Part-3

3.2K 172 1
                                    


Unicode

~~ကြာဖြူ~~~
အပိုင်း(၃)

    "ဘာလုပ်ဖို့အစီအစဉ်ရှိလဲ"
    ဆေးလိပ်တိုကိုသပ်ချရင်း စေတန်မေးတော့ ကမ္ဘာပုခုံးတစ်ချက်တွန့်ပြီး
    "No.."
    "ကျွတ်..."
     စိတ်ပျက်လက်ပျက်ဖြစ်သွားသော စေတန်ပုံစံကြောင့် စိမ်းမနေသာတော့ဘဲ..
     "နင်ပျင်းနေလို့လာ စေတန်"
     "အင်း..."
     "ငါတို့ခရီးတစ်ခုခုထွက်ကြရင် ကောင်းမလား"
    "ဒီတိုင်းအပျော်ခရီးတော့ မသွားချင်ဘူး ပျင်းလာပြီ"
     "ဟုတ်တယ် တို့တွေတောင်ကြီးသွားပြီး ပြန်လာတာတောင် မကြာသေးဘူး"
    ဒီစကားကိုဝင်ပြောလိုက်သူက မို့။ စေတန်က အတော်လေး စိတ်ပျက်နေဟန်ဖြင့်...
   "ဘဝက ပျင်းဖို့ကောင်းလိုက်တာကွာ တောက်"
    စေတန်ကိုကြည့်ပြီး သူတို့အားလုံး ဘာပြောရမှန်းပင် မသိတော့ပေ။ စေတန်ဘဝကလည်း ဆိုးသလား ကောင်းသလားပင် မပြောတတ်တော့ပေ။
    တကယ်တော့စေတန်ဆိုတာ ငယ်ငယ်ရွယ်ရွယ်နှင့် ကြွယ်ဝချမ်းသာလွန်းသည့်ပြင် မင်းသားတစ်ပါးလို ချောမွေ့သန့်စင်သည့်လူ..
   စေတန်ငယ်ငယ်ကတည်းကပင် မိဘတွေ ဆုံးပါးသွားသည့်တိုင် တသက်စားမကုန်သည့် အမွေတွေ ချန်ထားပေးခဲ့သည်။ စေတန်ဘာမှ လုပ်စရာကိုမလိုပါ။ ပုံမှန်လည်ပတ်နေသည့် ထိပ်တန်းအဆင့်ရှိသည့် လုပ်ငန်းတွေ အများအပြား...
    ယုတ်စွအဆုံးဘဏ်တိုးနှင့်ပင် အသာထိုင်စားလို့ရသည်။ ဘဝက ပြီးပြည့်စုံလွန်းလို့လား..
    လိုတိုင်းရနေတော့ ငြီးငွေ့စရာ ကောင်းနေပြန်သည်။ ကျောင်းပြီးတော့ အချိန်တွေပိုနေသဖြင့် နိုင်ငံခြားတွင် ကျောင်းထပ်တက်သည်။ ပြန်လာတော့ စီးပွားရေးလုပ်သေးပါရဲ့...
    သူကပဲကုသိုလ်ကံထူးလို့လား။ အထိုင်ကျကာ အောင်မြင်နေသည့် စီးပွားရေးက စေတန်အထူးတလည် ရုန်းကန်နေစရာမလို။
    ကြာတော့ စေတန်ပျင်းရိလာသည်။ စိန်ခေါ်မှုကင်းမဲ့သည့်ဘဝက တဖြည်းဖြည်း ခြောက်သွေ့လာသလို သူခံစားရတော့သည်...
ငယ်သူငယ်ချင်းတွေဖြစ်သည့် သူတို့တွေနှင့် စေတန်ပျင်းရိသည့်အခါတိုင်း ခရီးထွက်လေ့ရှိသည်။ ထွက်ဖန်များ လာတော့လည်း ငြီးငွေ့လာပြန်သည်။
     တစ်ခါတခါကံတရားကြီးက ရယ်စရာ ကောင်းလွန်းလှသည်။ အရာအားလုံး ပြည့်စုံနေပြန်တော့ ဘဝက ပျင်းရိစရာ ကောင်းပြန်တော့သည်။
     သူ့ဂုဏ်အရှိန်အဝါနှင့် နုပျိုချောမွေ့သော ရုပ်ရည်တို့ကြောင့် ဝိုင်းဝိုင်းလည်နေသည့် ပန်းတို့ကလည်း စေတန်အတွက် အပျင်းပြေနမ်းရှိုက်ရုံအဆင့်သာ..
    "မင်းအတွက် အပျင်းပြေရမယ့် ခရီးစဉ်တစ်ခုရှိတယ် စေတန်"
    ရုတ်တရက်ဝင်လာပြီး ဆိုလိုက်သူက ကောင်းကင်..။ စေတန်မျက်မှောင် တစ်ချက်ကျုံ့ပြီး..
    "ဘာခရီးစဉ်လဲ..."
    ကောင်းကင် ချက်ချင်းမဖြေ။ အားလုံးကို တစ်ချက်ဝှေ့ကြည့်ရင်း..
    "အတော်ပဲ.. လူစုံတယ်"
    "ဘာတွေရေးကြီးခွင်ကျယ် ပြောမလို့လဲ.. ပြီးတော့ ခုတလောနင်ဘယ်ပျောက်နေသလဲ ကောင်းကင်"
    မို့စကားကြောင့် ကောင်းကင်က လွတ်သည့်ခုံတွင် ဝင်ထိုင်လိုက်ရင်းနှင့်..
     "သိပ်ထူးဆန်းတဲ့အရာတစ်ခုနောက် စုံးစမ်းနေတာ"
    "ဘာ..."
    "ဟုတ်တယ် ကမ္ဘာ.."
    ကောင်းကင်ပုံစံက တကယ်အလေးအနက်မို့ သူတို့အားလုံး စိတ်ဝင်စားသွားမိသည်။
    "ငါ့ဦးလေးဆုံးသွားတာ မင်းတို့သိပြီးသားပါ"
    "ဟို.. ရူးနေတဲ့ နင့်ဦးလေးလာဟင် "
    "ဟဲ့ မို့ ဘယ်လိုပြောလိုက်သလဲ.."
    စိမ်းဟန့်လိုက်တော့ မို့ကအားနာသွားဟန်ဖြင့်
    "ဆောရီးနော် ငါမရည်ရွယ်ပါဘူး"
    "ရပါတယ်.. ငါစိတ်ထဲမထားပါဘူး"
    "ဦးမိုးမြင့်ဆုံးတုန်းက တို့တွေခရီးလွန်နေလို့ အသုဘမမှီလိုက်ဘူးမဟုတ်လား မင်းတောင်မြေချမမှီလိုက်လို့ စိတ်မကောင်းဖြစ်သေးတယ် တစ်လတောင် ကြာတော့မယ် အခုမှဘာဖြစ်သလဲ.."
    ကမ္ဘာစကားကြောင့် ကောင်းကင် ခေါင်းတစ်ချက်ညိတ်ပြီး
   "အစကတော့ ဒါကိုသာမာန်လို့ပဲ ငါထင်တာ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ပတ်က ငါ့ကိုဆေးရုံက ဆရာဝန်တစ်ယောက်က ပစ္စည်းတစ်ခုလာပေးတယ် ဦးလေးမဆုံးခင်က ငါ့ကိုပေးဖို့မှာထားတာတဲ့.."
    "ဘာပစ္စည်းလဲဟင်.."
    စိမ်းက စိတ်ဝင်တစားမေးလိုက်သလို အားလုံးကလည်း စိတ်ဝင်စားနေသည်။ ကောင်းကင်က ကိုင်လာသည့်အရာနှစ်ခုကို စားပွဲပေါ်တင်လိုက်ပြီး...
    "ဒါပဲ.."
    မို့ ဖြန့်ကြည့်လိုက်သည်။ တစ်ခုက ဟောင်းနွမ်းနေသည့်တိုင် သားရေပေါ်တွင် သေချာထွင်းထားသဖြင့် ထင်ရှားသေသပ်နေဆဲ မြေပုံလိုလို အညွှန်းတွေနှင့် စာရွက်အမာ..
    နောက်တစ်ခါစက္ကူနွမ်းနွမ်းပေါ်တွင် ရေးထားသည့်စာ..။ စာရွက်တွင် ရေးထားသည်က
     သား.....
ကြာဖြူဆီသွားပေးပါ... မဖြစ်မနေသွားပေးပါ မျိုးရိုးစဉ်ဆက်၇နှဘဝထိ ကျိန်စာသင့်မယ့်အရေးမို့ ကြာဖြူကို တွေ့အောင်ရှာပြီး အပြစ်တွေဆေးကြောပေးပါ
ဒါပေမယ့်ပဒုမ္မာရီမြို့တော်ကို ရောက်ခဲ့ရင် ကိုယ်ရောစိတ်ပါ အားလုံးထိန်းချုပ်နိုင်ပါစေ...
မဟုတ်ရင် မင်းပါဒုက္ခတွေ့လိမ့်မယ်
                                           မိုးမြင့်
   
     "ဒါဘာအဓိပ္ပယ်လဲ ကောင်း.."
    မို့အမေးကြောင့် ကောင်းကင်က သက်ပြင်းရှိုက်ရင်းနှင့်
    "ငါလည်းမသိလို့ အဖြေရှာရတယ် မင်းတို့ နားလည်အောင် အစချီပြောရမယ်ဆိုရင် ငါ့ဦးလေးအဖြေရှာမရဘဲ ရုတ်တရက် ရူးသွပ်သွားတာ မင်းတို့လည်းသိပြီးသားပါ.."
    "ဟုတ်တယ်လေ ငါတို့ပထမနှစ် တက်တုန်းထင်တယ် မို့နဲ့ကဒုတိယနှစ်မှ အရမ်းခင်ပြီးတွဲဖြစ်တော့ သိပ်သိမှာမဟုတ်ဘူး တစ်နှစ်လောက်လားမသိဘူး ပျောက်သွားတယ် နင်နဲ့အန်တီတောင် သေပြီထင်ပြီး အမျှတွေဝေပြီး ဆွမ်းတွေကပ်သေးတယ် ငါမှတ်မိသေးတယ်"
     စိမ်းစကားအဆုံး ကောင်းကင်က
    "တကယ်တော့ အဲ့ဒီ့နောက်မှာ ထူးဆန်းတာတွေအများကြီးရှိခဲ့တယ် စိမ်း ငါ့ဦးလေးပင်လယ်ပြင်ကို အပျော်ခရီးထွက်ပြီး ပျောက်သွားတယ် ပြန်ပေါ်လာတော့ အရင်နဲ့မတူဘူး ငေးငေးငိုင်ငိုင်နဲ့ ပြီးတော့ ရုတ်တရက်ရူးသွားတယ် ထူးဆန်းတာက လပြည့်နေ့ရောက်တိုင်း သူ့ကို ကြာဖြူပန်းတစ်ပွင့်ကပ်ပေးရတယ် မဟုတ်ရင် အတော်စိတ်ဖောက်တာ.."
    "ဘယ်လို...:"
    "ဟုတ်တယ် စိမ်း.. ဒါတွေငါမင်းတို့ကို မပြောခဲ့ဘူး မလိုအပ်ဘူးထင်လို့ပါ ငါကိုယ်တိုင်ကလည်း ဒါကို သိပ်အလေးအနက်မထားခဲ့ဘူး သူခရီးလမ်းမှာ မတော်တဆစိတ်ချောက်ချားစရာ တစ်ခုခုနဲ့ကြုံခဲ့တယ်လို့ပဲ ငါတို့လွယ်လွယ်တွေးလိုက်တာ ဒါပေမယ့် ဒါဟာ ဒီလောက်နဲ့မဟုတ်ဘူးဆိုတာ ဦးလေးဆုံးပြီးတဲ့နောက် ငါသိခဲ့တယ်"
    ကောင်းကင်ကပြောပြောဆိုဆိုနှင့် သတင်းစာဟောင်းတစ်ခုကို စားပွဲပေါ် ဖြန့်လိုက်ရင်း...
     "ဒီမှာကြည့် သူဌေးကြီးဦးမင်းသန့်ရှိုင်းနဲ့ ဦးဥက္ကာတို့ရဲ့နာရေး သူတို့နှစ်ယောက်ကို ငါကောင်းကောင်းသိတယ် လူပျိုဖြစ်တဲ့ ငါ့ဦးလေးဆီ မကြာခဏဝိုင်းလာဖွဲ့တတ်လို့လေ ပြီးတော့ နောက်ဆုံးဦးလေးသွားခဲ့တဲ့ ပင်လယ်ခရီးစဉ်က ဒီလူနှစ်ယောက်နဲ့သွားခဲ့တာ သူတို့သုံးယောက်က သိပ်အတွဲညီတဲ့ သူငယ်ချင်းတွေ ဒါပေမယ့်ခရီးကနေ ပြန်လာပြီးတဲ့နောက် တွဲတာတော့မတွေ့တော့ဘူး ငါလည်းစိတ်ထဲသိပ်မထားတော့ ထူးဆန်းတယ် မတွေးခဲ့ဘူး အခုသတင်းစာကိုကြည့်မှ သူတို့နှစ်ယောက် သေဆုံးချိန်နေ့ရက်ဟာ ငါ့ဦးလေးဆုံးတဲ့အချိန်နဲ့ တစ်ထပ်တည်းကျနေတာ တွေ့လိုက်တယ်"
    "ဟင်..."
     သတင်းစာကိုကြည့်ပြီး သူတို့အားလုံး အတော်လေးအံ့သြသွားမိသည်။ ကမ္ဘာက မယုံကြည်ဟန်ဖြင့်
    "ဘယ်လိုဖြစ်ပြီး သူငယ်ချင်းသုံးယောက်က တစ်နေ့တည်း တစ်ချိန်တည်း စက္ကန့်တောင် မခြားပါလား တပြိုင်နက်ဆုံးတာ အတော်အံ့သြဖို့ကောင်းတယ်"
    "ဟုတ်တယ် မို့အထင် ဒါထူးဆန်းနေတာ အမှန်ပဲ.."
    ကောင်းကင် သက်ပြင်းတစ်ချက်ချလိုက်ရင်း
    "နောက်တော့ ငါ့ဦးလေးပစ္စည်းငါရတော့ ဒါက သာမာန်ကိစ္စမဟုတ်ဘူးဆိုတာ သေချာသွားတယ် ပိုသေချာသွားစေတာက ဦးလေးအုပ်ဂူကန်တော့သွားရင်း ဦးဥက္ကာအုပ်ဂူကိုတွေ့လိုက်ရတာပဲ အဲ့ဒီ့အုပ်ဂူမှာ ရေးထားတဲ့စာက သိပ်ထူးဆန်းတယ်....
ကြာဖြူ ငါတို့သေခြင်းတရားမှာ မင်းအငြိုးတွေ ပြေပါစေတော့တဲ့"
    "ဟင်.."
     သူတို့အံ့သြမှုကြောင့် ငြိမ်သက်သွားကုန်သည်။ တစ်ချိန်လုံး နူတ်ဆိတ်နေသည့်စေတန်က..
   "ကြာဖြူဆိုတာ ဘယ်သူလဲ.."
   "ငါလည်းမသိဘူး ငါ့ဦးလေးရှိတုန်းကလည်း မကြာခဏ ကြာဖြူဆိုတာယောင်လေ့ရှိတယ် စိတ်ပုံမှန်မဟုတ်တော့ ငါလည်း သိပ်အလေးအနက်မထားခဲ့ဘူး "
   "ကြာဖြူဆိုတာမိန်းကလေးဖြစ်ဖို့ သေချာတယ် အန်ကယ်မိုးမြင့်တို့ သူငယ်ချင်းသုံးယောက်နဲ့ တစ်ခုခုဆက်နွယ်ပုံရတယ် ဒါပေမယ့် ဒီအနေအထားကို ကြည့်ရင်တော့ ကောင်းတဲ့ပတ်သတ်မှုမျိုး မဟုတ်လောက်ဘူး"
    ကမ္ဘာစကားကို မို့ကထောက်ခံဟန်ဖြင့် ခေါင်းညိတ်ပြီး
   "ဟုတ်တယ် ဒီစာထဲမှာကျိန်စာတွေ ဘာတွေနဲ့ ၇နှစ်ဘဝဆိုလား အမှန်တကယ်ဆို ကြောက်စရာကြီး ပဒုမ္မာရီမြို့တော်တဲ့ တစ်ခါမှမကြားဖူးဘူး မြေပုံကရောတကယ်လား ဟို စိတ်တော့မရှိနဲ့နော် နင့်ဦးလေးက စိတ်ပုံမှန်မရှိတော့ ဒါကို အမှန်လို့ယူဆလို့ရမလား.."
    "အမှန်ဟုတ်မဟုတ်ဆိုတာထက် ဒါဟာ ဆန်းကြယ်တဲ့ကိစ္စမဟုတ်ဘူးဆိုတာ ငြင်းလို့မရဘူးမို့ သူတို့သုံးယောက်က ခရီးအတူသွားခဲ့တယ် ပြန်လာတော့ ကြာဖြူဆိုတဲ့ နာမည်တစ်လုံးပါလာတယ် ပြီးတော့ တပြိုင်နက်တည်းဆုံးသွားတယ် သူတို့သုံးယောက် ဒီလိုတစ်ချိန်တည်းမှာ သေသွားတာ သာမာန်တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်လို့လား"
   "ဒါလည်းဟုတ်သားပဲ ငါတော့ တွေးရခက်လာပြီ"
    မို့က စိတ်ရူပ်ဟန်ဖြင့်ဆိုလိုက်သည်။ ကမ္ဘာ ကောင်းကင်ကို စေ့စေ့ကြည့်ပြီး...
    "မင်းဘာလုပ်ချင်သလဲ ကောင်းကင်"
    "ငါဒီခရီးကိုသွားကြည့်မယ်..."
    "ဘာ..."
    ကောင်းကင်အားလုံးကိုတစ်ချက်ကြည့်ပြီး..
    "မင်းတို့သိပါတယ် ငါ့ဦးလေးကငါ့ကျေးဇူးရှင် အဖေဆုံးသွားပြီးတဲ့နောက် အိမ်ထောင်မပြုဘဲ ငါတို့သားအမိကို စောင့်ရှောက်ခဲ့တယ် သူ့ကြောင့်ငါဒီလိုမပူမပင် မကြောင့်မကျနေခဲ့ရတာ ငါ့ဦးလေးဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးချင်တယ်"
     "နင့်အမေကရောသွားခွင့်ပြုလား.."
    "ခွင့်ပြုတယ်စိမ်း အမေကဦးလေးဆီ တချိန်လုံးသွားနေတော့ ဦးလေးရူးသွားရတဲ့အကြောင်းရင်းမှာ ကြာဖြူကြောင့်ဆိုတာ သေချာတယ်တဲ့ သိပ်ချစ်ရတဲ့ သူငယ်ချင်းသုံးယောက် ဘာလို့မခေါ်မပြောဖြစ်သွားသလဲ နိုင်ငံခြားကို ဦးဥက္ကာထွက်ပြေးသွားတယ် ဦးမင်းသန့်ရိူင်းက ဇနီးနဲ့သားကိုဥပေက္ခာပြုပြီး ကြာဖြူဆိုတာကို တမ်းတစွဲလမ်းပြီး တစ်အိမ်လုံးတစ်ခြံလုံး ကြာဖြူပန်းတွေ လွှမ်းစေခဲ့တယ်တဲ့ ဒါဟာ သာမာန်ကိစ္စမဟုတ်မှန်း အမေလည်း စိတ်ထဲခံစားရတယ်တဲ့ ဒီစာဟာစိတ်မမှန်လို့ လျှောက်ရေးထားတာ မဟုတ်မှန်းလည်း အမေယုံကြည်တယ်"
      ကောင်းကင်စကားအဆုံး သူတို့အားလုံး ကိုယ်စီတိတ်ဆိတ်သွားသည်။ စိမ်းက တစ်စုံတရာကို တွေဝေနေဟန်ဖြင့်..
    "ကြာဖြူ... ဒီနာမည်ကို ငါရင်းရင်းနှီးနှီး သိသလိုပဲ"
     "သိမှာပေါ့.. သီချင်းတောင်ရှိသေးတယ် ကြာဖြူရေ ကြာဖြူ.."
     မို့က စသလိုပြောလိုက်သည့်တိုင် စိမ်းခေါင်းခါရမ်းလိုက်ပြီး..
    "မဟုတ်ဘူး.. အာ့လိုသိတာမဟုတ်ဘူး ရင်ထဲမှာသိနေသလိုလို ငါမပြောတတ်ဘူးဟာ.."
    ပြောရင်း စိမ်းသက်ပြင်းချမိသည်။ တကယ်လည်း စိမ်း မပြောတတ်ပါ။
    သေချာသည်က သူမကြာဖြူကို ရင်းနှီးသလို ခံစားမိသည်။ သို့သော် ဘာမှန်းစိမ်းကိုယ်တိုင် မသိ..။ တစ်ခါတလေမက်လေ့ရှိသည့် အိမ်မက်လိုလို အဖြစ်မျိုးကိုလည်း ဖျတ်ခနဲ့ သတိရလိုက်မိသည်..
    ကြီးမားသော ရေအိုင်ကြီးတစ်ခု...
    အဖြူရောင် ကြာပန်းတွေအပြည့်နှင့်...
    ပြီးတော့ နှင်းတွေဝေနေသည့် မြို့ရိုးတစ်ခု..   
    ထို့နောက်မိန်းကလေးတစ်ယောက်၏ ရိူက်ငိုသံ
    အိမ်မက်မက်ပြီးသည့်နောက်  ရင်ထဲတွင် ထူးဆန်းသည့်အဖြစ်မျိုး စိမ်းအမြဲတမ်း ခံစားရသည်။ သို့သော်ကြာကြာနေမှ တစ်ခါမက်လေ့ရှိသဖြင့် စိမ်း မေ့မေ့ပျောက်ပျောက်ပဲ ထားလိုက်သည်။
     ရူးကြောင်ကြောင် အထင်ခံရမှာစိုး၍ ဒီအိမ်မက်ကို စိမ်းဘယ်သူ့ကိုမှ အထူးအဆန်းလုပ်ပြီး မပြောဖြစ်ခဲ့ပါ။
    အခုကောင်းကင်ဆီမှ ကြာဖြူနှင့်ပတ်သည့် ထူးဆန်းသည့်အဖြစ်တို့ကို ကြားလိုက်ရတော့ စိတ်ထဲတစ်မျိုးခံစားလိုက်ရတာ အမှန်ပင်..
   "ဘာဖြစ်လို့လဲစိမ်း.."
   စိမ်းမျက်နှာကိုအရိပ်တစ်ခုလို ကြည့်နေတတ်သည့်ကမ္ဘာက စိုးရိမ်စွာမေးတော့ စိမ်းအသာပြုံးလိုက်ရင်း
    "ဘာမှမဟုတ်တော့ဘူး ငါ့စိတ်ထင်လို့နေမှာ"
    စေတန်က စားပွဲပေါ်ကမြေပုံအညွှန်းကို ကောက်ယူလိုက်ပြီး သေချာစိုက်ကြည့်လျက်နှင့်
    "ငါဒီခရီးကိုစိတ်ဝင်စားတယ် သွားဖို့လုံးဝသေချာတယ် ကောင်းကင် "
    စေတန်ပုံက တကယ်ကိုလေးလေးနက်နက်။ အတော်လေး စိတ်ပါနေဟန်တူသည်။ ကောင်းကင် တစ်ချက်ပြုံးလိုက်ပြီး..
    "ငါတို့တွေ ဘယ်သွားသွားအတူရှိခဲ့ပေမယ့် ဘာမှန်းမသိတဲ့ခရီးစဉ်ကိုတော့ လိုက်ခဲ့ဖို့ မခေါ်ချင်ဘူးကွာ မင်းတို့ဘာသာဆုံးဖြတ်ကြပါ ငါကငါ့ကျေးဇူးရှင် ဦးလေးအတွက်သွားတဲ့ခရီးမို့ နောက်ဆုံးဘေးတွေ့ရင်တောင် ငါ့အတွက် အဓိပ္ပယ်ရှိတယ် ကြာဖြူဆိုတာ ယုံတမ်းပုံပြင်တစ်ပုဒ် ဖြစ်ခဲ့မယ်ဆိုရင်တောင် အနည်းဆုံးတော့ ဦးလေးရဲ့နောက်ဆုံးဆန္ဒအတိုင်း လုပ်ပေးခဲ့နိုင်တယ်လေ တန်ပါတယ်"
    သူတို့တိတ်ဆိတ်သွားပြန်သည်။ စေတန်ကတော့ မြေပုံကိုသာ စူးစိုက်ကြည့်ရင်းနှင့်
     "ကြာဖြူဆိုတဲ့နာမည်က ငါ့ကိုအရမ်းဖမ်းစားနေတယ် ထူးဆန်းလိုက်တာ ဒီမြေပုံကတကယ်လို့ ငါစိတ်ထဲခံစားရတာ အံ့သြဖို့ကောင်းတယ် ဘာဖြစ်ဖြစ် ငါမင်းနောက်လိုက်ခဲ့မယ် ကောင်းကင်.. နာမည်တစ်လုံးက ငါ့ကိုဘာလို့ ဖမ်းစားနိုင်လဲဆိုတာ သိပ်သိချင်တယ် မင်းပြောတဲ့ ဇာတ်လမ်းတစ်ပုဒ်လုံးမှာ ငါ့စိတ်ထဲစွဲနေတာ ကြာဖြူပဲ"
    စေတန်ပုံက တကယ်အတည်ပြောနေသဖြင့် သူတို့တွေပါအံ့သြမိပြန်သည်။ မိန်းကလေးများစွာ၏ မင်းသားတစ်ပါးဖြစ်သော စေတန်၏စိတ်ကို ဘယ်သူမှမဖမ်းစားနိုင်ခဲ့ပါ။
    သို့သော်ဒီနာမည်နှစ်လုံးက သူ့ရင်ထဲ နက်ရှိုင်းစွာစွဲကျန်ခဲ့မှန်း သူ့ကိုသူတောင် နားမလည်တော့ပေ..
    စေတန်မျက်နှာချောချောလေးကို ငေးကြည့်ရင်း စိမ်းသက်ပြင်း ခိုးရှိုက်လိုက်မိသည်။ အမှန်တိုင်းပြောရရင် သူမသည်ခရီးစဉ်ကို မသွားစေလိုပါ..။
     ဒါဟာကောင်းတဲ့ ခရီးတစ်ခုဖြစ်လာမည် မဟုတ်မှန်း စိမ်းအလိုလိုခံစားနေမိသည်။ မြေပုံအညွှန်းကိုငေးကြည့်ရင်း ရင်ထဲကြောက်ရွံနေသလိုဖြစ်ကာ စိတ်တွေလေးလံနေမိ၏။ သို့သော် စေတန်ကာ စိတ်အားထက်သန်လွန်းနေတော့
     ဒုတိယအကြိမ် သူမသက်ပြင်းချမိပြန်သည်။ မိဘနှစ်ပါးလုံးနိုင်ငံခြားကို အပြီးပြောင်းသွားသည့်တိုင် စေတန်အပေါ်ထားသည့် သံဃောဇဉ်ကြောင့် မြန်မာပြည်မှာ ပေကပ်ပြီးနေခဲ့သည်။
     အခုလည်း ဒီခရီးကိုစေတန်ကိုယ်တိုင် စိတ်အားထက်သန်လွန်းနေတော့ စိမ်းမသွားလိုသော်လည်း...
    "ငါလည်းလိုက်မယ်.. ဒီလိုမျိုးမြေပုံနဲ့ ခရီးတစ်ခါမှမထွက်ဖူးဘူး စိတ်လှုပ်ရှားဖို့ ကောင်းမှာအမှန်ပဲ.."
    "သေချာဆုံးဖြတ်နော်စိမ်း ဒါအပျော်ခရီး ဟုတ်ချင်မှဟုတ်မှာ.."
     ကမ္ဘာသတိပေးတော့ စိမ်းလှပစွာပြုံးလိုက်ပြီး
     "ငါ့သူငယ်ချင်းတွေနဲ့သွားရတဲ့ခရီးက ဘာပဲဖြစ်နေပါစေ ငါ့အတွက်တော့ ပျော်စရာပဲလေ.."
      အထူးသဖြင့် စေတန်ပါခဲ့ရင်ပေါ့။ ဒီစကားကို စိမ်းရင်ထဲသာ ပြောလိုက်မိသည်။
     "မင်းတို့ချည်းပဲတော့ ငါစိတ်မချဘူး ငါလည်းလိုက်ရတော့မှာပဲ စိတ်လှုပ်ရှားစရာတော့ အကောင်းသား"
    ကမ္ဘာစကားကြောင့် သူတို့အလိုလို ပြုံးမိသွားသည်။ ကောင်းကင်က မို့ကိုငဲ့ကြည့်ရင်း..
    "ကဲ မမို့ထားခင် ဘယ်လိုလဲ.."
     မို့က အဓိပ္ပယ်ပါပါပြုံးလိုက်ပြီး..
    "ဘယ်သူမှမလိုက်ရင်တောင် ငါကလိုက်ဖို့ ဆုံးဖြတ်ပြီးသာ အိမ်မှာငရဲကျနေတဲ့ငါ့အတွက် ဒီခရီးက အကောင်းဆုံးစိတ်ထွက်ပေါက်ပဲလေ ပျော်ပျော်ကြီးကိုလိုက်ခဲ့မှာ"
   မို့စကားကြောင့် သူတို့စိတ်မကောင်း ဖြစ်မိသည်။ ဖခင်ဆုံးတာ ကြာနေပြီဖြစ်သည့်တိုင် မို့အမေက ရုတ်တရက် အိမ်ထောင်ပြုလိုက်သည်။
    ပိုဆိုးတာက မို့အမေအိမ်ထောင်ပြုလိုက်သူက ဂုဏ်ရည်တူထဲကမဟုတ်ဘဲ အသက်ငယ်ငယ် အလုပ်သမားတစ်ယောက်..
    ပညာတတ်ရုံလေးသာသာ။ ပြီးတော့ မို့နှင့်မတိမ်းမယိမ်း။
    ပထွေးနှင့်ကအသက်သိပ်မကွာသည်မို့ မို့အတွက်အရှက်ရသလို အိမ်မှာနေရသည်မှာ ငရဲလိုပင် နေ့စဉ်နှင့်အမျှ စိတ်ပင်ပန်းရသည်..။
    ပထွေးငယ်ငယ်၏ အရောတဝင်ရှိမှု...၊
ဒီလူနှင့်တွေ့မှ ဘာတွေပြောင်းလဲသွားမှန်းမသိ အချစ်စိတ်မွန်ကာ ယောကျာၤးအကြောင်း မကောင်းအပြောကိုမခံသည့်မိခင်၏ ဆတ်ဆတ်ထိမခံမှု..
   နေ့တိုင်းအမေနှင့်ပြသာနာတက်ရင်း မို့စိတ်ပင်ပန်းရတာ သူတို့အသိဆုံးပင်။ ဒီခရီးဟာ မို့အတွက် တကယ်စိတ်ထွက်ပေါက် ဖြစ်သွားသည်ထင်ပါ့။ မို့တကယ်ပင် ပျော်ရှာနေသည်။
    "အားလုံးကိုကျေးဇူးတင်တယ်ကွာ ဒီခရီးကို တို့တွေအတူသွားကြတာပေါ့ "
    ကောင်းကင်ကျေနပ်စွာပင် ပြောလိုက်သည်။ စေတန်မြေပုံကို စားပွဲပေါ်တင်လိုက်ပြီး
    "ကဲ.. လုံးဝစိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပင်လယ်ပြင်ခရီးကို ရွက်လွင့်ကြရအောင်..."
    "ဟေး..."
    "မတော်တဆ ရုပ်ရှင်တွေထဲကလို ရတနာတွေတွေ့ရင် ထောပြီနော် ဟိဟိ.."
    မို့ကသဘောကျစွာဆိုတော့ စေတန်လှစ်ခနဲ့ ပြုံးလိုက်ပြီး
    "ရတနာဘာလုပ်ရမလဲကွာ ငါလိုချင်တာ စိန်ခေါ်မှုတွေနဲ့ စိတ်လူပ်ရှားဖို့ကောင်းတဲ့ ဂိမ်းတစ်ခုပဲ အခုတော့ငါ့ဆန္ဒပြည့်ပြီ ဒါနဲ့ ဒီပင်လယ်ပြင်ခရီးအတွက် ကုန်ကျစရိတ်တွေ လိုအပ်တာတွေအားလုံး ငါစီစဉ်မယ်"
     စေတန်စကားကြောင့် သူတို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပခုံးတွန့်လိုက်မိသည်။
    သူတို့အားလုံး ချမ်းသာကြပါသည်။ သို့သော် စေတန်၏ကြွယ်ဝမှုတွေနှင့်ယှဉ်ရင်တော့ အုတ်တစ်ချက်လောက်သာ။
    ခုလည်း ခရီးဦးဆောင်ရမည့်သူက ကောင်းကင်..။ သို့သော်စေတန်က ဒီခရီးကို ကောင်းကင်ထက် ပိုတက်ကြွကာ စိတ်ပါနေတော့သည်။
    သူတို့အားလုံး စိတ်လှုပ်ရှားဖွယ်ကောင်းသော ပင်လယ်ပြင်ရွက်လွင့်ခြင်းအတွက် လိုအပ်သည်များကို ရင်ခုန်စွာ ပြင်ဆင် နေကြတော့သည်။ 
    သို့သော် ဒီခရီးစဉ်ဟာ သူတို့သူငယ်ချင်းငါးယောက်၏ကံကြမ္မာကို ဆိုးဝါးစွာပြောင်းလဲလိုက်မည်ကို ကြိုသိခဲ့ပါက...
   "စိမ်း.. နင်သေချာတယ်နော်.."
    ပစ္စည်းတွေထုပ်ပိုးနေသည့်စိမ်းနား ဖျတ်ခနဲ့ရောက်လာပြီး ရုတ်တရက် မေးလိုက်သောကမ္ဘာကြောင့် စိမ်းကြောင်သွားရင်း
    "ဘာကိုလဲ.."
   "ဒီခရီးကိုသွားဖို့ပေါ့ ဘာမှန်းမရေရာလို့ ငါနင့်အတွက်စိတ်ပူတယ် ပြီးတော့နင်ကမိန်းကလေး မလိုက်သင့်ဘူးလို့ ငါထင်တယ်.."
     စိမ်းပြုံးလိုက်သည်။ တကယ်ကို လှလှပပ..
    "စိတ်မပူပါနဲ့ ပျော်စရာကောင်းမှာပါ ဒီခရီးက ငရဲဆိုရင်တောင် စေတန်ပါတဲ့အတွက် ငါပျော်ပျော်ကြီးလိုက်မှာ ကဲပါ အတွေးမလွန်ပါနဲ့ ငါတစ်ယောက်တည်း မဟုတ်ပါဘူး မို့လည်းပါသာပဲလေ.."
    လှပလွန်းသောစိမ်းမျက်နှာကို ငေးကြည့်ရင်း ကမ္ဘာအတွက်စကားလုံးတွေ မဲ့သွားတော့သည်။ သက်ပြင်းတစ်ချက်သာ ရှိုက်လိုက်ရင်းနှင့်...
     မည်သို့ပင်ဖြစ်စေ ခရီးစဉ်အတွက် သူတို့တွေ စိတ်လှုပ်ရှားကာ တက်ကြွခဲ့သည်။ သူတို့မျှော်လင့်သလို ပျော်စရာခရီးတစ်ခု မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော ခရီးတစ်ခုဖြစ်ခဲ့မည်ဆိုတာကို ကြိုသိခဲ့ပါက...
     သို့သော်ကံတရားကို ဘယ်သူကများကြိုသိနိုင်မလဲ..
     ရယ်မောနေသည့်အသံတွေကြား ဆိုးဝါးရက်စက်သော ကံကြမ္မာတစ်ခု ရောက်နေခဲ့လေတော့......

ၾကာျဖဴ(ကြာဖြူ) Wo Geschichten leben. Entdecke jetzt