တတီတီမြည်နေသော နှိုးစက်ကို ပြန်ပိတ်ကာ အိပ်သည်။ ဖက်ခေါင်းအုံးကို ပယ်ပယ်နှယ်နှယ်ခွရင်း စောင်ကိုခေါင်းမြီးခြုံကာ ပြန်အိပ်သည်။
" ပြည့်စုံချမ်းသာ .... ပြည့်စုံချမ်းသာ "
အခန်းရှေ့က အသံကြားမှ ဝုန်းခနဲထထိုင်မိသည်။
" ဟုတ် ကြီးကြီး "
ပါးစပ်မှာစီးကျနေသော သွားရည်တစ်ချို့ကို ပွတ်ဆွဲရင်း ဖြေမိသည်။
" ရုံးသွားရမှာမလား မထသေးဘူးလား "
" ထပြီ ကြီးကြီး "
အခန်းတံခါးဖွင့်ကာ ခေါင်းပြူရင်း စပ်ဖြဲဖြဲရယ်ပြနေသူ သူ့ကို အနည်ငယ်ပြုံးကြည့်ရင်း အောက်ထပ်ပြန်ဆင်းသွားသူကိုကြည့်ကာ တန်းပေါ်လွှားထားသော တံဘက်ကို ဆွဲရသည်။ အခန်းထဲက ထွက်တာနဲ့ သူ့ဘာသာနေသည့် တံခါးဘောင်ကိုဝင်တိုက်သည်။
နာတာကိုသတိမရနိုင်အား။ ရေချိုးခန်းထဲဝင်ကာ အကုန်ချွတ်ချရင်း သွားကိုတစ်ဖက်ကတိုက်ရသည်။ မေးစေ့ကိုစမ်းကြည့်တော့ ရိတ်ထားတာမကြာသေးသည့် မုတ်ဆိတ်ငုတ်စိတွေက ကြမ်းရှရှ။
သွား။ မရိတ်ဘူးကွာ။
မျက်နှာသစ်ဆေး ဖင်ကပ်ကို လက္မဖြင့်အားရပါးရဖိတော့ ထွက္မလာရုံမက လက္မပါနာသွားသည်။ ဆပ်ပြာခွက်ထဲက ဆပ်ပြာကိုသာ မျက်စောင်းထိုးရတော့သည်။ ရေချိုးဆပ်ပြာက ရေရောထားတာလေ။ မျက်နှာသစ်ဖို့အဆင်မပြေလှ။
ရေချိုးပြီးထွက်တာနဲ့ တစ်အိမ်တည်းနေ လူငယ်လေးက ရေချိုးခန်းရှေ့ မတ်တပ်ရပ်ရင်းစောင့်နေလေပြီ။
" sorry "
တစ်ခွန်းအလျင်ဆိုကာ အခန်းထဲဝင် အဝတ်လဲရသည်။ အမေမပြန်ခင်ဝယ်ပေးသွားသော နို့ရည်ဆိုသည်ကို လက်ထဲညှစ်ချတော့မထွက်။
" ဒီဘူးက ဘယ်လိုသုံးရတာလဲဟ "
လက်ဖဝါးပေါ်ခါချတော့ ထွက်လာသည်က အပြွတ်လိုက်။ အေး လွဲနေလိုက်။
မျက်နှာပေါ် ဆပ်ပြာတိုက်သလို လက်နှစ်ဖက်နဲ့ စုံပွတ်ချတော့ နဂိုကမှ အဆီပြန်သလိုပြောင်တင်းနေသော မျက်နှာက အရောင်တင်ထားတဲ့ ကားအသစ်တစ်စီးအတိုင်းပဲ။