Part 15

3K 146 0
                                    

မုန်းပါနဲ့ဦး
အပိုင်း (၁၅)
#မုန်းပါနဲ့ဦး

"ဟင်…ဦးဒီက ကြောင်ကြီး ၀င်လာပြီ…"
အချစ်  ခုံပေါ်က ဆေးပုလင်းတွေကို ပြန်စီနေတုန်း တံခါးဖွင်ံ့ပြီး ၀င်လာတာ ဦးဒီက ရဲ့ အချစ်တော် ကြီး ဖြစ်နေတော့ နှာခေါင်းရှုံ့ ၍ ပြောမိသည်..။
ဦးဒီက အခန်းတံခါးကို ဘယ်တော့မှ မပိတ်ပဲ စေ့ရုံသာ ထားတော့ သူ့ကြောင် လည်က ခေါင်းတိုးပြီး ဖွင့်၀င်တက်သလို တစ်ခါတလေ လူလိုပဲ လက်နဲ့ တွန်းဖွင့်၀င်လာသည်..။
"လူစီဖာ…သား ဗိုက်ဆာလို့လား.."
"ဘာမှ ဗိုက်မဆာဘူး…ညတိုင်း ၀င်လာတာပဲ…ခုတင်လုမို့.."
အချစ် နှာခေါင်းရှုံ့  မျက်နှာမဲ့ ပြီး ပြောလိုက်တော့ ဦးဒီက က ပြုံးရင်း ပေါင်ပေါ်တက်လာတဲ့ သူ့ကြောင်ကို ပွတ်သပ်ပေးနေသည်..။
"ဦးဒီက အဲကွန်းလုပ်ပြီးပြီလား.."
"အင်း..မင်း အရမ်းချမ်းနေလိမ့်မယ်.."
"ရပါတယ်…အချစ်က အေးမှ အိပ်ပျော်တာ…"
"ဟုတ်ပါပြီ စောင်ခြုံအိပ်…"
ဦးဒီက က ကြောင်ကို ခုတင် ခြေရင်းဘက်ကို ပြောင်းတင်ပြီး ဝှီးချဲ ခလုတ်တွေ နှိပ်ခါ ခုတင်ပေါ် တက်နိုင်အောင် ပြင်နေသည်..။
အချစ်တွဲပေးရင် ခြေထောက်ပိုနာသည် ဆိုသောကြောင့် အချစ် တာ၀န် တစ်ခုလျော့သွားသည်..။
အတူတူ အိပ်တာ တစ်ပတ်ကျော်လာတော့ အချစ်လည်း သတိနဲ့ အိပ်ဖြစ်သလို ဦးဒီက ကလည်း သူ့ ခြေထောက်ဘေးမှာ ဖက်ခေါင်းအုံးတွေ ကာရံထားသည်..။
အချစ်တို့က ပူရင်သာ လူးပျံနေတာ အေးရင် တစ်ကွေးတည်းဖြင့် မိုးလင်းသည်လေ…။
ဒါတောင် ဒုတိယနေ့က သတိထားနေတဲ့ ကြားမှ တရေးနိုးချိန်  ဦးဒီက ရင်ဘတ်ပေါ် ခေါင်းဆိုက်နေလို့ အမြန် ပြန်ရွေ့ရသည်..။
အချစ် ကျောပေးပြီး ခပ်ကွေးကွေး အိပ်ရင်း အဖိုးဆီက တောင်းထားတဲ့ ၀င်း ပုံလေးကို ကြည့်၍ ပြုံးမိသည်..။
မနက်တိုင်း တွေ့နေရပေမဲ့ အမြဲတွေ့ချင်နေတဲ့ စိတ်ကြောင့် လောဘ ကြီးလာတာ ကိုယ်တိုင်သိသည်..။
"ဟင်း…"
"သက်ပြင်းချတက်နေပြီလား…"
အချစ် မကျေနပ်ချက်တွေ ဦးဒီက ဘက်ကို ပြောင်းသွားခါ ကိုယ်ကို တစ်ခြမ်းစောင်းလိုက်ပြီး…
"ဦးဒီက ကလည်း…အချစ်က ငယ်ငယ်ကတည်း က သက်ပြင်းချတက်တာပါ…မနက်က အသည်းလေး ဘာဖြစ်လို့ မလာတာလည်းဟင်…"
"မင်း ကို တစ်ခုမှာထားရဦးမယ်…ကောင်မလေး.."
"အင်း.."
"ရူပါ့ကို အကိုကြီးလို့ ခေါ်လိုက် အသည်းလေး လို့ ခေါ်လိုက်နဲ့ အမျိုးမျိုးခေါ်နေတာ မကောင်းဘူးကွ…"
"အချစ် အစကတည်းက ခေါ်နေတာပဲ.."
"အင်းလေ…ကွယ်ရာ ခေါ်နေကျဆိုတော့ သူနဲ့ စကားပြောတိုင်း မင်း ပြန်ပြင်နေရတာတွေ့တော့ ဒီက စိတ်မသက်သာဘူး.."
"ဒီက ပါပြန်ပြီ.."
"ဆောရီး…အဲလို မျိုး ဖြစ်တော့ မကောင်းဘူးလေ အသက်လည်း ကွာတော့ လူကြီးဆန်ဆန် ကိုရူပါပဲ ခေါ်ပေါ့….ဟုတ်လား.."
"မဟုတ်ဘူး.."
"ဟင်…"
"ဦးဒီက ပဲ ဟုတ်လားဆိုပြီး.."
"ငါ ပြောတာက.."
"ထားလိုက်တော့ ဦးဒီက က အလုပ်ရှင်ပဲဟာ …ပြောတဲ့ အတိုင်း ခေါ်ပါ့မယ်…"
"အဟွင်း…မင်းက လိမ်မာတဲ့ ကလေးပဲ…"
"ဟွန့်…ခိုင်းတာလုပ်ရင် လိမ်မာတယ် အပြောခံရတာ အကျင့်ပါနေကြပြီ…ခိုင်းတာလုပ်ရင် လိမ်မာတယ် မပြောပဲ ခိုင်းတာမလုပ်တဲ့ အခါ နားလည်ပေးနိုင်တဲ့ လူတွေ ရှိရင် သိပ်ကောင်းမှာပဲနော်…"
"မင်းက တစ်ခါတလေ သိပ်ပြီး ဆန့်ကျင်ဘက် တွေ တွေးလွန်းတယ် ပန်းအချစ်ဦးရယ်…အိပ်ခါနီး အတွေးများရင် အိပ်မပျော်ပဲ နေလိမ့်မယ်..လက်ထဲက ဓာတ်ပုံချပြီး အိပ်တော့လေ…"
"အမ်း…အိပ်တော့မယ်…၀င်းရေ…အူးမွား.."
အချစ် ဓာတ်ပုံကို နမ်းပြီး ခေါင်းအုံးအောက်ကို ထိုးထည့်ခါ မျက်လုံး စုံမှိတ်လိုက်၍ စိတ်ကူးယဉ်ခြင်း အလုပ်ကို စတင်တော့သည်..။
ဒီညတော့ ၀င်းနဲ့ အချစ် တို့ နှစ်ယောက်တည်း ပင်လယ်မှာ ရေကူးနေကြသည်..။
အချစ်က ၀င်းရဲ့ ရင်ခွင်ထဲမှာ နေပြီး လှိုင်းစီးနေရတာ ပျေ်ာစရာကြီး…။
.
"ဟာ…"
"လိုက်ခဲ့ပါ မောင်ရယ်.."
"ဟင့်အင်း…မလိုက်ဘူး.."
ဒီပါ လက်ကို အတင်းရုန်းနေပေမဲ့ အင်အားမမျှလို့ တရွတ်တိုက် နီးပါး ပါသွားရတာ တောင်စောင်း တစ်ခုကို ရောက်ခါနီးနေပြီ…။
"မလိုက်ဘူး..ပြုတ်ကျလိမ့်မယ်…"
"မေရီ မောင် နဲ့ မခွဲနိုင်လို့ လိုက်ခဲ့ပါ မောင်ရယ်…မောင် နဲ့ အမြဲနေချင်လို့ပါ…"
"အိုး..မင်းကို ငါ မသိဘူး…လွတ်…"
"ရောက်ခါနီး ပါပြီ မောင်ရယ်…မနာပါဘူး.."
"အိုး…မလိုက်ဘူး…ဒီက မလိုက်ဘူး…"
ဒီပါ ရုန်းနေရင်း ကန်နေရင်း တောင်စောင်းအနားကို တဖြည်းဖြည်း ရောက်လာခါ ရှေ့မှာ ချောက်ကပါးကြီး က ဆီးကြိုနေသည်…။
တစ်ကိုယ်လုံး တုန်ယင်နေပြီး ချွေးစေးတွေ ပြန်နေချိန် ကိုယ်ထဲက အားတွေ လွင့်ပျံသွားသလို ခံစားရခါ တဖြည်းဖြည်း ထိုမိန်းမ ခေါ်ဆောင်ရာ နောက်ကို လိုက်သွားမိသည်..။
ခြေတလှမ်းတိုင်းက အန္တရယ်ဆီကို တိုးသွားနေတာ သိပေမဲ့ တားဆီးလို့ မရအောင် ရှေ့တိုးနေသည်..။
"ဦးဒီက.."
"ဟင်…"
"မလာနဲ့…နင်သွား…မောင့်ကို ငါခေါ်သွားမယ်…"
"မရဘူး…ဦးဒီက က ငါ့ရဲ့ တရား၀င် ယောင်္ကျား ကတိသစ္စာနဲ့ လပ်ထက်ထားတာ နင့် ကောင်းရာ ဘုံဘ၀ကို သွားပါ မေရီ…"
"မောင် မပါပဲ ငါ မသွားချင်ဘူး…"
"မရဘူး…"
"ပန်းအချစ်ဦး…..."
မေရီ ဆိုတဲ့ ကောင်မလေးက တဖြည်းဖြည်း အားကြီးလာသလို ဒီပါ့ လက်ကို ဆွဲရင်း ခေါ်နေသည်..။
"ငါတို့ရဲ့ သစ္စာ လက်စွပ်ရှိတယ် နင် ခေါ်လို့မရဘူး မေရီ…နင့်ဘ၀ကို နင် ပြန်နေပါ….အေးချမ်းစွာ နားနေပါ…"
"ဟင့်အင်း…မပြောနဲ့ မသွားချင်ဘူး…"
"ငါ့ယောင်္ကျားကို ထားခဲ့ပြီး… အိပ်စက်အနားယူပါတော့… မေရီ…"
"အား..မဟုတ်ဘူး…မဟုတ်ဘူး…"
ဒီပါ လက်ကို ဆောင့်ဆွဲနေရင်း ကွယ်ပျောက်သွားတော့ လူက ဟန်ချက်ပျက်ပြီး ချောက်ကြီးထဲကို လွင့်ကျချိန်..။
"အား….."
"ဦးဒီက….ဦးဒီက…"
"ဟင်…"
"ဦးဒီက…ဘာဖြစ်တာလည်း.."
ဒီပါ အ်ိပ်မက်နဲ့ လက်တွေ့ မသဲကွဲခင် ငုံ့မိုးကြည့်နေတဲ့ ပန်းအချစ်ဦး ကိုတွေ့တော့ စိုးရိမ်ထိတ်လန့် နေတာ လျော့သွားရသည်..။
"အိပ်မက်လား.."
'ဟုတ်တယ်…ဦးဒီက အော်လိုက်တာ အချစ်တောင်  ထထိုင်မိတယ်…နေဦး…ရေသောက်လိုက်ဦး…"
ဒီပါ အသက်ပြင်းပြင်း ရှုနေရချိန်  ခုတင်ဘေးခုံပေါ်က ရေခွက်ထဲ ရေငှဲ့ထည့်ပြီး လှမ်းပေးတော့ ထထိုင်၍ သောက်လိုက်ရသည်..။
"ဟင်း…"
"သရဲ အိပ်မက်လား..ဟင်…"
"အင်း….အိပ်ယာနိုးပေးလို့ ကျေးဇူးတင်ပါတယ်…ပန်းအချစ်ဦး.."
"တင်စရာကို…ပြန်အိပ်ရင်လည်း အိပ်ပျော်မှာ မဟုတ်ဘူး…တစ်ခုခု စားမလား…သြော်…နွားနို့ ယူပေးမယ်…"
"နေပါစေ….ခဏနေပါဦး……"
အချစ် လက်ကို ဆွဲပြီး ပြောတော့ ချွေးစေးတွေ ထွက်နေတဲ့ နဖူးကို ကြည့်ပြီး ဘေးနားက တစ်ရှုးဆွဲထုတ်ခါ တို့သုတ်ပေးမိသည်..။
"အချစ် ငယ်ငယ်ကလည်း အိပ်မက်ဆိုး ခဏခဏ မက်တယ်…"
"ဟင်…"
"အချစ် မက်တဲ့ အိပ်မက်က အချစ်အတွက် သိပ်မဆိုးပေမဲ့ အမေ့ အတွက်တော့ ဆိုးတယ် ဦးဒီကရဲ့…"
"ဟင်း…ဘယ်လိုမျိုးလည်း.."
"အချစ်က အိပ်မက်ထဲမှာ ရှူးပေါက်ချင်လို့ ရေအိမ်ရှာတာလေ…"
"အဟွင်း.."
အချစ်စကားကို ကြားရတော့ ထိတ်လန့်ကြောက်ရွံနေတဲ့  ဦးဒီက မျက်နှာ ပျောက်သွားခါ  တစ်ချက်ပြုံးလိုက်ချိန် လက်ညိုးထိုးပြီး…
"သိနေလို့လား…"
"အင်း.."
"ဟား..ဟား..ဦးဒီက ငယ်ငယ်ကလည်း ဒီလိုပဲလား.."
"အာ..ဒီက မဟုတ်ပါဘူး…ရူပါလေ…မနက် အဆူခံရတိုင်း သူ အဲလိုပဲ ပြောတယ်…"
"ဟား…ဟား….အသည်း..အဲ ကိုရူပါလည်း အချစ်နဲ့ တူတူပဲ စ စရာ ရပြီ…"
"မလုပ်ပါနဲ့ စိတ်ဆိုးနေမယ်…"
"အင်း..စိတ်ဆိုးလို့တော့ မဖြစ်ဘူး..ဒါပေမဲ့ လေ အမေ က အချစ်ပြောတာ မယုံဘူး သိလား…အပျင်းကြီးတယ်ပဲ ထင်နေတယ်…အမေက လျှော်ရတိုင်း ဒီကောင်မလေး ဟာလေ…ငပျင်းမလေး..ဆိုပြီး ဆူတက်တယ်…အချစ်က အိပ်မက်ကို သေချာ ရှင်းပြတိုင်း လုပ်ကြံပြီး ပြောတယ်ပဲ ထင်တယ်…"
"အမေ က လျှော်ရတာကိုး.."
"အင်း..ဟုတ်မယ်…ဦးဒီက သွားလိုက်ဦးလေ…တော်ကြာ အချစ်လို အိပ်မက်မက်နေဦးမယ်.."
"အဟွင်း…မဖြစ်ပါဘူး…"
"ပြန်အိပ်မလား….တီဗွီ ကြည့်မလား.."
"မင်း အိပ်လိုက်ပါ ဒီက  အိပ်မပျော်ဘူး…"
"အချစ်လည်း သိပ်မအိပ်ချင်သေးဘူး…တီဗွီကြည့်ရအောင်…"
အချစ် ခုတင် ခြေရင်းက နံရံကပ် တီဗွီကြီးကို ဆင်း ဖွင့်လိုက်ပြီး ရီမု ယူခါ ကုတင်ပေါ် ပြန်ခုန်တက်လိုက်သည်..။
"ပြုတ်ကျဦးမယ်.."
"ခုန်လို့ကောင်းလို့ပါ…ဦးဒီက နေဦး…အချစ် ခေါင်းအုံးခုပေးမယ်.."
ဒီပါ ကျောကို ထူလိုက်ပြီး ခေါင်းအုံး ကို ထောင်လိုက်ခါ ကျောနောက်မှာ နေရာချပေးသည်..။
ခြေထောက်တွေကို စောင်ခြုံပေးပြီးမှ တီဗွီ အစီအစဉ်တွေ ပြောင်းနေတော့သည်..။
"အိုး…ဒီကားလည်း လွင့်သေးတာပဲ…အဲကား ရယ်ရတယ်… မင်းသားက အမြဲတလွဲ လုပ်တက်တာလေ….ကောင်းတယ်…"
"ညနက်နေပြီ.."
"ရပါတယ်..ခဏကြည့်တာပေါ့..မနက်ကျလည်း ဦးဒီက အလုပ်ရှိတာ မဟုတ်ပဲ…"
ဒီပါ့ ရဲ့ စကားကို ငြင်းဆန်ပြီး ခေါင်းအုံးကို သေချာနေရချသေးသည်…။
စောင်ကို ဆွဲခါ သူ့ကိုယ်ပေါ် တင်၍ တီဗွီကိုသာ အာရုံစိုက်နေပြီ.။
ဟင်း…ကောင်းပါတယ်လေ…အိပ်မက်က လန့်နိုးပြီးရင် တော်တော်နဲ့ အိပ်မပျော်တက်တဲ့ ဒီပါ့ အကျင့်ကြောင့် အခုတော့ အဖော်ရပြီပေါ့လေ..။
ကိုရီးယား စာတန်းထိုး ရုပ်ရှင်ထဲ စိတ်နှစ်ပြီး ကြည့်နေရတာ သူပြောသလို မင်းသားက အူကြောင်ကြောင်ကောင်လေးပါ..။
"ဟင်.."
ဒီပါ့ ပခုံးပေါ် ဖြုတ်ခနဲ ပြုတ်ကျလာတော့ လှည့်ကြည့်မိတာ ငိုက်တောင်နေပြီ..။
ကလေး ဖြစ်ပြီး အိပ်ချင်တာကို ဒီပါ့ ကြောင့် လိမ်လိုက်တာ သိတော့ ပြုံးမိသည်..။
ပခုံးပေါ် တဖြည်းဖြည်း အိကျလာပြီး နေသားတကျ ဖြစ်သွားတော့ ဒီပါလည်း ငြိမ်သက်စွာဖြင့် တီဗွီကိုသာ ကြည့်နေလိုက်သည်..။
ဇာတ်လမ်းက စိတ်၀င်စားဖို့ ကောင်းသလို ရယ်လည်း ရယ်ရတော့ အိပ်မက်ဆိုး ကို မေ့သွားပြီး ပြန်အိပ်ဖို့ အဆင့်သင့် ဖြစ်သွားသည်..။
တီဗွီကို လှမ်းပိတ်ပြီး ပခုံးမှာ မှီနေတဲ့ သူ့ကို နေရာချဖို့ စဉ်းစားမိသည်..။
"ဟင်..ဦး.."
ခေါင်းကို လက်နဲ့ ပွေ့ယူပြီး နေရာပြောင်းပေးဖို့ ပြင်နေချိန်  အိပ်မှုန်စုံမွှား မျက်လုံးတွေ ပွင့်လာတော့သည်..။
"အိပ်လိုက်တော့…"
"ဟုတ်…"
လက်ပေါ်က ခေါင်းကို သူ့ဟာသူ ထောင်ပြီး ခေါင်းအုံးဆွဲခါ ဖျတ်ခနဲလှဲချ၍ ကွေးအိပ်တော့သည်..။
ဒီပါ စောင်ကို ကိုယ်ပေါ်
လွှမ်းခြုံ ပေးလိုက်ပြီး အိပ်မက်တွေထဲမှာ ခဏခဏ ကယ်တင်ပေးတက်တဲ့ ကောင်မလေး မျက်နှာကို ကျေးဇူးတင်စိတ်ဖြင့်  ငေးကြည့်နေမိသည်..။
"အမေ…ဒီကောင်မလေး… ဆိုးတာလား…လိမ်မာတာလား…ဒီက လည်း မပြောတက်တော့ဘူး…အမေသာ ရှိရင် ပြောစရာ များမယ်ထင်တယ်…"
အမေ့ဓာတ်ပုံလေးကို အံဆွဲထဲပြန်ထည့်ပြီး အိပ်ယာပေါ်လဲချလိုက်ခါ ကျောပေးထားတဲ့ ကောင်မလေးဆီ အကြည့်တစ်ချက် ရောက်သွားသည်။
အမေ့ စာထဲမှာလည်း အဖေက အမြဲ ကျောပေး အိပ်တက်တယ် ဆိုတာ ပါသည်လေ..။
အဖေ့ ရဲ့ အေးစက်တဲ့ အပြုအမူ အကြောင်းကို အမေ သိမသွားပေမဲ့ ဒီပါ့ကိုတော့ အဖေက ပြောပြခဲ့ဖူးပါသည်။
"သား…အမေ က မသိတာပါ…အဖေ က မျက်နှာချင်းဆိုင်ပြီး ကြည့်နေရင် ရင်တွေခုန်ပြီး ရှက်တယ်…အဲ...မေ အိပ်ပျော်သွားရင်တော့ အိပ်ပျော်နေတဲ့ သူ့မျက်နှာလေးကို တစိမ့်စိမ့် ကြည့်ပြီး တိတ်တိတ်လေး ကြည်နူးမြတ်နိုး ခဲ့ရတာပါ…လူချင်း ဘယ်လောက် နီးနီး တစ်ယောက်နဲ့ တစ်ယောက် ထုတ်ဖော် မပြောရင် ရင်ခုန်သံချင်း မနီးနိုင်ဘူး…ဘယ်လောက်ချစ်လည်း  မသိနိုင်ဘူး……ကိုယ် ချစ်တဲ့ မိန်းကလေးက သူစိမ်း တစ်ယောက်ဆိုတာ မမေ့နဲ့…အဖေ့လို ငါ့ရင်ဘတ်ထဲက အချစ် သူ သိနေမှာပါ လို့ စိတ်ကူးယဉ်မတွေး မိစေနဲ့…ပြောခွင့် ရှိတုန်းလေး ချစ်သူ့မျက်နှာကို ငေးဆိုက်ကြည့်ပြီး ယုယုယယ ချစ်တယ်လို့ ပြောလိုက်ပေါ့ သားရယ်…အဖေ့လိုတော့ မဖြစ်စေနဲ့…ကြားလား…"
"ဟုတ်…"
ဒီပါ သက်ပြင်းချရင်း မျက်နှာကျက်က မီးအုပ်ဆီကို အကြည့်ပို့လိုက်သည်။
အိပ်မက်ထဲမှာ လက်ဆွဲကိုင်ထားပေးတဲ့ ပန်းအချစ်ဦး ပုံရိပ်ပေါ်လာပြန်သည်။
"… ကောင်မလေး ကိုပဲ ချစ်နိုင်အောင် ဒီက ကြိုးစားနေပါတယ် ”
ဒီပါ မျက်လုံးတွေ မှိတ်ပစ်လိုက်ခါ အိပ်ပျော်ဖို့သာ စောင့်နေလိုက်တော့သည်။
.
"အဒေါ် ဒီနေ့ ပြန်ရမယ် သမီးရေ…"
"……"
"မပြန်လို့လည်း မရဘူးလေ….သမီး အကိုတွေ အကြောင်းသိတယ်မလား စိုက်ခင်းတွေကို ကြည့်မှာ မဟုတ်ဘူး သမိးရဲ့…"
"……"
"ကောင်မလေး…"
"ဟင်…ရှင်…"
အချစ် ကို ခေါ်လိုက်တဲ့ ဦးဒီပါ အသံနဲ့ အတူ လက်ကို အတွန်းခံလိုက်ရတော့ အချစ် သတိ၀င်ပြီး ရှေ့ကို ကြည့်လိုက်မိသည်.။
"အိုး.."
ပေါင်မုန့်ထောပတ်သုတ် စားချင်တယ် ဆိုပြီး ထောပတ်တွေ ဆွဲနေမိတာ ထူပိန်းနေပြီလေ…။
အသည်းလေးကို မတွေ့ရတဲ့ မနက်ခင်းတွေက စိတ်ပျက်ဖို့ကောင်းလိုက်တာနော်..။
"အဒေါ် ဒီနေ့ ပြန်မယ်တဲ့.."
"ဟင်..ဘာဖြစ်လို့လည်း.."
"အခုပဲ ပြောပြတယ်လေ…"
"ဟိ….ဟုတ်လား..အချစ် ညတုန်းက အိပ်မပျော်လို့ ခုမှ ငိုက်နေတာ.."
"ဖြစ်ပြန်ပြီ.…"
အဒေါ်ရဲ့ နှုတ်ခမ်းမဲ့ခါ မျက်စောင်းထိုးမှုကို ခံယူရင်း အချစ် လက်ထဲက ပေါင်မုန့် ထောင့်စွန်းလေးကို မြှောက်ခါ ကိုက်စားလိုက်သည်..။
"သမီး အကိုတွေက အပင်တွေကို ပစ်ထားမှာလေ…ဒါကြောင့် ပြန်ရမယ်…"
"ဟင်း…"
"ဒီမှာနေတာ ဆယ်ငါးရက်တောင် ကျော်လာပြီပဲ နေသားလည်း ကျနေပြီမလား.."
"အင်းပါ…အဒေါ် ပြန်ရင်လည်း ပြန်ပေါ့လေ…"
"ပြောပုံက…"
"ဘာနဲ့ ပြန်မလည်း ဟင်.."
" …အဘိုး ကုမ္ပဏီက ကောင်လေး တစ်ယောက်ကို လိုက်ပို့ ခိုင်းထားတယ်…လေယာဉ်နဲ့ သွားပြီး ကားနဲ့ ဆက်သွားလိမ့်မယ်…"
ထမင်းစားခန်း ၀င်လာတဲ့ အဘိုးက ပြောလိုက်တော့ အချစ် ထပ်မမေးတော့ပဲ ခေါင်းညိတ်လိုက်ရသည်.။
အဒေါ်သာ ပြန်ရင် အချစ်တော့ ပိုပျင်းပြီ..။
ဘယ်လိုနေရပါ့မလည်း..။
အိုး..ဘာပဲ ဖြစ်ဖြစ် ဆူမဲ့ရိုက်မဲ့ လူ တစ်ယောက် ပြန်သွားတာလည်း ကောင်းတာပဲ တကယ်ဆို ပျော်တောင် ပျော်သေး…။
မဖြစ်သေးပါဘူး..တော်ကြာ ကျေးဇူးကန်းတဲ့ ဟာမလေးလို့ အဖိုးက မြင်သွားဦးမယ်…။
"အဟင့်….အချစ်လည်း သတိရတယ်…လိုက်လို့မရဘူးလား.."
"သား …နေပြန်ကောင်းရင် သွားပေါ့ နောက်လလောက်ကျရင် လမ်းပြန်လျှောက်နိုင်ပါပြီ…"
"ဟုတ်း…"
အချစ် ကို အဖိုးက အားပေးစကားပြောသလို အမြဲတမ်းဆူနေတဲ့ အဒေါ်ကလည်း ခေါင်းကိုသေချာ သပ်ပေးရင်း မျက်ရည်ဝဲနေသည်..။
အချစ်တို့ သရုပ်ဆောင်ကောင်းတာ နောက်များဆိုရင် အသည်းလေးနဲ့ အလုပ်တူတူ လုပ်လို့ရပြီ…။
"အဒေါ် ဘယ်တော့ ပြန်မှာလည်း.."
"ဆယ်နာရီ ဆိုတော့ အခု မုန့်စားပြီး သွားရမယ်လေ….လိုက်ပို့မဲ့ ကောင်လေးတောင် ရောက်နေပြီ…"
"ဟင်း….."
အချစ် သက်ပြင်းချလိုက်တော့ အဒေါ်က ပါးကို ဖွဖွ လိမ်ပြီး ခေါင်းကိုလည်း ပွတ်သပ်ပေးနေသည်..။
ဒီလိုကျပြန်တော့လည်း အဒေါ်က ချစ်ဖို့ကောင်းသွားပြန်ခါ အချစ်လည်း မခွဲချင်သလိုလို တကယ် ဖြစ်လာသည်..။
"လိမ်လိမ်မာမာနေနော် သမီး.."
"ဟုတ်…"
"လူကြီးတွေကို ရိုသေရမယ်…စကားနားထောင်ရမယ်…သမီးက အခု အိမ်ထောင်နဲ့ဖြစ်သွားပြိ အရင်လို ဆိုးလို့ မဖြစ်ဘူးနော်…အဒေါ် မကောင်းဘူး ဖြစ်လိမ့်မယ်…ကြားလား…"
"ဟုတ်…"
"ကလေးဆန်တာတွေလည်းလျော့…ကိုယ့်ယောင်္ကျားက ကလေးလို အလိုလိုက်ထားပေမဲ့ သူ့ကိုလည်း ပြန်သိတက်ပေါ့…"
"အင်း…"
"ငါ့သမီးက ကံကောင်းပါတယ်…သမီး အမေ ကော ငါ ကော ယောင်္ကျားရတာ ကံမကောင်းလို့ အရက်သမားတွေချည်းပဲ… အခုမှပဲ စိတ်အေးရတော့တယ်…အဒေါ် အားရင် ဖုန်းဆက်မယ်…နောက်လည်း  လာလည်လို့ရတာပဲ "
"အင်း…."
"ကဲ..နှုတ်ခမ်းစူမနေနဲ့ နင် ဟန်ဆောင်နေတာ ငါသိတယ်…"
အဒေါ်က မှာနေရင်း စိတ်မရှည်သလို ပြောလိုက်တော့ အချစ် ရယ်ကြဲကြဲဖြင့် ခေါင်းကုတ်ခါ ကားအနားကို လိုက်ပို့ရတော့သည်..။
"ဦးလေးရေ…ပြန်ပြီ…သားရေ…ပြန်ပြီနော်…"
"ဟုတ်ကဲ့…"
"ဖြည်းဖြည်းပြန်ပါ…"
"ဟုတ်…"
"အချစ်… အဒေါ်ပြောတာ မမေ့နဲ့နော်…"
"အင်းပါ…"
အချစ် လက်ပြရင်း ကျန်ခဲ့ရတာ စိတ်ထဲ တစ်မျိုးကြီး ဖြစ်လာလို့ ကျောခိုင်းခါ အိမ်ဘက်ကို ပြန်လျှောက်လာခဲ့ရသည်..။
"သား ပေးတဲ့ ဖိုင်ပဲလား.."
"အင်း..ဒီက မောင်ငြိမ်းကို အားလုံးမှာပြီးသားပါ ဖေကြီး…ဆွေးနွေးပွဲ ပုံစံ လုပ်ပေမဲ့ ထိုင်နေရုံပါပဲ…"
"ဟုတ်ပြီ…"
"ဟင်..ဖိုးဖိုးက ဘယ်ကိုလည်း…"
"ဒီပါ့ ကိုယ်စား ရေလုပ်ငန်း ဆွေးနွေးပွဲကို တက်ရမယ်…သမီးရေ…"
အဖိုးက ပြောရင်း ဆိုရင်း စာရွက်တွေကောက်ကိုင်ပြီး အခန်းထဲ ၀င်သွားတော့ အချစ် စပ်စုချင်တာကြောင့်…
"သြော်…ဒါဆို ဦးဒီက အရင်တုန်းက တော်တော် အလုပ်များမှာပဲ…"
"အိမ်မှာကို နေချိန်မရှိဘူး.."
"အခုတော့ အနားရသွားပြီ…"
"အဟွင်း…ဟုတ်တယ်…"
ဦးဒီက က ဝှီးချဲကို လှည့်ပြီး အပေါ်တက်ဖို့ ပြင်နေတော့ အချစ် လည်း နောက်ကလိုက်သွားရသည်..။
အသည်းလေး မရှိတဲ့ အောက်ထပ်က အထီးကျန်ဆန်နေတာ မခံစားနိုင်ပါဘူးလေ….။
အသည်းလေး အသံ မကြားရတော့ နားတွေက အစ အထီးကျန်နေပြီ။
"ဒီနေ့ အောက်မှာ မနေဘူးလား.."
"ဦးဒီကလည်း အောက်မှာ ဘယ်သူမှ မရှိတော့တာ သိသားနဲ့…"
"အဟွင်း.."
အချစ် ကို လှောင်ပြုံးပြီး စာဖတ်ခန်းထဲ ၀င်သွားတော့ အချစ် ၀ရန်တာကို ထွက်ပြီး မေးထောက်ခါ  ရပ်နေမိသည်..။
အောက်က ပန်းပင်တွေ နဲ့ အပင် ပုလေးတွေကြောင့် စိမ်းစိုနေတဲ့ မြင်ကွင်းလေးက တစ်မျိုး လွမ်းစရာကောင်းသည်..။
အဖိုးလည်း အိမ်မှာ မရှိချိန် အသည်းလေး လာရင် ကောင်းမှာပဲ အဖိုးရှိချိန်ကျရင် ဦးဒီက ကို အနားမှာထားပြီး စကားပြောရတာ မ၀ ပါဘူး…။
အသည်းလေးရေ….လွမ်းလိုက်တာ… ဘာတွေများ လုပ်နေလည်းဟင်…။
"ကောင်မလေး…"
"ဟင်…"
ဦးဒီက ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ မျက်နှာ ကြမ်းကြမ်းကြီးက ပြုံးမလိုလိုနဲ့ ဖြစ်နေသည်..။
ဘာတွေ ညာပြီး ခိုင်းဦးမလို့လည်း မသိပါဘူး..။
အိမ်မှာဆို အကိုကြီး အဲလို ပြုံးတိုင်း ပိုက်ဆံဆိုက်ပြီး အရက်၀ယ်ခိုင်းပြီလေ..။
"ရော့…"
"ဘာလည်း…"
အချစ်ကို လှမ်းပေးလာတာ…
အလှစက္ကူ ကပ်ထားတဲ့ လက်ကိုင်ပါ ဒယ်အိုးကြီးကို ကြောင်တောင်တောင်ဖြင့် ကြည့်ရင်း မေးခွန်းထုတ်မိသည်…။
"ဖွင့်ကြည့်လေ…"
"ကြည့်တာနဲ့ သိတယ်…"
"ဘာလည်း.."
"ဒယ်ပြားကြီး.."
"အဟွင်း…ဟုတ်တယ်….မင်း လိမ်မာပြီး ငါ့ကို အများကြီး ကူညီပေးလို့  လက်ဆောင်ပေးတာ…"
"ဟွင့်..ဒီလက်ဆောင်ကြီး အချစ်က ဘာလုပ်ရမှာလည်း…ဦးဒီက ကလည်း ဒယ်ပြားကြီး ပေးပြီး အချစ် ကို ဟင်းချက် ခိုင်းဦးမလို့လား.."
"မဟုတ်ပါဘူး…မင်း မချက်တက်တာ ငါ သိတယ်လေ….ဒါပေမဲ့ ယူထားလိုက်ပါ နောက် စိတ်ပါမှ ဖွင့်ကြည့်ပေါ့…"
အချစ် ဘက်ကို လက်ကိုင် လှမ်းပေးတော့ စိတ်ပျက်စွာဖြင့် လှမ်းယူလိုက်ပြီး ၀ရန်တာမှာ ပြန်ရပ်ခါ အောက်ထပ်ကို ပဲ ငုံ့ကြည့်နေမိသည်..။
မတော်မဆ ကြည့်လိုက်ချိန် ကားလေး ၀င်လာရင် အချစ်လောက် ပျော်တဲ့ သူ ကမ္ဘာမှာ ရှိမယ်မထင်…။
အချစ် လက်ထဲက ဒယ်ပြားကြီးကို ကြည့်ရင်း ဖောက်ချင်စိတ်မရှိပေမဲ့ စိတ်ညစ်လို့ ၀ရန်တာ ကြမ်းပြင်မှာ  ချထိုင်လိုက်ပြီး  လက်ကိုင် ပိုက်ခါ အိတ်ဖြုတ်မိသည်..။
"ဟွင်း.."
ဒီပါ ကိုယ့် အတွေးနဲ့ ကိုယ်မို့ စာအုပ်ကိုင်ထားရင်း ပြုံးလိုက်မိသည်…။
ဒီကောင်မလေး ဖုန်းလိုချင်တာ သိကတည်းက ၀ယ်ထားပြီးသာ့း ဖုန်းကို ပေးဖို့ စီစဉ်ထားပေမဲ့ စွဲလမ်းစိတ်ကို အားပေးအားမြှောက်လုပ်သလို ဖြစ်မှာ စိုးရိမ်မိသည်..။
ကလေးစိတ်သာသာ ရှိသေးသည့် ကောင်မလေး တစ်ယောက် မစဉ်းစားတက်ခင် မှားများ ကုန်မလား တွေးမိပြန်သည်..။
တကယ်တော့ သူ့ အရွယ်ကောင်မလေးတိုင်း ဖုန်းကိုယ်စီ ရှိကြတာ သူ့ခမျာလည်း ကိုင်ချင်ရှာမှာပေါ့လေ..။
ရုပ်ရှင်ကြည့်ရင်း ဇာတ်၀င်ခန်းထဲမှာ ဒယ်ပြားထဲ ဖုန်းထည့်ပေးတော့ သူလည်း အဲလိုရရင် သိပ်ကောင်းမှာပဲ လို့ ပြောတာ အမှတ်တမဲ့ မှတ်ထားမိသည်..။
အခုလို လုပ်မိတာ ကလေး ဆန်နေမလား မသိပေမဲ့ အဒေါ်လည်း ပြန်သွားတော့ စိတ်မကောင်းဖြစ်နေတာနဲ့ ပျော်စေချင်တဲ့ စေတနာဖြင့် ပေးဖြစ်သည်..။
ဒီပါ လက်ထဲ က တာ၀န်တစ်ခု ပေါ့သွားသလို ခံစားရပြီး ဖတ်လက်စ စာအုပ်ကို ကောက်ကိုင်လိုက်ခါ စာထဲကို စိတ်ပြန်သွင်းရသည်..။
"သင် ဟိုမှာပဲ ရပ်နေ…ကျွန်ုပ် အနား ကို မတိုးခဲ့နဲ့ ၊ သင့်ကို ကျွန်ုပ် မယုံကြည်ဘူး၊ သင့်မှာ အခြား ဓားတစ်ချောင်း ရှာရချင် ရလာမလား မသိဘူး၊ အခု သင် ဘာပြောချင်သေးသလဲ ၊ ဟို ရောမလူမျိုး နဲ့ ကျွန်ုပ် စကားပြောနေတုန်း သင်က ဝင်ပြီး ပြောနိုင်ရအောင် သင့်မှာ ဘာ အခွင့်အရေး ရှိသလဲ”
ဒီပါ ဖတ်လက်စ စာထဲ စိတ်ရောက်ပြန်တော့ မျက်မှောင် အလိုလို တွန့်ခါ စိတ်အလိုမကျ ဖြစ်သွားရသည်။
စာအုပ်ထဲက ဇာတ်ကောင် ဟာမားကစ် နေရာကို ကိုယ်တိုင်ရောက်သွားသလို စိတ်ရှုပ် ဒေါသ ဖြစ်ချင်လာသည်။
အနားမှာ သတိပေးပြောဆိုနေတဲ့ သူတွေ ရှိပါရဲ့  မာယာရှင် ကလီယိုပါထရား ကို ယုံတဲ့ ဟာမားကစ် ကိုလည်း စိတ်တို ရပြန်သည်။
ဟင်း…စာအုပ် နာမည် ရေးထားတာ ကလည်း အီဂျစ်ဘုရင်မာယာရှင်ပါဆို…။
ဒီပါ စာကြောင်းတွေဆီ အကြည့်ပြန်ပို့ လိုက်ရသည်။
"သင်ကော ဘာပြောချင်သေးသလဲ ကလီယိုပါထရား ၊ သင်ဆိုခဲ့တဲ့ သစ္စာစကားတွေဟာ ဘယ်မလဲ……”
"ဟယ်…"
စာအုပ်ဖတ်နေချိန် ကြားလိုက်ရတဲ့ အသံကြောင့် ရင်ထဲထိတ်သွားရသည်။
"ဦးဒီက…ဦးဒီက…"
ဒီကောင်မလေးတော့ အပျော်လုံးဆို့ ပြီး တစ်ခုခု မဖြစ်ဖို့ပဲ စိတ်ပူမိသည်..။
အသံကို ကြားလိုက်တာ နဲ့ တော်တော်လေး ကို ပျော်နေပြီမှန်း သိသာလွန်းပါသည်..။
အိပ်ခန်းဘက်က တံခါးဖွင့်သံ ကြားပြီး ခဏကြာတော့ ခြေသံ က အခန်းဘက်ကို ရောက်လာနေပြီ..။
"ဦးဒီက…."
"ဖြည်းဖြည်းခေါ်ပါကွာ…"
"အချစ်ကို ဒါ ပေးတာလား…"
"မကြိုက်ဘူးလား…"
"ဟဲ..ဟဲ…ဦးဒီက ကလည်း ကြိုက်တာပေါ့လို့…. အသေကိုကြိုက်တာပဲ…"
"အသေတော့ မကြိုက်ပါနဲ့ကွာ…"
"ဟွန့်….အချစ်ပျော်တာကို စ နေတယ်…ဦးဒီက လက်ဆောင် အတွက် ကျေးဇူးတင်တယ်…အချစ် ပိုပြီး လိမ်မာ ပါ့မယ်ရှင့်…"
မျက်နှာလေးက ပြုံးပြီး ဖုန်းကို သဘောတကျ ဖြစ်နေခါ လိမ်မာပါ့မယ် ပြောတော့ ဒီပါ ရယ်ချင်လာသည်။
"အဟွင်း…ဟုတ်ပါပြီ…"
"ဟဲ..ဟဲ…ဒယ်အိုးကြီး ပေးလို့ စိတ်ဆိုးမိတာလည်း ခွင့်လွှတ်နော်…ဟဲဟဲ…အချစ်ဘူးကို ဖွင့်ကြည့်တာတောင် မယုံနိုင်သေးဘူး…အထဲက ဖုန်းလေးတွေ့လိုက်တော့…ဟာ ခနဲ့ ဖြစ်သွားတယ်…ဦးဒီက ဂွဒ်ဂျော့…"
ဒီပါ စာအုပ်ကြားထဲ လက်ညိုးညှပ်ထားရင် သဘောကျ ကြည်နူးစွာ ဖြင့် ပြုံးလိုက်မိသည်..။
ဘယ်လို ကောင်မလေးလည်း….။
လူစီဖါ အစာကောင်းကောင်းစားရင် ဒီပါ ပြောနေကျ ဂွဒ်ဂျော့ ဆိုတဲ့ စကားကို မှတ်ထားပြီး အပျော်လွန်နေတဲ့ မျက်နှာလေးနဲ့ လက်မထောင်ပြ၍ ပြောတော့ ပြင်လည်း ပြောမနေတော့ပါဘူး…။
စိတ်ချမ်းသာသလိုသာ ပျော်ပါစေတော့လေ..။
"ဦးဒီက…အထဲမှာ ကဒ်ပါလား…"
"ဘယ်လို ပါမလည်း…မင်းပြောတော့ ဖုန်းလိုချင်တာဆို…"
"ဟာ…ဦးဒီက ညစ်တာ..သိလား..ညစ်တာ…"
ဟန်ဆောင်မှု မရှိတဲ့ ကလေးတစ်ယောက်လို ချက်ချင်း မျက်နှာရှုံ့မဲ့ သွားပြီး ခြေဆောင့်ခါ ဖုန်းကို ကြည့်လိုက် ဒီပါ့ကို မှုန်ကြုတ်ကြုတ် ကြည့်လိုက်လုပ်နေတော့ ထပ် မစချင်တော့ပါ..။
အနားမှာ ရှိနေသရွေ့ စာလည်း ကောင်းကောင်း ဖတ်ရမယ် မထင်…။
"ကဲပါကွာ….ငြိမ်ငြိမ်နေပါ …အဲလို ခြေဆောင့်တာ ဖေကြီး က မကြိုက်ဘူး..ဖေကြီ့းရှေ့မှာ လုပ်ရင် မင်း ဆူခံရလိမ့်မယ်…ပြီးတော့ ငါလျှောက်စနေတာ ကဒ်လည်း ပါတယ်…ပိုက်ဆံလည်း ထည့်ထားတယ်…အိမ်က ဝိုင်ယာလက်စ် ပက်စ်ဝေါ့ဒ် လည်း ထည့်ပြီးသား ဟုတ်ပြီလား…"
"တကယ်…အဲဒါကြောင့် ဦးဒီက ကို ချစ်တာ…အူးမွ….အဲ…"
အချစ် အနှစ်နှစ် အလလ စိတ်ကူးယဉ်ခဲ့ရသည့် ဖုန်းလေးလည်း ရသလို ၀င်း ကိုယ်တိုင် ကြော်ငြာထားတဲ့ ဆမ်ဆောင်းတံဆိပ် နောက်ဆုံးပေါ် ဖုန်းဖြစ်နေတော့…။
အပျော်လွန်ပြီး ဝှီးချဲမှာထိုင်နေတဲ့  ဦးဒီကရဲ့ လည်ပင်းကို သိုင်းဖက်ခါ ပါးကို နမ်းမိပြီးမှ သတိ၀င်တော့ နောက်ကျကုန်ပြီ..။
အချစ်ဘ၀မှာ အသည်းလေးကို အိမ်မှာ စတွေ့တဲ့ အချိန်ပြီးရင် ဖုန်းလေးရတဲ့ အချိန် က အပျော်ဆုံး…..
ဒါကြောင့် မထင်ထားပဲ စိတ်ထဲရှိတာ အပျော်လွန်ပြီး လုပ်လိုက်မိတာ… ဦးလေးကြီးတော့ စိတ်ဆိုးတော့မလား မသိပါဘူး…။
"ဟို..ဟို…"
"ဒီလောက်ပျော်နေရင် ကျကွဲဦးမယ်…သွားတော့လေ… စာဖတ်နေတယ်…"
"ဟုတ်…"
အချစ် ခေါင်းညိတ်ပြီး ခပ်သွက်သွက် ထွက်လာခါ တံခါးကို ဖြည်းဖြည်း ပြန်စေ့ပေးခဲ့၍ ပျော်လွန်းလို့ တကိုယ်လုံး တွန့်ခါ  က ပစ်လိုက်သည်..။
အချစ် တစ်နေ့ကုန် ဖုန်းဖြင့် အလုပ်များနေတာ နေ့လည် ထမင်းစားပြီးတော့လည်း ဖုန်းကို လျှောက်နှိပ်နေတုန်းပါပဲ..။
"ဦးဒီက…"
"ဟင်…"
"အချစ်ကို စိတ်ဆိုးနေတာလား…"
"မဟုတ်ပါဘူး…စာဖတ်နေတယ်လေ…"
"သြော်…."
ဒီပါ့ ရှေ့နား ခုံမှာ ၀င်ထိုင်လိုက်တော့ စိတ်ထဲ တစ်မျိုး ဖြစ်ခါ စာအုပ်ကိုပဲ ဆိုက်ကြည့်နေပေမဲ့ စာကြောင်း တစ်ကြောင်း ကို ဖတ်နေတာ သုံးလေးခါ ဖြစ်နေပြီ..။
ဘာဖြစ်နေလည်းဆိုတာ အမှန်အတိုင်း ၀န်ခံရရင် မင်း အနားမှာ ရှိတာ စာဖတ်လို့ မရအောင် အနှောင့်အယှက် ဖြစ်တယ်လို့ ပြောချင်ပါသည်..။
မနက်တုန်းက မထင်ထားတဲ့ သူ့ တုန့်ပြန်မှုကြောင့် ရင်ခုန်သံတွေ တစ်မျိုး ပြောင်းလဲသွားတာ သတိထားမိပြီး ထိတ်လန့်တုန်လှုပ်ရသည်..။
အချစ်အကြောင်းကို စိတ်၀င်စားပေမဲ့ စာအုပ်တွေထဲ မှာ ဖွေရှာပြီး စာအုပ်တွေထဲမှာသာ သိမ်းထားသည်..။
အချစ်ကို ကြောက်လို့ ဒီအသက် အရွယ် အထိ အချစ်နဲ့ အကင်းဆုံး အဝေးဆုံးမှာ နေခဲ့သည်..။
ကိုယ်လက်ထပ်ထားရတဲ့ အရွယ်ငယ်ငယ် ကောင်မလေးကိုလည်း  ညီမလေး တစ်ယောက်လို ချစ်ခင် စောင့်ရှောက်ချင်ခဲ့တဲ့ စိတ်ပဲ ရှိပါသည်..။
အခုတော့…။
အချစ်ကို မပတ်သက်ချင် လို့ ရင်ခုန်တက်တဲ့ အရွယ်မှာတောင် တည်တည်ငြိမ်ငြိမ် ဖြတ်ကျော်နိုင်ခဲ့ပေမဲ့ အနားက အချစ်ကြောင့်  အချိန်မတိုင်ခင် ရင်ခုန်သံ တစ်မျိုးပြောင်း ကုန်မှာ စိုးရိမ်တယ် ကောင်မလေး ရယ်…။
"ဦးဒီက.."
"ဟင်…"
"ဟို…စာက ဘယ်တော့ ဖတ်လို့ ပြီးမှာလည်း ဟင်…"
"မင်း ပြောစရာ ရှိလို့လား.."
"ဟုတ်…"
"ပြောလေ…"
"ဟို…ဖေ့ဘွတ် အကောင့်လေး ထည့်ပေးပါလား ဟင်….ကိုရူပါ ပုံသစ်တင်တာက ဖေ့ဘွတ်မှာလေ…"
"မင်းအကောင့် မရှိဘူးလား…"
"ဟင့်အင်း.."
"ဒါဆို အသစ်ဖွင့်ပေးမယ်…"
"ကြာမှာလား ဟင်…"
ဒီပါ စာအုပ်ကို ဖျတ်ခနဲ ပိတ်ချလိုက်ပြီး ရှေ့က ခပ်နိမ့်နိမ့်ခုံမှ မော့ကြည့်နေတဲ့ ပန်းအချစ်ဦး ဆိုတဲ့ ကောင်မလေး ကို တစ်ချက်ကြည့်မိသည်..။
ဆိုရှယ်မီဒီယာတွေက အန္တရယ်များသလို မသုံးတက်ရင် ဘေး ဖြစ်တက်သည်..။
သူ့လို အရာရာ ပေါ့ပေါ့တွေးတက်တဲ့ ကောင်မလေးသာ ခပ်လည်လည် သူနဲ့ အသိမိတ်ဆွေ ဖြစ်သွားရင်တော့လား..။
ကိုယ့် အသက့် ကိုယ့် အရွယ် တွေတောင် အညာခံနေရတာကို ပတ်၀န်းကျင်က ကြားသိထားရတာတွေကြောင့် အဝေးကြီးကြိုတွေးခါ ရင်မောရသည်..။
မဖြစ်ပါဘူး သူ ဘာတွေ သုံးလည်း စောင့်ကြည့်လို့ရအောင် တစ်ခုခု လုပ်ထားမှပါလေ..။
"မစောင့်နိုင်ရင် ဒီက အကောင့်ထည့်ပေးထားမယ်…"
"အင်း…လုပ်ပေးပါ…"
ဒီပါ့ လက်ထဲ ဖုန်းအတင်းထိုးထည့်ပြီး အားတက်သရော ပြောလာတော့ ဒီပါ ဖေ့ဘွတ် အကောင့် ထည့်ခါ ပြန်ပေးလိုက်သည်..။
"အလင်းရောင် တဲ့ ဟိဟိ…မသိရင် မော်ဒယ် မင်းသားလိုလို ဘာလိုလို နဲ့ပေါ့….အမယ် ကောင်မလေးတွေနဲ့ ချက်တင်လုပ်ဖို့ ကြံထားတာလား….ဦးဒီက လည်း ရယ်ရတယ်…"
"ဒီပါ ရဲ့ အဓိပ္ပာယ်က အလင်းရောင်လေ…ပုံကလည်း လူစီဖာ ပုံထည့်ထားတာပါ…ဟိုတယ်တွေ နဲ့ အလုပ်ပေ့ခ်ျတွေကို ၀င်စစ်ကြည့်ဖို့ ထားတာလေ….သိပ်တောင် မသုံးဖြစ်ပါဘူး.."
"အချစ်မသိလို့နော်…စိတ်မဆိုးပါနဲ့…"
"အဟွင်း…စိတ်မဆိုးဖို့ ခဏခဏတောင်းပန်နေတော့ စိတ်ဆိုးစရာ လုပ်တော့မယ် ထင်တယ်…"
'ဟုတ်ပါဘူး…အချစ်ကို လက်ဆောင် ၀ယ်ပေးတော့ ပျော်တယ်…နောက်လည်း များများ ၀ယ်ပေးအောင် လိမ်မာပြနေတာပါရှင့်…"
"အခုရပြီမလား…"
"အော..စုမ်းခယောက်.."
"ဘာပြောတာလည်း…"
"ရှမ်းလို….ကျေးဇူးတင်ပါတယ်လို့…"
"အဟွင်း…"
"တကယ်သွားပြီ…အေးဆေး ဖတ်နော် ဟိဟိ…"
အချစ် တံခါးပြန်ပိတ်ပေးခဲ့ခါ ၀ရန်တာမှာ ထိုင်ပြီး အသည်းလေး ပုံတွေကို ၀င်ကြည့်မိသည်..။
ပုံ အသစ်တွေကော ပုံ အဟောင်းတွေကို Like တွေ Comment
တွေ လျှောက်ပေးရင်း ညနေ စောင်းလာတာတောင် သတိမထားမိလိုက်ပါ…။
"ကောင်မလေး…"
"ဟင်….ရှင်…."
"မှောင်နေပြီလေ…အိမ်ထဲ ၀င်တော့…."
ဦးဒီက စကားကြောင့် အချစ် ပတ်၀န်းကျင်ကို မော့ကြည့်လိုက်တော့ ကောင်းကင် မှောင်ပျပျ မှာ ကြယ် လေး တချို့တောင် ထွက်နေပြီလေ…။
"ဟိ…မိုးချုပ်တာ မသိလိုက်ဘူး…"
" …ကဲလာ…ထမင်းစားဖို့…"
"ဟုတ်.."
အချစ် လက်ထဲက ဖုန်းအသစ်လေးကို ဘောင်းဘီ အိတ်ကပ်ထဲ ထည့်ပြီး ဦးဒီကရဲ့ ဝှီးချဲ  နောက်ကို ပြေးလိုက်သွားရသည်..။
ထမင်းဝိုင်းကို နှစ်ယောက်တူတူ မရောက်ရင် ဖိုးဖိုးက သိပ်မကြိုက်ချင်ဘူးလေ..။
"ဟော…အခုပဲ ခေါ်ခိုင်းမလို့…လာ…ထိုင်ကြ…"
"ဒီက ကား ၀င်လာတာ တွေ့လိုက်လို့ ဆင်းလာတာ….နောက်ကျတယ် ဖေကြီး.."
"အေးကွာ…အစည်းအဝေး ပြီးတော့ ညီနိုင် နဲ့ တွေ့ရင်း စကားကောင်းသွားတယ်… တစ်ခါ ရူပါ့ အိမ်ကို ၀င်တော့ အိ နေမကောင်းလို့ ရစ်နေတာနဲ့ ဖုန်းနဲ့ စကားထိုင်ပြောပေး နေရသေးတယ်…"
"အိအိ နေမကောင်းဘူးလား…"
"အင်း…ဆေးခန်းပြဖို့တော့ ပြောခဲ့တာပဲ…ကဲ ထည့်လေ….သားတို့ ဆာနေရောပေါ့…"
"ဖိုးဖိုး….ကိုရူပါ့ကို တွေ့ခဲ့လား ဟင်..မလာတာကြာပြီ…."
"အင်း ဟိုတလောက သူ မရှိဘူး သမီးရဲ့…. ငါ့သမီးလည်း သေချာမိတ်မဆက်ကြရသေးဘူး…စင်ကာပူက သူ့ အမေဆီ  သွားတာ မနက်ကမှ ပြန်ရောက်တာလေ..."
"သြေ်ာ….အဲဒါကြောင့် အိမ်မလာတာကိုး "
"အဖိုး ဒီမှာ ငါးအစာသွပ်ကြော်…"
"သြော်…အေး.အေး…"
ဒီပါ စကား၀င်ဖြတ်ပြောလိုက်ပြီး အဖိုးကို ဟင်းထည့်ပေးလိုက်တော့မှ ထမင်းစားခြင်း အလုပ်ကို စတင်ခွင့်ရတော့သည်..။
ဒီပါ့ ဘက်ကိုရောက်နေတဲ့ ကြက်သား ပန်းကန်ကို ကောက်ယူပြီး လှမ်းထည့်ပေးတော့ မျက်လုံးလှန်ကြည့်ပြီး ပြုံးပြသည်..။
ကလေးမို့လို့လား…ဒီပါ့ကပဲ မျက်နှာရိပ် ဖတ်တက်လို့လား မသိ..ထို အပြုံးက ဟန်ဆောင် အပြုံးလေးမှန်း သိသာနေသည်..။
"ဟင်.."
ဒီပါ ထမင်းစားပြီးလို့ ဖုန်းကိုဖွင့်ကြည့်လိုက်တော့  တတင်တင် နဲ့ ၀င်လာတဲ့ Noti ပေါင်းများစွာ..။
အကောင့်တစ်ခုဖြင့် အေးရာ အေးကြောင်း သုံးသည်မို့  တော်တော်ကြာမှ Noti တစ်ခုတလေ လောက်သာ တက်သည်..။
အခုတော့…။
"ငါ့ အသည်းလေးကို ဘာဖြစ်လို့ ချစ်တယ်ပြောတာလည်း…"
"၀င်းကို နင်တစ်ယောက်တည်း ပိုင်လား.."
"ဟုတ်တယ်…၀င်းက ငါ့ရဲ့ ချစ်သူပဲ…"
"ဟဲ..ဟဲ…အခုလို အားပေးတာ ကျေးဇူးတင်ပါတယ်..ရန်တော့ မဖြစ်ကြပါနဲ့ဗျာ…"
"အစ်မ အလင်းရောင်ရေ….ပုံတွေ အများကြီးကို ကွန့်မန့်ပေး ရန်တွေ့သွားလို့ ကျေးဇူးပါဗျာ…"
"အချစ်လေး ပုံအောက်မှာ တခြား မန့်တဲ့ ကောင်မတွေကို သတ်ပစ်ချင်တယ်.."
"အကုန်လုံးက ပရိသတ်တွေပါ.."
"မရဘူး…အလင်း တစ်ယောက်တည်းပဲ ချစ်ချင်တယ်…"
ဒီပါ ဖတ်ကြည့်ရင်း မျက်လုံးပြူးခါ ရေးထားတဲ့ ကွန့်မန့်ပေါင်းများစွာ ကြောင့်  စိတ်မောသလို ဖြစ်ရသည်..။
ဒီလောက် စွဲလမ်းရူးသွပ်တာ မကောင်းပါဘူး လို့ ပြောချင်ပေမဲ့ ပြောလို့လည်း မဖြစ်သည့် အခြေအနေ….။
ဖုန်းရခါစမို့ ခဏတဖြုတ်ပါလို့ တွေးလိုက်ရင်း ဖုန်းကိုပြန်ပိတ်ခါ အပေါ်တက်လာခဲ့လိုက်သည်..။
"ဟင်…ဦးဒီက…ဒီနေ့ စာအုပ်ဖတ်နေတာ ကြာတယ်နော်… အိပ်သေးဘူးလား…"
"အိပ်မယ်…မင်းကော စာဖတ် ဝါသနာ မပါဘူးလား.."
"ဟင့်အင်း.."
"တစ်အုပ်လောက် စမ်းဖတ်ကြည့်မလား.."
"အချစ်က ဖုန်းကြည့်တာပဲ ကြိုက်တယ်…"
"ငယ်ငယ်လေးနဲ့ မျက်လုံးပျက်နေဦးမယ်…ဆယ်နာရီကျော်နေပြီပဲ…အိပ်ကြမယ်လေ…."
"ဟုတ်…"
ဒီပါ အိပ်ယာပေါ်ရောက်တဲ့ အထိ ဖုန်းကြည့်ပြီး ပြုံးလိုက် မျက်မှောင်ကြုတ်လိုက် လုပ်နေတော့ တားရတော့မည်…။
"ကောင်မလေး…"
"ရှင်.."
"အိပ်ယာထဲကို ဖုန်းသယ်လာပြီး သုံးတာတော့ မကောင်းဘူး…"
"ဟုတ်…"
မျက်နှာငယ်လေးနဲ့ ခေါင်းညိတ်ပြီး ဖုန်းကို ဘေးမှာ ချလိုက်တော့ ဒီပါ စိတ်မကောင်း ဖြစ်ရပြန်သည်..။
စေတနာဖြင့် တားတာကို နိုင်စားတယ် ထင်မှာလည်း စိုးရိမ်မိသည်..။
"ဖုန်းကို အိပ်ခါနီးသုံးရင် မျက်လုံး ထိခိုက်တယ်..အိပ်မပျော် ဖြစ်မယ်…အနားမှာ ထားအိပ်ရင် ဦးနှောက် ထိခိုက်တက်တယ်.."
"ဟင်…ဟုတ်လား….အင့်…ဦးဒီက ဘက်က ခုံမှာ ထားလိုက်.."
ခေါင်းအုံးဘေးမှာ ချထားတဲ့ ဖုန်းကို အတင်းလှမ်းပေးပြီး လက်ထဲ ထိုးထည့်တော့ ဒီပါ ရယ်ချင်သွားသည်..။
တော်တော်လည်တဲ့ ကောင်မလေးပါပဲ..။
ဒီပါ့လက်ထဲေ၇ာက်လာတဲ့ ဖုန်းဖွင့်လျက်သားမှာ ရူပါ့ပုံ ပေါ်နေတော့ သူ့ကို လှည့်ကြည့်မိသည်.။
ကျောပေးထားတဲ့ ခန္ဓာကိုယ်သေးသေးကို ကြည့်ရင်း ဘယ်လို စိတ်ထားလည်း မခန့်မှန်းတက်ပါ…။
ဒါပေမဲ့ ရူပါ့ကို အားပေးတာထက် ပိုပြီး စွဲလမ်းသွားမှာ စိုးရိမ်မိသည်..။
ဖုန်းကို ဘေးခုံမှာတင်လိုက်ပြီး  လူစီဖါ့ကို ပွတ်သပ်ပေးနေရင်း ဒီပါ ကိုယ်တိုင် ဖုန်းမသုံးပါပဲ တော်တော်နဲ့ အိပ်မပျော် ဖြစ်ခဲ့ရသည်..။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
ဒီက အစား ရင်မောတယ် တကယ်တကယ် 😁
အီလည်လည် ဖြစ်နေပေမဲ့
ဖတ်ပေးတဲ့ သူတွေကို တကယ် ကျေးဇူးတင်အားနာပါတယ်

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now