အုပ်စုလိုက် သောင်းကျန်းတတ်သည့် ရုံးအဖွဲ့သားတွေမို့ အိမ်ရှင်ကို အားနာရသည်ကတစ်ကြောင်း၊ အခန်းကလည်း လွတ်နေသည်ကတစ်ကြောင်းမို့ တစ်ခန်းလုံးကို ငှားဖြစ်လိုက်၏။ လခကတော့ အကုန် ဝိုင်းပေးပေါ့။
ပိတ်ရက်ဆို ဆူညံနေသည့် သူတို့အဖွဲ့သည် အတော်လေးတော့ အိမ်နားပတ်ဝန်းကျင်ကလူတွေနှင့် ရင်းနှီးနေခဲ့ကြပြီ။
အခန်းငှားနေသူက သူလား၊ သို့တည်းမဟုတ် ဘယ်သူလဲဆိုတာ သိပ်ခွဲမရတော့ပေ။ အခုလည်း ဟော့ပေါ့ချက်စားမည်ဆိုကာ ရုံးဆင်းကတည်းက သူ့အခန်းဆီ အကုန်ပါလာသည်။ ဖယ်ရီပေါ် ပြွတ်သိပ်တက်လာသော သူတို့အုပ်စုကို ပါလာသူတွေက ဘယ်လိုကြည့်နေပါစေ၊ သူတို့ကတော့ ဂရုမစိုက်ပါလေ။
အိမ်နှင့်အနီးဆုံး စျေးမှာ ဆင်းပြီးနောက် လိုအပ်သည်များ ဝယ်လာသည်က တစ်စျေးလုံး ထမ်းမ လာသလား မှတ်ရ၏။
ချက်ပြုတ်ပြီးချိန်မှာ ည၈နာရီတီးခဲ့ပြီ။ ဗိုက်ဆာနေကြသော လူငယ်တစ်သိုက်ဟာ ဟော့ပေါ့တစ်အိုးအပြင် ဘီယာကိုယ်စီနဲ့မို့ အဆီရစ်ကာ အိပ်ပျော်နခဲ့လေပြီ။
မအိပ်နိုင်သေးပဲ ရုပ်ရှင်မှာအာရုံဝင်စားနေတာဆိုလို့ ဆက်မှူးရယ် သူရယ်။ သူတို့ကြည့်နေခဲ့တာကတော့ Me Before You. 1080P နှင့် download ဆွဲထားတာမို့ ကြည်လင်ပြတ်သားမှုကတော့ အပြည့်။
ဇာတ်ကားကလေးက အတော်ကို ဇာတ်ရှိန်မြင့်နေခဲ့ပြီဖြစ်သည်။ ဇာတ်ဝင်ခန်းလေးတစ်ခု။ ကောင်ကလေးက wheel chair ပေါ်မှာ။ ဂါဝန်နီနီဝတ်ထားတဲ့ကောင်မလေးတော့ ကောင်လေးရဲ့ပေါင်ပေါ်မှာပေါ့။ တစ်ဦးနဲ့တစ်ဦး ချစ်နေကြပြီလို့ သိခဲ့ကြတဲ့ လူနှစ်ဦးက ဘယ်လိုမှမဖြစ်နိုင်တဲ့ ရှေ့ရေးကြောင့် ဝမ်းနည်းနေကြပြီ။
ထိန်းထားသည့်ကြားမှ အင့်ကနဲ ရှိုက်သံထွက်သွားတော့ ဆက်မှူးက လှည့်ကြည့်လာသည်။ သူ့လက်ထဲက ဘီယာဘူးကတော့ သူချေမွထားတာမို့ ဖွတ်ဖွတ်ကျေနေခဲ့ပြီ။
မီးပိတ်ထားပြီး လက်ပ်တော့ထံမှ အလင်းရောင်သာရှိတာမို့ သူ့ကိုလှည့်ကြည့်နေတဲ့ ဆက်မှူးရဲ့မျက်လုံးတွေကို လက်လက်ကလေး မြင်နေရပြန်သည်။