Part- 40

2.2K 148 1
                                    

Zawgyi

~~ကြာဖြူ~~
အပိုင်း(၄၀)

     မဂ္ဂင်္လာတော...
     ထူးဆန်းအံ့သြဖွယ် မှော်ဆန်သောပညာရပ်များနှင့် ပြည့်နှက်နေသည့်တောသည် သူတို့အား အေးစက်စွာပင်ကြိုဆိုနေခဲ့သည်။
     သူတော်စင်ပုဂ္ဂိုလ်ဆိုထားသကဲ့သို့ မဂ္ဂင်္လာတောသည် သူတို့လာမည်ကိုကြိုသိနေသည့်အလား ဝင်ပေါက်ဖွင့်ထားခဲ့လေသည်။
    ဒါမှမဟုတ်ဒီဝင်ပေါက်က သေမင်းခံတွင်းဝများဖြစ်နေမလား..
     ဤတောသည်ကြောက်စရာအတိနှင့် ဖုံးလွှမ်းနေခဲ့သည်မဟုတ်လား..
    "အားလုံးသတိရှိကြပါ အခုချိန်ကစပြီးမဂ္ဂင်္လာတောထဲဝင်တော့မယ် ဒီတောဟာဒဏ္ဍာရီတစ်လျှောက် ရှေးအကျဆုံးနဲ့အလျှို့ဝှက်ဆုံးတောပဲ ပြီးတော့ကြောက်စရာအကောင်းဆုံး နေရာတစ်ခုလည်းဖြစ်တယ် အစစအရာရာသတိထားဖို့လိုမယ် "
     သူတော်စင်စကားကြောင့် သူတို့အားလုံးတောအဝင်ဝကို စိုက်ကြည့်ပြီး သက်ပြင်းကိုယ်စီချလိုက်မိသည်။ မည်းမှောင်ခြောက်သွေ့နေသည့်တောအဝသည် မြင်ရုံနှင့်ပင်သွေးပျက်ချေက်ချားဖို့ ကောင်းနေခဲ့ပြီဖြစ်သည်။
     တောထဲအဝင်ခြေလှမ်းအစမှာပင် ရင်ထဲအေးခနဲ့ထုံကျင်သွားကာ စိုးရွံ့ထိတ်လန့်သောခံစားချက်များသည် အလုအယက်တိုးဝှေ့ဝင်လာတော့သည်။
     သူတို့ကား.. သူတော်စင်အပါအဝင် စေတန် ဈာန် နက်ရိုင်း ကောင်းကင်နှင့်စိမ်း အားလုံး ၆ယောက်..
    ဦးလုံထန်းကို ဦးရာဇနှင့်ပဒုမ္မာရီမြို့တော်မှာပင် နေရစ်စေခဲ့သည်။ သူတို့နှင့်သက်ဆိုင်သော ဝဋ်ကြွေးကို သူတို့ဘာသာပင်ဆပ်မည်။ မသက်ဆိုင်သည့်သူကို မပါဝင်စေခြင်တော့၍ပင်။
     ယခုတောထဲအဝင်မှာပင် မြင်တွေ့ရသည့်တော၏ သွေးပျက်ဖွယ်အကျဉ်းတန်မူက သူတို့ကို အံဩသင့်သွားစေခဲ့၏။ 
     မှော်ဝင်ကျွန်းသည် မည်မျှပင်ကြောက်စရာ အန္တရယ်များနှင့်ပြည့်နှက်နေသည့်တိုင် နတ်ဒေဝများအတွက်ဖန်ဆင်းထားသည့်အလား အင်မတန်လှပသောကျွန်းတစ်ခုအဖြစ် မြင်ခဲ့ရသည်မဟုတ်လား..
     ဤမျှလှပသော ကျွန်းကြီး၏အလယ်ဗဟိုတွင် ရုပ်ဆိုးအကျဉ်းတန်လွန်းသော တောအုပ်ငယ်တစ်ခု လျှို့ဝှက်ဆန်းကြယ်စွာရှိနေသည့်အဖြစ်က မယုံနိုင်ဖွယ်ကောင်းလှသည်။
     အမှန်တကယ်ပင် အမှောင်များဖြင့်ပြည့်နေသည့်တောကာ မြင်ရုံနှင့် သွေးလန့်ဖွယ်ကောင်းသလို စပ်ဆုပ်ဖွယ်ကောင်းနေပြန်၏။
     တစ်ချက်တချက်ထွက်လာသည့် ညည်းညူသံလိုလို ရယ်သံလိုလိုနှင့် အသံများကလည်း မသတီဖွယ်အတိနှင့်။
    မိုင်းညှို့အုပ်ဆိုင်းနေသည့်တောကာ နေရောင်ပင်မထိုးနိုင်တော့ရာ နေရာအနှံ့ စိုစိစိနှင့်မည်းမှောင်တိတ်ဆိတ်နေသည်မှာ မနှစ်မြိုဖွယ်ကောင်းလွန်းလှသည်။
     ထို့ထက်ပို၍ခြောက်ခြားဖွယ်ကောင်းသည်က နေရာအနှံ့ပတ်ပတ်လည်တွင် သူတို့ကိုမျက်လုံးပေါင်းများစွာ စိုက်ကြည့်နေသကဲ့သိုခံစားရခြင်းပင်။
     တစ်ယောက်ကိုတစ်ယောက် စကားမပြောနိုင်သည်အထိ စိုးထင့်စွာပင် လျှောက်လာနေစဉ်..
      "ရှီ..."
      လျှင်မြန်လွန်းသော တစ်စုံတစ်ရာလူပ်ရှားသံနှင့်အတူ...
      "အား..."
      စိမ်းခန္ဓာကိုယ်လေးက လေထဲလွင့်ခနဲ့။ တစ်စုံတစ်ရာဆွဲဆောင့်ချည်နှောင်ရာနောက် မြောက်တက်ပါသွားသော စိမ်းအဖြစ်ကြောင့် သူတို့အားလုံးအထိတ်တလန့်ဖြစ်သွားကာ..
      "စိမ်း..."
      "နွယ်ရှင်တွေ ."
      သူတော်စင်ကိုယ်တိုင် တုန်လူပ်စွာရေရွတ်လိုက်သည်။ ဟုတ်ပါသည်.. သွေးပျက်ဖွယ် အသက်ဝင်နေသောနွယ်ရှင်တွေ
      စိမ်းတစ်ကိုယ်လုံးကို ရစ်ပတ်ချည်နှောင်ထားသည်။ ကြီးမားသော အမျိုးအမည်မသိအပင်ကြီးဆီကနေ ထွက်လာဟန်ရှိသည့်နွယ်ရှင်တို့သည် စိမ်းကိုတင်းကြပ်စွာရစ်ပတ်ထားရာ..
     "အ.."
      စိမ်းအသက်မရူနိုင်တော့သလို ဘယ်လိုမှလည်း ရုန်းထွက်မရပါ။ ချက်ချင်းလိုပင်မျက်ဖြူလှန်ကာ  အသံပင်မထွက်နိုင်တော့ဘဲ သတိမေ့မတက်ဖြစ်သွားသည်ကိုမြင်တော့ ဈာန်ကအထိတ်တလန့်နှင့်..
      "ဟာ.. စိမ်းလုပ်ပါဦး သတိမေ့သွားပြီလားမသိဘူး"
     "စိမ်းအားတင်းထား ငါတို့ကူညီပေးမယ်"
      ကောင်းကင်ကလည်း စိတ်ပူစွာနှင့်အော်ပြောရှာသည်။ သို့သော်သူတို့အားလုံး ချက်ချင်းဘာလုပ်ရမည်မှန်းမသိအောင် ထူပူနေမိသည်။ သူတော်စင်က စိုးရိမ်စွာပင်..
      "နွယ်ရှင်တွေကသူ့သွေးကိုစုပ်နေတယ် မိနစ်ပိုင်းတွင်းသေသွားနိုင်တယ် နွယ်တွေကိုပိုင်းဖြတ်ပစ်မှ ရမယ်"
      သူတော်စင်စကားအဆုံး စေတန်ကအသင့်ပါလာသည့် ဓားဖြင့်နွယ်ပင်တွေကို မဆိုင်းမတွဝင်ပိုင်းတော့သည်။ ကောင်းကင်လည်း အလျှင်အမြန်နွယ်ပင်တို့ကို ပိုင်းဖြတ်တော့သည်။
     ဈာန်နှင့်နက်ရိုင်းက  ခပ်လှမ်းလှမ်းကနေသာ စိတ်ပူပြီးကြည့်နေရသည်။ ဓားကနှစ်ချောင်းပဲပါသဖြင့် သူတို့ဘာမှဝင်မကူနိုင်သလို အနားလည်းမကပ်ရဲ..။
     အသက်ဝင်နေသည့်နွယ်ရှင်တွေက သူတို့ကိုပါအချိန်မရွေး ဆွဲခေါ်ရစ်ပတ်သွားနိုင်သည် မဟုတ်လား။
     စေတန်၏ဓားက ရာဇဝင်ရှိသောဘုရင့်ဓားဖြစ်၍ ထင်သည်။ ပို၍ထိရောက်သည်။ နွယ်ပင်တို့ကို ပိုင်းဖြတ်တိုင်း လူကဲ့သို့ပင်သွေးများ ရဲခနဲ့စိမ့်ထွက်လာသည်မှာ အံ့သြဖွယ်ကောင်းသလို သွေးပျက်ခြောက်ခြားဖွယ်လည်း ကောင်းလွန်းလှသည်။
     စေတန်နှင့်ကောင်းကင်တို့၏ ဇောနှင့်ပိုင်းဖြတ်မူကြောင့် နွယ်ရှင်အချို့သည် အပိုင်းပိုင်းဖြစ်သွားရင် ကြက်သည်းထဖွယ်ညည်းညူသံသဲ့သဲ့လေး ထွက်လာသည်။ ထို့နောက် စိမ်းကိုရစ်ပတ်ထားသည့် နွယ်ရှင်တို့သည် အားလျော့လာကာ မသက်သာသည့်အဆုံး လွတ်ချပစ်လိုက်၏။
     မြေပြင်ပေါ်ဘုန်းခနဲ့ကျသွားသည့်စိမ်းကို ဈာန်ကပြေးထူကာဆွဲပွေ့ခေါ်လာသည်။ စိမ်း သတိမလစ်သေးသည့်တိုင် အားနည်းကာယိုင်နဲ့တုန်ယင်နေဆဲ..
      နွယ်ရှင်တို့သည်လည်း နာကျင်မူကိုခံစားတတ်သည်လား.. မသဲကွဲ
     သို့သော်အပိုင်းပိုင်းပိုင်းခုတ်မူကြောင့် လူးလွင့်ညည်းညူဟန်ရှိသည့်နွယ်ပင်အချို့ကာ ဒေါသတကြီးဝေ့ယမ်းခါလိုက်ရာ.
     "ကောင်းကင် သတိထား"
     နက်ရိုင်းစိုးရိမ်တကြီးအော်လိုက်သည့်တိုင် နောက်ကျသွား၏။ အသန်မာဆုံးသောနွယ်ပင်တစ်ခုကာ ဒေါသတကြီးယမ်းခါရင်းမှ ကောင်းကင်၏ဘယ်ဘက်လက်ကို တင်းကျပ်စွာ ဆွဲရစ်မိသွားဟန်တူသည်။
      ရုတ်တရက်မို့ ကောင်းကင်ထူပူကာ ကြောင်သွားသည့် စက္ကန့်ပိုင်းအတွင်းမှာပင် နွယ်ရှင်ကာသူ့ကိုဒေါသတကြီး ခါယမ်းပစ်ချလိုက်လေရာ..
     ကြမ်းတမ်းလွန်းသောနွယ်ပင်၏ ခါထုတ်မူကြောင့် ကောင်းကင်လွင့်စဉ်သွားပြီးနောက်တွင်တော့..
      "အား.."
      "ဘုတ်.."
      အုပ်အုပ်ဆိုင်းဆိုင်း ခြုံပုပ်ငယ်တစ်ခုပေါ် ပြုတ်ကျလာသဖြင့် အကျသက်သာသည်ဟု ဆိုနိုင်သော်လည်း..
     ဝမ်းနည်းနာကျင်ဖွယ်ကောင်းသည်က ကောင်းကင်၏ဘယ်လက်ကာပါမလာခဲ့တော့ရာ
     "အား.."
      ကောင်းကင်ကာနာကျင်လွန်းစွာ ညည်းညူရင်းသတိလစ်သွားရှာသည်။ ရက်စက်ခက်ထန်လွန်းသောနွယ်ရှင်ကာ  ကောင်းကင်၏ဘက်လက်အား လက်ကောက်ဝတ်ထိ ရက်စက်စွာပင် ရစ်ပတ်ပိုင်းဖြတ်ပြီးနောက် နောက်ဆုတ်ထွက်ခွာကာ ပျောက်ကွယ် သွားတော့၏။ သူ၏ဘယ်လက်ကိုပါ ယူဆောင်သွားရင်းနှင့်...
      "ကောင်းကင်"
       နက်ရိုင်း ကောင်းကင်ကျသွားရာသို့ ပြေးသွားတော့သည်။ ကောင်းကင်သတိလစ်နေသကဲ့သို့ ပြတ်သွားသည့်လက်ရင်းမှလည်း သွေးတွေက တရဟောစီးကျလာရာ..
     "ဒုက္ခပါပဲ သွေးတွေအရမ်းထွက်နေပြီ"
      သူတော်စင်က ကိုယ်တွင်ရစ်ပတ်ထားသည့်ပိတ်စဖြူနှင့် ကောင်းကင်လက်ကို ဖုံးအုပ်ထားပေးရင်း ပတ်ဝန်းကျင်ကို စိုးရိမ်တကြီးဝေ့ကြည့်ရင်းနှင့်
      "လောလောဆယ် ဒီကနေအမြန်သွားရအောင် နွယ်ရှင်တွေအချိန်မရွေးထပ်ရောက်လာနိုင်တယ်"
      ထို့နောက် ဈာန်ကစိမ်းကိုပွေ့ချီထားသလို နက်ရိုင်းနှင့်စေတန်ကလည်း ကောင်းကင်ကိုထွေးပွေ့ရင်း သူတော်စင်ဦးဆောင်ခေါ်ဆောင်ရာ နောက်သို့လိုက်လာကြသည်။
      "အင်း...ဟင်း..ဟင်း"
      သတိလစ်နေသည့်တိုင် နာကျင်လွန်း၍ထင်သည်။ ကောင်းကင်၏မချိမရိညည်းညူသံက သူ့တို့ရင်ကိုပါထိခိုက်စေခဲ့၏။
      ဒဏ်ရာကိုဖုံးပတ်ထားသည့်ပိတ်စဖြူသည် ခဏတွင်းချင်းပင် သွေးချင်းချင်းနီသွားသည်။ တစ်လမ်းလုံးလည်းသွေးတို့က တစ်စက်စက်စီးကျလာရာ..
     ထိုအရာကပင်အန္တရယ်ကို ထပ်မံဖိတ်ခေါ်လိုက်ဟန်တူသည်။ သူတို့နောက်သို့ကပ်ပါလိုက်လာခဲ့သည့် အရိပ်မည်းမည်းတို့ကို ဇောကပ်နေသဖြင့် သတိမထားမိကြပေ။  နွယ်ရှင်နှင့် အတော် ခပ်လှမ်းလှမ်းနေရာရောက်တော့ သူတော်စင်က
     "ဒီမှာခဏနားမယ် သူ့ဒဏ်ရာကိုဆေးထည့်ပေးရမယ် မဟုတ်ရင်သွေးထွက်လွန်ပြီး သေသွားနိုင်တယ်"
     ဈာန်ကစိမ်းကိုအသာချလိုက်ပြီး
    "ဆေး.. တောထဲမှာဘာဆေးရှိမလဲ အဘ"
    "သဘာဝအလျောက် ဆေးပင်တွေအများကြီးရှိတယ်လူလေး အထူးသဖြင့် ဒီလိုလျှိုဝှက်ဆန်းကြယ်တဲ့ တောမျိုးက ဆေးဥဆေးမြစ်တွေအလွယ်တကူရှာနိုင်တယ် ကဲအချိန်မရှိဘူး အဘကိုကူရှာပေးကြဦး အရွက်စိမ်းနဲ့အနီရောင်သွေးကြောသန်းနေတဲ့အပင် သူ့ဥတွေကခရမ်းရင့်ရောင်ရှိတယ် အရွက်က တစ်ရွက်တည်းပဲ သူနဲ့ပုံစံတူ အဆိပ်ပင်တွေလည်းရှိတာမို့ ဂရုစိုက်ပြီးရှာပါ ဒီအပင်ကအနာရင်းတွေကို သွေးတိတ်ပြီး ချက်ချင်းနီးပါးသက်သာစေတဲ့ ရှားပါးဆေးပင်ပဲ"
       သူတို့မှာ ပင်ပန်းနွမ်းလျနေသည့်တိုင်မနားရဲ။ အနီးတဝိုက်တွင် သူတော်စင်ပြောသည့်ဆေးပင်ကို အသဲအသန်ရှာဖွေနေရတော့၏။
     ကောင်းကင်ကို သစ်ပင်တစ်ပင်တွင်မှီစေပြီးချထားသလို သတိပြန်လည်နေပြီဖြစ်တဲ့စိမ်းက စောင့်ပေးနေသည်။ ထိုစဉ်မှာပင်..
     "အမလေး..."
     စိမ်း၏အထိတ်တလန့်အော်သံကြောင့် ဆေးပင်ရှာနေရာမှ သူတို့အားလုံးထူပူသွားပြီး စိုးရိမ်တကြီး ပြေးလာကြည့်တော့
    "ဟင်..."
     မြင်ကွင်းကမကောင်း။ မြောက်များစွာသောအရိပ်မည်းမည်းတို့က ကောင်းကင်နှင့်စိမ်းကိုဝန်းရံထားသည်။ စိမ်းခမျှာသူတို့ရှိရာတရွေ့ရွေ့တိုးလာသော ကြောက်စရာကောင်းလွန်းသည့် အရိပ်မည်းမည်းတို့ကို တုန်လူပ်စွာကြည့်ရင်း သွေးပျက်ကာ အသံပြာမတက် စူးစူးဝါးဝါးအော်နေရှာသည်။
      စေတန်ပင် အထိတ်တလန့်နှင့်
      "ဒါ...ဒါတွေက ဘာတွေလဲ.."
      "တောထဲကမကောင်းဆိုးဝါးတွေဖြစ်မယ် သွေးနံ့ကြောင့်ရောက်လာကုန်ကြတာ "
       သူတော်စင်စကားကြောင့် ဈာန်မျက်လုံးပြူးသွားပြီး
      "ဘုရား ဘုရား မကောင်းဆိုးဝါးတွေကများလှချည်လား "
      "ဒီမကောင်းဆိုးဝါးတွေက နှစ်ပေါင်းရာချီထက်မနည်းတဲ့ သက်တမ်းတွေရှိတယ် ဒီတိုင်းနှင်ထုတ်ဖို့ဆိုရင် မလွယ်လောက်ဘူး "
    "ဟင်.. ဒါဆိုဘယ်လိုလုပ်မှာလဲ အဘ"
     "သူတို့ကိုဖယ်ရှားပေးနိုင်မယ့် ဆိုင်ရာပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ပင့်ဖိတ်ရမယ်.."
      ပြောရင်းဆိုရင်းသူတော်စင်က အပင်တစ်ပင်အောက်တွင် တရားသွားထိုင်ကာ နူတ်မှတရားစာအချို့ကို တတွတ်တွတ်ရွတ်ဆိုနေတော့သည်။
      သူတို့ဘာမှနားမလည်သလို စိမ်းကိုလည်း ဘာကူညီရမှန်းမသိဘဲ ကြောင်ကြည့်နေရသည်။ သွေးညှီနံ့ကြောင့် အရိပ်မည်းမည်းတို့က ပို၍များပြားလာပြီး စိမ်းအသားကို ထိလုမတက်တိုးဝှေ့လာရာ
      "အမလေး..ကယ်ကြပါ "
      "စိမ်း မကြောက်နဲ့ ခဏလေးပဲ"
      စေတန်ကအော်ပြီးအားပေးရှာသည်။ ထိုစဉ်မှာပင်အရိပ်မည်းတို့က ရုတ်ချည်းပင် ဖျတ်ခနဲ့ပျောက်ကွယ်သွား၏။ စိမ်းချွေးသီးတွေတပြိုင်းပြိုင်းကျကာ သွေးပျက်နေရာ အခုမှာပင်ဝမ်းသာအားရ သက်ပြင်းချနိုင်တော့သည်။
     ဒါတောင် ကြောက်စိတ်ကမပြယ်နိုင်သေးပေ။ ရုတ်တရက်ပျောက်ကွယ်သွားသော အရိပ်မည်းတို့ကြောင့် သူတို့အံသြမှင်သက်နေစဉ် အပင်တွေကြားမှပေါ်ထွက်လာသည်က ကြီးမားသောအရိပ်ကြီးတစ်ခု..
     ထိုအရိပ်ကြီးသည် သူတော်စင်ရှိရာသို့ တိုးကပ်သွားလေ၏။ သူတော်စင်ကာ ရွတ်ဖတ်နေခြင်းကို ရပ်တန့်လိုက်ပြီး မျက်လုံးဖွင့်လာကာ..
     "ကူညီစောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တောစောင့်နတ်မင်း"
      တောစောင့်နတ်မင်း...
     သူတော်စင်စကားက သူတို့ကိုမှင်သက်အံသြသွားစေသည်။ တကယ်ပဲ တောစောင့်နတ်ရောက်လာသလား
     ဒါကြောင့်မကောင်းဆိုးဝါးတွေ ထွက်ပြေးသွားတာဖြစ်မည်။ အကောင်အထည်သေချာမမြင်ရသည့် မပြီဝိုးတဝါးအရိပ်ကာ သူတော်စင်နှင့်မလှမ်းမကမ်း သစ်ပင်တစ်ခုနားတွင်ရပ်တန့်သွားပြီး
     "ကျိန်စာဆိုးတစ်ခုအဆုံးသတ်ဖို့ သင်တို့ ရောက်လာကြသည်ကို.. "
     ထွက်လာသည့်အသံသြသြကြီးသည် သူတို့ရင်ထဲထိတိုင်စိမ့်ဝင်ကာ ကြက်သည်းထစေခဲ့သည်အထိပင်။
    "ထပ်ပြီးတော့ အကူအညီတောင်းချင်ပါတယ် ထိုလူလေးအနာအတွက် ဆေးမြစ်ဘယ်နားရနိုင်မှာလဲ တောစောင့်နတ်မင်း"
    "မရေတွက်နိုင်သည့်အတိတ်ဘဝတစ်ခုက ပြုခဲ့ဖူးသည့်ကျေးဇူးတစ်ခုကြောင့် အသင်အား ကျွန်ုပ်ကူညီပါမည်.."
    တောစောင့်နတ်မင်းဟုဆိုသည့်ပုဂ္ဂိုလ်သည် တစ်နေရာသို့လက်ညှိုးညွှန်ပြပြီးနောက် တစ်စုံတစ်ရာကိုရွတ်ဆိုပြနေသည်။ သူတို့သေချာမကြားမိသလား ဒါမှမဟုတ် ကြားနိုင်စွမ်းမရှိ၍လားမသိ။ ဘာပြောလိုက်မှန်းမသိသည့်တိုင် သူတော်စင်ကာ သေချာနားလည်လိုက်ပုံရသည်။ ခေါင်းတညိတ်ညိတ်နှင့် သူတို့ဖက်လှည့်လာပြီး
     "လူလေးတို့ ဒီကနေတည့်တည့်သွားရင် ရေတွေမည်းနက်နေတဲ့ စမ်းချောင်းတစ်ခုတွေ့လိမ့်မယ် စမ်းချောင်းပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့သွေးကြောရောင်သန်းနေတဲ့ ကျောက်တုံးကိုရှာပါ အဲ့ဒီကျောက်တုံးနောက်မှာ ဆေးပင်တွေ့ရလိမ့်မယ် ဆေးပင်နူတ်ခဲ့ပါ စမ်းချောင်းထဲကရေခပ်ခဲ့ပါ"
     တောသည်အမှန်တကယ်ပင် ကြောက်စရာကောင်းသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ကာ ထူးဆန်းလွန်းလှသည်။ အနက်ရောင်သန်းနေသည့်စမ်းချောင်းကို သူတို့သုံးယောက်တွေ့ခဲ့သည်။ သွေးကြောသန်းနေသည့် ထူးဆန်းသည့်ကျောက်တုံးကိုလည်း အံ့သြသင့်ဖွယ်တွေ့ခဲ့ရ၏။
      ထို့နောက်ကျောက်တုံးနောက်မှ အစွမ်းထက်ပါသည်ဆိုသော ဆေးပင်ကိုနူတ်ယူလာခဲ့သည်။ နက်ရိုင်းကစမ်းချောင်းထဲကရေကို ပါလာသည့်ရေဘူးထဲ ခပ်ထည့်ခဲ့သည်။ သူတို့ပြန်ရောက်ချိန်တွင်တော့ တောစောင့်နတ်ဟုဆိုသောအရိပ်ကို မတွေ့ရတော့ပါ။
     သူတော်စင်ကသူတို့ပါလာသည့်စမ်းရေဖြင့် ကောင်းကင်၏လက်အနာကို လောင်းပေးလိုက်သည်။
     ရေသည်အစွမ်းထက်ပုံရသည်။ ရေဖြင့် အတန်ငယ်ဆေးကြောလိုက်ပြီးနောက် သွေးတို့ကာအံ့သြဖွယ်ကောင်းအောင် တိတ်သွား၏။
     ထို့နောက်သူတော်စင်သည် ဆေးပင်ကိုကြိတ်ပြီး အနာပေါ်အုပ်ကာ အဝတ်စဖြင့်ပိတ်ပေးလိုက်၏။
     "အင်း....."
     သတိပြန်လည်ရနေပြီဖြစ်သည့် ကောင်းကင်သည် အသံယဲ့ယဲ့လေးသာထွက်ပြီး ညည်းနိုင်ရှာသည်။
     "ဒီဆေးက သဘာဝကိုအရင်းတည်ထားတဲ့ အစွမ်းထက်ဆေးပင်ပါ သိပ်မကြာခင်မှာပဲ လူလေးသက်သာလာလိမ့်မယ်"
     ကောင်းကင်ခမျှာ မချိမရိသာပြုံးနေ၏။ သူတော်စင်စကားကမှန်ပါသည်။ သိပ်မကြာလိုက်ပါ.. ကောင်းကင် အတော်သက်သာသွားပုံရသည်။ ဖြူဖတ်ဖြူလျော်ဖြစ်နေသည့် မျက်နှာသွေးရောင်ပြန်သန်းကာ စကားကောင်းကောင်းပြောနိုင်ပြီဖြစ်သည်။
     စိမ်းကတော့ မျက်ရည်တစမ်းစမ်းနှင့်
     "ငါကြောင့်ပါ ငါ့ကြောင့် နင်ဒီလိုဖြစ်ရတာပါ ကောင်းကင်ရယ်"
      ကိုယ့်ကိုကိုယ်အပြစ်တင်မဆုံးဖြစ်နေသော စိမ်းကမချိတင်ကဲစွာထပ်ခါထပ်ခါဆိုနေတော့၏။ ကောင်းကင်က ဘယ်သောမှပြန်မရှိနိုင်တော့သည့် သူ့လက်တစ်ဖက်ကိုငေးကြည့်ရင်း ရင်ထဲနင့်ခနဲ့..။ သူရင်နာစွာပင် ပြုံးမိပြီး
     "နင့်ကြောင့်မဟုတ်ပါဘူး ငါကိုကဒီလိုဖြစ်မယ့် ကံပါလာလို့ပါ "
     "ဒါပေမယ့်."
     "အသက်မသေသွားတာ အဆိုးထဲကအကောင်းတစ်ခုပဲမဟုတ်လား တိတ်တော့မငိုနဲ့ ငါကလူနာနော် နင့်ကိုပြန်ချော့နေရတာမဟုတ်သေးဘူး"
     စိမ်းစိတ်သက်သက်စေရန် ကောင်းကင်အရွှန်းဖောက်ပြီး ရယ်သံနှင့်ပြောပေးရှာသည်။ တကယ်လည်း သူ့လက်တစ်ဖက်ဆုံးရူံးမူအတွက် နာကျင်နေမိသည့်တိုင် သူ့အပြုံးတို့ကာ စစ်မှန်စွာကြည်လင်နေခဲ့သည်။
     စိမ်းကမျက်ရည်သုတ်လိုက်ပြီး ကောင်းကင်လက်တစ်ဖက်ကို တင်းတင်းဆုပ်ထားရင်း
    "ကောင်းကင်ရယ် ငါ...."
    "ကဲပါ.. ဒီကိစ္စကိုဝမ်းနည်းနေလို့လည်း ငါ့လက်ကပြန်ကောင်းလာမှာမှမဟုတ်တာ ခုချိန်မှာအရေးကြီးဆုံးက ငါတို့ခရီးရှေ့ဆက်ဖို့ပဲ ငါတို့ဒါကိုအဆုံးမသတ်နိုင်ရင် အကုန်လုံးသေသွားလိမ့်မယ် ဒီကျွန်းကြီးပျက်ဆီးရင် ကျွန်းပေါ်ကငါတို့တွေပါသေမှာသိလားစိမ်း ငါ့အနာလည်းဆေးကောင်းလို့ သက်သာနေပြီ လူကောင်းတစ်ယောက်နီးပါးပဲ ဘာမှမခံစားရတော့ဘူး ဒီတော့ငါ့ကိုငဲ့မနေကြနဲ့ ငါတို့ခရီးဆက်ကြရအောင်"
     ကောင်းကင်ကသူ့ကြောင့် ခရီးနှောင့်နှေးနေရတာကိုပဲ စိုးရိမ်နေပုံရသည်။ အမှန်တကယ်စိတ်ပူမည်ဆိုလည်း စိတ်ပူစရာပင်။
    အခုချိန်ပင် နေမွန်းတည့်ချိန်ကျော်သွားပြီ ဖြစ်သည်။ သူတို့ဒဏ္ဍရီလာနတ်ဘုရားရုပ်ထုကို ရှာမတွေ့နိုင်သေးပါ..
      ကြီးမားသောဆုံးရူံးမူက ကောင်းကင်ကို ဆောက်တည်ရာမရအောင် မခံစားစေတာကိုပဲ တော်သေးသည်ဟုဆိုရမည်။ ထင်ထားသည်ထက်ပင် ကောင်းကင်က ပို၍တည်ငြိမ်နေခဲ့သည်။
     သူကိုယ်တိုင်ကလည်း သူ့လက်တစ်ဖက်အတွက် မကြေကွဲဘဲနေမည်မဟုတ်ပါ။ ရင်ထဲ နင့်နင့်သည်းသည်းခံစားနာကျင်နေရသည့်တိုင် သူငယ်ချင်းတွေပိုစိတ်မကောင်းဖြစ်မည်စိုးသဖြင့် ဘာမှမဖြစ်သလိုနှင့် ပြုံးပေးရှာပါသည်။
     စေတန်ကနားလည်ပုံရသည်။ သက်ပြင်းရိုက်လိုက်မိရင်းနှင့်...
    "ကျွန်တော်တို့ ဘယ်ကိုဆက်သွားရမလဲ အဘ..."
    "အဘကိုတောစောင့်နတ်ပြောခဲ့တာတော့ အရှေ့မြောက်အရပ်တည့်တည့်သာ ဆက်သွားပါတဲ့ ဒီမိစ္ဆာတောလွန်မြောက်ပြီး သွားလိုရာခရီးပန်းတိုင်တွေ့မယ်တဲ့ ဒါကြောင့်အားလုံးအဆင်သင့်ဖြစ်ပြီဆို ခရီးဆက်ရအောင်"
     ထို့နောက် သူတို့အားလုံးတိတ်ဆိတ်စွာပင် ခရီးဆက်ခဲ့ကြသည်။ ကောင်းကင်ကထင်ထားသည်ထက် ပို၍ခံနိုင်ရည်ရှိကာ ရင့်ကျက်နေသည်။ ဆေးအစွမ်းကြောင့် နာကျင်မူတွေ စိုးစိမျှမခံစားရတော့သဖြင့် အပင်ပန်းခံနိုင်တာလည်းပါသည်။ အတော်လေးကြာအောင် သူတို့ခရီးဆက်လာပြီးချိန်တွင်တော့
      "ဟင်..."
      မိစ္ဆာတောအလွန်ဝယ်မြင်လိုက်ရသည်က စိမ်းစိုလှပနေသောကွင်းပြင်ကျယ်ကြီးတစ်ခု..
      ထူးဆန်းစွာလှပလွန်းသော ပန်းပေါင်းစုံကဝန်းရံထားသလို မြင်မြင်ရာလှပလွန်းနေသည်။
     "ဟိုမှာ..."
      စိမ်းတအံ့တသြညွှန်ပြရာဆီ အားလုံးအကြည့်ရောက်သွားတော့ ရင်ထဲလိုက်ခနဲ့ ဖြစ်သွားကုန်သည်။
     ကျောက်နံရံတွေထူထပ်စွာရှိနေသည့် ကုန်းမြင့်တစ်ခုပေါ်တွင် ရှေးဆန်လွန်းသော နတ်ရုပ်ထုကြီးတစ်ခု...
     "ဒါဒဏ္ဍာရီလာနတ်ဘုရားရုပ်ထုပဲ"
      သူတော်စင်ကာ ခေါင်းတညိတ်ညိတ်နှင့်ဆိုလိုက်ပြီး ထိုနေရာသို့ တည်ငြိမ်စွာဦးတည်သွားတော့သည်။ သူတို့လည်းသူတော်စင်နောက်မှ စိတ်လူပ်ရှားစွာပင်လိုက်ပါလာခဲ့သည်။
     ဟိုး... နှစ်ပေါင်းရာချီကယစ်ပူဇော်သည့်နေရာ ဒါမှမဟုတ် ဆုတောင်းကိုးကွယ်သည့်နေရာတစ်ခု၏ အမှတ်အသားအချို့ကာ ထင်ကျန်နေဆဲ..
     သဘာဝအတိုင်းရှိနေသည့် လှေကားထစ်ပုံစံတိုင်းတက်သွားပြီးနောက် ကုန်းဂမူးလေးပေါ် သူတို့ရောက်ရှိလာကြသည်။ ထူးဆန်းလွန်းသောကျောက်နံရံကာ ရေညှိစိမ်းများနှင့် မိုင်းညို့လွန်းနေသည်။ ခြုံနွယ်ပေါင်းများစွာ ထူထပ်နေသည့်ကျောက်ဂူတစ်ခုအနီးတွင်တော့ ဒဏ္ဍာရီလာနတ်ဘုရားရုပ်ထုကာ ခမ်းနားထည်ဝါစွာတည်ရှိနေ၏။
      ခုနှစ်ရေတွက်မရနိုင်အောင် ရှေးဆန်လွန်းသည့်ဒဏ္ဍန်သည် သူတို့ကိုအသက်ရူရမှာပင် မေ့စေသည်ထိ မှင်သက်သွားစေခဲ့သည်။ ၁၂ပေနီးပါးခန့်မြင့်မားလွန်းသော နတ်ရုပ်ထုကြီး..
     ရေညှိတွေအလိမ့်လိမ့်တက်ပြီး ဖုံအလူးလူးနှင့်ဖြစ်နေသည့်တိုင် လက်ရာကာအသက်ဝင်နေဆဲ..
     အထူးသဖြင့်ရုပ်ထု၏မျက်လုံးတွေ။ အသက်ဝင်နေသည့်အလား နီရဲခက်ထန်နေသဖြင့် ကြည့်မိသည့်သူတို့ကျောထဲအလိုလို စိမ့်တက်လာသဖြင့် ကမန်းကတန်းမျက်နှာလွဲ လိုက်ရသည်ထိပင်။
      ဟုတ်ပါသည်... အသက်ဝင်လာတော့မည့်အလား ကြောက်စရာကောင်းလွန်းလှသည့် ဒဏ္ဍာရီလာ နတ်ဘုရားရုပ်ထုကာ သူတို့စိတ်တွေကိုထွေပြားသွားစေပြီး အလိုလိုကြောက်ရွံ့တုန်လူပ်စေသည်အထိ ခံစားမိစေသည်။
      နတ်ရုပ်ထုရှေ့တွင်တော့ အမြင့်၅ပေခန့်ရှိမည့် သဘာဝအတိုင်းရှိနေသည့်နီညိုရောင်  ကျောက်ခွက်တစ်ခုက ထိတ်လန့်အံ့သြသင့်ဖွယ်တည်ရှိနေပြန်သည်။
    "ဒီကျောက်ခွက်ထဲမှာပူဇော်မယ့်ပစ္စည်းကို ထည့်ပြီးဆုတောင်းခဲ့ရတယ်"
     သူတော်စင်ကတိုးတိတ်စွာဆိုလိုက်တော့ သူတို့သက်ပြင်းကိုယ်စီချမိပြန်၏။ မနှစ်မြိုဖွယ်အတိနှင့် ခက်ထန်ကြမ်းတမ်းလွန်းသော ရုပ်ထုကြီး၏ပုံဒဏ္ဍာန်က သူတို့စိတ်တွေကို လေးလံသွားစေခဲ့သည် ထင်ပါသည်။ စေတန်ကပတ်ဝန်းကျင်ကို ဝေ့ယမ်းအကဲခတ်လိုက်ရင်းနှင့်
    "ဒီကနေသုဓိလတောင်ကိုလှမ်းမြင်နေရတာပဲ အခုနေဝင်ခါနီးနေပြီထင်တယ်  နေက တောင်စွယ်နားကိုတောင်ရောက်လုပြီ"
     စေတန်စကားကြောင့် သူတို့ပါသတိထားမိသွားသည်။ ဈာန်က လှမ်းမြင်နေရသည့် သုဓိလတောင်ကြီးကို ငေးမောကြည့်ပြီး
    "ဒါကြောင့် သဘောင်စာထဲညွှန်းခဲ့တာကို သုဓိလတောင်စွယ်မှာနေမင်းစိုးစံခိုက်တဲ့ အခုတောင်စွယ်နားနေကမှေးတင်နေပြီ အချိန်မှီရောက်လာနိုင်ခဲ့တာ ကံကောင်းတယ်ဆိုရမယ်"
      တကယ်လည်း နေဝင်လုခါးနီးအချိန်လေးမှာပင် သူတို့ဤနေရာသို့လှမ်းလာနိုင်ခဲ့သည်။
      သူတော်စင်ကအိတ်ထဲထည့်ထားသည့်  ကြာပန်းကိုထုတ်လိုက်ပြီး
     "သိပ်မကြာခင်မှာ ဒါတွေအားလုံးကို အဆုံးသတ်ပစ်ရတော့မယ် လူလေးတို့အသင့်ပြင်ထားပါ အချိန်ကနည်းနည်းလိုနေသေးတယ်"
      သူတော်စင်၏စကားက သူတို့ကိုအဆုံးစွန်ထိတိုင် စိတ်လူပ်ရှားသွားစေခဲ့သည်။ ကောင်းကင်က နေဝင်လုခါနီးဆည်းဆာ၏အလှကို တမေ့တမောငေးစိုက်ကြည့်နေပြီးနောက်..
    "ဒီအတွက်ပေးဆပ်မူက လက်တစ်ဖက်နဲ့ လုံလောက်ပါစေ"
      နာကျဉ်းစွာဆိုလိုက်သည့် ကောင်းကင်စကားက သူတို့ရင်ကိုပါ ထိခိုက်သွားစေခဲ့ပြန်သည်။ အထူးသဖြင့်..စိမ်း နာနာကျင်ကျင်နှင့်ပင်ပြုံးမိရင်း
    "ငါတို့အားလုံး ကောင်းကောင်း အဆုံးသတ်နိုင်မှာပါ"
     စိမ်းစကားအတိုင်း သူတို့တွေလည်းမျှော်လင့်မိပါရဲ့..
     ထို့နောက်တွင်တော့ တောင်စွယ်တွင် နေမင်းစိုးစံလုချိန်ရောက်လာသည့်အခါတွင်တော့...
      "စလိုက်ရအောင် စိတ်ကိုအတတ်နိုင်ဆုံးစင်ကြယ်အောင်ထားပါ ဘာအငြိုးအတေးအဃာတမှမတွေးမိစေနဲ့ ဒေါသဖြစ်စရာစိတ်ကိုထိခိုက်စေမယ့် အတွေးမျိုးလည်းဝင်မလာစေနဲ့ လူလေးတို့ရဲ့စိတ်ကိုအေးချမ်းအောင်ထားပြီး ဒါကိုအဆုံးသတ်ပစ်ရမယ်ဆိုတဲ့အတွေးတစ်ခုပဲရှိပါစေ.."
      သို့နှင့်သူတို့အားလုံး နတ်ဘုရားရုပ်ထုရှေ့တွင် တည်ငြိမ်စွာရပ်လိုက်၏။ ဘုရင်၏ဓါးဖြင့် သွေးတစ်စက်စီဖောက်ထုတ်ပြီးနောက် ကြာပန်းပေါ်သို့ စွန်းထင်စေခဲ့သည်။
     အနီရောင်သွေးခြောက်စက်ဖြန်းထားသော ပဒုမ္မာကြာဖြူပန်းအား သူတော်စင်သည်လက်နှစ်ဖက်ဖြင့် သေချာဂရုတစိုက်ပင့်မြောက်ပြီး နတ်ဘုရားရုပ်ထုဆီသို့ ပူဇော်ရန် ပြင်လိုက်စဉ်မှာပင်..
      "ဒါကိုလွယ်လွယ်နဲ့ အဆုံးသတ်ပစ်လို့ ရမယ်ထင်သလား"
       ခက်ထန်တင်းမာလွန်းသောအသံက ထင်မှတ်မထားဘဲထွက်လာခဲ့ရာ သူတို့အထိတ်တလန့်ဖြင့် လှည့်ကြည့်လိုက်တော့
     "ဟင်..."
     မြင်ဖူးခဲ့သမျှအလှဆုံးရှေးဆန်သော အဖြူရောင်နန်းဝတ်နန်းစားနှင့် အင်မတန်လှပသောမိန်းကလေး
     ရှာလျားနက်မှောက်သောဆံနွယ်တို့က လေကြမ်းနှင့်အတူယိမ်းနွဲ့စွာစီးမျောလို့...
      သို့သော်သူမမျက်နှာထက်ဝယ် ကြောက်စရာကောင်းလွန်းသော အေးစက်တင်းမာခြင်းတို့က သူမ၏အလှအပအားလုံးတို့ကို ဖျက်ဆီးလိုက်သကဲ့သို့ပင်။
     စူးရှဲတောက်ပသောမျက်ဝန်းနှင့် တင်းတင်းစေ့ထားသောနူတ်ခမ်းတို့က သူမခရာမဟုတ်ကြောင်းဖော်ပြနေပြီဖြစ်သည်။
      ခရာခန္ဓာကိုယ်ကိုမောင်ပိုင်စီးထားသည် အမုန်းတရားတွေဟုန်းဟုန်းတောက်နေသည့် ဝိညာဉ်တစ်ခု....
     သူမကာ...သူတို့အားလုံးကို အစဉ်သမြဲကြောက်ရွံ့တုန်လူပ်စေခဲ့သည့် ကြာဖြူမင်းသမီးပင်မဟုတ်လား...
     "ငါ့ကျိန်စာကိုဖျက်ဆီးဖို့ကြိုးစားနေကြတယ် ငါခွင့်ပြုပေးမယ်ထင်သလား ဘယ်သောမှမဖြစ်စေရဘူး ဒီကျိန်စာအသက်ဝင်ပြီး နင်တို့အားလုံးသေကျေပျက်ဆီးစေရမယ်"  
      မင်းသမီး၏စကားသံထဲမှာပင် ယခုထိတိုင်ကိန်းဝှပ်နေသည့်အမုန်းတရားတို့ကို နက်နက်ရိုင်းရိုင်းပင်မြင်လိုက်ရ၏။ သူတော်စင်သည် သက်ပြင်းရိုက်လိုက်ရင်းနှင့်
      "မင်းသမီး အရာအားလုံးဟာဖြစ်ပျက်ပြီးခဲ့ပါပြီ မင်းသမီးခံစားနာကျင်ခဲ့ရသလိုပဲ ဒီလူသားတွေဟာ ဝဋ်ကြွေးတွေအသီးသီးပေးဆပ်ခဲ့ရပြီးပါပြီ အချို့လူသားတွေဟာ မင်းသမီးရဲ့မကုန်ဆုံးနိုင်တဲ့ အမုန်းအဃာတတွေအောက်မှာ ယခုတိုင်ဝဋ်ကြွေးတွေပေးဆပ်နေရတုန်းပါ ဒီလောက်နဲ့ပဲကျေနပ်ပြီး ရပ်တန့်ပေးပါတော့ ဒီအပြစ်တွေအားလုံးအတွက် ခွင့်လွတ်လိုက်ပြီး အေးချမ်းရာဘုံဘဝသို့သွားလိုက်ပါ မင်းသမီး"
      "မရဘူး ခွင့်မလွတ်ဘူး" 
       အသံနက်ကြီးနှင့် သူမအော်လိုက်ချိန်တွင်တော့ ပြင်းထန်သောလေအဟုန်တစ်ခုက သူတော်စင်ကိုရိုက်ခတ်လိုက်ရာ..
      "အား..."
      သူတော်စင်သည်လဲကျသွားပြီးနောက် ကိုင်ထားသည့်ပဒုမ္မာကြာပန်းသည်လည်း လွင့်စင်သွားသည်။
     "အဘ..."
      သူတို့စိုးရိမ်တကြီး သူတော်စင်ကိုပြေးထူလိုက်စဉ် သူတော်စင်ကကြာပန်းကိုသာ လက်ညိုးထိုးနေရင်း
      "ပန်း....ပန်းကိုယူ" 
      သူတော်စင်စကားမဆုံးခင်မှာပင် ကြာဖြူမင်းသမီးကာပန်းကိုကောက်ယူလိုက်ပြီး
     "ဒီပန်းကိုငါဖျက်ဆီးပစ်မယ် ငါ့ကျိန်စာတွေအသက်ဝင်လာစေရမယ် နင်တို့အားလုံးကိုပါ သေခြင်းတရားက ခေါ်ဆောင်သွားလိမ့်မယ်.. "
     အမုန်းတရားတွေကြောင့်ထင်သည်.. ပူလောင်မူကသူတို့ကိုပါ လာဟပ်သကဲ့သို့ပင် ခံစားလိုက်ရ၏။
     "မလုပ်ပါနဲ့ကြာဖြူ စိမ်းတောင်းပန်ပါတယ်"
     စိမ်းအထိတ်တလန့်ဆိုလိုက်တော့ ကြာဖြူကသဘောကျစွာပင် ရယ်မောနေ၏။ ထိုအခိုက်မှာပင်..
     "ဝုန်း..."
      တဖြည်းဖြည်းတုန်ခါလာသော မေကြီးကြောင့် သူတို့တွေယိုင်နဲ့ကုန်ပြီးဈာန်က
      "ဒါက ဘာဖြစ်သလဲ..."
      မြေကြီးတွေတုန်ခါလာသလို သစ်ပင်တွေစတင်လဲပြိုလာပြီး မည်းမှောင်လာသောပတ်ဝန်းကျင်ကိုကြည့်ပြီး သူတော်စင်မျက်နှာသိသာစွာပျက်ယွင်းသွားပြီး
    "ကျိန်စာတွေစပြီး အသက်ဝင်လာပြီ"
    "ဟင်.."
    "ရှင်..."
    "ကျွန်တော်တို့ရပ်တန့်ပစ်လို့ မရတော့ဘူးလား.." 
     ဈာန်ကသွေးပျက်စွာဆိုလိုက်တော့ သူတော်စင်က သုဓိလတောင်စွန်ကမှေးတင်နေဆဲနေမင်းကို လှမ်းကြည့်လိုက်ရင်း
     "ရပ်တန့်ပစ်လို့ရသေးတယ် နေမဝင်သေးဘူး"
      သို့သော်ကြာပန်းသည် အမုန်းတရားတို့ ဟုန်းဟုန်းတောက်နေသည့်ကြာဖြူလက်ထဲ ရောက်နေပြီမဟုတ်လား....
     သူမသည်ယခုတိုင်အဃာတတွေမလျှော့ဘဲ ကြာပန်းကိုဖျက်ဆီးပစ်ရန် ရည်ရွယ်လိုက်စဉ်မှာပင် မျှော်လင့်မထားသော အဖြစ်အပျက်လေးတစ်ခု ဖြစ်ပွားလာသည်။
      "အား..."
      ရုတ်တရက်ခန္ဓာကိုယ်အတွင်းမှ စူးရှပြင်းထန်သောနာကျင်မူကြောင့် သူမယိုင်နဲ့ကာပြိုကျသွား၏။ ထို့နောက် ထိုနင့်သည်းသောနာကျင်မူက သူမနူတ်ခမ်းထက်မှသွေးတွေ စီးကျလာစေသည်အထိဖြစ်ရာ..
     သွေးစက်အချို့က မြေပေါ်ကျသွားသလို သွေးတစ်စက်ကတော့ ပဒုမ္မာကြာဖြူပန်းပေါ်သို့ မှေးတင်သွားလျက်....
     မြေငလျှင်လူပ်ခတ်မူပင် ခေတ္တာရပ်တန့်သွား၏။ သို့သော် ကောင်းကင်ကာ အုံ့မိုင်းနေဆဲ.. သစ်ပင်တို့သည်လည်းယိမ်းခါနေဆဲ..
      ထိုအဖြစ်ကြောင့် သူတို့တွေပါကြောင်အသွားပြီး မှင်သက်နေစဉ်.
      "မေမေ..."
      ခန္ဓာကိုယ်အတွင်းတစ်နေရာမှ ဝိညာဉ်ဖြူလေးတစ်ခု၏ခေါ်သံကာ ကြာဖြူမင်းသမီး၏နားစည်တို့ တိုးဝင်လာသည့်အခါတွင်တော့
     "ဟင်..."
     ထိုခေါ်သံသည်သူမနှလုံးသားကိုပါ ပြင်းထန်စွာလူပ်ခတ်သွားစေခဲ့သည်ထင်သည်။ မျှော်လင့်မထားမိသော "မေမေ"ဟူသောခေါ်သံလေးက အမုန်းတွေတောက်လောင်နေသည့်နှလုံးသားကို ခေတ္တာရပ်တန့်သွားစေလျှက်...
      မီးတောက်တွေကြား ရေကြည်တစ်ပေါက်ကာ နက်ရိုင်းစွာစီးကျလာခဲ့သည်လား...
     ကြာဖြူသာမြင်နေရသည့် ဟိုးခပ်လှမ်းလှမ်းတစ်နေရာတွင်တော့ သူမကိုငေးကြည့်နေသည့် ဝိညာဉ်ဖြူလေးတစ်ခု...
      ယိုင်နဲ့ချိတဲ့နေသည့်ဝိညာဉ်လေးကာ သူမခန္ဓာကိုယ်တွင်းဖိသိပ်ပိတ်လှောင်ထားခံခဲ့ရသည် မဟုတ်လား..
      ကြာဖြူအပိုင်စီးချုပ်နှောင်ထားသည့် ခန္ဓာအတွင်းမှ ဘယ်လိုများရုန်းထွက်လာပါလိမ့်
     သေချာသည်ကထိုဝိညာဉ်လေးသည် အလွန်ပင်ပန်းချိနဲ့ကာ နာကျင်မူဒဏ်ကိုခံနိုင်ရည် မရှိတော့ပြီဖြစ်လေရာ..
    "တော်ပါတော့မေမေရယ် ခရာအရမ်းနာကျင်နေရပြီ.."
    အမှန်တကယ်ပင် သူမခန္ဓာကိုယ်သည် ပူလောင်ပြင်းရှလွန်းသော ကြာဖြူ၏ဝိညာဉ်ကို မခံနိုင်တော့ဘဲ လဲပြိုကျသွားရခြင်းပင် ဖြစ်သည်။ ထိုနာကျင်မူကခန္တကိုယ်ကို ချုပ်ကိုင်ထားသည့် ကြာဖြူကိုပင်ထိခိုက်နာကျင်စေခဲ့၏။
     ထို့ကြောင့် ကြာဖြူမင်းသမီးပင် လှဲကျသွားပြီး သွေးများအန်ထွက်လာခဲ့ရခြင်းပင်။
     "ဒီလောက်နဲ့ပဲကျေနပ်ပါတော့နော် ဒါတွေဖြစ်လာတော့ရော ဘာများပိုကောင်းသွားစေလို့လဲ အားလုံးထိခိုက်စေမယ့်အရာကို ဆက်မလုပ်ပါနဲ့နော်"
     ".........."
     "ခရာ့ကိုချစ်တယ်ဆိုရင် အားလုံးကိုခွင့်လွတ်ပေးလိုက်ပါ မေမေရယ်"
     မာကြောခက်ထန်လွန်းခဲ့သည့်နှလုံးသားသည် ထိုစကားကြောင့်ဆစ်ခနဲ့....
     မေမေဟူသော ခေါ်သံလေးတစ်ခုအောက်မှာပင် သူမဒီလောက်ထိတောင် နူးညံ့ပျော်ဝင်သွားခဲ့ပြီလား
     မျက်ရည်စိုနေသောမျက်ဝန်းနှင့်ခရာသည် ကြာဖြူကိုငေးကြည့်နေရင်းနှင့်
     "တကယ်တော့ မေမေခရာ့ကိုချစ်ပါတယ် ခရာသိတာပေါ့ ခရာညညစောင်မခြုံဘဲအိပ်ပျော်သွားခဲ့ရင် မေမေအမြဲစောင်လာခြုံပေးတယ် ခရာငိုပြီးအိပ်ပျော်သွားရင် မျက်ရည်တွေလာသုတ်ပေးတယ် နေမကောင်းဘူးဆို စားကောင်းတဲ့အစားအစာတွေ အမြဲအနားရောက်လာခဲ့တယ်  ဒါတွေကခရာ့ကိုချစ်လို့ လုပ်ပေးခဲ့တာမဟုတ်ဘူးလား ခရာမသိဘဲနေပါ့မလား မေမေစောင်လာခြုံပေးတိုင်း ခရာအိပ်ပျော်ချင်ဟန်ဆောင်ခဲ့တာပါ ခရာနိုးနေမှန်းသိရင် မေမေ့ဆီကဒီလိုနူးညံ့မူတွေရမှာမဟုတ်ဘူးလေ ခရာမသိချင်ဟန်ဆောင်ခဲ့ပေမယ့် အရမ်းကြည်နူးခဲ့ရပါတယ်.."
     ပြောနေရင်းကြေကွဲလာ၍ထင်ပါ့.. ခရာ့အသံက အက်ရှတုန်ယင်လာ၏။ ကြာဖြူနှင့်အတူရှိနေခဲ့သည့် အချိန်ခဏလေးက သူမအတွက် တစ်ဘဝစာထိ လုံလောက်စေခဲ့ပါပြီ။
     အေးစက်မူတွေကြားက နွေးထွေးမူအချို့..
     ရက်စက်မူတွေကြားက ကြင်နာမူလေးအချို့..
     ခက်ထန်မူတွေကြားက မထင်မှတ်စရာကောင်းသော နူးညံ့မူလေးတွေ...
      ဒါတွေ... ခရာရခဲ့ပြီမဟုတ်လား။ ကြောက်စရာကောင်းလှပါသည်ဆိုသော ကြာဖြူမင်းသမီးထံမှဂရုစိုက်မူလေးတွေက ခရာ့ရင်ကို ဘယ်လောက်တောင်ပျော်ရွှင်သွားစေခဲ့သလဲ
      ဟင့်အင်း... ခရာ့မေမေကထင်သလောက်လည်း မရက်စက်ခဲ့ပါဘူး။ ခရာ့အတွက်နှလုံးသားတစ်စုံ ရှိနေပေးခဲ့သည်ပဲ..
     သေမယ်ဆိုရင်တောင် သေပျော်ပါပြီ ။ ခရာ့ကိုမချစ်ဘူးထင်ထားသည့် မိခင်ထံမှချစ်ခြင်းအပိုင်းအစလေးတွေ မြင်ခဲ့ရတော့ ခရာရူးသွပ်မတက်ပင် ပျော်ခဲ့ရပါသည်..။
      ရခဲ့သမျှနာကျင်ခါသီးမူအားလုံး မေ့ပျောက်သွားသည်အထိပါ။ သို့သော် ခရာမေမေ့ကိုငြိမ်းချမ်းစေလိုပါသည်။
     အမုန်းတွေနှင့်သံသရာတလျှောက် ပူလောင်မသွားစေလိုပါ။ ခရာရအောင်တားရမည်။ သို့နှင့် မျက်ရည်စိုတွေကြားမှ ခရာလှပစွာ ပြုံးလိုက်ပြီး..
      "လူတွေက ကြာဖြူမင်းသမီးက အရမ်းရက်စက်ပြီး ခံစားချက်မရှိဘူးတဲ့ ဟင့်အင်းမဟုတ်ပါဘူး မေမေ့မှာ နူးညံ့တဲ့စိတ်လေးတွေရှိပါတယ် မာနတွေကြောင့် မေမေလက်မခံခဲ့ချင်ပေမယ့် ခရာတို့အတူရှိနေတုန်းမှာ မေမေခရာ့ကိုဂရုစိုက်ခဲ့တယ်ဆိုတာတော့ ညာလို့မရပါဘူး.. ခရာတကယ်ကျေနပ်ရပါတယ် မေမေဟာဘယ်လိုပဲရက်စက်ခဲ့ပါစေ အမုန်းတွေနဲ့ကြောက်စရာကောင်းခဲ့ပါစေ ခရာမေမေ့ကိုချစ်တယ်.. မေမေ့ကို ခရာချစ်တယ်"
      အို......
      နင့်ခနဲ့ဖြစ်သွားသော နာကျင်မူတွေ..
       အဘယ်မျှရက်စက်ခဲ့သော မိခင်ဖြစ်လျှင့်ကစား ထိုစကားတို့သည် အေးစက်လွန်းသောနှလုံးသားကို လဲပြိုပျက်ဆီးသွားစေခဲ့ရာ...
      လက်ထဲမှာကိုင်ဆောင်ထားသည့်ပန်းက ဘုတ်ခနဲ့မြေပေါ်ကျသွားလျှက်..
     နက်ရိုင်းသောခံစားချက်ကြောင့် ဖြစ်တည်လာသောမျက်ရည်အချို့က ကြွေခသွားရင်း..
     လွင့်စင်သွားသောမျက်ရည်စက်အချို့က ကြာပန်းပေါ်ခသွားရာ..
    ခရာ၏နှလုံးသားမှလာသောသွေးတစ်စက်နှင့် ကြာဖြူမင်းသမီး၏ရင်မှဖြစ်တည်သော စစ်မှန်သည့် မျက်ရည်တစ်စက်တို့ဆုံဆည်းသွားခိုက်
     "ဝေါ..."
     လေပြင်းတွေတိုက်ခတ်လာပြီး မြေငလျင်တွေလူပ်ခတ်လာပြန်၏။ ထို့နောက် သူတို့အားလုံးမှင်သက်နေရာမှ သတိဝင်လာသည့်စေတန်က ပဒုမ္မာကြာပန်းကို ပြေးယူလိုက်၏။
     ကြာဖြူကတော့ မလူပ်မယှက်တည်ရှိနေဆဲ
     စေတန်မဆိုင်းမတွပင် ပဒုမ္မာကြာပန်းကို နတ်ဘုရားရုပ်ထုရှေ့ရှိ ကျောက်ခွက်ထဲတွင် ထည့်လိုက်လေသည်။
     ထိုအချိန်မှာပင် နေမင်းကာ တောင်တန်းတွေကြားတိုးဝင်သွားလေတော့၏။ တကယ်ကိုလက်မတင်းလေးပါ။ 
     စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့လုပ်နိုင်ခဲ့ပြီထင်သည်။ အုံမိုင်းနေသောပတ်ဝန်းကျင်သည် တဖြည်းဖြည်း ကြည်လင်ကင်းစင်လာပြီးနောက်..
     မြေငလျင်တုန်ခါမူသည်လည်း အပြီးတိုင်ရပ်တန့်သွား၏။ သစ်ပင် ကျောက်ဆောင်ပြိုကျမူတွေလည်း ငြိမ်သက်သွားလေပြီဖြစ်သည်။
     ထို့နောက်နူးညံ့သောလေပြေလေးတွေ စတင်တိုက်ခတ်လာသလို သင်းပျံ့သောပန်းရနံ့တို့ကလည်း မွေးကြိုင်လို့....
      ဟိုး... အဝေးဆီမှလှပသောပန်းပင်တို့ကလည်း ယိမ်းခါလျက်..
     "ငါတို့အဆုံးသတ်နိုင်ခဲ့ပြီ"
      စိမ်းကဝမ်းမြောက်ဝမ်းသာဆိုလိုက်သကဲ့သို့ သူတို့အားလုံးသည်လည်း ကြည်နူးစွာပင် ပြုံးလိုက်မိ၏။
      ထိုစဉ်မှာပင် ခရာ့ခန္ဓာကိုယ်တွင်း အဖြူရောင်အရိပ်လေးတစ်ခုထွက်ခွာလာ၏။ ထိုအရိပ်လေးသည် သူတို့အားလုံးကို တစ်ယောက်ချင်းစီ စူးစိုက်ကြည့်လေပါရဲ့..
     သို့သော်ထိုအကြည့်တို့သည် ဟိုးအရင်ကကဲ့သို့ အေးစက်တင်းမာမနေခဲ့ပါ။ အစဉ်အေးစက်သောနူတ်ခမ်းတို့က အံ့သြစရာကောင်းလောက်အောင် နူးညံ့နေခဲ့၏။
    အမုန်းတရားတွေကင်းစင်သွား၍ ဖြစ်မည်။  အမြဲခက်ထန်ခဲ့သောမျက်နှာကာ ပကတိ ကြည်လင်နေခဲ့သည်။
     သူမ.... ဒဏ္ဍာရီထဲကကြာဖြူမင်းသမီးလေး
     အားလုံးကို ခွင့်လွတ်သွားနိုင်ခဲ့ပြီထင်သည်။ အေးချမ်းသွားသောမျက်နှာလေးသည် သူတို့အားလုံးရင်ကိုပါ အေးမြသွားစေသည်အထိပင်..
     ထို့နောက် ထိုဝိညာဉ်ဖြူအကြည့်ကာ ခရာ့ထံအချိန်ကြာမြင့်စွာရပ်တန့်သွား၏။ သူမနှင့်တူလွန်းသောမိန်းကလေး..
     သို့သော်ထိုမိန်းကလေးသည် နူးညံ့သိမ်မွေ့ကာ အပြစ်ကင်းစင်လွန်းသောလှပါ၏။
    ထိုကလေးမ၏အပြစ်မဲ့သောနှလုံးသားက သူမ၏အမုန်းတရားအားလုံးကိုပင် ရပ်တန့်သွားစေခဲ့ပါပြီ။
      မေတ္တာတရားသည်လောကတွင် အစွမ်းထက်ဆုံးလက်နက်ပင်ဖြစ်မည်ထင်ပါရဲ့.
      ချစ်ခြင်းကြောင့် နှစ်ပေါင်းရာချီလောင်ကျွမ်းခဲ့သောနှလုံးသားကို ထိုမေတ္တာလက်နက်နှင့်ပင် သူမလေးအနိုင်တိုက်ယူနိုင်ခဲ့သည်မဟုတ်လား
      နှစ်သုံးရာလုံးပူလောင်ပြီး လောင်ကျွမ်းခဲ့သမျှ သူမတကယ်ငြိမ်းချမ်းသွားခဲ့ပါပြီ။
      ခွင့်လွတ်ခြင်းသည် အမှန်တကယ်ငြိမ်းချမ်းခြင်းတို့ သူမအားခေါ်ဆောင်သွားခဲ့လေပြီ။ 
      ဒါဟာ မေတ္တာရေကြည်တစ်စက်ကြောင့်ဆိုပါလျှင် အဘယ်မျှအံ့သြဆန်းကြယ်ဖို့ ကောင်းလိုက်လေခြင်းလဲ။
     ထို့နောက် ရင်ထဲစိမ့်ဝင်လာသည့်ချစ်ခြင်း မေတ္တာများနှင့်ကြာဖြူမင်းသမီးသည် နူးညံ့စွာပင်ပြုံးလိုက်မိပြီးနောက်...
     "သမီးကို မေမေချစ်တယ် ခရာ.."
     "မေမေရယ်.."
      ရိုက်သံနှင့်အတူ ခရာငိုရှာပါသည်။ မုန်းဖို့ကြိုးစားခဲ့ရင်းမှ ချစ်ခြင်းမေတ္တာကိုမလွန်ဆန်နိုင်ခဲ့သော ကြာဖြူမင်းသမီး၏မျက်ဝန်းတွင်လည်း မျက်ရည်တွေနှင့်
     ဒါဟာကြည်နူးခြင်းကြောင့်ပင် ဖြစ်ပါလိမ့်မည်...
     ထို့နောက် ကြာဖြူမင်းသမီး၏ဝိညာဉ်ဖြူလေးကာ ခရာ့ကို ကျောခိုင်းလိုက်လေသည်။
     အရာအားလုံးကိုပါ ကျောခိုင်းထွက်ခွာသွားခဲ့ပြီးနောက်..
     ဟိုး.... မဆုံးနိုင်သောမိုးကုပ်စက်ဝိုင်းဆီသို့ တရွေ့ရွေ့ထွက်ခွာသွားရာ.....
     ဘယ်သောမှပြန်မဆုံနိုင်မည့် အဖြူရောင်အရိပ်လေးကို ငေးကြည့်ကျန်ခဲ့သည့် ခရာကတော့ မျက်ရည်တွေကြားမှ ပြုံးနေခဲ့ပါသည်..
     အမုန်းတရားတွေနှင့်ပူလောင်ခဲ့သော ကြာဖြူမင်းသမီးလေး အမှန်တကယ်အေးချမ်းသည့် အရပ်သို့ထွက်ခွာသွားခဲ့ပြီလေ..
    ငြိမ်းချမ်းသောဘုံဘဝဆီသို့ ကူးပြောင်းသွားခဲ့ပါပြီ ခရာပြုံးနေရမည်မဟုတ်လား
     နေဝင်ဆည်းဆာသည် ကံကြမ္မာဆိုးတွေ ကင်းစင်သွား၍ထင်သည်။ အခါတိုင်းထက်များစွာ လှပလွန်းနေ၏။ လေပြေသည် နူးညံ့လွန်းနေသလို ကျေးဌက်တို့၏ တေးသီသံကလည်း သာယာလွန်းလှပါရဲ့. 
      ပန်းရနံ့ကတစ်ချက်တချက် တိုးဝှေ့သင်းပျံ့လာလေရာ...
      လောကသည်ပို၍သက်ဝင်လှပသော ပန်းချီးကားအသွင်ဆောင်လျှက်...
      အချစ်ကြောင့်စတင်ခဲ့သော နှစ်သုံးရာတိုင်ကျိန်စာဆိုးကြီးတစ်ခုကာ မေတ္တာရေကြည်တစ်ပေါက်ဖြင့် အဆုံးသတ်သွားခဲ့ချေပြီ...
      လှပသောအဆုံးသတ်တစ်ခုပဲလား..... ပေးဆပ်မူတွေက ကြီးကျယ်ခမ်းနားခဲ့လေတော့....

ကြာဖြူ(ကြာဖြူ) Onde histórias criam vida. Descubra agora