" ကိုယ်စောင့်နေတယ် .. "
မထွက်လာမခြင်းပြန်ဖို့ရန် မစဥ္းစားပေဘူးလားမသိ။ သူ့ထံရောက်လာသည့် sms တစ်စောင်နှင့် ပုံကလေးတစ်ပုံ။ ဆူးလေးဘုရားလမ်းပေါ်တစ်နေရာရှိ သစ်ပင်ကြီးတွေရှိရာ အုတ်ခုံငယ်လေးတစ်ခု။
မကြာခင်ရွာတော့မည့်မိုးရိပ်ကို ပြတင်းပေါက်မှ တဆင့်မြင်လိုက်ပါ၏။ သူတို့ရုံးခန်းက အပြင်ကိုမမြင်ရပေမဲ့ တစ်ဖက်က သက်ခိုင်တို့ရုံးခန်းတွင်မူ အပြင်ကိုမြင်ရပေသည်။ သို့သော်လည်း အိုဟောင်းနေသည့်တိုက်ခန်းတွဲများသာ။ ခိုပြာများက တစ်ကောင်နှင့်တစ်ကောင် ကျီစယ်ဟန်ဖြင့် အပေါ်ပြတင်းပေါက်တွေမှာ တွန်းထိုးနေခဲ့ကြသည်။
ကျဆင်းလာသည့် မိုးဖွားတွေကိုမြင်ချိန်မှာတော့ အသည်းအဝေးထိုင်နေခဲ့သော သူ့တင်ပါးတွေဟာ ခုံပေါ်ကကြွတက်လာခဲ့လေပြီ။
နောက်တစ်ကြိမ်ကြားလိုက်ရသော အချက်ပေးသံကြောင့် ဖွင့်ကြည့်တော့.......
" မိုးတွေရွာတော့မယ် စုံငယ်
ကိုယ့်မှာ ထီးမပါလာခဲ့ဘူး
စုံငယ်ကိုယ့်ဆီလာမဲ့အချိန်ထိ
ကိုယ်စောင့်နေမယ် "မလာနိုင်ဘူးရယ်လို့ ပြန်ဖြေခဲ့ပေမဲ့ ထိုလူဟာ တဇွတ်ထိုးတစ်ယူသန် နိုင်ခဲ့လေပြီ။ မီတင်မရှိတော့သည့် schedule ကိုအပြန်အလှန်စစ်ကာ လွယ်အိတ်ကိုဆွဲရင်း သုံးထပ်ဆောင်မှ ဆင်းဖို့ရန်ပြေးထွက်လာချိန်ဝယ် လှေကားထိပ်အရောက်မှာတော့ တစ်ယောက်သောသူ၏ သတိပေးစကားကို ပြန်သတိရမိ၏။
သူအခု ထိုအသိပေးစကားကို တွေးနေတာ သင့်တော်ပါရဲ့လားလေ။ ခေါင်းကိုအသာခါယမ်းရင်း ဖွဲဖွဲစွေရွာနေသော တစ်မိုးအောက်ဝယ် သူ့ကို ဂျစ်ပေပေနဲ့ ထိုင်စောင့်နေမည့် လူသားဆီ သူလာခဲ့ရလေပြီ။
သစ်ပင်လေးအောက်ခြေရှိ အုတ်ဘောင်ပေါ် ထိုင်ရင်း သူလာရာလမ်းဆီ လှမ်းမျှော်နေသူသည် သူ့ကိုအမြင်မှာ ဝင်းလဲ့သွားသည့် မျက်ဝန်းတွေကို သူလွမ်းနေပါလိမ့်မည်လော။
" ဘယ်ကိုသွားမလဲဟင် "
" ခင်ဗျားအိမ် "
တစ်လမ်းလုံး အသံတိတ်လာသည့်သူ့အား တစ်ဖက်လူဟာ သူ့လက်ကလေးကို ဖွဖွဆုပ်ယူထွေးထားတော့ ရုန်းဖို့မေ့နေခဲ့လေသည်။