" ဘဝဒီမှာ ငါတစ်ယောက်တည်း စိတ်ဓာတ်ကျနေ မင်းကို လွမ်းစိတ်နဲ့ "
ကားလေးထဲမှာ ပျံ့လွင့်နေသည့် သီချင်းသံက သူ့အတွက်တော့ လောင်စာပုံကိုမီးတက်ရှို့နေသလို။ မနက်ခင်းလေးမှာ မျက်နှာလေးမြင်ရမလား သွားတွေ့ဖို့ကြိုးစားတော့လည်း။ မြင်တော့မြင်လိုက်ရပါသည်။ သို့သော်လည်း သူ့မမြင်ချင်သော မျက်နှာတစ်ခုကိုပါ အဆစ်မြင်လိုက်ရသည်မလား။
ဝေဇယန္တာလမ်းမကြီး၏တစ်နေရာတွင် ကားကလေးတစ်စီးကတော့ လမ်းဘေးချရပ်ထားခဲ့ပါ၏။ ကားထဲမှာတော့ ကျိတ်မနိုင်ခဲမရလူသားတစ်ဦးဟာဖြင့် တစ်နေရာရာသို့အပူကပ်နေခဲ့လေပြီ။
" စုံငယ်က ကိုကိုနဲ့ပဲအလိုက်ဖက်ဆုံး၊ စုံငယ်က ကိုကို့အနားပဲနေရမှာ "
ပြုံးမြမြအတွေးတစ်ချို့က သူ့ကိုစိတ်လျှော့လာစေ၏။ ဟုတ်သည်။ သူ့အတွက် စုံငယ်က အနားမှာရှိကိုရှိနေရမည့် ဖြစ်တည်မှုတစ်ခု။ စုံငယ်သည် သူမရှိပဲ မရပ်တည်နိုင်မှန်း သူပြရပေလိမ့်မည်။
..............................................
" ပြည့်စုံရေ "
" ဗျာ "
" နောက်နေ့တွေ ပြန်မအိပ်ပဲမနေနဲ့နော် ... သားအိမ်က သားကိုစိတ်ပူနေလိမ့်မယ် "
" ဟုတ်ကဲ့ကြီးကြီး "
ပြန်မအိပ်သည့်အကြောင်းအရင်းသာ အိမ်ကသိသွားခဲ့ပါလျှင် သူတော့ အတော်လေး အနေရကျပ်ပေလိမ့်မည်။ ကြီးကြီးနှင့်ဘဘကတော့ ဘာမှမပြောပေမဲ့ အနည်းငယ်တော့စိတ်ညစ်ညူးနေတာအမှန်ပင်ဖြစ်၏။
သူကဘာမှမတော်စပ်သည့် သူလေ။ ဒီအိမ်မှာ လာနေခွင့်ပေးတာကိုက သူ့အတွက်ကုသိုလ်ထူးနေခဲ့ပြီ။ သူ အိမ်ရှာသင့်ပြီလား။ သင်တန်းကာလကပြီးတော့မည်ဖြစ်၍ မကြာခင်ဆို လုပ်ငန်းခွင်ဝင်ရပေတော့မည်။
လုပ်ငန်းခွင်ရောက်လျင်တော့ အနည်းနဲ့အများဆိုသလို အလုပ်ဒဏ်တော့ပိလာနိုင်သည်။ သူအိမ်ကိုဖွင့်ပြောပြီး အဆောင်ဖြစ်ဖြစ်နေဖို့ ပြောလိုက်တော့မည်။
(A/N ဤဝတ္ထုသည် ၂၀၂၀ ကိုအခြေခံထားသော်လည်း corona virus (Covid 19 case) များ လုံးဝထည့်သွင်းရေးသားမည်မဟုတ်ကြောင်း ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။)