ရက်သတ္တပတ်၏ ထုံးစံအတိုင်း စနေမနက်ဆို ဤအိမ်လေးတွင် လူငါးယောက်ရှိနေ၏။ ပူပြင်းလောင်မြိုက်သော ရန်ကုန်၏ရာသီဥတုကြောင့် မနက်စောစောကတည်းက ဆက်မှူး နိုးနေခဲ့ပြီ။
တိုက်ရှေ့တည့်တည့်မှာ ရပ်ထားသော ကားကိုဆက်မှူးမြင်နေ၏။ လေးယောက်လုံးက မနိုးကြသေးတာမို့ တစ်ယောက်တည်း ဝရံတာမှာ အကြောဆန့်နေတုန်း တိုက်အောက်ဆီ အကြမ်းပတမ်းထိုးရပ်လာသော ကားကလေးက ဆက်မှူး၏အာရုံကို ဖမ်းစားထားသည်လေ။
ကားကလေးက ရပ်ထားသည်မှာကြာလှပြီ။ သို့သော်လည်း ကားပေါ်က မည်သူမျှ ဆင်းမလာသလို ကားကလေးကလည်း နေရာမှမရွေ့ခဲ့ပါ။
သူ ဒီတိုင်းရပ်ကြည့်နေဖို့ သင့်ပါ့မလား။ အခန်းတံခါးကို အသာခေါက်တော့ ဝေလင်းက တံခါးလာဖွင့်သည်။ သုံးယောက်လုံးကို အကျိုးအကြောင်းပြောပြကာ အိမ်ပြန်လွှတ်ရသည်။ သူကတော့ Bro ဘေးမှာ ဝင်ထိုင်ရင်း နှိုးသင့်သည့်အချိန်ကို ခေတ္တစောင့်နေလိုက်ပါ၏။
အခန်းထဲမှာ အပ်ကျသံပင်မကြားရတော့ပေ။ စောင်တစ်ထည်ကို လုံးထွေးခွရင်း အိပ်ပျော်နေသော Bro အနား ကပ်ကာ နှိုးဖို့ပြင်ရ၏။
" Bro "
" ... "
" Bro .. အောက်မှာ ဟိုအစ်ကိုရောက်နေတယ် ... ကြာလှပြီ "
" ဘယ်သူလဲ "
မျက်လုံးမဖွင့်ပဲ မေးနေသည့် Bro အား အသည်းယားကာ ဆွဲနမ်းချင်ပေမဲ့ သူ့မှာ ထိန်းကာထားရသည်။ တော်ကြာ ညကလို ငိုသွားမှဖြင့် ...
" Bro တို့မြို့ကလေ .. အဲ့လူ "
Bro မျက်လုံးတွေက ဆတ်ကနဲ ပွင့်လာ၏။ ထို့နောက် ခွထားသောစောင်ကို ခေါင်းမြီးခြုံလိုက်ကာ တုတ်တုတ်မလှုပ်တော့ပေ။
" Bro "
" ဟင့်အင်း ကိုယ်သူ့ကို မတွေ့ချင်ဘူး "
" သူရောက်နေတာ တစ်နာရီကျော်သွားပြီ Bro .. "
" ဟင့်အင်း .. ဟင့်အင်း လို့ ကိုယ်သူ့ကိုမတွေ့ပါရစေနဲ့ .. မတွေ့ပါရစေနဲ့ ဆက်ရာ .. နော် "
စောင်ပုံထဲမှာ ငိုနေသော Bro ကို အပြင်ကို ဆွဲထုတ်လို့လည်းမရ။ စောင်ထုတ်ကလေးအတိုင်း သူဆွဲမတော့ ပါလာ၏။