Part-15

1.8K 138 1
                                    

Zawgyi

~~ကြာဖြူ~~
အပိုင်း(၁၅)

    "ပင်လယ်ဒဏ္ဍာရီ.."
    သစ်သားဆိုင်းဘုတ်နှင့်ရေးထားသည့် ဆိုင်ရှေ့ သူတွေတွေလေးရပ်နေမိသည်။
    ခပ်လှမ်းလှမ်းတွင် စည်ကားလှသော ဈေးရှိနေသည်။ လပြည့်နေ့ကျရောက်သော ဈေးနေ့မို့ထင်ပါ့..
    ဈေးအပြင်ဘက်သီးသန့်ရှိနေသော ဈေးဟောင်းပစ္စည်းဆိုင်လေးကတော့ ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်နေတော့၏။ 
   "ဘာများအလိုရှိလို့လဲ မောင်ရင်.."
     ဆံပင်ဖြူဖြူ မျက်လုံးစူးစူးရဲရဲရှိသော အဘိုးကြီးတစ်ယောက်အသံကြားမှ ဈာန်သတိဝင်လာပြီး..
     "ပင်လယ်နဲ့ပတ်သတ်တဲ့ပုံပြင်တွေ ဒီမှာရှာဖွေနိုင်တယ်လို့ သတင်းရထားလို့ပါ.."
     သူ့စကားကြောင့် အဘိုးကြီးတစ်ချက်ပြုံးလိုက်ပြီး
    "မောင်ရင်ကဧည့်သည်ထင်တယ် ဒီမှာတော့ ပင်လယ်ဒဏ္ဍာရီနဲ့သက်ဆိုင်တဲ့ ပစ္စည်းတော်တော်များများ မောင်ရင် စိတ်ကြိုက်ရှာဖွေနိုင်တယ်.. "
     သူ ထူးဆန်းသောပစ္စည်းများစွာ ခင်းကျင်းထားသည့်ဆိုင်တစ်ပတ် စိတ်ဝင်စားစွာ လှည့်ပတ်ကြည့်ရင်းမှ..
    "ဒီလောက်များပြားတဲ့ပစ္စည်းတွေကို အဘိုး ဘယ်ကများရှာဖွေခဲ့ပါလိမ့်.. ဒါတွေက သာမာန်ပစ္စည်း မဟုတ်လောက်ဘူး.."
    "သိပ်မှန်တာပေါ့ အဘိုးတစ်သက်လုံး ပင်လယ်ပြင်မှာ ပင်လယ်ဒဏ္ဍာရီနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေရှာဖွေရင်း အချိန်ကုန်လွန်ခဲ့တယ် တချို့ပစ္စည်းတွေကျ နယ်ခံလူတွေရှာတွေ့ပြီး လာရောင်းတာမျိုးရှိတယ် ဒီမှာရှိတဲ့ရှေးဟောင်းပစ္စည်းတွေအားလုံးက သူ့ရာဇဝင်နဲ့သူခမ်းခမ်းနားနားရှိပြီးသားပါ "
     သူက ရှေးဆန်သည့်လည်ဆွဲတစ်ခုကို စိတ်ဝင်စားစွာကောက်ယူကြည့်တော့ ဆိုင်ရှင်အဘိုးက သူ့နားရောက်လာပြီး..
    "ဒီလည်ဆွဲက ဟိုးအရင်နှစ်ပေါင်းတစ်ရာကျော်လောက်က ကျွန်းပိုင်ကြီးရဲ့ အချစ်ဆုံးတစ်ဦးတည်းသော သမီးလေးလည်ဆွဲပါ.. ဒီလည်ဆွဲကိုသူ့ချစ်သူက သူ့ကိုလက်ဆောင်ပေးခဲ့တယ် ကျွန်းပိုင်ကြီးရဲ့သမီးလေးက လှပသလောက် အချစ်ရေးကံမကောင်းခဲ့ရှာဘူး ချစ်သူကောင်လေးဟာ ပင်လယ်ပြင်ကိုခရီးထွက်သွားရင်းမှ အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့တယ် ချစ်သူပြန်လာနိုးနဲ့ နေ့စဉ်စောင့်မျှော်ပြီး ကောင်မလေးဟာ ရင်ကွဲနာကျသေဆုံးသွားခဲ့တယ် ကျွန်းပိုင်ကြီးဟာ သမီးအတွက်ကြေကွဲနေရင်းမှ သမီးဆန္ဒအတိုင်း ဒီဆွဲကြိုးလေးကို ပင်လယ်ထဲမျှောချခဲ့တယ် ဒဏ္ဍာရီအရကတော့ ကောင်မလေးရဲ့ဝိညာည်ဟာ ဒီဆွဲကြိုးလေးမှာကပ်ပါလာပြီး ပင်လယ်ထဲမှာ ပျောက်ဆုံးသွားတဲ့ သူ့ချစ်သူကို မတွေ့မချင်း လိုက်လံရှာဖွေနေတယ်တဲ့.."
"ကြေကွဲစရာပုံပြင်တစ်ပုဒ်ပဲအဘိုးရယ် ဒီဆွဲကြိုးလေးကို ဘယ်ကနေရှာဖွေခဲ့သလဲ ဒါက ကျွန်းပိုင်ကြီးရဲ့သမီးဆွဲကြိုးဆိုတာ အမှန်တကယ်ပဲလား.."
    သူ့စကားကြောင့် ဆိုင်ရှင်အဘိုးက အဓိပ္ပယ်ပါပါပြုံးလိုက်ပြီး
   "ဒဏ္ဍာရီကိုယုံကြည်မှမင်းဝယ်ပါကောင်လေး ဒီဆိုင်ကမယုံကြည်တဲ့သူအတွက် ပုံပြင်ပြောကောင်းတဲ့ဆိုင်ပေါ့ ဘာပဲဖြစ်ဖြစ် မင်းကြည့်ရတာ ရှေးဟောင်းပစ္စည်းပေါ်မှာ နှံ့စပ်နေပုံပါပဲ ဒီဆွဲကြိုးကိုမင်းလေ့လာကြည့်ပါ ဒီရာစုနှစ်ရဲ့လက်ရာမဟုတ်ဘူးဆိုတာ မင်းသိမှာပါ.."
    "ကျွန်တော် အဲဒီ့သဘောနဲ့ပြောတာမဟုတ်ပါဘူးအဘိုး စကားမှားသွားရင်တောင်းပန်ပါတယ်ဗျာ ကျွန်တော်ဒီဆွဲကြိုးကိုကြည့်တာနဲ့ ရှေးဟောင်းပစ္စည်းတစ်ခုမှန်းသိပါတယ် ပြီးတော့ ဆွဲအားတစ်ခုခုရှိနေသလို ခံစားရတယ် ဒါကြောင့် စိတ်ဝင်စားမိတာပါ "
     သူသေချာရှင်းပြမှ ဆိုင်ရှင်အဘိုးက ခေါင်းတညိတ်ညိတ်နှင့်...
    "လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က ပင်လယ်ထဲငါးဖမ်းပိုက်တွေနဲ့ပါလာလို့ တံငါသည်တစ်ယောက်က အဘိုးကိုလာရောင်းချသွားတယ်ကွဲ့ အဘိုးက ဒီပုံပြင်ကိုရှေးဟောင်းပုရပိုက်တွေထဲ ဖတ်ဖူးခဲ့တယ် ပုံပြင်ထဲကဆွဲကြိုးပုံစံနဲ့ တစ်ထေရာတည်းတူနေသလို ဒီလက်ရာကလည်း လွန်ခဲ့တဲ့နှစ်တစ်ရာကျော်က လက်ရာဖြစ်နေတယ် မထူးဆန်းဘူးလား ဒါပေမယ့်ဒီဆွဲကြိုးကတော့ စိတ်ဝင်စားတဲ့လူမရှိလို့ ခုထိရောင်းမထွက်သေးဘူး ဟဟ"
     "ဒါဆိုရင် အခုရောင်းထွက်ပြီလို့သဘောထားလိုက်ပါ ကျွန်တော်ဒါလေးယူမယ်"
     သူသည်ဆွဲကြိုးကိစ္စစိတ်ဝင်စားနေရင်းမှ လာရင်းကိုသတိရလိုက်မိတော့..
    "ဒါနဲ့အဘိုး ကျွန်တော်တစ်ခုမေးလို့ရမလား"
   "အဘိုးသိသမျှဖြေပေးမယ် ကောင်လေး "
    သူသည် ရှေးဆန်သော ပစ္စည်းပေါင်းများစွာရှိနေသော ဆိုင်ခန်းလေးကို တစ်ချက်ဝေ့ကြည့်ပြီး
    "ဒီအခန်းထဲမှာ ပင်လယ်ဒဏ္ဍရီတွေ ပုံပြင်ဆန်တဲ့အရာတွေ အများကြီးရှိနေမှာပဲနော်"
    "မင်းဘာဒဏ္ဍရီကိုသိချင်လို့လဲ ကောင်လေး"
    "ကြာဖြူ..."
    "ဘာ.."
     ဆိုင်ရှင်အဘိုးအိုသည် သူစကားကို အလွန်တုန်လူပ်သွားပုံရသည်။ မျက်စိမျက်နှာပျက်ကာ သူ့ကိုအတန်ကြာအောင် အံ့သြသင့်ဟန်ဖြင့် စိုက်ကြည့်နေရင်းမှ
    "ကြာဖြူ.... ဟုတ်လား"
     တစ်ခွန်းချင်းလေးပင့်စွာပြောလိုက်ပုံက စိတ်မသက်သာဟန်နှင့်။
    "ဟုတ်ပါတယ်အဘိုး .. အဘိုးပုံစံကြည့်ရတာ ကြာဖြူဒဏ္ဍာရီကို ရင်းရင်းနှီးနှီးသိနေပုံပဲ.."
    ဆိုင်ရှင်အဘိုးသည် သက်ပြင်းကိုလေးတွဲ့စွာ ချလိုက်ပြီး
    "ကြာဖြူဟာ ဇာတ်သိမ်းမလှခဲ့သလို ကျိန်စာတွေသက်ဝင်နေတဲ့ပုံပြင်တစ်ပုဒ်ပဲလူလေး ဒီပုံပြင်ကိုမင်းမဖတ်သင့်ဘူး "
    "ဘာဖြစ်လို့လဲဆိုတာသိခွင့်ရမလားဗျာ"
    "မင်းကိုယ်တိုင်ကျိန်စာသင့်သွားလိမ့်မယ်"
    "ဗျာ.."
    ဈာန်အံ့သြလွန်းသဖြင့် ဘာပြောရမှန်းပင် မသိတော့ပေ။ အဘိုးကဆိုင်၏အတွင်းပိုင်း ချောင်ကျသည့်နေရာသို့ တရွေ့ရွေ့လှမ်းနေရင်းမှ
    "ကြာဖြူဆိုတာ ပင်လယ်ဒဏ္ဍာရီမှာ ဘယ်လိုမှမဖတ်သင့်တဲ့ပုံပြင်ပဲ ဒဏ္ဍာရီထဲမှာကြောက်စရာကောင်းတဲ့ ကျိန်စာတွေပါတယ် အမုန်းတရားတွေပါတယ် ဒီကျိန်စာဟာဘယ်လောက်ထိတောင် ကြောက်ဖို့ကောင်းသလဲဆိုရင် ဒီပုံပြင်နဲ့ပတ်သတ်ဖို့ကြိုးစားတဲ့လူတိုင်းဟာ ဘေးသင့်သွားစေတဲ့အထိပဲ ကြာဖြူဟာအမုန်းတရားတွေနဲ့ ဖွဲ့တည်ထားတာပါ လူလေး"
     "အဘိုးစကားအရဆို ကျွန်တော်ဖတ်ဖူးတဲ့ ပုံပြင်စာအုပ်ထဲကကြာဖြူမင်းသမီးဆိုတာ ဒီပင်လယ်ဒဏ္ဍာရီမှာ တကယ်ရှိခဲ့တယ်ထင်တယ် "
     စိတ်ဝင်စားစွာဆိုလိုက်သော သူ့စကားကြောင့် အဘိုးသည်ခေါင်းညိတ်လိုက်ပြီးနောက်..
    "တကယ်ဖြစ်ခဲ့မဖြစ်ခဲ့ဆိုတာကို အဘိုးလည်းမပြောတတ်ဘူး လူလေး သေချာတာက ကြာဖြူဟာ မထင်မရှားဒဏ္ဍာရီတစ်ပုဒ်မို့ လူသိနည်းတယ် တချို့ရှေးလူကြီးတွေကလည်း ဒီပုံပြင်မှာကျိန်စာတွေပါနေလို့ ပင်လယ်မုဆိုးတွေ ဘေးမသင့်အောင် တမင်ဖုံးကွယ်ထားတယ်လို့ဆိုတယ် ကြာဖြူမင်းသမီးပုံပြင်ဟာ စိတ်ကူးယဉ်ဆန်တဲ့ပုံပြင်လို့ပဲ ပင်လယ်ပုံပြင်နောက်လိုက်တဲ့ ရှေးဟောင်းသုတေသနပညာရှင်တွေက မှတ်ထားပြီး စိတ်ဝင်စားမူနည်းပါးကြတယ် ဒဏ္ဍာရီထဲမှာဆိုထားတဲ့ကျွန်းကြီးနဲ့ ပဒုမ္မာရီရှေးဟောင်းမြို့တော်ဆိုတာ အပြင်မှာလုံးဝမရှိသလို ဘယ်သူမှလည်းမရောက်ဖူးကြလို့ပဲ ဘာသမိုင်းသက်သေအထောက်အထားမှမရှိတဲ့ အိပ်ယာဝင်ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့တယ် လူလေး ဘာဘဲဖြစ်ဖြစ် ဒီပုံပြင်နဲ့ပတ်သတ်ဖို့ကြိုးစားတဲ့ လူတိုင်းဟာတစ်ခုမဟုတ်တစ်ခု ဘေးသင့်ကြတယ် အဆိုးဝါးဆုံးကပုံပြင်ထဲကနေ ပြန်မထွက်လာနိုင်တာပဲ.."
    "ဗျာ.."
    သူနားမလည်နိုင်အောင်အံ့သြသင့်သွားမိသည်။ ရှည်လျားစွာပြောဆိုလိုက်ရလို့ထင်ပါ့။ အဘိုးသည်မောသွားဟန်ဖြင့် ခေတ္တာနားလိုက်ကာ ရေတစ်ခွက်သောက်လိုက်ပြီးမှ..
    "လွန်ခဲ့သောနှစ်နှစ်ဆယ်ကျော်လောက်က ခရီးသွားလူငယ်လေးတစ်ယောက်ဟာ အဘိုးဆီကကြာဖြူဒဏ္ဍာရီကို ကြားသိပြီးနောက်မှ ပဒုမ္မာရီမြို့ဟောင်းကို အရူးအမူးရှာဖွေတော့တာပဲလူလေး နှစ်နဲ့ချီပြီး ယုံကြည်ချက်နဲ့ ရွက်လွင့်ရှာဖွေပြီးတဲ့နောက်မှာ အဘိုးအထင် သူဟာကြာဖြူဒဏ္ဍာရီနဲ့ဆက်စပ်နေတဲ့ ရေကန်ကြီးရှိတဲ့ကျွန်းကြီးကို မတော်တဆရှာတွေ့ခဲ့ပုံရတယ်"
    "ခရီးသွားလူငယ်.."
    "ဟုတ်တယ် သူပြောတာတော့ ရေကန်ရှိတဲ့ကျွန်းကိုတွေ့ခဲ့ပေမယ့် ပဒုမ္မာရီမြို့ဟောင်းကိုမတွေ့ခဲ့ရဘူးတဲ့ ဒါပေမယ့် သူဟာဇွဲမလျော့ဘဲ နောက်တစ်ခေါက်ထပ်သွားဖို့ ကြိုးစားခဲ့တယ် သူကံဆိုးခဲ့တယ်လူလေး ကြာဖြူရဲ့ကျိန်စာသင့်ပြီး ပုံပြင်ထဲကပြန်မထွက်နိုင်ခဲ့ဘူး "
     ဆိုင်ရှင်အဘိုးစကားအဆုံး သူအံ့သြသင့်စွာဖြင့် ဦးနှောက်ကတစ်စုံတစ်ယောက်ကို ဖျတ်ခနဲ့သတိရလိုက်ပြီး
     "အဘိုး သူက ပုံပြင်ခရီးသည်နေကြယ်များလာ.."
    "နေကြယ်... ဟုတ်တယ် ဒီနာမည်ပဲလူလေး သူ့ကို သိလို့လား.. "
   "သူ့အကြောင်းမှတ်တမ်းတင်ထားတဲ့ စာအုပ်ဖတ်ဖူးလို့ပါ သူပျောက်သွားတာနှစ်နှစ်ဆယ်ကျော်ပြီ ဒါဟာ တကယ်ကျိန်စာကြောင့်လား ဒါမှမဟုတ်ပင်လယ်ခရီးမှာ အန္တရယ်တစ်ခုခုတွေ့ပြီး သေဆုံးသွားသလား"
     အဘိုးသည်သက်ပြင်းချလိုက်ရင်း ခေါင်းကိုလေးတွဲ့စွာ ခါရမ်းလိုက်ကာ..
    "အကယ်၍လူလေး ပဒုမ္မာရီမြို့ဟောင်းကိုရောက်ဖြစ်ခဲ့ရင် အဲ့ဒီ့မြို့ဟောင်းမှာပိတ်လှောင်နေတဲ့ သူ့ကိုမြင်တွေ့ရလိမ့်မယ် ဒါပေမယ့်လူလေးကိုယ်တိုင် အဲ့ဒီနေရာကနေ ပြန်ထွက်လာဖို့ဆိုတာ တကယ်ကုသိုလ်ကံကြီးမှ ဖြစ်မယ်"
     "ဗျာ.."
    "အဘိုးရဲ့အဘိုးဟာ သူငယ်စဉ်ကအဲ့ဒီ့နေရာကို  မတော်တဆရောက်ခဲ့ဖူးတယ်လို့ အဘိုးကိုပြောပြခဲ့ဖူးတယ် ဒါပေမယ့်သူဟာ ကြာဖြူဒဏ္ဍာရီကိုရှာဖွေလိုစိတ်နဲ့ ရောက်ခဲ့တာမဟုတ်လို့ ပြန်လွတ်မြောက်ခဲ့တယ် အဲ့ဒီမြို့ဟောင်းမှာ သိပ်အဖိုးတန်တဲ့ ရတနာတွေအများကြီးရှိတယ် ပြီးတော့ ပိတ်လှောင်နေတဲ့မျိုးနွယ်စုတစ်စုလည်းရှိတယ်တဲ့ အဘိုးနဲ့အတူရောက်ခဲ့တဲ့ အဘိုးသူငယ်ချင်းနှစ်ယောက်ဟာ ရတနာတွေကို လောဘဇောတိုက်ပြီး နောက်ထပ်ပြန်သွားဖို့ ကြိုးစားရာက လုံးဝပြန်ပေါ်မလာတော့ဘူး.."
     သူဘာစကားမှမဆိုဘဲ စိတ်ဝင်စားစွာ နားစွင့်နေမိ၏။ ဆိုင်ရှင်အဘိုးက ခုံတစ်လုံးတွင်ဝင်ထိုင်လိုက်ရင်းနှင့်
     "အဘိုးဟာ သူ့ဘဝမှာ နောက်ထပ်ရှင်သန်ဖို့အတွက် ကြာဖြူနဲ့ပတ်သတ်ပြီး အကုန်မေ့ပြီးနေခဲ့တယ် သူဆုံးခါနီးမှပြောပြသွားခဲ့တယ် သတိလည်းပေးခဲ့တယ် ဘယ်သောမှရည်ရွယ်ချက်ရှိရှိနဲ့ ကြာဖြူနဲ့မပတ်သတ်ပါနဲ့တဲ့ ဒါဟာ လွတ်မြောက်လို့မရတဲ့ ကျိန်စာဆိုးပဲတဲ့ အဘိုးလည်းဒီအသက်အရွယ်ထိ ကြာဖြူကိုဒဏ္ဍာရီတစ်ပုဒ်လိုပဲ သဘောထားပြီးကင်းကင်းနေခဲ့တယ် လူလေး မင်းကိုဒီအကြောင်းအရာတွေနဲ့ မပတ်သတ်စေချင်ဘူး.."
    "အဘိုးစေတနာကို ကျွန်တော်နားလည်ပါတယ် ဒါပေမယ့်ကျွန်တော်တို့အားလုံး ကြာဖြူဆီရောက်အောင် သွားဖို့ရည်ရွယ်ချက်က သေချာနေပါပြီ"
    "ကျွန်တော်တို့ဟုတ်လား နောက်ထပ်လူတွေရှိသေးတဲ့ သဘောလား.."
    "ဟုတ်ပါတယ် ကျွန်တော်တို့တွေဟာ မတူညီတဲ့ရည်ရွယ်ချက်တွေနဲ့ ဒီကိုလာခဲ့တာပါ ပြန်နောက်ဆုတ်ဖို့ အစီအစဉ်မရှိပါဘူး"
     ဆိုင်ရှင်အဘိုးသည် စိတ်မသက်သာဟန်ဖြင့် သက်ပြင်းချလိုက်ပြီးနောက်..
     "အိမ်း.. အသက်နဲ့ရင်းပြီး စွန့်စားတာကိုကြိုက်တဲ့ လူငယ်လေးတွေကို တားမရတော့လည်း အဘိုးစိတ်မကောင်းပါဘူး လူလေးကိုကူညီနိုင်တာတစ်ခုက စာအုပ်လေးတစ်အုပ်လက်ဆောင်ပေးရုံပဲ..."
     "စာအုပ်တစ်အုပ်.."
     အဘိုးသည် ခေါင်းတဆတ်ဆတ်ညိတ်ရင်း အခန်းအတွင်းဆုံးတောင့်က သေချာသော့ခတ်သိမ်းဆည်းထားသည့် သေတ္တာလေးကို ဖွင့်လိုက်၏။ ထို့နောက် ဖုန်အနည်းငယ်တက်နေသော သားရေအဖုံးနှင့် စာအုပ်တစ်အုပ်ကိုထုတ်လိုက်ပြီး
     "ဒါက အဘိုးရဲ့အဘိုးရေးထားတဲ့ ပဒုမ္မာရီမြို့ဟောင်းထဲရောက်သွားတုန်းက ကြုံခဲ့တဲ့အဖြစ်အပျက်ပဲ ရှောင်သင့်ဆောင်သင့်တာလေးတွေ ရေးထားခဲ့တယ် နေကြယ်တုန်းက အဘိုးမပေးဖြစ်တာကို နောင်တရမိခဲ့တယ် အခုတော့လူလေးကိုတားမရမယ့်အတူ ဒီစာအုပ်လေးလက်ဆောင်ပေးချင်တယ် အနည်းဆုံးတော့ အဲ့ဒီနယ်မြေဆိုးမှာ အသက်ရှင်မယ့်နည်းလမ်းတွေ လူလေးသိလာမှာပါ လွတ်မြောက်ဖို့ကတော့ လူလေးတို့ကံတရားပဲကွယ်"
     "ကျေးဇူးကြီးလှပါတယ် အဘိုးရယ် ဒီစာအုပ်အတွက် တကယ်ကျေးဇူးတင်ပါတယ်.."
      သူဒီစာအုပ်လေးကို တရိုတသေ လှမ်းယူလိုက်သည်။ အဘိုးက သူ့ကိုစေ့စေ့ကြည့်ပြီးနောက်..
     "တစ်ခုတော့သတိပေးချင်တယ် ရှေးလူကြီးတွေပြောစကားအရ ကြာဖြူကျိန်စာစတင်ခဲ့တဲ့နေ့နဲ့ နက္ခတ်တစ်ထပ်တည်းကျတဲ့နေ့ဟာ ကြာဖြူမင်းသမီး ပြန်နိုးထလာတဲ့နေ့ပဲတဲ့.."
    "ပြန်နိုးထလာမယ်ဆိုတာ..."
    "သူ့ကျိန်စာဆိုးတွေ ဒီနယ်မြေတစ်ခုလုံး ဖုံးလွမ်းလာပြီး ပင်လယ်မှာမုန်တိုင်းတွေဆက်တိုက်ကျပြီး လူပေါင်းများစွာ သေကျေပျက်ဆီးလိမ့်မယ် ပျောက်ဆုံးနေတဲ့ကျွန်းကြီးဟာ ရေလယ်မှာပြန်ပေါ်လာပြီးနောက် လူပေါင်းမျာစွာရဲ့အသက်နဲ့အတူ ရေအောက်မှာ ပြန်နစ်မြှပ်သွားလိမ့်မယ်.."
    "ဖြစ်နိုင်ပါ့မလား ဒါကသိပ်ပြီးတော့..."
    "ယုံကြည်မူမယုံကြည်မူက လူလေးတို့အပိုင်းပါ တစ်ခုတော့ရှိတယ် အဲ့ဒီကျိန်စာကို ပယ်ဖျက်နိုင်မယ့်နည်းလမ်းရှိတယ် ပဒုမ္မာရီမြို့ဟောင်းမှာပဲရှာတွေ့နိုင်တယ်"
     ဈာန် အဘိုးကိုတစ်ချက် အကဲခတ်ကြည့်မိသည်။ ဆိုင်ရှင် အဘိုးစိတ်မှမှန်ရဲ့လား..
    ပြောနေသည့်အကြောင်းအရာတွေက သိပ်ပုံပြင်ဆန်လွန်းနေသည် မဟုတ်လား
    သူ့အကြည့်ကိုသတိထားမိဟန်ဖြင့် အဘိုးကမသိကျွမ်းပြုရင်း ပြုံးလိုက်ကာ
    "တစ်ချိန်တော့ ဒီစာအုပ်ကလူလေးအတွက် အသုံးဝင်လာမှာပါ.."
    "ကျေးဇူးတင်ပါတယ်ဗျာ ကျွန်တော်သေချာ သိမ်းထားမှာပါ"
    သူပြောရင်းမှ လာရင်းကိစ္စကို ပြန်သတိရလိုက်ပြီး
    "ဒါနဲ့အဘိုး ကျွန်တော်ဦးလုံထန်းနဲ့တွေ့ချင်လို့ပါ သူအဘိုးဆိုင်မှာအမြဲလာလေ့ရှိတယ်လို သတင်းရထားပါတယ်"
    သူ့စကားကြောင့် ဆိုင်ရှင်အဘိုးမျက်နှာတွေခနဲ့ ဖြစ်သွားပြီးမှ..
    "အော် နောက်ဆုံးတော့လူလေးတို့က လုံထန်းကို လာရှာကြတဲ့သူတွေကိုလာခဲ့ကြပြီပဲ"
    "ဗျာ.. အဘိုးဘာကိုပြောချင်သလဲ.."
    "လုံထန်းက လူလေးတို့လာမယ်ဆိုတာ ကြိုသိနေတယ် အိမ်း... ခက်တော့ခက်ချေပြီ သေချာတာက သူ့ကိုလမ်းပြခေါ်ဖို့ကမရနိုင်ဘူး လူလေး"
    "ဒါကျွန်တော်တို့အပိုင်းပါအဘိုး အခုသူနဲ့တွေ့ဖို့ကအရေးကြီးနေလို့ပါ တွေ့ပြီးမှ ကျန်တာဆက်စီစဉ်ဖို့ စိတ်ကူးထားပါတယ် သူ့ကိုတွေ့ရင်ကိုရပါပြီ.."
    "သူဒီချိန်လာလေ့မရှိဘူးလူလေး နေထွက်ပြီး ဆယ်တစ်နာရီဝန်းကျင်မှလာလေ့ရှိတယ် အခုအစောကြီးရှိသေးတယ် အဲ့ဒီအချိန်မှ ပြန်လာခဲ့ပါ.."
    ဈာန် မနက်စာလည်းမစားခဲ့သည့်အပြင် အချိန်လည်းအများကြီးလိုသေးသဖြင့် နောက်တစ်ခါထပ်လာဖို့ ဆုံးဖြတ်လိုက်ပြီး
   "ဟုတ်ကဲ့ ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါပြီး ဒါက ဆွဲကြိုးအတွက်တန်ကြေးပါ ဘယ်လိုမှသဘောမထားပါနဲ့ ပိုတာအဘိုးသုံးဖို့ယူထားပါ စာအုပ်ပေးတဲ့အတွက် တကယ်ကိုကျေးဇူးတင်ပါတယ်.."
    သူလှည့်ထွက်သွားရန် ပြင်လိုက်စဉ် ..
    "တစ်ခုတော့ သိထားပါလူလေး..."
    "......"
   "ပဒုမ္မာရီမြို့ထဲရောက်ခဲ့တယ်ဆိုတဲ့ အဘိုးရဲ့အဘိုးဟာ မြို့ဟောင်းရဲ့ခန်းမဆောင်တစ်ခုမှာ ရှေးဟောင်းကျောက်ပြားတစ်ခုကိုတွေ့ခဲ့တယ် အဲ့ဒီပေါ်မှာကြာဖြူဒဏ္ဍာရီပြန်နိုးထလာမယ့် အချိန်ကိုတွက်ချက်ထားတဲ့ နက္ခတ်ကို တွေ့ခဲ့ရတယ်.."
     ဈာန်ဆိုင်ရှင်အဘိုးကို ဖျတ်ခနဲ့ပြန်လှည့်ကြည့်မိတော့ ဆိုင်ရှင်အဘိုးက သူမျက်နှာကိုစေ့စေ့ကြည့်ရင်း
     "အဘိုးရဲ့အဘိုးက ကြယ်တာရာတွေနဲ့ နက္ခတ်တွက်ချက်ရာမှာသိပ်တော်တယ်လူလေး အဲ့ဒီအတိုင်းသူတွက်ချက်ပြီး ပြောခဲ့တာတော့ ကြာဖြူဒဏ္ဍာရီပြန်နိုးထမယ့်နေ့က နောက်လမဲ့ သုံးလမြောက်လပြည့်နေပဲ"
    "ဗျာ..."
    "ကံကောင်းကြပါစေ.."
     ဆိုင်ရှင်အဘိုးစကားအဆုံး ဈာန်ဆိုင်ထဲမှ ရူပ်ထွေးစွာထွက်လာမိသည်။ ဆိုင်အပေါက်ဝတွင် ဆုံလိုက်ရသည်က စိမ်းနှင့်စေတန်...
   "ဟောကိုဈာန် အစောကြီးရောက်နေပါလား.."
    "ဟုတ်တယ်စိမ်း ကျွန်တော့်ဝါသနာအရ တခြားရှေးဟောင်းပစ္စည်းလေးတွေ လေ့လာချင်လို့လေ "
    "ဟုတ်လား စိမ်းတို့လည်းဦးလုံထန်းနဲ့တွေ့ဖို့ စိတ်ပြင်းပြနေတာနဲ့ စောစောထွက်လာလိုက်တာ မို့ကသိပ်နေမကောင်းဖြစ်နေတော့ ကမ္ဘာနဲ့ကောင်းကင်က အဖော်လုပ်ပေး နေရစ်ခဲ့တယ် "
     "အော် ဦးလုံထန်းတော့မရောက်သေးဘူး နေမြင့်မှလာတတ်တာတဲ့ ကျွန်တော်လည်းမနက်စာမစားရသေးတော့ အရင်သွားစားလိုက်ဦးမလို့.."
    သူ့စကားကြောင့် စိမ်းကတွေခနဲ့ဖြစ်သွားပြီး..
    "အင်း စိမ်းတို့ကစားပြီးခဲ့ပြီဆိုတာ တခြားဟာတွေလေ့လာကြည့်ပြီး စောင့်ထားနှင့်မယ် "
   "ဒါဆို ကျွန်တော်သွားတော့မယ် စိတ်ဝင်စားစရာတွေအပြည့်ပဲ အထဲမှာပျင်းချိန်ရမှာမဟုတ်ဘူး.."
    ဈာန်နှုတ်ဆက်ထွက်ခွာသွားတော့ စိမ်းနှင့်စေတန်လည်း ဆိုင်ထဲဝင်လာလိုက်သည်။ ဆိုင်၏တောင့်ဆုံးခုံတွင်ထိုင်နေသည့်အဘိုးကြီးက သူတို့နှစ်ယောက်ကိုစူးစိုက်ကြည့်နေရင်း
    "ဧည့်သည်တွေပါလား.."
    "ရှင်..."
    "ဒီဒေသကမဟုတ်ကြဘူးထင်တယ်.."
    "ဟုတ်ပါတယ် စိမ်းတို့ကရန်ကုန်ကပါ ဒီကို.."
     စိမ်းစကားမဆုံးခင် အဘိုးအိုက ခေါင်းတဆတ်ဆတ်ညိတ်ရင်းနှင့်..
    "ကျိန်စာသင့်နေတဲ့ဒဏ္ဍာရီတစ်ပုဒ်နောက် စွန့်စွန့်စားစားလိုက်နေတဲ့ ခရီးသွားတွေ မဟုတ်လား.."
    "ရှင်.."
    စိမ်းအံ့သြသင့်သွားစဉ် စေတန်ကအဘိုးအိုကို အကဲခတ်ကြည့်နေလျှက်နှင့်..
    "အဘိုးပြောတာသိပ်မရှင်းဘူး ကျိန်စာသင့်နေတယ်ဆိုတာ  ဘာကိုဆိုလိုသလဲဗျာ.."
     "ကြာဖြူဆိုတာ လွမ်းမောစရာဇာတ်လမ်းမဟုတ်ဘူး လူလေး အမုန်းတရားတွေနဲ့ကျိန်စာဆိုးတွေနဲ့ ဖွဲ့တည်ထားတဲ့ပုံပြင်တစ်ပုဒ်ပါ ဒီပုံပြင်ဆီသွားဖို့ လမ်းပြပေးနိုင်တဲ့ဦးလုံထန်းကို လာရှာကြတယ် မဟုတ်လား"
    "ဟင် အဘိုးဘယ်လိုသိသလဲ.."
    စိမ်းတအံ့တသြဆိုလိုက်တော့ ဆိုင်ရှင်အဘိုးက တစ်ချက်ပြုံးလိုက်ပြီး
    "ခုနကကောင်လေးနဲ့ဆိုင်ဝမှာ သမီးလေးတို့စကားပြောနေတာ အဘိုးတွေ့တယ်ကွဲ့ အဲ့ဒီကောင်လေးဆီကအဘိုးသိပြီးပါပြီ ဦးလုံထန်းကိုလာရှာကြမယ်ဆိုတာ.."
    "အော်.. ဟုတ်သားပဲ ဟုတ်ပါတယ် စိမ်းတို့က ကြာဖြူ နဲ့ပတ်သတ်ပြီး ဒီကိုရောက်နေခဲ့တာပါ.."
    "ဒဏ္ဍာရီထဲကနေပျောက်ကွယ်သွားတဲ့ ပဒုမ္မာရီမြို့ဟောင်းဟာ အလည်အပတ်သွားသင့်တဲ့ နေရာတစ်ခုမဟုတ်ဘူး ငါမြေးတို့.. ဖြစ်နိုင်ရင်တော့ ကြာဖြူမင်းသမီးနဲ့မပတ်သတ်စေချင်ဘူးကွယ် ငါမြေးတို့ရင်းရမှာက အသက် အသက်တွေဆိုတာ သိလား.."
     ဆိုင်ရှင်အဘိုးစကားကို တိတ်ဆိတ်စွာနားထောင်နေရင်းမှ စေတန်သည် တစ်စုံတရာကို အလိုမကျသွားဟန်ဖြင့်
    "ကျွန်တော်တစ်ခုမေးစရာမေးခွန်းရှိတယ် အဘိုးပြောတဲ့ ကျိန်စာသင့်နေတဲ့စိတ်ကူးယဉ်ဆန်ဆန် ကြာဖြူမင်းသမီးဟာ နှစ်ပေါင်းရာချီကြာခဲ့ပြီနော် ဒါပေမယ့်လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ခန့်က ပျက်ဆီးသွားတဲ့ ပုလဲနတ်ကျွန်းကကြာဖြူဆိုတဲ့ မိန်းကလေးနဲ့ဘယ်လိုပတ်သတ်မူရှိလဲ ဆက်စပ်မူရှိနိုင်မလား ကျွန်တော်တို့ရှာဖွေနေတဲ့ ကြာဖြူဟာဘယ်သူဖြစ်မလဲ"
     အဘိုးသည်ဘာစကားမှမဆိုဘဲ ခေတ္တာတိတ်ဆိတ်သွား၏။ ထို့နောက်နားလည်ရခက်သော အကြည့်တို့နှင့်
     "အကြာင်းတရားရှိလို့ အကျိုးတရားဖြစ်လာတာပါ အချိန်ကာလတစ်ခုရောက်ရင် အဲ့ဒီအတွက် အဖြေထွက်လာလိမ့်မယ်.."
    ဆိုင်ရှင်အဘိုးအဖြေကို စေတန်ကကျေနပ်ဟန်မရှိသလို အဘိုးကလည်းဖြေချင်ပုံမရသဖြင့် စိမ်းကြားဝင်ပြီး
    "စေတန် ဦးလုံထန်းနဲ့တွေ့ရင်တော့ စိမ်းတို့ အဖြေရမှာပါ အခု...."
    ပြောနေရင်း စိမ်းစကားတွေရပ်တန့်သွားသည်။ ရုတ်တရက်သူမကျောတွေ အလိုလိုစိမ့်တက်လာပြီး တစ်စုံတစ်ရာသည် သူမကိုဆွဲငင်နေသလို စိမ်းခံစားလိုက်ရ၏။
     ထိုအရာသည် ဘာမှန်းမသိသည့်တိုင် စိမ်း၏ခြေလှမ်းတို့သည် မခိုင်းစေရဘဲ ဆိုင်အတွင်းတစ်နေရာသို့ အလိုလိုရွေ့သွား၏။ တစ်ကိုယ်လုံးလည်း နတ်ပူးသလို တဆက်ဆက်တုန်ရီလာပြီး သူမကိုသူမလေထဲတွင် လွင့်မျောနေသကဲ့သို့ ခံစားလိုက်ရသည်။
     သူမ၏ခြေလှမ်းတို့သည့်ဆိုင်၏ ချောင်အကျဆုံးစင်တစ်ခုရှိရာသို့ ရပ်တန့်သွားပြီးနောက် အံ့ဆွဲတစ်ခုထဲမှ တစ်စုံတစ်ရာကို တုန်ယင်စွာဆွဲထုတ်လိုက်သည်။
    သူမလက်ထဲတွင်ပါလာသည်က လက်တစ်အုပ်စာ ရွှေကြုပ်လေးတစ်ခု။ စိမ်းစိတ်တွေပို၍ လူပ်ခတ်ပြင်းထန်လာသကဲ့သို့ ခံစားလိုက်ရပြီး ရွှေကြုပ်လေးကိုဖွင့်လိုက်တော့ အထဲတွင်တွေ့ရသည်က...
    "ဟင်..."
    "စိမ်း.."
     စေတန်ကစိမ်းလူပ်ရှားပုံတို့ကို ကြောင်ပြီးကြည့်နေရာမှ သတိဝင်လာပြီး သူမအနားဖျတ်ခနဲ့ ရောက်လာသည်။ ဆိုင်ရှင်အဘိုးက ဘာမပြော။ စိမ်းအပြုအမူတို့ကို မသုန်မလူပ်စိုက်ကြည့်နေ၏။
    "စိမ်းဘာဖြစ်သလဲ .."
     စေတန်အမေးကို စိမ်းမဖြေနိုင်သေးပါ။ ရွှေကြုပ်လေးထဲတွင်ရှိနေသည့် တစ်ပိုင်းပြတ်နေသည့် ရွှေလက်ကောက်တစ်ခြမ်းပဲ့ကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေမိ၏။
    ထူးဆန်းလွန်းစွာ သူမရင်ထဲဘာမှန်းမသိသော တစ်စုံတရာစ်ကို စို့စို့နင့်နင့်ခံစားလိုက်ရသည်။ ပိုင်းပြတ်နေသည့်ရွှေလက်ကောက်သည် သူမနှင့်အလွန်ရင်းနှီးနေသကဲ့သို့ တရိပ်ရိပ်ခံစားလာရင်းမှ ရင်ထဲဖြစ်တည်လာသည်က ဝမ်းနည်းခြင်းတွေ...
    အို. ထူးဆန်းလိုက်တာ သူမဘာဖြစ်သွားပါလိမ့်
    ဘာလို့ဒီလို့ ဝမ်းနည်းတကြီးခံစားနေရပါလိမ့်..
     ရုတ်တရက်ခေါင်းတွေမူးဝေသွားသည်။ မျက်ဝန်းထဲလက်ခနဲ့မြင်ယောင်လာသည်က လှပသောရွှေလက်ကောက်ဝတ်ဆင်ထားသည့် လက်မောင်းဖွေးဖွေးလေး..
    ပြီးနောက်နားစည်တွေအူလာပြီး တစ်ချက်တစ်ချက် အသံတွေ စိမ်းကြားနေရသည်။
    "ဒါ မင်းမွေးနေ့အတွက် ကိုယ်တော်ရဲ့လက်ဆောင်ပဲ "
    ဘုရားရေ... စိမ်းဘာတွေကြားယောင်နေသလဲ
    နန်းဝတ်နန်းစားဝတ်စုံနှင့် မိန်းကလေးတစ်ယောက်
    ရွှေကြုပ်နှင့်ထည့်ထားသည့် ရွှေလက်ကောက်ကို မြတ်နိုးစွာဖြင့်ထွေးပိုက်ထားပုံ..
    "အား.."
    မခံရပ်နိုင်အောင် ခေါင်းတွေမူးဝေကိုက်ခဲလာတော့ စိမ်းမထိန်းနိုင်ဘဲ အော်လိုက်မိသည်ထင်သည်။ သတိဝင်လာတော့ သူမမျက်နှာတွင် ဇောချွေးတွေအပြည့်နှင့်။
    စေတန်က သူမကိုအံ့သြသင့်စွာကြည့်နေရင်းမှ လက်ကောက်တစ်ပိုင်းကိုမြင်တော့ စိတ်ထဲဆစ်ခနဲ့ဖြစ်သွားသဖြင့် စိတ်ရူပ်သွားမိသည်။ သူတစ်စုံတရာ ပြောဟန်ပြင်လိုက်စဉ် ဆိုင်ရှင်အဘိုးက သူတို့နားလျှောက်လာပြီး
     "ဒီပစ္စည်းဒီမှာရှိမှန်း မင်းဘယ်လိုသိသလဲ ကလေးမ"
     "ဟင့်အင်း စိမ်းမသိဘူး ဒါကိုဘယ်လိုယူလိုက်မှန်းတောင် စိမ်းကိုစိမ်း တကယ်မသိတာ.."
     မျက်နှာဖြူဆုတ်ဖြူလျော်ဖြစ်လာပြီး စိမ်းတုန်တုန်ယင်ယင်ဆိုတော့ ဆိုင်ရှင်အဘိုးသည် စိမ်းကိုထိတ်လန့်တုန်လူပ်နေသောမျက်ဝန်းဖြင့် အတန်ကြာစူးစိုက်ကြည့်နေပြီးနောက်...
    "ထူးဆန်းလိုက်တာ ဒီပစ္စည်းက အဘိုးလက်ထဲရောက်လာတာ နှစ်နှစ်ဆယ်ကျော်ခဲ့ပေမယ့် ဒီရွှေကြုပ်လေးကို ဘယ်လိုမှဖွင့်မရခဲ့တာ ဒီနေ့ထိပဲ.."
    "ဟင်.."
    "ဘယ်လို..."
    "ဟုတ်တယ် ဒါကိုမင်းကအလွယ်တကူ ဖွင့်လိုက်နိုင်တယ်.."
     စိမ်းဘာပြောရမှန်းမသိခင် ဆိုင်ရှင်အဘိုးက စိမ်းကိုမယုံကြည်နိုင်သောမျက်ဝန်းတို့ဖြင့်
    "ပိုပြီးအံ့သြဖို့ကောင်းတာက ဒီပစ္စည်းက ကြာဖြူဒဏ္ဍာရီနဲ့ သက်ဆိုင်တဲ့ပစ္စည်းတစ်ခုပဲ.."
    "ရှင်..."
    "ဗျာ..."
    စိမ်းရောစေတန်ပါအံ့သြသင့်သွားစဉ် အဘိုးအိုကသက်ပြင်းတစ်ခုကို လေးလေးပင်ပင်ချလိုက်ရင်း
    "ပဒုမ္မာရီမြို့ဟောင်းကနေ ဒီပစ္စည်းဟာ အပြင်လောကထဲကနေ ဘယ်လိုရောက်လာမှန်းမသိနိုင်ပေမယ့် အဘိုးလက်ထဲမှာ နှစ်နှစ်ဆယ်ကျော်ရှိခဲ့တဲ့ကာလမှာ ပစ္စည်းနဲ့သက်ဆိုင်သူမဟုတ်လို့ထင်တယ် ဘယ်သူမှဖွင့်မရခဲ့ဘူး ဒီတိုင်းယူဆောင်သွားသူတွေလည်း အကြောင်းအမျိုးမျိုးနဲ့ ဘေးဥပုဒ်တွေကြုံရလို့ အဘိုးဆီပဲပြန်ရောက်လာပြီး သောင်တင်နေတယ် ဒါကြောင့် အဘိုးကချောင်ထဲမှာသိမ်းထားခဲ့တာ "
    အဘိုးသည်စကားကိုခေတ္တာရပ်လိုက်ပြီး စိမ်းကိုအဓိပ္ပာယ်ပြည့်ဝသော မျက်ဝန်းတို့ဖြင့် တွေတွေလေးကြည့်နေရင်း
    "သိပ်ထူးဆန်းတယ် ဒါကိုအလိုလိုအနံ့ခံပြီး အလွယ်တကူဖွင့်နိုင်ခဲ့တဲ့မင်းဟာ ကြာဖြူဒဏ္ဍာရီနဲ့ပတ်သတ်နေတဲ့ မိန်းကလေးပဲဖြစ်ရမယ်"
    "ဒါက ဒါက ဘယ်လိုဖြစ်နိုင်မလဲရှင်... စိမ်း မယုံချင်ဘူး.."
    "ဒီလက်ကောက်ပြတ်လေးကိုကြည့်ပြီး မင်းဘာတွေခံစားရလဲမိန်းကလေ အဲ့ဒီခံစားချက်တွေကအဖြေပဲ.."
     စိမ်းခေါင်းတွေမူးနောက်လာပြီး အဖြေတစ်ခုပေးရန် တွန့်ဆုတ်နေမိစဉ်...
    "နန်းဝတ်နန်းစားနဲ့မင်းသမီးတစ်ယောက် ပြီးတော့ လက်ကောက်ဝတ်ထားတဲ့ လက်မောင်လှလှလေး နောက်တော့ ဘုရင်ဖြစ်ပုံရတဲ့လူတစ်ယောက်ရဲ့အော်သံ ဒေါသတွေ.. နောက်တော့ လက်ကောက် ပျက်ဆီးသွားခဲ့တယ်..."
     စေတန်ကသူ့မျက်ဝန်းတွေလည်း ဖျတ်ခနဲ့မြင်ယောင်ကြားယောင်လာသည့် အရိပ်တို့ကို ရူပ်ထွေးစွာရွတ်ဆိုလိုက်တော့ စိမ်းအလွန်အံ့သြသင့်သွားပြီး...
    "ဘုရားရေ.. စေတန် ငါမြင်နေရတာကို နင်ဘယ်လိုသိနေသလဲဟင်.."
    "ငါလည်းမြင်နေရတယ်စိမ်း ခေါင်းတွေကိုက်လိုက်တာ.."
    "ဟင်.."
    စိမ်းတို့နှစ်ယောက်ကိုကြည့်ပြီး အဘိုးသည် တစ်စုံတရာကိုနားလည်လိုက်ဟန်ဖြင့် သက်ပြင်းရှည်ကြီးချလိုက်ကာ
    "သံသရာတကွေ့မှာ ဝဋ္ဋ်ကြွေးပြန်ဆပ်ဖို့ရောက်လာတဲ့ ဒဏ္ဍာရီနဲ့သက်ဆိုင်တဲ့ ပဌာန်းဆက်ရှိသူတွေပါလား အိမ်း ဘဝဘဝ သိပ်တရားကျဖို့ကောင်းတယ် ဘယ်လိုပြေးပြေးမလွတ်နိုင်တဲ့ ကံတရားအောက် လည်စင်းခံရတာပဲ ဒီပစ္စည်းဟာ လူလေးတို့နဲ့သက်ဆိုင်တာမို့ လူလေးတို့ပဲ ယူသွားကြပါတော့.... "
     ပြောပြောဆိုဆိုနှင့် အဘိုးအိုကလှည့်ထွက်သွားတော့ သူနှင့်စိမ်းရူပ်ထွေးစွာကျန်ခဲ့သည်။ သို့သော် ခေါင်းတွေမူးဝေလာပြီး နေရထိုင်ရမကောင်းလာသဖြင့် စိမ်းက
     "စေတန် ငါတို့အိမ်ခဏပြန်ရအောင် ငါနေမကောင်းဘူးထင်တယ် ခေါင်းတွေမူးနေပြီ မရတော့ဘူး.."
    ချက်ချင်းဆိုသလိုအဖျားတက်လာသကဲ့သို့ မူးဝေကာအားဖျော့သွားပုံရသည့် စိမ်းကိုကြည့်ပြီး စေတန်အထူးအဆန်းခံစားမနေတော့ပါ။ သူကိုယ်တိုင်က ခေါင်းတွေကိုက်ခဲလွန်းမက ကိုက်ခဲလာသဖြင့်
     "အင်း.. ငါတို့ပြန်ရအောင် ပြီးမှဦးလုံထန်းနဲ့ ပြန်လာတွေ့ကြတာပေါ့..."
    စေတန်စိမ်းကိုဖေးမပြီး ဆိုင်ရှင်အဘိုးကိုပင် နူတ်မဆတ်နိုင်တော့ဘဲ ပြန်ထွက်လာလိုက်၏။ တည်းခိုအိမ်နားရောက်ခါနီးတွင် အလွန်အားနည်းလာဟန်ဖြင့် စိမ်းက အရုပ်ကြိုးပြတ်ထိုင်ချလိုက်ပြီး..
    "ငါ... ငါ ဘာတွေဖြစ်နေလဲမသိဘူး ခေါင်းတွေမူးပြီးရင်တွေတုန်လိုက်တာ စေတန်ရယ်.."
    စေတန်ကစိမ်းလက်ထဲမှ ရွှေကြုပ်ကို တစ်ချက်စိုက်ကြည့်ပြီး စိတ်ရူပ်ထွေးဟန်ဖြင့်..
    "ဒီပစ္စည်းကြောင့်လို့ နင်ထင်လား.."
    "ငါ...ငါမသိဘူး ဒါပေမယ့် ဒါကိုငါမြင်တော့ အရမ်းဝမ်းနည်းတယ် အရမ်းလည်းနာကျင်လာသလိုခံစားရတယ် ခေါင်းတွေမူးလာပြီး နားထဲလေတိုးလာသလို အသံတွေလည်းကြားရတယ် ငါ.. ငါ ဘာဖြစ်နေမှန်းတောင် မသိတော့ဘူး.."
     စိမ်းကငိုသံကြီးနှင့်ဆိုတော့ စေတန်သက်ပြင်းချလိုက်ပြီး
    "ငါလည်း ဒီပစ္စည်းကိုရင်းနှီးသလိုခံစားနေရပြီး မြင်ချင်ရာမြင် ကြားချင်တာကြားနေရတာ စိတ်ရူပ်လိုက်တာ ဒါထူးဆန်းတာအမှန်ပဲ "
   "ငါမသိတော့ဘူးစေတန်ရယ် တစ်ကိုယ်လုံးလည်းအေးလာပြီး အားမရှိတော့သလိုခံစားရတယ် ငိုချင်တာကလွဲပြီး ငါဘာမှမသိတော့တာ ငါ.. ငါ့ကိုခဏလောက်ဖက်ထားပေးပါလားဟင် .."
    တကယ်ကိုဝမ်းနည်းလာဟန်ဖြင့် တုန်တုန်ယင်ယင်ဆိုလိုက်သော စိမ်းစကားကြောင့် စေတန်စိတ်မကောင်းဖြစ်မိပြီး သူမကို အသာလေးထွေးပိုက်ထားလိုက်မိသည်။ အလွန်မောလျနေဟန်နှင့်စိမ်းက သူ့ကို အားကိုးတကြီးဖက်ထားရင်းနှင့်..
    "ကျေးဇူးပါ.... စေတန်ရယ်"
      စေတန်ဘာမှမတုန့်ပြန်မိ။ ဖြူဆုတ်နေသည့် စိမ်းမျက်နှာလှလှလေးကိုတလှည့် စိမ်းလက်ထဲကလက်ကောက်ကိုတလှည့်နှင့် ဝေခွဲရခက်စွာ စူးစိုက်ကြည့်နေမိတော့၏။
    ထိုမြင်ကွင်းကိုငေးကြည့်နေသူ တစ်ယောက်ကတော့ ကမ္ဘာကျော်
    စေတန်ရင်ခွင်ထဲတွင် မှေးစက်နေသည့် စိမ်း
    ရင်ထဲဆစ်ခနဲ့နာကျင်သွားမိသည့်တိုင် သူပြုံးဖြစ်အောင် ပြုံးလိုက်မိပါသည်။
    နင်.....ပျော်တယ်ဆို
    ငါဘယ်လောက်နာကျင်နေပါစေ ပြုံးနေမှာပါ စိမ်း နင်သာ...ရယ်မောပေးပါ
    အဲ့ဒီအတွက် ငါသေရဲတယ်စိမ်းရယ်..
    လူမသိသောသူ့နှလုံးသား၏နာကျင်မူအတွက် ကမ္ဘာတိုးတိတ်စွာနှင့် လှည့်ထွက်လာလိုက်၏။
    ကြိုးစားမာန်တင်းထားသည့်နှလုံသားကတော့ ကွဲကြေမှန်းမသိဆက်ပြီးကွဲကြေနေလျက်နှင့်.....။
.....………           ……………         …………………
    "ဦးလုံထန်းရောက်မလာဘူးတဲ့ ဘယ်လိုလုပ်မလဲ သူ့ကိုတွေ့ဖို့ ဒီလောက်စောင့်ထားတာကိုကွာ တောက်"
   နက်ရှိုင်းကဒေါသတကြီးတက်ခေါက်လိုက်တော့ ကောင်းကင်ပုခုံးတစ်ချက်တွန့်လိုက်ရင်း...
   "ဘယ်တတ်နိုင်မှာလဲ သူမလာတော့လည်း ငါတို့တွေသွားကြရုံပေါ့"
   "ဒီနေ့တော့အဆင်မပြေလောက်ဘူးနော် အခုတောင်ညနေစောင်းနေပြီ ဆိုင်ရှင်အဘိုးပြောပုံအရဆို ဒီကနေအနည်းဆုံး တစ်ရက်ခရီးရှိတယ် ဦးလုံထန်းကဒီကိုလာရင် ကြားထဲကကျွန်းတစ်ကျွန်းမှာ တစ်ညနားလေ့ရှိပြီး မနက်ပိုင်းမှာ သူ့ဆီလာလေ့ရှိတယ်တဲ့ "
     ဈာန်စကားကိုကမ္ဘာကပါထောက်ခံဟန်ဖြင့် ခေါင်းညိတ်ပြီး
    "ဟုတ်တယ် ချက်ချင်းသွားဖို့က ငါတို့လည်းဘာမှမပြင်ဆင်ရသေးဘူး လိုအပ်တာပြင်ဆင်ပြီး မနက်ဖြန်မနက်စောစော ခရီးထွက်ကြတာပေါ့ တစ်ရက်ထက်ပိုတဲ့ခရီးကို ကြုံသလိုထွက်တာမကောင်းဘူး ပင်လယ်က သိပ်အန္တရယ်များတယ်.."
    နက်ရှိုင်းက စိတ်ကိုလျှော့ချလိုက်ပုံရသည်။ မကျေမချမ်းနှင့်..
    "ဒါဖြင့်လည်း မနက်စောစော ခရီးထွက်ကြတာပေါ့ တောက် အချိန်တွေပုပ်လိုက်တာ.."
    "ကဲပါ ကိုနက်ရှိုင်းရယ် စိတ်လျှော့လိုက်တော့ ဖြစ်လာနေပြီပဲ ပြုပြင်လို့မှမရတာ ဒါနဲ့ ဦးလုံထန်းကဘာဖြစ်လို့ ရောက်မလာလည်းမသိဘူးနော် ဆိုင်ရှင်အဘိုးစကားအရတော့ ဆယ်နှစ်တာကာလတွင်းမှာ တစ်ခါမှအခုလို မလာတာမရှိဖူးဘူးတဲ့ အကြောင်းတစ်ခုခုများ ရှိလို့လားပဲ.."
     စိမ်းစကားကြောင့် ဈာန်ကတစ်စုံတရာကို တွေးတောရင်းမှ..
    "ဖြစ်နိုင်ပါတယ် အကြောင်းတစ်ခုခုပေါ့ ကိုယ်တို့တွေတစ်နေ့ရောက်လာမယ်ဆိုတာ သူလည်းကြိုသိနေတာပဲ ရှောင်မနေလောက်ပါဘူး မလာနိုင်တဲ့အကြောင်းတရားရှိကိုရှိနေမှာပါ"
   "ဆိုင်ရှင်အဘိုးကိုဘယ်လိုမြင်လဲဈာန်.. ဦးလုံထန်းမလာဘူးဆိုတာ သူကြိုသိနေပုံရလား"
   "ငါအထင်တော့ သူမသိလောက်ဘူးကောင်းကင် ဦးလုံထန်းမလာတော့ သူတောင်အံ့သြသွားသေးတယ် ဒါပေမယ့် မလာရတဲ့အကြောင်းရင်းကိုတော့ သူသိနေပုံရတယ်"
    "ဆိုင်ရှင်အဘိုးကထူးခြားတယ်မထင်ဘူးလား လျှိုဝှက်ဆန်းကြယ်ပြီး တစ်ခုခုဆို ထိုးဖောက်မြင်နိုင်သလိုခံစားရတယ် ပြီးတော့ သူကြာဖြူနဲ့ပတ်သတ်ပြီး သေချာသိထားပုံပဲ.."
     နက်ရှိုင်းစကားကြောင့် ဈာန်တစ်ချက်ပြုံးလိုက်ပြီး..
    "သူ့ဆိုင်ထဲမှာတောင် ထူးဆန်းတဲ့ဒဏ္ဍာရီပစ္စည်းတွေ အများကြီးစုဆောင်းနိုင်ခဲ့တာ သူကိုယ်တိုင် လူထူးဆန်းဖြစ်နေတာမဆန်းပါဘူး နက်ရှိုင်း ပင်လယ်တဝိုက်သွားလာပြီး ရှေးဟောင်းပစ္စည်းတွေ တစ်ဘဝလုံး စုဆောင်းလာခဲ့တာ သူမသိတဲ့ပုံပြင်ဆိုတာ ရှားတယ် ဒါပေမယ့် မပြောနိုင်တဲ့အကြောင်းအရာတော့ရှိလိမ့်မယ် တချို့တွေက ကျိန်စာတွေသင့်နေလို့လေ.."
    "ဘယ်လိုကျိန်စာသင့်နေပါစေ ကြာဖြူကတော့ ငါ့လက်ကပြေးမလွတ်စေရဘူး ကဲ ခရီးအတွက်လိုအပ်တာ ပြင်ဆင်ထားရမယ်ဆိုတော့ သွားတော့မယ် မနက်ကျမှဆုံမယ်.."
    နက်ရှိုင်းကအံကြိတ်ကြိမ်းဝါးပြီး ထွက်ခွာသွားတော့ စိမ်းသက်ပြင်းတစ်ချက်ချမိရင်း...
    "နက်ရှိုင်လည်းတကယ်မလွယ်ဘူး တကယ်လို့ ကြာဖြူနဲ့ထိပ်တိုက်ဆုံတွေ့ရခဲ့ရင် ဘာတွေဖြစ်ကုန်မလဲ"
    "သေချာတာကတော့.. စစ်တစ်ခုပေါ့"
    ကောင်းကင်အဖြေကို ကမ္ဘာကမနှစ်မြိုဟန်ဖြင့်
   "စစ်လိုမြင်တာ စစ်လိုဖန်တီးခြင်တဲ့စိတ်ကြောင့်ပါ ငါတို့ရောက်နေတာ သူ့ပိုင်နက်ပင်လယ်ပြင် ငါတို့ရည်ရွယ်ချက်ကလည်း မင်းဦးလေးရဲ့ကျိန်စာတွေပယ်ဖျောက်ပေးပြီး ဆန်းကြယ်တဲ့ဖြစ်ရပ်ရဲ့အဖြေကိုရှာဖွေဖို့ပဲ မဟုတ်လား.."
    "အေးကွာ... ဟုတ်ပါတယ်"
    ဈာန်က အားလုံးကိုတစ်ချက်ကြည့်ပြီး..
    "ကဲဒါဆိုကျွန်တော်လည်း လိုအပ်တာပြင်ဆင်ဖို့အတွက် သွားလိုက်ဦးမယ် တစ်ခုခုထူးခြားတာရှိရင် ဆက်သွယ်ဖို့မမေ့နဲ့ ဗျာ"
     ဈာန်စကားဝိုင်းမှထွက်လာပြီး တည်းခိုအိမ်ရှိရာလျှောက်လာနေစဉ် တစ်နေရာရောက်တော့ အုန်းပင်အောက်တွင်ထိုင်နေသည့်မို့ကိုတွေ့တော့ သူမို့ရှိရာဦးတည်လိုက်၏။
    မို့နေမကောင်းဟု မနက်ကပြောသံကြားသည်။ ဒါကြောင့်ဦးလုံထန်းကို သွားစောင့်တုန်းကရော ခုနစကားဝိုင်မှာပါ မို့ကိုမမြင်ရတာဖြစ်မည်။
    အနားရောက်လာသည့်အရိပ်ကြောင့် မို့ကမော့ကြည့်လိုက်ရာ သူ့ကိုမြင်တော့ အံ့သြဝမ်းသာဟန်နှင့်
    "ကိုဈာန်..."
    "မို့ နေမကောင်းဘူးဆို.. ဒီမှာဘာထိုင်လုပ်နေလဲ"
    "စိတ်တွေမွန်းကျပ်နေလို့ ခဏထိုင်ပြီး ပင်လယ်ကိုငေးကြည့်နေတာပါ"
    "အခုရော သက်သာပြီလား.."
    "ဟုတ်ကဲ့.. နည်းနည်းသက်သာပါပြီ"
    "သိပ်လေအတိုက်မခံနဲ့ပိုဖျားသွားလိမ့်မယ်.."
    ဈာန်ထံမှဂရုစိုက်သံကြောင့် မို့အလိုလို ကြည်နူးသွားမိပြီး
   "ဟုတ်ကဲ့ပါ ကိုဈာန်အပြောနဲ့တင်မို့ရောဂါက ပျောက်နေပြီသိလား.."
   "ဖြစ်ရမယ် အော်ဒါနဲ့နေမကောင်းဘူးကြားတော့ ဈေးထဲမှာတုန်းက အဆောင်လည်ဆွဲလေးကို သတိတရဝယ်ခဲ့သေးတယ် ဒီပုလဲဖြူလည်ဆွဲက ဒေသယုံကြည်မူအရ ကျန်းမာရေးကောင်းစေတယ်တဲ့"
    ဈာန်ထုတ်ပေးလိုက်သည့် ပုလဲတစ်လုံးပါသည့်လည်ဆွဲလေးကိုကြည့်ပြီး မို့ရင်ထဲသိမ့်ခနဲ့ဖြစ်သွားသည်။
     ညကအိပ်မက်ဆိုးတွေမက်ပြီး ဖျားသည်အထိဖြစ်ရအောင် မွန်းကျပ်ရူပ်ထွေးသည့်စိတ်များပင် ဘယ်ရောက်သွားမှန်း မသိတော့ပေ...။
   ဈာန့်မျက်နှာကိုမြတ်နိုးစွာမော့ကြည့်ပြီး ကိုယ့်အတွက်တကူးတကဝယ်ပေးသည့် လက်ဆောင်ကိုလက်ခံရသည့်ခံစားချက်က နူးညံ့လွန်းနေပါလား..
    "ယူလေးမို့ ဟုတ်သည်ရှိရှိမရှိရှိဆွဲထားပေါ့နော် သက်သာရင် ပြန်သိမ်းထားလည်းရတယ်"
   "ဟင့်အင်း မို့အမြဲတမ်းဆွဲထားမှာပါ "
    "ဟုတ်ပါပြီ ဒါဖြင့်ဂရုစိုက်နော် မနက်ဖြန်ခရီးထွက်ရမှာမို့ သက်သာမှဖြစ်မယ်"
   "မို့ကိုခုလိုဂရုစိုက်တဲ့အတွက် တကယ်ကျေးဇူးပါကိုဈာန်ရယ် မို့ဘယ်လိုပြောရမှန်းမသိအောင် ပျော်တယ်"
    "ရပါတယ် ဒါဆိုကိုယ့်ကိုခွင့်ပြုပါဦး.."
    ဈာန်ထွက်သွားတော့ မို့တစ်ယောက် လည်ဆွဲလေးကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ပျော်ရွှင်မူတွေရင်ထဲတသိမ့်သိမ့် ခံစားလိုက်ရ၏။
    သာမာန်မိတ်ဆွေလိုပြောသွားသည့်တိုင် မို့အတွက်ဒီဂရုစိုက်ခြင်းတွေက တကယ်ကိုပြောမပြတတ်အောင်ပင်။
   တည်ကြည်သောမျက်ဝန်း နူးညံ့သောအပြုံးတို့ကိုမြင်ယောင်ရင်း သူမရင်ထဲလိုက်ခနဲ့နေအောင်တုန်လူပ်သွားရ၏။
    ဒါမို့အတွက်တဲ့လား... ဈာန်ရယ်
    အို...ယူရယ် မို့တော့ရူးတော့မှာပဲ..
    စိတ်ချပါ... ဘယ်သောမှမချွတ်တမ်း မို့ဆွဲထားမယ်။
    ဘာလို့လဲဆိုတော့..... မို့လေ.........။
   မို့ဘာတွေဖြစ်ကျန်ခဲ့မှန်း ဈာန်ကတော့မသိပေ။ သူ့မျက်ဝန်းထဲတွင်တော့ ဖြူစင်လှပသော မျက်နှာလေးတစ်ခုကိုသာ မြင်ယောင်ပြီး မြင်ယောင်နေတော့သည်။ သူ့လက်ထဲတွင်တော့ ရှေးဆန်သောလည်ဆွဲတစ်ခု..
    ဒီလည်ဆွဲနဲ့ဆိုမင်းသိပ်လှမှာပဲ ကလေးရယ်...
    တစ်နေ့တော့မင်းလည်တိုင်မှာ ကိုယ်ဆွဲပေးချင်တယ်
    ဆွဲပေးချင်တယ် ကလေးလေးရေ.......
    အတွေးဖြင့်သူပြုံးမိရင်း ကျွန်းပိုင်ကြီးသမီး၏ လည်ဆွဲဟုဆိုသော ရှေးဟောင်းလည်ဆွဲလေးကို ဆုပ်ကိုင်ထားလျက်နှင့်....
    သို့သော် ဒီလည်ဆွဲရဲ့လွမ်းမောနာကျင်စရာ ဇာတ်လမ်းလေးကိုတော့ ဈာန်မေ့နေခဲ့မိရာ...

ကြာဖြူ(ကြာဖြူ) Where stories live. Discover now