Zawgyi
~~ကြာဖြူ~~
အပိုင်း(၉)
မြူနှင်းတွေဝေဆိုင်းနေသည့် ပတ်ဝန်းကျင်တစ်ခု။
ပြီးတော့ စိမ်းလဲ့နေသည့်ကန်ရေပြင်...
ခပ်လှမ်းလှမ်းတွင်တော့ မြို့ရိုးတစ်ခု...
သူမ ဒီနေရာကိုထပ်ရောက်ခဲ့ပြန်သလား...
သို့သော်ထူးဆန်းသည်က ရုတ်တရက်လူတွေ အများကြီးပေါ်ထွက်လာသည်။ ထိုသူတို့က သူမကိုမြင်ဟန်မတူ...
တစ်နေရာကို ဝိုင်းအုံကြည့်နေသည်။ သူမ မနေသာဘဲ လူတွေဝိုင်းနေသည့်နေရာသို့ ကြည့်လိုက်မိတော့...
ကန်ရေစပ်တွင်လှဲပြိုနေသည့် အဖြူရောင်ဝတ်စုံနှင့်မိန်းကလေးတစ်ဦး။
ရိုက်နှက်ထားဟန်တူသည်။ ကျောပြင်တွင် ဒဏ်ရာများစွာက မြင်မကောင်း....
အိုး.... သနားစရာကောင်းလိုက်သည့် မိန်းကလေး
သူမကြောက်ရွံ့ထိတ်လန့်စွာ ရိုက်ငိုနေသည့်တိုင် ဘာကြောင့်မှန်းမသိ လူတွေကသူမကို စက်ဆုပ်စွာ ဝိုင်းကြည့်နေကြသည်။
"အရှင်ဘုရင်မင်းမြတ် ကြွတော်မူလာပြီ"
ကျယ်လောင်သောသတိပေးသံကြောင့် ဝိုင်းအုံနေသည့်လူတွေအားလုံး ကပျာကယာ လမ်းဖယ်ပြီး ဒူးထောက်ထိုင်ချတော့၏။ သူမတစ်ယောက်တည်း ယောင်နန ငေးကြည့်နေမြဲ...
တောက်ပနေသည့် ဝေါယာဉ်တစ်ခုကို သူမတွေ့လိုက်ရသည်။ ပြီးနောက် ခမ်းနားသောအသွင်အပြင်နှင့် ဘုရင်ဖြစ်ဟန်တူသည့် လူတစ်ယောက်....
မြူနှင်းတွေဝေ့ဆိုင်းလွန်းသဖြင့် သူမကောင်းကောင်းမမြင်ရပါ။ ထိုဘုရင်သည် အင်မတန်ခက်ထန်တင်းမာသောလေသံဖြင့်...
"ငါကိုယ်တော်မင်းမြတ်အပေါ် ဖောက်ပြန်ခဲ့သည့်အပြင် ပုန်ကန်ရန်ကြံစည်ခဲ့သည့် ဤအယုတ်တမ စုန်းမအား ငါအမိန့်ချမည်..."
အားလုံးတိတ်ဆိတ်သွားသည်။ ဘုရင်သည် အလွန်တရာဒေါသထွက်နေဟန်နှင့်.
"ဤစုန်းမအား မြောက်ဘက်သုသာန်တွင် ခုနှစ်ရက်တိတိ အစာရေစာမကျွေးမွေးဘဲ သံကြိုးဖြင့်ချည်နှောင်ထားစေ ခုနှစ်ရက်မြောက်နေ့နေဝင်သည်နှင့် ဤနေရာတွင် အရှင်လတ်လတ် မီးရို့သတ်စေ.... "
အို...... ကြောက်စရာကောင်းလိုက်တာ
"ကျွန်မကိုအမိန့်မချခင် အမှန်တရားတစ်ခုကို အရှင်မင်းကြီးနားထောင်သင့်တယ် ကျွန်မကိုပြောခွင့်ပဲပြုပါ မယုံကြည်လို့ လက်မခံနိုင်ခဲ့ရင်တော့ စိတ်ကြိုက်စီရင်ပါ.. တစ်ဖတ်သတ်စွပ်စွဲချက်တွေနဲ့ ဘာစကားမှပြောခွင့်မပြုဘဲ စီရင်ချက်ချတာ ပြင်းထန်လွန်းပါတယ်"
ထိုမိန်းကလေးက ငိုယိုပြီးတောင်းပန်နေသည့်တိုင် ဘုရင်ကား လှည့်ပင်မကြည့်ဘဲ ကျောခိုင်းသွားလေရာ...
အရာအားလုံးဖျတ်ခနဲ့ ပျောက်သွားပြန်၏။ ပြီးနောက်ပြန်ပေါ်လာသည်က တိတ်ဆိတ်ခြောက်ခြားဖွယ် ကောင်းလွန်းသော သုသာန်ရှေ့တွင် သံကြိုးဖြင့် ချည်နှောင်ထားခံရသည့်မိန်းကလေး...
ထို့နောက်ပုံရိပ်တွေအားလုံး ပျောက်သွားပြန်တော့ သူမမှင်သက်ရင်း ကျန်နေခဲ့သည်။
ဘာတွေဖြစ်သွားသလဲ.....
ထိုအမျိုးသမီး သေသွားခဲ့သလား....
ရူပ်ထွေးလွန်းစွာရှိနေမိစဉ်....
ကန်ရေပြင်သည် ငြိမ်းချမ်းစွာတည်ရှိပြီး ကြာပန်းတို့က အံ့သြသင့်ဖွယ်ကောင်းအောင် အစီအရီပေါ်ထွက်လာတော့သည်။
သူမအံ့သြသင့်စွာရှိရင်းမှ ကန်ရေပြင်အလယ်တွင် အလှဆုံးသော ကြာပန်းတစ်ပွင့်ကို သတိထားမိတော့..
အို.. လှလိုက်တာ ဒီပန်းကိုငါလိုချင်လိုက်တာ
ဘာကြောင့်မှန်းမသိ လိုချင်တက်မက်စိတ်က ထိန်းမရအောင်ပင် ဖြစ်လာတော့သည်။ သူမ အနီးအနားကို ဝေ့ကြည့်လိုက်တော့
ကမ်းစပ်တွင် လှေကလေးတစ်စီး...
သူမထွေးထွေးထူထူ စဉ်းစားမနေတော့ဘဲ ပန်းကလေးရှိရာရေလယ်သို့ လှေလှော်ပြီး လာတော့သည်။ အနီးရောက်မှပန်းက အလွန်လှသည်ကို တွေ့လိုက်တော့..
လှမ်းခူးဖို့လက်အလှမ်း....
ရုတ်တရက်ပန်းက ပျောက်ကွယ်သွားတော့
"ဟင်..ဘယ်ရောက်သွားသလဲ"
သူမကြောင်သွားနေမိစဉ် စူးရှထက်မြတ်သော အသံတစ်ခုက လွင့်ပျံလာတော့သည်။
"အံ့သြသင့်သွားသလာ ခရာ"
"ဟင်..."
ကြက်သီးတွေ ဖြန်းခနဲ့ထလာသည်။ အသံပိုင်ရှင်ကို လိုက်ရှာမိတော့မတွေ့....
"မင်းလိုချင်စိတ်တွေနဲ့ ခက်ခက်ခဲခဲ ကြိုးစားသွားခဲ့ပေမယ့် အဲ့ဒီအရာက ပုံရိပ်ယောင်ပဲ ခရာ"
"ရှင်...."
"အနားမှာရှိတဲ့အလှစစ်ကို မင်းမြင်အောင်မှ မကြည့်ခဲ့တာ"
သူမခူးဆွတ်ဖို့ကြိုးစားခဲ့သည့်ပန်းကို ကမ်းစပ်အနီးတွင်ပင် ရုတ်တရက်တွေ့ရတော့ အံ့သြသင့်နေမိစဉ် အေးစက်စက် အမျိုးသမီး၏အသံက ထပ်ထွက်လာတော့သည်။
"သဘာဝတရားက လှည့်စားတတ်တယ် မင်းမြင်တာကိုပဲအလှဆုံးထင်ပြီး အဲ့ဒီ့အရာကိုပဲ ယူဖို့စိတ်အားထက်သန်နေရင် မင်းဒုက္ခရောက်လိမ့်မယ်"
ဘာတွေလဲ... သူမတစ်ခုမှနားမလည်ပါ။ အော်ဟစ်ပစ်ချင်သည့်တိုင် ကြောက်ရွံ့မူကြောင့် သူမနူတ်ခမ်းတို့က စေးကပ်လို့နေတော့သည်။
"ဘယ်သောမှ စိတ်ကိုအနိုင်မပေးနဲ့ခရာ မဟုတ်ရင် မင်းရယူဖို့ ဘယ်လောက်ပေးဆပ်နိုင်ပါစေ မင်းပြန်ရမှာဒုက္ခတွေပဲ နောက်ဆုံးတကယ်မရှိတဲ့ ပုံရိပ်ယောင်တစ်ခုတွက် မင်းအသက်ပါပေးရလိမ့်မယ်"
"ဟင်...."
"ဘယ်သောမှ တကယ်မရှိနိုင်မယ့်အရာကို မချစ်နဲ့ မလိုချင်နဲ့ မင်းဒုက္ခရောက်မယ်ခရာ..."
သူမအံ့သြနေမိစဉ် ရုတ်တရက်လိုပင် လှေကတစ်စုံတစ်ရာဆွဲလှန်လိုက်သကဲ့သို့ မှောက်ကျသွားရာ...
"အမလေး..."
ရေထဲဝုန်းခနဲ့ ပြုတ်ကျသွားတော့ ရေမကူးတတ်သည့်သူမ မွန်ထူပြီး ကြောက်အားလန့်အားရှိနေခိုက် ရေအောက်တွင် မြင်လိုက်ရသည်က
ကြီးမားလွန်းသော မြွေကြီးတစ်ကောင်....
"အား...."
သွေးပျက်လွန်းစွာအော်မိပြီးနောက် သူမအိပ်ရာမှ မွန်းကျပ်စွာ နိုးထလာတော့သည်။ တစ်ကိုယ်လုံးလည်း ဇောချွေးတွေ ပြည့်နေခဲ့လေတော့...
"ဘာဖြစ်သလဲ အမိ.."
သူမအော်သံကြောင့် အနားရောက်လာသည့် ချောမောသောလူရွယ်တစ်ဦး။ လူရိပ်မြင်မှ ခရာ စိတ်ချောက်ချားတာတွေ ပြေပျောက်သွားပြီး
"ဟင့်အင်း... ခရာအိပ်မက်ဆိုးမက်လို့ပါ"
"ဘာအိပ်မက်လဲဟင်..."
ဒီစကားကိုအခန်းထဲဝင်လာရင်း ရုတ်တရက် မေးလိုက်သူက စိမ်း ။ စေတန်ပင် စိမ်းစကားကြောင့် ကြောင်သွားမိသည်။
စိမ်းက ဂရုမစိုက်။ ချွေးတွေစွဲနစ်နေသည့် သူမမျက်နှာလေးကို စူးစမ်းသလိုစိုက်ကြည့်ပြီး
"ဘာအိပ်မက်မက်လို့လဲ ဒီလောက် ချောက်ချားနေရသလဲ"
"ဟို...."
ခရာသည် သူမရှေ့ရောက်လာသည့် အလွန်လှပသောအမျိုးသမီးကို သတိလက်လွတ်ပင် ငေးကြည့်မိရင်းမှ
"ခရာ.. ရေကန်ထဲပြုတ်ကျသွားတယ် အဲ့ဒီရေကန်အောက်မှာ မြွေအကြီးကြီး တွေ့လိုက်လို့ပါ"
မလိမ်တတ်သူမို့ ခရာအမှန်တိုင်းပင် ပြောလိုက်သည်။ သူမကဘာကြောင့်မှန်းမသိ အံ့သြသင့်သွားပုံရသည်..။
"နေမကောင်းတဲ့ချိန် အိပ်မက်က မက်ချင်ရာမက်မှာပဲ မထူးဆန်းပါဘူး ထားလိုက်ပါ မင်းစိတ်ငြိမ်သွားအောင် ရေသောက်လိုက်ပါလား ကိုယ်ခပ်ပေးမယ်"
"ဟုတ်ကဲ့..."
ကိုယ်တိုင်ကိုယ်ကျခပ်ပေးနေသည့် စေတန်ကိုကြည့်ပြီး စိမ်းရင်ထဲဆစ်ခနဲ့...
သို့သော်ဟန်ဆောင်အပြုံးတစ်ခုက နူတ်ခမ်းတွင်တွဲခိုလာရင်း
"သက်သာရဲ့လား ညီမလေး"
"ဟုတ်ကဲ့ မမ ခရာသက်သာပါပြီ ကျေးဇူးလည်းတင်ပါတယ်နော် ခရာ့ကိုဂရုစိုက်ပေးတဲ့တွက် အားလုံးကို ခရာကျေးဇူးတင်ပါတယ်"
သူမက တကယ်ဖြူဖြူစင်စင်လေးပင်။ ဒါကို စိမ်းဘာလို့အလိုမကျဖြစ်မိပါလိမ့်..
မို့က အခန်းထဲဝင်လာရင်းမှ
"သက်သာသွားပြီဆို သူနဲ့သက်ဆိုင်တဲ့ အုပ်ထိန်းသူဆီပို့ပေးလိုက်ပါလား တော်ကြာပျောက်သွားတယ်ထင်ပြီး စိတ်ပူနေဦးမယ်"
မို့စကားတွေက သူမကိုမရှိစေချင်မှန်း သိသာလွန်းနေသဖြင့် စိမ်းပင်အားနာမိသည်။ ကောင်းကင်ကပါရောက်လာပြီ
"ဟုတ်တယ် ဒီချိန်လောက်ဆို သူ့ကိုစိတ်ပူနေလောက်ပြီ ပြန်ပို့သင့်ပြီထင်တယ် စေတန်.."
စေတန်က ဘာမှမပြော။ အားလုံးကို ပြူးကြောင်ကြောင် မျက်ဝန်းလေးဖြင့် မျက်နှာငယ်စွာ လိုက်ကြည့်နေသည့်သူမကို ကမ္ဘာကအကဲခတ်နေရင်းမှ
"ညီမလေး ကိုယ့်အထင် မင်းဒီကမဟုတ်ဘူး ထင်တယ်"
"ဟုတ်ကဲ့ခရာ ရန်ကုန်ကပါ "
"ထင်သားပဲ အင်း ဒါနဲ့ ကိုယ့်နာမည်က ကမ္ဘာကျော်ပါ သူကကောင်းကင်လျှံတဲ့ ဟိုဆံပင်တိုတိုလေးနဲ့ကမို့ထားခင်တဲ့ ဒီဖက်က မမလှလှလေးကဒဏ္ဍာရီစိမ်းတဲ့ သိရအောင်လို့ မှတ်ထားနော်... မင်းနာမည်ကခရာပဲလား"
"မိုးနတ်ခရာပါရှင့်"
"နာမည်ကအလန်းပဲ အော် မေ့လို့ မင်းနဲ့ မတော်တဆထိခိုက်မူဖြစ်ပြီး ဒီကိုခေါ်လာခဲ့တာ စေတန်ပဲ နာမည်အပြည့်အစုံက စေတန်နက္ခတ်တဲ့ "
ဒိုင်ခံမိတ်ဆက်ပေးနေသည့် ကမ္ဘာကြောင့် သူတို့ပင်ပြုံးမိသွားသည်။ အူလည်လည်ဖြစ်နေဟန်ရှိသည့်သူမက စိမ်းကို ငေးမောကြည့်ရင်းနှင့်..
"မမကအရမ်းလှတယ်နော် ခရာမမလိုလှတဲ့မိန်းကလေး တစ်ခါမှ မတွေ့ဖူးဘူး"
"အာ့လောက်လည်း မဟုတ်ပါဘူးရယ် ဘာဘဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ် မြှောက်ပေးတယ်ဆိုလည်း ကျေနပ်ရပါတယ်"
"မင်းကမင်းကိုယ်မင်း မှန်ထဲမကြည့်လို့နေမှာပါ ခရာ"
စေတန်ဝင်ပြောလိုက်သည့် စကားကြောင့် စိမ်းမျက်နှာပျက်သွားရပြန်၏။ သူမကတော့ စေတန်ဆိုလိုရင်းကို နားလည်ဟန်မတူဘဲ အူလည်လည်ဖြင့်...
"ခရာမှန်ကြည့်ပါတယ် ဘာဖြစ်လို့လဲဟင်"
"အလှဆုံးမိန်းကလေးတစ်ယောက်ကို မင်းမြင်ရပြီပဲလေ"
"ရှင်..."
သူမကရူပ်ထွေးဟန်ဖြင့် မျက်လုံးဝိုင်းဝိုင်းလေးနှင့် ငေးကြည့်နေတော့သည်။ စိမ်းမျက်နှာက သိသိသာသာပင်ပျက်သွားတော့ ကမ္ဘာမနေသာတော့ဘဲ..
"ဒီကိုဘယ်သူနဲ့လာသလဲ ခရာ "
"ခရာ့ကိုကိုနဲ့ပါ..."
"ဟုတ်လား... မင်းအစ်ကိုလား"
"ဟုတ်ကဲ့ ခရာ့ကိုကိုပါ"
သူမေးချင်သည့်သဘောကို သူမ နားမလည်သလား မသိ။ ခရာ့ကိုကိုလို့သာ ဇွတ်ပြောနေတော့သည်။ စေတန်က ထိုအသုံးအနူန်းကို မနှစ်မြိုသလိုခံစားရသဖြင့်..
"အလည်လာသလား အလည်ဆိုလည်း ဒီလိုနေရာမျိုးအလည်တော့ မဖြစ်နိုင်ဘူးထင်တယ်"
"ဟင့်အင်း... မဟုတ်ပါဘူး ခရာ့ကို ကိုကို ခေါ်လာတာပါ ခရာလည်းမလာချင်ပါဘူး ခရာပင်လယ်ကိုမကြိုက်ဘူးလေ"
တကယ်ကိုမနှစ်မြိုဟန်ဖြင့်ဆိုရှာသော ငြိမ်သက်နေသည့် စိမ်းတွေခနဲ့ဖြစ်သွားရင်...
"ဒါဆိုရင် ခရာ့ကိုကိုက အခြားကိစ္စနဲ့လာသလား"
"ကိုကိုက ကြာဖြူကိုလာရှာတာပါ"
"ဘယ်လို..."
မရည်ရွယ်ဘဲပြောလိုက်မိပြီးမှ သူမအသိဝင်လာကာ နူတ်ပိတ်ရင်း ငြိမ်နေတော့သည်။ သူမနူတ်ဖျားမှ ကြာဖြူဆိုသည့်စကားကြောင့် သူတို့အားလုံး အတော်အံ့သြပြီး စိတ်ဝင်စားသွားသည်။
အထူးသဖြင့် ကောင်းကင်။ ထိုင်ရာမှပင် ချက်ချင်းထလာပြီး
"ကြာဖြူ... ဟုတ်လား"
"ဟို ခရာမသိဘူးအစ်ကို ခရာကကိုကိုခေါ်လို့ ဒီရောက်လာတာ "
ကောင်းကင်က သူမကိုစေ့စေ့ကြည့်ပြီး..
"ကြာဖြူကိုလာရှာတယ်ဆိုတာ ဘာကိုပြောချင်သလဲ.."
"ရှင်..."
"မင်း ကြာဖြူကိုသိသလား"
သူမကောင်းကင်ကိုမော့ကြည့်ရင်း အလန့်တကြား ခေါင်းခါရမ်းလိုက်ကာ..
"ခရာ ကြာဖြူကို မသိဘူး"
"ဒါပေမယ့်မင်းပါးစပ်က ကြာဖြူလို့ပြောလိုက်တယ်လေ"
"ခရာ မညာပါဘူး ကြာဖြူဆိုတာနာမည်ပဲ ခရာသိတာပါ တစ်ခြားဘာမှမသိပါဘူး"
ခရာမျက်နှာလေးပျက်ယွင်းနေရှာတော့ စေတန် မနေသာတော့ဘဲ..
"တော်ပြီကောင်းကင် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ ထပ်မမေးနဲ့တော့"
စေတန်ဟန့်တားလိုက်တော့ ကောင်းကင် မတင်မကျစွာပင် ငြိမ်နေလိုက်သည်။ သူမကစေတန်ကို မျက်နှာငယ်လေးဖြင့် မော့ကြည့်ပြီး...
"ခရာပြန်ချင်တယ် ခရာ့ကိုပြန်ခွင့်ပေးပါနော်"
"မင်းခြေထောက်မှ မသက်သာသေးတာ"
"ခရာ လမ်းလျှောက်နိုင်ပါတယ် ခရာပြန်မှဖြစ်မယ် ကိုကိုပြန်ရောက်တဲ့ခါ ခရာ့ကိုမတွေ့ရင် စိတ်ဆိုးလိမ့်မယ် "
"ဟုတ်ပြီ ကိုယ်မင်းကိုလိုက်ပို့ပေးမယ်"
သူမထော့နဲ့ထော့နဲ့နှင့် ကုတင်ပေါ်က ဆင်းလိုက်သည်။ နူးညံ့ကြည်သာသော အပြုံးဖြင့် အားလုံးကိုကြည့်ရင်း
"ခရာပြန်တော့မယ်ရှင့် ခရာ့ကိုကူညီပေးခဲ့တဲ့အတွက် အားလုံးကို ခရာကျေးဇူးတင်နေပါတယ်"
"ဒါနဲ့. မင်းကိုကိုနာမည် ကိုယ်သိလို့ရမလား"
ဘာအတွေးပေါက်သွားသည် မသိ။ ကောင်းကင်က ရုတ်တရက်မေးလိုက်တော့ သူမကြောင်သွားရင်းမှ
"ကိုကို့နာမည်က နက်ရှိုင်းမြေပါရှင့် ဘာဖြစ်လို့လဲဟင်"
"ဘာမှမဖြစ်ဘူး ကျေးဇူးပဲ ခရာ"
"အာ့ဆို ခရာသွားပြီနော်"
သူမဘာမှထပ်မမေးဘဲ စေတန်နှင့်အတူ ထွက်သွားတော့သည်။ စိမ်းက တွေတွေလေး ငေးကြည့်ရင်းနှင့်
"ထူးဆန်းလိုက်တာ...."
သူမ ဘာကိုဆိုလိုချင်မှန်း သူတို့သေချာမသိပါ။ သို့သော်စိမ်းမျက်နှာက သိသာစွာပင် ညှိုးနွမ်းနေတော့သည်။
ကမ္ဘာသက်ပြင်းခိုးချလိုက်ပြီး ငြိမ်သက်နေသည့်ကောင်းကင်ကို တစ်ချက်ကြည့်ကာ
"ကောင်းကင် မင်းခုနဘာလို့သူ့ကိုကို နာမည်မေးရသလဲ ငါမရှင်းလို့..."
"ငါ့ဦးလေးသူငယ်ချင်းနှစ်ယောက်ထဲက တစ်ယောက်ယောက်နဲ့ ပတ်သတ်မယ့်သူ ဖြစ်မလားလို့တွေးမိလိုက်လို့ပါ သူ့ပါးစပ်က ကြာဖြူဆိုတဲ့နာမည်ထွက်လာတာ မင်းတို့လည်းကြားပါတယ်"
ကောင်းကင်စကားအဆုံး သူတို့အလိုလို ငြိမ်သက်သွားမိသည်။ ဘာလို့ ငြိမ်သက်သွားမှန်း သူတို့ကိုယ်တိုင်ပင် မသိတော့ပေ..
သေချာသည်က ကြာဖြူဆိုသည့်နာမည်တွင် မလိုလားဖွယ်ကောင်းသော အေးစက်တိတ်ဆိတ်ခြင်းတွေက ပါနေခဲ့လေသည်။
အထူးသဖြင့်..စိမ်း
ဘာမှန်းမသိသည့်ကြာဖြူသည် သူမကို သာမာန်ထက်ပိုသောအေးစက်လေးလံခြင်းတွေကို ခံစားစေသည်ကိုတော့ သူမကိုယ်တိုင် အဖြေရှာမရဖြစ်နေခဲ့ရာ..........
.................... ...............
ကမ်းခြေသည်... သာလွန်းနေသယောင်
ကောင်းကင်သည်ခါတိုင်းထက်ပင် ကြည်လင်နေသကဲ့သို့..
လေပြေသည် အေးမြလွန်းနေသည်ဟုပင် ထင်မိသည်။ သူ့နားတွင်တော့ အရာအားလုံးထက် ပိုလှသော ခြေထောက်ထော့နင်းထော့နင်းနှင့် မိန်းကလေးတစ်ယောက်...
သူ့စိတ်တွေနူးညံ့လွန်းနေသလား သူပင် နားမလည်တော့ပါ။
"လမ်းလျှောက်ရတာ အဆင်ပြေရဲ့လား ခရာ"
တိတ်ဆိတ်ခြင်းကို မနှစ်မြိုစွာပင် သူဖြိုခွဲလိုက်သည်။ သူမက ခေါင်းလေးအသာညိတ်ရှာပြီး
"အဆင်ပြေပါတယ်ရှင့်..."
"မင်းဘယ်နားမှာတည်းသလဲ..."
"ဟိုးဖက်မှာ..."
သူမလက်ညှိုးညွှန်ရာသို့ သူတစ်ချက် လှမ်းကြည့်ပြီး..
"မင်းအစ်ကိုနဲ့လား..."
"ဟုတ်ကဲ့ ခရာ့ကိုကိုနဲ့ပါ"
ခရာ့ကိုကို.. ။ သူဒီအသုံးအနူန်းကို မနှစ်မြိုပါ။ သူ့မျက်နှာသည်ပင် အလိုလိုမူန်ကုပ်သွားပြီး
"သူအခုရှိလား မင်းပျောက်နေတော့ စိတ်ပူတော့မှာပဲ"
"ကိုကိုမရှိလောက်ဘူး ဟိုးဖက်ကျွန်းကိုသွားတယ်"
"အော် မင်းကိုတစ်ယောက်ထဲထားခဲ့ရသလား"
သူမချက်ချင်းမဖြေပါ။ အတန်ကြာမှ တွေတွေလေးဖြင့်
"ခရာကတစ်ယောက်တည်းလည်း ဖြစ်ပါတယ် ခေါ်မသွားတာပဲ ခရာ့အတွက် ပိုအဆင်ပြေပါတယ်"
"မင်းစကားကတစ်မျိုးပဲ..."
"ဟုတ်တယ် ကိုကိုက ကြာဖြူကိုသွားရှာတာလေ ကြာဖြူနဲ့ပတ်သတ်ပြီး မကျေနပ်တာတွေ ခရာ့ဆီပုံကျလာပြန်မယ်"
"ဘယ်လို..."
ဟော.... ပြောမိပြန်ပြီ။ ခရာသည် သက်ပြင်းလေးသာ ရိုက်လိုက်မိရင်း..
"အာ့ဒါတွေ အစ်ကိုသိမှာမဟုတ်ဘူး ထားပါနော် အခုခရာ့ကိုဒီထိပဲပို့ပေးပါ ခရာ့ဘာသာသွားလိုက်တော့မယ်"
"ဘာလဲ... ရောက်တောင်မရောက်သေးဘူး"
စေတန်က ခပ်လှမ်းလှမ်းရှိ တည်းခိုအိမ်လေးတစ်လုံးကို လှမ်းကြည့်ရင်းဆိုတော့ သူမမျက်နှာမသာမယာဖြင့်
"စိတ်မရှိပါနဲ့.. ကိုကိုရောက်နေမှာစိုးလို့ပါ "
"ဘာဆိုင်လို့လဲ"
"အစ်ကိုဘာသိလို့လဲ ခရာအဆူခံရမှာ..."
ခရာ ဟိုးတစ်နေ့ကမ်းခြေက သူမအရိုက်ခံရသည့်အဖြစ်ကို ပြန်သတိရပြီး ရင်ထဲပင်အေးစက်သွားသည်အထိ ကြောက်ရွံ့မိသည်။ ထို့ပြင် တစိမ်းယောကျာင်္းတစ်ယောက်ရှေ့ ထိုအဖြစ်က သူမကိုပို၍ ရှက်ရွံ့ခါးသီးစေခဲ့သည်မဟုတ်လား
ခရာသည် သူမရှေ့ဂျစ်ကန်ကန်ဖြင့်ရပ်နေသည့် ချောမောလွန်းသော လူကိုငေးခနဲ့ကြည့်မိသည်။
သို့သော်... ရင်ထဲတွင်ဘာမှရှိမနေပါ...
ဖြူစင်ခြင်းများစွာဖြင့်သာ....
"ပြန်ပါတော့နော်...."
မျက်နှာငယ်လေးနှင့်သူမဆိုတော့ သူ့နူတ်ခမ်းတို့ကအလိုမကျစွာ တွန့်ခေါက်သွားပြီး
"Ok... ကိုယ်ပြန်မယ် ဒါပေမယ့် မင်းဆီကိုယ်ထပ်လာခဲ့မယ်"
"ရှင်..."
သူသူမကို စေ့စေ့ကြည့်ပြီး..
"ခရာ... မင်းပြောတဲ့ကြာဖြူဆိုတာ ကိုယ်သေချာမသိပါဘူး ဒါပေမယ့် ကိုယ်တို့သူငယ်ချင်းတွေလည်း ကြာဖြူဆိုတဲ့မိန်းကလေးကိုတွေ့ဖို့အတွက် ဒီကိုရောက်လာခဲ့တယ်"
"ဟင်...."
သူမသူ့ကိုအံ့သြလွန်းစွာ မော့ကြည့်လာတော့ သူတစ်ချက်ပြုံးလိုက်ပြီး
"မင်းပြောတဲ့ကြာဖြူနဲ့ ကိုယ်တို့ရှာနေတဲ့ ကြာဖြူတူနေခဲ့ရင် ပြန်ဆုံမှာပါ "
သူမ ဘာကိုမှနားမလည်ပါ။ သို့သော် ကြာဖြူဆိုသည့်နာမည်ကိုတော့ မနှစ်မြိုလွန်းသဖြင့်
"အစ်ကိုပြောနေတာတွေ ခရာမသိဘူး ဒါပေမယ့် ခရာကြာဖြူကိုမုန်းတယ် ကြာဖြူကြောင့် ဘယ်အရာနဲ့မှ ရေစက်မဆုံချင်တော့ဘူး"
သူမနူတ်ခမ်းတို့က တဆက်ဆက်တုန်ယင်လာတော့ သူအံ့သြသွားရင်း ဘာပြောရမယ်မှန်းပင်မသိတော့ချိန် သူမသူရှေ့က ဖျတ်ခနဲ့ထွက်ခွာသွားသည်။ သူ မတားလိုက်မိ...
တွေတွေလေးရပ်နေမိရင်း ပင်လယ်ကို မကျေနပ်ခြင်းများစွာဖြင့် စူးစိုက်ကြည့်နေမိသည်။ ဘာကို သူမကျေနပ်ဖြစ်နေသလဲ..
သူ... မသိပါ။ သူမထွက်သွားပြီးနောက် သူ့ရင်ထဲတွင်တော့ ကြာဖြူဆိုသည့် ဆူးတစ်ချောင်းက စူးနင့်စွာဝင်လာတော့သည်။
ကြာဖြူကြောင့်ဘယ်အရာနဲ့မှ ရေစက်မဆုံချင်တော့ဘူး ...
ဘာကိုဆိုလိုချင်သလဲ.... သူ့စိတ်တွေ ရူပ်ထွေးနေမိသည်။ ထိုအရာထက် ခဏလေးအချိန်အတွင်းမှာပင် သူမနူတ်ဖျားမှ ထပ်ခါထပ်ခါကြားနေရသည့် ကိုကိုဆိုသည့် အသုံးအနူန်းက သူ့ကိုပို၍ခါးသက်စေခဲ့သည်။
စေတန်...
သူသည်ရူပ်ထွေးခြင်းများစွာဖြင့် ပင်လယ်ကို မကျေမလည်စိုက်ကြည့်ပြီး သူ့ရှေ့တွင်ပင် ဖျတ်ခနဲ့ပျောက်ကွယ်သွားသည့် ခရာဆိုသည့် ကောင်မလေးကို လွမ်းဆွတ်နေမိပြန်သည်။
ဟုတ်တယ်.... ထူးထူးခြားခြား လွမ်းဆွတ်လို့နေသည်။
တစ်ချိန်တည်းမှာပင် ခရာသည်လည်း တိတ်ဆိတ်နေသည့် အခန်းငယ်လေးတွင် ငြိမ်သက်စွာထိုင်နေရင်း တစ်စုံတစ်ရာကို ပြင်းပျစွာပင် လွမ်းဆွတ်နေမိသည်။
ပြတင်းပေါက်မှတဆင့် ပင်လယ်ကို ငေးစိုက်ကြည့်ရင်း
သူမမျက်ရည်အချို့က ပေါက်ခနဲ့ စီးကျလာပြန်၏။ ထိုမျက်ရည်တို့သည် သူမကိုအမြဲနာကျင်စေခဲ့သော ကိုကို့ကို လွမ်းဆွတ်လွန်းလို့ဆိုတာ....
ကိုကို ပြန်မရောက်သေးပါ ဘာများဖြစ်နေပါလိမ့်..
ရင်ထဲအပူတွေနှင့် သူမလွမ်းလွန်းလို့နေပြီ ဖြစ်သည်။ ကိုကိုအနားမှာရှိလည်း ကိုကို့အမုန်းတွေကြောင့် နာကျင်ရသည်။ ကိုကိုအဝေးမှာရှိပြန်တော့ လွမ်းဆွတ်ခြင်းတွေနှင့် နာကျင်ရပြန်သည်...။
ထိုသည်ကပို၍ဆိုးနေသည်။ ခရာသည် မည်မျှပင်နာကျင်စေရပါစေ... ကိုကိုအနားတွင်ပဲ အမြဲရှိနေချင်သည်
ထိုအရာသည် သူမအတွက် ဝဋ်ကြွေးတစ်ခုပဲလား
ဟင့်အင်း....ချစ်ခြင်းမေတ္တာသည် ဝဋ်ကြွေးမဟုတ်ပါ။ ဘာမှမသိဘဲ အမုန်းခံနေရခြင်းသည်ပင် ဝဋ်ကြွေးတစ်ခု မဟုတ်လား...
ခရာနှုတ်ခမ်းတို့သည်တုန်ယင်နေပြီး ပင်လယ်ကို ငေးမောကြည့်လျက်နှင့်
"ခရာဘာအမှားတွေရှိလို့ အမုန်းခံဖို့ ဝဋ်ကြွေးတစ်ခုကို ကြာဖြူပေးခဲ့ရသလဲ... ဘာလို့ ခရာကကြာဖြူတို့ကြားမှာ ဘာမှမသိဘဲ နာကျင်နေရသလဲ ကြာဖြူကိုခရာမသိချင်ဘူး ဘာမှန်းမသိတဲ့ အိပ်မက်တွေလည်း မမက်ချင်ဘူး ခရာပြောတာ ကြာဖြူကြားမယ်ဆိုရင် ဒီအိပ်မက်တွေ အဆုံးသတ်ပေးပါ ခရာမလိုချင်ဘူး...ခရာ ကြာဖြူကိုမုန်းတယ်"
သူမစကားအဆုံး ရုတ်တရက်အခန်းသည် ပို၍တိတ်ဆိတ်သွားသယောင် ခံစားလိုက်ရပြီး အေးစက်သည့်လေတို့သည် သူမမျက်နှာသို့ ဝေ့ခနဲ့....
ထို့နောက် စူးရှသောကြာပန်းရနံ့တစ်ခု..
ခရာကိုယ်လေးဆတ်ခနဲ့တုန်ယင်သွားပြီး လက်ကိုတင်းတင်းဆုပ်ထားမိသည်။ ကြောက်ရွံ့မှုကြောင့် ထင်သည်။ သူမနှလုံးခုန်သံသည် ပို၍မြန်လာလွန်းသယောင်...
အချိန်တွေကြာသွားသည် ဘာမှထပ်ထူးခြားမလာ။ သို့သော် ကြာပန်းရနံ့တို့က အခန်းထဲတွင်ရနေဆဲဖြစ်ရာ...
ခရာကြောက်ရွံ့ခြင်းများစွာဖြင့် အခန်းပြင်သို့ ပြေးအထွက် အပြင်တွင် ရုတ်တရက်မြင်လိုက်ရသည်က....
ဒေါသတကြီးနှင့် အမောက်ထောင်နေသည့် မြွေကြီးတစ်ကောင်
"အမလေး..."
အထိတ်တလန့်ဖြင့် သူမယောင်ယမ်း နောက်ဆုတ်လိုက်စဉ် မြွေကသူမခြေသလုံးဆီသို့ ဒေါသတကြီးဖြင့် ပေါက်ချလိုက်ရာ
"အား..."
မျက်လုံးတွေပြာဝေသွားရင်း လူကပုံခနဲ့ လဲကျသွားသည်။ ခံရခက်သော ဝေဒနာဆိုးတွေနှင့် တစ်ကိုယ်လုံး ကိုက်ခဲနာကျင်လာပြီးနောက်..
အသိတရားတွေဝေဝါးရင်း အမြင်အာရုံတွေ မသဲကွဲဖြစ်လာချိန်တွင်ဝိုးဝဝါးမြင်လိုက်ရသည်က
သူမရှေ့ ညှင်သာစွာလျှောက်လာသည့် ဖြူနုသောခြေထောက်တစ်စုံ....
အဖြူရောင်ဂါဝန်စလေးက.... လွင့်မျောလို့
ထို့နောက် သူမအမြင်အာရုံတွေ မှောင်ကျသွားတော့လေရာ..
အေးစက်သောလက်အစုံက သူမပုခုံးထက်ဆီသို့....

YOU ARE READING
ကြာဖြူ(ကွာဖွူ)
Fantasy"ကြာဖြူ ငါတို့သေခြင်းတရားမှာ မင်းအငြိုးတွေပြေပါစေတော့" ပင်လယ်ဒဏ္ဍာရီတွင်ကြောက်စရာအကောင်းဆုံးသော ကျိန်စာဆိုးများနှင့်ကြာဖြူပုံပြင်... သို့သော်လွန်ခဲ့သောနှစ်သုံးရာတွင် အမှန်တကယ်ဖြစ်ခဲ့သော ရင့်နင့်စရာကြာဖြူမင်းသမီး၏ ဒဏ္ဍာရီတစ်ပုဒ်။ ဤဒဏ္ဍာရီတွင် သဘောင်စကား...