ညအတော်မှောင်သွားမှ လုပ်လက်စအလုပ်တွေကို လက်စသတ်လိုက်ပြီး ကုမ္ပဏီထဲမှ ထွက်လာခဲ့ပါသည်။
Park Chanyeolနဲ့ ဖြစ်ခဲ့တဲ့ပြဿနာကြောင့် တနေကုန် စိတ်ရှုပ်ထွေးပြီး မွန်းကြပ်နေခဲ့သည်။
''ဂျပန်ထိ ချစ်ခရီးထွက်ခဲ့ပြီးပြီဆိုမှတော့ ပြောဖို့မလိုတော့မှန်း ငါသိသင့်ပါတယ်...! တူလေးအတွက် တူလေးအတွက်ဆိုပြီး လူကြားကောင်းအောင် ဒရမ်မာခင်း မျက်ရည်ချူ လျှောက်ပြောတတ်တဲ့ မင်းသောက်ကျင့်ဆိုးတွေ သောက်စိတ်ဓာတ်တွေကို အရင်ပြင်လိုက်ဦး Oh Sehun...!!''
သူ့အတွေးအာရုံကို အကြိမ်ကြိမ်ပဲ့တင်ထပ်နေတဲ့ စကားများကြောင့် ကိုယ့်ကိုယ်ကိုလည်း ပြန်မစမ်းစစ်ရဲပေ...မတော်တဆများ Park Chanyeolပြောသလိုများ သူဖြစ်နေခဲ့ရင်...
အတွေးတို့က သူ့စိတ်တို့ကို အလွန်အကြူးပင်ပန်းစေသည်။
အိမ်ရှေ့မှာ ကားရပ်လိုက်ပြီးနောက် လေးလံသည့်ခြေလှမ်းတို့နှင့် ခေါင်းငိုက်စိုက်ချကာ အိမ်ထဲဝင်လာခဲ့ပါသည်။
''မဟုတ်တာပဲ သားမက်Kimရယ်... အားနာစရာကွယ်...! လက်ဆောင်တွေ ဝယ်လာစရာမလိုပါဘူး...''
အစ်မရဲ့ပါးစပ်မှ သားမက်Kimဆိုသည့် အသံကိုကြားလိုက်ရသည်နှင့် သူနေရာမှာတင် အငွေ့ပျံပျောက်ကွယ်သွားလိုက်ချင်တော့သည်။
''ကျွန်တော့ကို အားမနာပါနဲ့...! Baekhyunအတွက်လက်ဆောင်ဝယ်ရင်း ဦးတို့အန်တီတို့အဖွားတို့နဲ့ လိုက်ဖက်တာလေးတွေတွေ့လို့ ဝယ်လာပေးတာပါ...''
''အေးပါကွယ်...အေး..! အေး...! ကျေးဇူးတင်ပါတယ်ကွယ်...''
''ပြီးတော့ ကျွန်တော်လူကြီးတွေကိုလည်း ဝန်ခံစရာရှိပါတယ်...! အားလုံးပြောပြီးသွားတဲ့အခါ ကျွန်တော့ကို နားလည်ပေးဖို့လည်း တောင်းပန်ထားပါရစေ...''
Kim ...Kim Jonginက လူကြီးတွေကို ဘာစကားတွေပြောဖို့ ဦးတည်နေတာလဲ....
ဖိနပ်ချွတ်သည့်နေရာမှာ ဖိနပ်ချွတ်ရင်း Kim Jonginရဲ့ ထူးဆန်းသည့် စကားဦးတည်မှုများကြောင့် ခေါင်းနပန်းကြီး ဇောချွေးပြန်လာကာ အိမ်ထဲသို့ ခပ်သုတ်သုတ်ဝင်လာခဲ့ပါသည်။