစကားတွေကြောင့် ပျော်ရပါတယ် 💃
.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now