Zawgyi
~~ကြာဖြူ~~
အပိုင်း(၃၉)"ကိုကို..."
အတွေးတွေနှင့်လေလွင့်နေစဉ် ရုတ်တရက်ကြားလိုက်ရသော အသံလေးတစ်ခုက သူ့ကိုဆတ်ခနဲ့တုန်လူပ်သွားစေခဲ့၏။ ထင်ယောင်ထင်မှားနှင့် သူများနားကြားမှားနေသလား..
ဇဝေဇဝါဖြစ်နေခိုက်မှာပင် ထပ်ကြားလိုက်ရပြန်သည်။
"ကိုကို..."
ဒီတစ်ခါတော့.. မမှားနိုင်တော့ပါ။ အသံနှင့်အတူ အပင်အကွယ်လေးတစ်ခုကနေ ထွက်လာသောသူမ
အဖြူရောင်ဂါဝန်ရှည်လေးနှင့်..
ထင်မှတ်မထားဘဲသူမကိုမြင်လိုက်ရတော့ သူ့ရင်တွေလိုက်ခါသွားသည်မှာ ထူးဆန်းလှသည်။ ကြည့်စမ်း.. သူဟာသူမကိုလွမ်းဆွတ်စွာနဲ့ စောင့်မျှော်နေခဲ့မိသလား
သတိမထားမိခဲ့သော ရင်ဘတ်ထဲကခံစားချက်အချို့က သူ့ကိုအလိုမကျဖြစ်စေကာ သူ့မျက်နှာသည် အလိုလိုတင်းမာသွားရပြန်၏။ သူမကတော့သူမကိုမြင်လိုက်သည်နှင့် ခုချိန်ထိတိုင်မပြောင်းလဲစွာ တင်းမာသွားမြဲ သူ့မျက်နှာကြောင့် မချိမရိပင်ပြုံးရှာသည်။
ထို့နောက် ရင်ကွဲလုမတက် လွမ်းဆွတ်ရပါသောမျက်နှာကို တမေ့တမောပင် ငေးကြည့်နေရင်းနှင့်
"ခရာ.. ကိုကို့ကိုလွမ်းလို့ပါ"
သူမအသံလေးက နာကျင်စရာကောင်းအောင် လိုက်ခါနေ၏။ ပိန်ကျသွားသော မျက်နှာလှလှလေးက ဘာကြောင့်များ ဒီလောက်တောင်ညှိုးနွမ်းနေခဲ့ပါလိမ့်..
ဘယ်အရာကများ သူမကိုဒီလောက်ထိခံစားစေခဲ့လို့ နေထိပန်းတစ်ပွင့်လို့ နွမ်းဖက်စေခဲ့သလဲ ...
"ကိုကို ခရာ့ကိုမမြင်ချင်ဘူးဆိုတာ ခရာသိပါတယ် ဒါပေမယ့်ခရာကိုကို့ကို အရမ်းလွမ်းနေလို့ပါ ခဏလောက်ဖြစ်ဖြစ် ကိုကို့မျက်နှာလေးမြင်ချင်လို့ပါ "
လွမ်းနေကျနေသော နူတ်ခမ်းယဲ့ယဲ့လေးက ဆွေးမြေ့စွာဆိုပြန်သည်။ သူမတုန်မလူပ်ရှိနေဆဲ
"ကိုကို... "
"....... "
"ခရာ့ကိုနည်းနည်းလောက်ဖြစ်ဖြစ် မလွမ်းဘူးလားဟင်"
ရင်ထဲဆတ်ခနဲ့ဖြစ်သွားရသည်။ သူမနှစ်မြိုသည့်တိုင်ခံစားချက်တွေက လူးလိမ့်ပြေးလွှားနေဆဲ...
ငါမင်းကို...လွမ်းနေခဲ့တယ်ထင်တယ်
ထိုစကားက အပြင်သို့ ထွက်မလာခဲ့ပါ။ မာနတွေနှင့် သူနူတ်ခမ်းတို့ကတင်းတင်းစေ့ထားဆဲ..
ငြိမ်သက်နေသည်သူ့ကြောင့် ခရာနာကျင်စွာ သက်ပြင်းရိုက်လိုက်ရင်း
"ကိုကိုခရာ့ကို အခုထိမုန်းနေတုန်းပဲလား "
"ဟုတ်တယ်.."
ဘာလို့ဒီစကားကို သူအလွယ်တကူပြောထွက်မိမှန်း သူမသိတော့ပါ။ သေချာသည်က သူနှလုံးသားကို မာနတွေကတင်းကြပ်စွာချည်နှောင်ထားပြီး တစ်ချိန်လုံးအနိုင်ပိုင်းခဲ့သူမို့ ခုချိန်မှာဘာမှဝန်မခံချင်တော့ပါ။
ကြာဖြူကိုသတ်ရန်ရည်ရွယ်ခဲ့သည့်တိုင် ခုချိန်တွင်တော့သူဘာမှမလုပ်နိုင်တော့ပါ။ မာမီ့အတွက် တစ်ချိန်လုံးလက်စားချေရန် အရူးမီးတောက်ခဲ့သမျှ အရူံးပေးခဲ့ရပြီဖြစ်သည်။ မာမီတောင်းဆိုမူကြောင့် ရည်ရွယ်သမျှအဆုံးသတ်ပစ်ခဲ့ရ၏။ တစ်ချိန်လုံးရည်ရွယ်ခဲ့သမျှ ဘာမှဖြစ်မလာသည့်အခါ သူထပ်ပြီး ဘာမှမရူံးနိမ့်ချင်တော့ပါ။
သူမကိုတစ်စုံတရာဝန်ခံရန် သူ့နှုတ်ခမ်းတွေလေးလံနေဆဲ....
"ကြာဖြူနဲ့ပတ်သတ်ပြီးမလွဲသာလို့ ငါ့စိတ်တွေလျှော့လိုက်ပေမယ့် မင်းကိုမုန်းနေတဲ့အမုန်းတွေက မပြောင်းလဲသေးဘူးခရာ ဒါကမင်းကိုနာကျင်စေတယ်ဆိုရင် အနည်းဆုံးတော့ ငါကြာဖြူကိုထိခိုက်အောင် လုပ်နိုင်သေးတယ်လေ "
သူ့စကားအဆုံးသူမမျက်နှာလေးသည် နေထိပန်းပမာညှိုးကျလာတော့၏။ ချက်ချင်းဝဲတက်လာသည့် မျက်ရည်တို့ကိုစီးမကျလာအောင် မျက်တောင်လေးဖြင့် ပုတ်ခပ်နေလိုက်ရင်းနှင့်...
နာကျင်နေသည့်ကြားမှ ကြိုးစားပြုံးလိုက်ပါရဲ့
"ဟုတ်ကဲ့ပါကိုကို ခရာ့ကိုမပြောင်းမလဲမုန်းနေသလို ခရာကလည်း ကိုကို့ကိုချစ်နေတုန်းပါ ခရာတို့တစ်ယောက်ကိုတစ်ယောက် ပြောင်းလဲပစ်လို့မရဘူးထင်ပါရဲ့"
သူမအသံလေးက အဖျားခတ်တုန်ခါသွားသည်။ မျက်ရည်တွေပြည့်အိုင်နေသည့်မျက်ဝန်းတို့က ဘာမှသဲသဲကွဲကွဲ မမြင်ရတော့ပါ။ သို့သော် သူမပြုံးနေဆဲပင်....
"ခရာကကိုကို့ကိုချစ်တယ်ပြောပြီး ခရာ့နှလုံးသားအတွက် ကိုကို့နားပဲတွယ်ကပ်နေခဲ့တယ် တကယ်တော့ဒါက အမှားတစ်ခုမှန်းခရာသိလိုက်ပါပြီလေ ခရာအနားမှာရှိနေရင် ကိုကိုဘယ်လောက် စိတ်အနှောင့်အယှက်ဖြစ်နေမလဲ မတွေးကြည့်ခဲ့ဘူး ခရာနဲ့ပတ်သတ်တဲ့ကိုကို့အမုန်းတွေကို ခရာလက်မခံချင်ခဲ့မိဘူး အခုဒီအမှန်တရားကို ခရာလက်ခံလိုက်ပါပြီ"
"................"
"ခရာအနားမှာမရှိတာ ကိုကို့ကိုပိုစိတ်ချမ်းသာစေတယ်ဆိုရင် ခရာအဝေးမှာပဲနေပေးမှာပါ ဒီတစ်ခါထွက်သွားပြီး နောက်တစ်ခါပြန်ဆုံဖို့က မသေချာတာမို့ ခရာလေကိုကို့ကိုဘယ်လိုမှ ပြောင်းလဲပစ်လို့မရအောင် ချစ်ခဲ့တယ်ဆိုတာတော့အမှတ်ရနေပေးပါ ဒါကကိုကိုနဲ့ပတ်သတ်ပြီး ခရာ့ရဲ့ဝဋ်ကြွေးဆိုရင်တောင် ဒီဝဋ်ကြွေးတွေဆပ်ဖို့ ကိုကို့နားပို့ပေးခဲ့တဲ့ကံတရားကိုလည်း ခရာကျေးဇူးတင်နေမှာပါ"
ထို့နောက်တစ်ဖက်သို့လှည့်လိုက်သည်နှင့် ထိန်းချုပ်ထားသည့်မျက်ရည်တို့က ဆည်ရေကျိုးသည့်အလား ဒလဟောစီးကျလာတော့၏။
အမှတ်မရှိဘာကိုထပ်ပြီးမျှော်လင့်ခဲ့သလဲ ခရာရယ်...
မျှော်လင့်မိတိုင်းလည်း ရင်တွေကျိုးကြေလုမတက် နာကျင်ခဲ့ရသည်ပဲ
ဒါနဲ့များတောင်.........
ကိုကိုနှင့်ဝေးရာလျှောက်လာသည့် ခြေလှမ်းတစ်လှမ်းတိုင် ရင်ထဲဓားထိုးစိုက်လိုက်သကဲ့သို့ နာကျင်လွန်းလှပါသည်။
တစ်ချိန်လုံးနာကျင်နေရသည့်တိုင် စွန့်လွတ်ဖို့တောင်မစဉ်းစားဝံ့သည့် နှလုံးသားကိုပဲအပြစ်တင်ရမလား...
ဒီတစ်ခါပိုနာကျင်ရပါသည်။ မျက်ရည်တွေနှင့်ခြေလှမ်းတိုင်းဟာ အပြီးတိုင်ဝေးကွာနေဖို့ ဦးတည်နေခဲ့ပြီ မဟုတ်လား...
"ခရာ..."
ရင်းနှီးနေသည့်ခေါ်သံကြောင့် ခရာခြေလှမ်းကိုရပ်လိုက်သည့်တိုင် မျက်ရည်တွေတော့ မသုတ်မိတော့ပါ။
ဈာန်ကသူမနားလျှောက်လာပြီး မျက်ရည်တွေပြည့်နေသည့်မျက်နှာလေးကို ရင်နင့်စွာငေးကြည့်မိရင်း
"ဘာလို့ခရာနက်ရိုင်းကို သူ့အဖေနဲ့ပတ်သတ်တဲ့အမှန်တရားကို မပြောခဲ့သလဲ အနည်းဆုံးတော့ ဦးမင်းသန့်ဟာကြာဖြူကိုသတ်ခဲ့တယ်ဆိုတဲ့ အမှန်တရားတစ်ခုကို သူသိသင့်တယ်"
"နေပါစေတော့ အစ်ကိုရယ်"
ခရာက မျက်ရည်ကိုခပ်ကြမ်းကြမ်းသုတ်ပစ်ရင်း ဆိုရှာသည်။ ဒါတောင်ပါးပြင်မှာ မျက်ရည်စက်အချို့ကာ ထင်းကျန်နေဆဲ....
"ဘာဖြစ်လို့လဲခရာ သူမသိခဲ့တဲ့အမှန်တရားကြောင့် သူခရာ့ကိုမုန်းနေတာမတရားဘူးလေ "
"ကိုကိုကခရာ့ကိုမုန်းချင်လို့ကိုမုန်းနေတာပါ"
သူမစကားကြောင့် ဈန်ပင်အံ့သြသင့် သွားရသည်။ မျက်ရည်မခြောက်သေးသော ခရာ့နူတ်ခမ်းတို့က ယဲ့ယဲ့လေးပြုံးလာပြီးနောက်
"ဒီကိစ္စကို ကိုကိုသိလို့လည်း ဘာမှပိုမထူးလာတော့ပါဘူးအစ်ကိုရယ် ကိုကိုစိတ်ထိခိုက်ရတာပဲ အဖတ်တင်သွားလိမ့်မယ် ဘာအကြောင်းနဲ့မှကိုကို့ကို ခရာမထိခိုက်စေချင်ပါဘူး "
"ခရာရယ်..."
"မုန်းလက်စနဲ့ ခရာ့ကိုမုန်းပါစေ ခရာနေသားကျနေပါပြီ"
"နက်ရိုင်းအတွက်ပဲ ဘာလို့တွေးပေးနေရသလဲ ခရာရယ်"
သူမချင့်မရဲဆိုလိုက်တော့ ခရာဘာမှမတုန့်ပြန်ရှာပါ။ သူသက်ပြင်းသာ ချလိုက်မိပြီး..
"ဘာလို့ပြန်မလာသလဲခရာ ကိုယ်ခရာ့ကိုစောင့်နေခဲ့မိတယ် ခရာသတိရချင်မှရလိမ့်မယ် ကိုယ်ကတော့ အမြဲသတိရနေခဲ့တာပါ"
"ခရာဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်မဖြစ်စေချင်လို့ပါအစ်ကို ပြီးတော့ခရာ့ကိုခရာအားလုံးအပေါ်အပြစ်ရှိသလို ခံစားပြီးနေနေရတာ တကယ်မပျော်လို့ပါ"
"မဆိုင်လိုက်တာခရာရယ် ဒါတွေကခရာ့ကြောင့် ဖြစ်လာတာမှမဟုတ်တာ ဘာလို့ဒီလိုတွေးနေရသလဲ "
"အစ်ကိုကခရာ့ဖက်ကနေ အကောင်းချည်းတွေးပေးနေတာကို ခရာအပြစ်မရှိဘူးလို့ပဲထင်မှာပါ"
ခရာ့စကားကြောင့် ဈာန်ဘာပြောရမှန်းပင် မသိအောင်ဖြစ်သွားရသည်။ ခရာက ယဲ့ယဲ့လေးပြုံးလိုက်ရင်း
"ခရာ့အပေါ်ကောင်းခဲ့ပေးတာတွေအတွက် ခရာအမြဲတမ်းကျေးဇူးတင်နေမိပါတယ်အစ်ကို ခရာ့အတွက်စိတ်မပူပါနဲ့ ခရာအဆင်ပြေပါတယ် "
"ဒါပေမယ့်.."
"ခရာသွားတော့မယ် အစ်ကို "
ပြောရင်းထွက်သွားဟန်ပြုသောခရာကြောင့် ဈာန်ကမန်းကတမ်းဖြင့်
"ခရာဘယ်သွားဦးမလို့လဲ"
"ခရာ့ရဲ့အိမ်ကိုပါ ခရာနဲ့သက်ဆိုင်တဲ့နေရာမှာပဲ ခရာရှိနေသင့်တယ်မဟုတ်လား "
ထွက်ခွာသွားသည့်သူမကျောပြင်ကို ငေးကြည့်ရင်း ဘာလို့မဆွဲထားမိသလဲဆိုတာကို သူ့ကိုသူပင် နားမလည်တော့ပါ။
အိမ်ဟုဆိုသည့်တိုင်ထိုအိမ်သည် သူမကိုလုံခြုံမူပေးနိုင်မည့် အိမ်မဟုတ်မှန်းသိနေရက်နှင့် သူမတားဖြစ်ခဲ့ပါ။ ဒါကလည်းသူမဆန္ဒကြောင့်ပါသလို သူမကိုချစ်သော အချစ်ကြောင့်လည်း ဖြစ်မည်ထင်သည်။
ပြီးတော့မလုံခြုံသည့်ထိုအိမ်ကပင် အခုချိန်မှာသူမအတွက် အကောင်းဆုံးနားခိုရာဖြစ်နေခဲ့သည် မဟုတ်လား ။
သူမကိုပြန်ခေါ်ထားပါက နက်ရိုင်းနားပြန်ရောက်မည်။ သူမထပ်ခါထပ်ခါ နာကျင်နေရဦးမည်။ ဒါကိုသူမမြင်ချင်တော့ပါ....
အနည်းဆုံးတော့ ကြာဖြူနှင့်ရှိနေခြင်းသည် နက်ရိုင်းနှင့်အတူရှိနေရခြင်းထက် ပိုကောင်းမွန်နေခဲ့သည်ပဲ။
"ဟင်း...."
ဘယ်နှကြိမ်မြောက် သက်ပြင်းတွေချမိသည်မှန်း မသိတော့ပါ။ အတန်ကြာသည်အထိ ထိုနေရာလေးမှာပင် သူရပ်နေမိ၏။
သူသတိမထားမိသည်ကသူ့ရင်တွေလည်း နာကျင်နေခဲ့သည်ဆိုတာ...........
..................................................

VOCÊ ESTÁ LENDO
ကြာဖြူ(ကွာဖွူ)
Fantasia"ကြာဖြူ ငါတို့သေခြင်းတရားမှာ မင်းအငြိုးတွေပြေပါစေတော့" ပင်လယ်ဒဏ္ဍာရီတွင်ကြောက်စရာအကောင်းဆုံးသော ကျိန်စာဆိုးများနှင့်ကြာဖြူပုံပြင်... သို့သော်လွန်ခဲ့သောနှစ်သုံးရာတွင် အမှန်တကယ်ဖြစ်ခဲ့သော ရင့်နင့်စရာကြာဖြူမင်းသမီး၏ ဒဏ္ဍာရီတစ်ပုဒ်။ ဤဒဏ္ဍာရီတွင် သဘောင်စကား...