Zawgyi
~~ကြာဖြူ~~
အပိုင်း(၂၁)လေအေးအချို့က ခပ်ကြမ်းကြမ်းတိုးဝင်လာတော့ စိမ်းအိပ်နေရာမှ လန့်နိုးလာသည်။ တဲပေါက်ဝကဟနေသဖြင့် လေစိမ်းတွေတိုးဝင်နေတာ ဖြစ်မည်။ အနားတွင် မို့ကိုလည်းမတွေ့မိသဖြင့်..
"အင်း မို့ကတော့လေ အပြင်ထွက်တယ်ဆိုလည်း အပေါက်လေး သေချာမပိတ်သွားဘူး "
စိတ်ထဲတွေးလိုက်ရင်း အပေါက်ကိုသေချာပြန်ပိတ်ကာ အိပ်စက်ဟန်ပြင်ပြီးမှ ဖျတ်ခနဲ့သတိထားမိလိုက် သည်က ခရာလည်းရှိမနေပြန်။
"နှစ်ယောက်သား ဘယ်ရောက်သွားသလဲ မိုးလည်းမလင်းသေးပါဘူး "
အပေါ့အပါးသွားချင်လို့များ မို့ကခရာကို ခေါ်သွားသည်လား။ သို့သော် မို့ကခရာ့ကို ကြည့်ရတာမဟုတ်။ သွားစရာရှိရင် စိမ်းကိုသာ နိုးလိမ့်မည်။
တွေးရင်းစိတ်ထဲတမျိုးဖြစ်လာသဖြင့် စိမ်း အပြင်ထွက်ကြည့်လိုက်သည်။ မနက်ဝေလီဝေလင်းချိန်မို့ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေရုံမှလွဲ၍ ဘာထူးခြားမူမှ မတွေ့ရပြန်ပါ။ ခေတ္တာစောင့်ဆိုင်းပြီးသည်ထိ နှစ်ယောက်သားပေါ်မလာသေးရာ စိမ်းစိတ်ပူစ ပြုလာသည်။
"မဟုတ်သေးပါဘူး အပြင်သွားရင်လည်း ပြန်လာသင့်ပါပြီ တစ်ခုခုများဖြစ်နေလို့လား.."
အတွေးဖြင့်စိုးရိမ်သွားပြီး စိမ်းစေတန်တို့ကို အလျှင်အမြန်သွားနိုးမိ၏။ စိမ်းအထိတ်တလန့် နိုးလိုက်သံကြောင့် အားလုံးလိုလိုပင် နိုးလာကြသည်။ အားလုံးတဲအပြင်ဆီသို့ ရောက်လာကုန်သည်။ မို့နှင့်ခရာပျောက်နေသည်ဆိုသောစကားကြောင့် စေတန်က မျက်မှောင်ကုပ်ပြီး
"ဘယ်တုန်းကတည်းကပျောက်နေသလဲ "
"ဟင့်အင်း သေချာမသိဘူး စိမ်းလည်း လန့်နိုးလာတော့ အနားမှာ သူတို့နှစ်ယောက်မရှိဘူး အပေါ့အပါးများ ထသွားသလားဆိုပြီး နာရီဝက်လောက် စောင့်ကြည့်သေးတယ် ခုထိပဲ ပေါ်မလာကြသေးဘူး"
"ဒါဆိုရင်တော့ တစ်ခုခုတော့တစ်ခုခုပဲ ညကထူးထူးခြားခြားဘာသတိထားမိသေးလဲ"
ကောင်းကင်စကားကြောင့် စိမ်းခေါင်းရမ်းလိုက်ရင်း
"ဟင့်အင်း ဘာသံမှမကြားရဘူး တစ်ခုပဲရှိတယ် ညမအိပ်ခင်တော့ သူတို့နှစ်ယောက် စကားများကြသေးတယ်"
လွတ်ခနဲ့ထွက်သွားပြီးမှ စိမ်းစကားလွန်သွားမှန်း သတိပြုမိလိုက်သဖြင့် ရပ်လိုက်သည်။ သို့သော် ဈာန်ကအံ့သြသွားသောဟန်ဖြင့်
"ခရာနဲ့ မို့ စကားများကြတယ်ဟုတ်လား.."
"ဟို..လိုများတာမဟုတ်ပါဘူး ဖြစ်တာကမို့ပါ ခရာ့ကိုတစ်ခုခုအထင်လွဲနေပုံရတယ် ဒါကလည်းဘာမှ ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး အခုနှစ်ယောက်လုံးပျောက်နေတယ် စိမ်းလည်း အိပ်ပျော်သွားတာနဲ့ ဘာမှမသိလိုက်ဘူး "
"ဒါဆိုတို့လိုက်ရှာမှဖြစ်တော့မယ် ဘယ်ချိန်ကတည်းက ပျောက်နေမှန်းမသိတာ ပိုဆိုးတယ်"
ကမ္ဘာကစိုးရိမ်စွာဝင်ပြောလိုက်သည်။ သို့နှင့် သူတို့အားလုံး မို့နှင့်ခရာကို လူစုခွဲကာ လိုက်ရှာတော့သည်။
စိမ်း စေတန် ဈာန် ကောင်းကင်က တစ်ဖွဲ့..
နက်ရှိုင်း ကမ္ဘာနှင့် ဦးလုံထန်းကတစ်ဖွဲ့...
ကျန်တဲ့အထုပ်သယ်ဖို့နှင့် လိုရာခိုင်းဖို့ခေါ်လာသည့် ဇုနှင့်လုဇ်ဆိုသည့် တိုင်းရင်းသားနှစ်ယောက်ကိုတော့ အစောင့်ထားခဲ့လိုက်သည်။
သူတို့အားလုံးစိုးရိမ်ပူပင်စွာဖြင့် တောနင်းရှာတော့သည်။ အရင်ဆုံး မို့ကိုတွေ့သွားသူက စိမ်း...
"ဟင်...ဟိုမှာ မို့.."
စိမ်းဝမ်းသာအားရရေရွတ်ပြီး အပြေးတပိုင်း သွားမိသည်။ သစ်ပင်တစ်ပင်ခြေရင်းတွင် ခွေခွေလေးသတိလစ်နေရှာသည့် မို့..။
စိုးရိမ်စိတ်ဖြင့် စိမ်းမို့ကို ကမန်းကတမ်း လူပ်နိုးမိသည်။
"မို့.....မို့...."
"အင်း.....ဟင်း.."
ကြာကြာမလူပ်လိုက်ရပါ။ ညည်းညူပြီး မို့သတိရလာတော့သည်။ သူမကိုစိုးရိမ်တကြီး ငုံ့ကြည့်နေကြသည့် သူတို့ကိုမြင်တော့ မို့ရုတ်တရက်ကြောင်သွားပုံရ၏။ တစ်ယောက်ချင်းစီကို အူကြောင်ကြောင် လိုက်ကြည့်ရင်း
"စိမ်း...စေတန်...ဈာန်...ကောင်းကင်.."
"ဘယ်လိုဖြစ်လို့ဒီရောက်နေသလဲမို့ရယ် မသေကောင်းမပျောက်ကောင်း ငါတို့မှာစိုးရိမ်လိုက်ရတာ"
စိမ်းကစိုးရိမ်စိတ်လေးဖြင့်ဆိုလိုက်သလို ကောင်းကင်ကပါ အခုမှ စိတ်သက်သာရာရသွားဟန်ဖြင့်
"ဟုတ်တယ် စိမ်းနိုးလာတော့ နင့်ကိုမတွေ့ဘူးဆိုလို့ ငါတို့မှာပျာယာခတ်ပြီး တောနင်းရှာလိုက်ရတာ ဘယ်လိုဖြစ်ရသလဲမို့.."
"ငါ...."
မို့. ခေါင်းထဲတဖြည်းဖြည်းနှင့် ညကပုံရိပ်တွေ တိုးဝင်လာတော့သည်။ ကြောက်စရာအဖြစ်အပျက်တို့က ပြန်မြင်ယောင်လာရင်း မို့မျက်နှာပျက်ယွင်းသွားကာ
"ငါမှတ်မိပြီ... ညက ငါ့ကိုတစ်ယောက်ယောက် ဆွဲခေါ်လာတယ်.."
"ဘယ်လို.."
"ဟုတ်တယ်စိမ်း ငါကြောက်လွန်းလို့အော်တယ် ဒါပေမယ့်ဘယ်သူမှ ငါ့အသံ.. ငါ့အသံ မကြားကြဘူး"
သူတို့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာပြောရမှန်းပင်မသိအောင်ကို ဆွံ့အမိ၏။ ညက အဖြစ်ကို့ပန်တွေးမိတော့တကယ်ကို ကြောက်ရွံ့လာဟန်ဖြင့် မို့ မျက်ရည်တွေဝဲတက်လာပြီး...
"နောက်တော့....ငါ ငါတောထဲရောက်လာတယ် ကြောက်စရာအသံတွေ အရာတွေ ငါ့ကိုခြောက်လန့်တယ်"
အကြောက်တရားကြောင့်မို့နူတ်ခမ်းတို့က တဆတ်ဆတ်တုန်ယင်လာတော့၏။ ညကအဖြစ်က သူမအတွက်တကယ်ကို သွေးပျက်စရာအတိ...
"ဒါနဲ့ ခရာရောပျောက်နေတယ်မို့.. မင်းတွေ့မိလား"
စေတန်ကသူသိလိုသည်ကိုသာ သတိတရမေးလိုက်သည်။ ခရာဆိုသည့်စကားကြောင့် မို့မျက်နှာတင်းခနဲ့ ဖြစ်သွားတော့၏။
သတိမလစ်မီ ညကအဖြစ်တို့က မျက်ဝန်းထဲတွင် စက်ဆုပ်ဖွယ်ကောင်းအောင် မြင်ယောင်လာသည်။
ခရာ.....
ဟုတ်သည်.... အေးစက်နေသောအသက်မဲ့မျက်နှာနှင့် ခရာ့ကို သူမတွေ့လိုက်ရသည်။ ကြောက်ရွံ့နေရင်းမှ တစ်စုံတစ်ရာကိုတွေးမိရင်း ဒေါသတို့က ထောင်းခနဲ့ထွက်သွား၏။
"ခရာ... ဒါနင့်လက်ချက်လား ငါ့ကိုနင်ဒီနေရာ ခေါ်ခဲ့သလား .."
ခရာသည် သူမကိုမကြည့်။ ချောက်ချားဖွယ်ကောင်းအောင် ငြိမ်သက်တိတ်ဆိတ်နေဆဲ...
မို့သည်ခရာကိုကြည့်ရင်းကြည့်နေရင်းမှ အတွေးတစ်ခုဝင်လာတော့ အသည်းတွေအေးခနဲ့ဖြစ်သွား၏။
လရောင်သဲ့သဲ့အောက်မှ အဖြူရောင်ဂါဝန်တလွင့်လွင့်နှင့် ခရာ...
ကြောက်မက်ဖွယ်ကောင်းအောင် မျက်နှာသေကြီးနှင့်ငြိမ်သက်နေသည့် ခရာ..
ဆံနွယ်ရှည်များကဝဲလွင့်လို့....
တစ်ချက်တချက် ကြာပန်းရနံ့ကသင်းခနဲ့....
ဘုရားရေ...... သူမက
မို့ကြောက်ရွံ့တုန်လူပ်စွာဖြင့်
"ခရာ..... နင်...နင်က ကြာဖြူပဲလား....."
သူမစကားကြောင့် ခရာ့ကိုယ်လေးဆတ်ခနဲ့တုန်သွားပြီး မျက်ဖြူလှန်ရင်း မို့ကိုစူးခနဲ့ကြည့်လိုက်သည်မှာ အသည်းအေးဖွယ်အတိ...
မို့တစ်ကိုယ်လုံးတဆက်ဆက်တုန်ယင်လာပြီး ထွက်ပြေးရန်ပြင်လိုက်စဉ် တစ်စုံတစ်ရာက သူမလက်ကို ဆတ်ခနဲ့ဆုပ်ကိုင်ထားလိုက်သည်။
အေးစက်လွန်းသော အရေခွံတွန့်ကြေနေသည့် လက်တစ်ခု...
"ဟင်.."
ကြောက်ရွံ့စွာနောက်ကို အလန့်တကြားကြည့်လိုက်တော့..
ကြောက်မက်ဖွယ်မျက်နှာနှင့်းအဘွားအို...
မျက်ဆံမရှိသောမျက်လုံးတို့က နှလုံးခုန်သံကိုပင် ရပ်တန့်သွားစေလုမတက်..
ခါးကိုင်းကိုင်းအရပ်ပုပုနှင့် အဘွားအို၏ကြောက်မက်ဖွယ်သွင်ပြင်က လရောင်သဲ့သဲ့အောက်တွင် ထင်းခနဲ့
နီးကပ်လွန်းသည့်အနေအထားမှာ ဤမျှထိတ်လန့်ဖွယ်ကောင်းသောပုံရိပ်ကြောင့် မို့ဘယ်လိုမှတင်းမခံနိုင်တော့ပါ။
"အမလေး....."
အလန့်တကြားအော်ဟစ်ပြီးနောက် ခွေခေါက်လဲကျသတိလစ်သွားသည်မှာ ဒီမနက်ထိတိုင်ပင်။
မို့ဆတ်ခနဲ့ထရပ်လိုက်တော့ စိမ်းကြောင်သွားပြီး
"မို့...ဘယ်သွားမလို့လဲ.."
မို့မဖြေ...။ သူမသတိမလစ်ခင်က ခရာပင်လယ်ဘက်ထွက်သွားသည်ကို မြင်လိုက်သည်။ ညကအဖြစ်ကြောင့် ကြောက်ရွံတုန်လူပ်ခြင်းနှင့်အတူ အကျောမခံနိုင်သည့်မာနတို့က တလူလူလွင့်လာနေသည်..။
ခံပြင်းသောစိတ်တို့ကတနုံ့နုံ့..။ ဒီအကြောက်တရားတွေကြောင့်ညက သူမဒီမိန်းမကိုရူံးနိမ့်ခဲ့သည်..
အခုပြန်ယူမှကိုရမည်။ သူ့ဘာသာဘာပဲဖြစ်နေပါစေ မို့သည်ခရာ့ကို မည်သို့မျှအတင်စီးခံမည် မဟုတ်ပါ။
ဒေါသတကြီးလျှောက်နေသည့်မို့နောက်ကို သူတို့တွေနားမလည်စွာလိုက်သွားမိသည်။ တစ်နေရာရောက်တော့ မို့ခြေလှမ်းတွေ တုန့်ခနဲ့ရပ်သွား၏။
ထင်သည့်အတိုင်းပင်။ ကမ်းစပ်နားကျောက်ဆောင်ပေါ်တွင် အိပ်စက်နေသည့်ခရာ..
ကြည့်စမ်း.... ဒင်းကအေးအေးလူလူအိပ်စက်လို့ ငါ့မှာတော့ အကြောက်တရားတွေနဲ့ ..
ခံပြင်းဒေါသနှင့်အတူ မို့ခရာ့ကိုဆွဲခါလိုက်ပြီး
"ခရာထစမ်း..."
သူမလူပ်နိုးမူကြောင့်ခရာနိုးလာပြီး မို့ကို အူကြောင်ကြောင်နှင့် ကြည့်နေရှာသည်။
တောက်... ဘာမှမသိသလိုဖြူစင်တဲ့မျက်နှာလေးနှင်
မို့ဘယ်လို့မှ စိတ်မထိန်းနိုင်တော့ဘဲ..
"အယုတ်တမာမ ..ကဲဟာ.."
"ဖြန်း..."
"အမေ့..."
ရုတ်တရက်ထင်မှတ်မထားဘဲ ပါးရိုက်ခံလိုက်ရသောကြောင့် ခရာသဲသောင်ပြင်ပေါ် ပုံခနဲ့လဲကျသွားသည်။ ထိုအဖြစ်ကြောင့် ပထမဆုံးသတိဝင်လာသူက စေတန်. ...
"ခရာ..."
ခရာ့ကိုပြေးထူပြီး မို့ကိုဒေါသတကြီး စိုက်ကြည့်လိုက်ကာ
"မို့... မင်းဘယ်လိုလုပ်လိုက်သလဲ.."
မို့ကလည်းအခဲမကျေသေးဟန်ဖြင့်
"ငါဘာလို့ဒီလိုလုပ်ရလဲ သူ့ကိုမေးကြည့်လေ"
ခရာကနာသွားသည့်ပါးတစ်ဖက်ကိုကိုင်ပြီး နားမလည်သောမျက်ဝန်းတို့ဖြင့် မို့ကိုမျက်ရည်လေးဝဲလျက် ငေးကြည့်နေရင်း
"မမမို့...ခရာဘာလုပ်လို့လဲဟင်.."
ခရာ့စကားကြောင့် မို့ပို၍ဒေါသဖြစ်သွားကာ
"တောက်.. မူယာမာယာများတဲ့ ကလိမ်ကကျစ်မ.."
မို့ထပ်ရိုက်ရန်ပြင်လိုက်စဉ် မို့လက်ကိုဖျတ်ခနဲ့ ဆုပ်ကိုင်လိုက်သူက ဈာန်..
"မို့တော်သင့်ပြီ ဘာအကြောင်းမှန်းမသိပေမယ့် ခရာ့ကိုဒီလိုမလုပ်သင့်ဘူး"
ဈာန်လေသံကနည်းနည်းမာနေသဖြင့် စိတ်တိုနေသည့်ကြားမှ မို့ဝမ်းနည်သွားကာ
"မို့ကိုသူဘာလုပ်ခဲ့သလဲဆိုတာရော ကိုဈာန်သိလား"
"ခရာလိုမိန်းကလေးတစ်ယောက်က ဘာလုပ်နိုင်မှာလဲ"
"ဟင့်... အဲ့လိုဟန်ဆောင်ကောင်းတဲ့မိစ္ဆာမကိုပဲ ယုံကြည်ကြတယ်လား သူပဲညကမို့အိပ်နေတာကို ဆွဲပြီး ဒီထိခေါ်လာခဲ့တာသိလား.."
"ဘာ.. ဘယ်လိုဖြစ်နိုင်မှာလဲ"
"မို့ လိမ်ပြောနေတာမဟုတ်ဘူး သူတစ်လမ်းလို တရွတ်တိုက်ဆွဲခေါ်ပြီး တောထဲမှာ ဒုက္ခရောက်အောင်လုပ်ခဲ့တာ.."
ခံပြင်းလွန်းဟန်ဖြင့် မို့အသံက တုန်ယင်လို့နေသည်။ စိမ်းမနေသာတော့ဘဲ ..
"မို့ရယ်ဘယ်လိုဖြစ်ရသလဲ စိတ်လျှော့ပြီး အားလုံးနားလည်အောင်ပြောပါ "
"စိမ်းငါပြောတာအမှန်ပဲ ငါအိပ်နေတုန်း သူငါ့ခြေထောက်ကိုဆွဲပြီး တောထဲထိခေါ်ခဲ့တယ် ငါဘယ်လိုမှအော်လို့မရဘူး ပြီးတော့ငါ့ကိုခြောက်လှန့်တယ် နောက်ဆုံးငါသတိလစ်သွားရတဲ့အထိပဲ.."
မို့အစအဆုံးရှင်းပြသည့်စကာအဆုံး စေတန်က စိတ်ပျက်လက်ပျက်ဖြစ်သွားဟန်နှင့်...
"အဓိပ္ပယ်မရှိတာ မင်းခရာ့ကိုအပြစ်မြင်စိတ်များနေပြီ ခရာ့ကိုယ်လုံးလေးနဲ့ မင်းကိုဘယ်လိုဆွဲခေါ်လို့ရမှာလဲ မင်းရူးနေလား"
"ငါကမဟုတ်ဘဲပြောမှာလား စေတန်နင်မွန်ပြီး သူ့ဖက်လိုက်မနေနဲ့ သူ့အကြောင်း နင်ဘယ်လောက်သိလို့လဲ သူ့ကြောင့် ငါဘယ်လိုဒုက္ခရောက်ရသလဲဆိုတာရော နင်သိလား.."
"ငါသိတာ မင်းသူကိုအနိုင်ကျင့်ပြီး ရိုက်လိုက်တာပဲ ဘာအင်အားမှမရှိတဲ့ သူ့ကိုမင်းနာကျင်အောင် လုပ်နေတာပဲလို့ ငါမြင်တယ်.."
"ဘာအင်အားမှမရှိဘူးဟုတ်လား သူဘယ်သူလို့နင်ထင်လို့လဲ နင်တို့ရှာနေတဲ့ကြာဖြူဆိုတာ သူပဲ "
"ဘာ.."
"ဟင်..."
မို့စကားကြောင့် သူတို့အားလုံးအံ့သြသင့်စွာ ငြိမ်သက်သွား၏။ ခရာကစိတ်ရူပ်သွားဟန်ဖြင့် ခေါင်းလေးတခါခါနှင့်...
"ဟင့်အင်း မှားနေပြီ ခရာက ကြာဖြူမဟုတ်ပါဘူးနော်"
"နင်မာယာများမနေနဲ့တော့ ညတုန်းက ငါနင့်သရုပ်မှန်အစစ်ကိုတွေ့ခဲ့ပြီးပြီ နင်ကမှကြာဖြူအစစ်ပဲ"
မို့ပုံစံက တကယ့်ကိုဒေါသတကြီး။ ဈာန်က ခေါင်းရူပ်သွားပုံရသည်။ မျက်မှောင်ကျုံ့ရင်း
"မဖြစ်နိုင်ဘူးမို့ ခရာကဘယ်လိုလုပ် ကြာဖြူဖြစ်နိုင်မှာလဲ မင်းတစ်ခုခုအထင်မှားနေပြီ"
"မမှားဘူး သူကကြာဖြူမှကြာဖြူအစစ်ပဲ.."
"အေး... သူကကြာဖြူဆိုရင်တောင် မင်းသူ့ကို ရိုက်ပိုင်ခွင့်မရှိဘူး မို့ "
စေတန်ပြောလိုက်ပုံက တင်းတင်းမာမာ။ မို့က အတော်ခံပြင်းသွားဟန်ဖြင့်
"သူငါ့ကိုဒုက္ခပေးတာရော နင်မြင်လား.."
"ဘာကိုလဲ နင့်ကိုတောထဲဆွဲခေါ်လာတာကိုလား အဓိပ္ပယ်မရှိတာ မင်းဘာသာရူးကြောင်ကြောင်ဖြစ်ပြီး ထင်ချင်ရာထင်နေတာ.. ပြီးတော့ ခရာ့ကိုပုံချတယ်"
စေတန့်စကားကြောင့် တစ်ချိန်လုံးငြိမ်နေသည့် ကောင်းကင်စိတ်ထဲတင်းခနဲ့ဖြစ်သွားပြီး..
"စေတန်မင်းစကားနည်းနည်းလွန်နေပြီ ဘာပြသာနာဆိုတာ သူတို့အချင်းချင်းပိုသိလိမ့်မယ် မင်းမို့ကို ဒီလောက်ထိ မပြောသင့်ဘူး.."
"ခရာက ဒီလိုလုပ်မယ့်မိန်းကလေးမဟုတ်ဘူး ကောင်းကင် "
"အေး မင်းဆိုလိုတာ မို့ကပေါက်ကရပြောနေတယ်ပေါ့ မို့နဲ့ငါတို့က သူငယ်ချင်းအရင်းကြီးပါ မနေ့တစ်နေ့မှ သိခဲ့တဲ့မိန်းကလေးတစ်ယောက်အတွက် မင်းမို့ကိုပြောဆိုနေတာ တော်တော်လွန်နေပြီ"
ရူပ်ထွေးလာသည့်အခြေအနေကြောင့် စိမ်းမနေသာတော့ဘဲ ဝင်ဖြည်လိုက်ရသည်။
"ကဲပါ...တော်ကြပါတော့ မို့နဲ့ခရာကြား တစ်ခုခုအထင်မှားတာနေမှာပါ သူတို့နှစ်ယောက်လည်းပင်ပန်းနေကြပြီ နားကြပါစေဦး စကားမများကြပါနဲ့တော့ စိမ်းပဲကြားကတောင်းပန်ပါတယ်..."
စိမ်းစကားကြောင့် ကောင်းကင်ကငြိမ်သွားသည့်တိုင် မကျေနပ်နိုင်သေး။ ဘယ်တုန်းက သူတို့သူငယ်ချင်းတွေ ဒီလိုအချေအတင်ဖြစ်ဖူးလို့လဲ....
သိတာလပိုင်းတောင်မရှိသေးတဲ့ မိန်းကလေးတစ်ယောက်ကြောင့် ခုလိုအချင်းများရတာ သူဘယ်လိုမှ စိတ်ကောင်းမထားနိုင်ပါ။
ကောင်းကင်၏မကျေနပ်ခြင်းတို့သည် ခရာ့ထံသို့ စူးခနဲ့။ စေတန်ကတော့ဘာမှကို ဂရုစိုက်ပုံမပေါ်။ သူမူပိုင်အတိုင်း နူတ်ခမ်းကိုတင်းတင်းစေ့ထားရင်း ခရာ့ကိုဖေးမကာထွက်သွားတော့သည်။
သူမကိုအလိုမကျဟန်ဖြင့် စိုက်ကြည့်လာသော ကောင်းကင်၏မျက်ဝန်းတို့ကြောင့် ခရာကပျာကယာမျက်လွှာလေးချမိ၏။
ရင်ထဲမှာတော့... ဘယ်လိုမှမကောင်းနိုင်ပါ
သူမဘာမှမလုပ်ခဲ့ဘဲနှင့် ဘာလို့များသူမကို တစ်ယောက်ပြီးတစ်ယောက် မုန်းတီးနေကြပါလိမ့်။
ဈာန်ကခရာနှင့်စေတန့်ကျောပြင်ကို ငေးစိုက်ကြည့်ပြီး သက်ပြင်းသဲ့သဲ့လေး ခိုးချမိလိုက်သည်။
ခရာသည်ကြာဖြူမဟုတ်ဘူးဆိုတာ သူသိသည်။ သူမသိသည်က ခရာနှင့်ကြာဖြူ ဘယ်လိုပတ်သတ်နေသလဲ.....
ပြီးတော့.... ခရာ၏ဖြစ်တည်မူ...
ထပ်ခါထပ်ခါချမိသည့်သက်ပြင်းတွေအဆုံး သူ့ရင်သည်ခရာ့အတွက် ပူပင်မူတွေနှင့်ရူပ်ထွေးလို့။
"စိမ်းငါမညာဘူး ငါသေချာပေါက်မြင်ခဲ့တယ် သူကကြာဖြူအစစ်ပဲ ..."
မို့ကမကျေနပ်ခြင်းများစွာနှင့် တစ်လမ်းလုံးတတွတ်တွတ် ပြောလာသည်။ စိမ်းနားထဲတွင်တော့ ကြားတစ်ချက် မကြားတစ်ချက်...
စေတန်နှင့်ခရာ့ကိုသာ မကြာခဏလှမ်းကြည့်ရင်း ရင်ထဲတစ်ချက်တချက် နင့်ခနဲ့။ ခရာသည် ကြာဖြူ ဟုတ်မဟုတ်ဆိုတာပင် စိတ်မဝင်စားနိုင်သည်အထိပင်။
ထပ်ခါထပ်ခါရနေသော ဒီနာကျင်မူတွေကြားမှာ စိမ်းဘာလို့များ နေသားမကျသေးပါလိမ့်....။
"စိမ်းခဏနေဦး..."
အလန့်တကြားဆိုလိုက်သောမို့ကြောင့် စိမ်းခြေလှမ်းတွေရပ်တန့်သွားပြီး
"ဘာဖြစ်လို့လဲ.... မို့"
"ငါ့ ငါ့ဆွဲကြိုးမတွေ့တော့လို့..."
လည်ပင်ကိုစမ်းရင်း မို့မျက်စိမျက်နှာပျက်နေတော့ စိမ်းနားမလည်စွာဖြင့်
"ဘာဆွဲကြိုးလဲ...."
"ငါ့ဆွဲကြိုး... ဘယ်မှာကျန်ခဲ့လဲမသိဘူး ပျောက်လို့မဖြစ်ဘူး ခဏလေးပြန်ရှာကြည့်ရအောင်.."
ပြောရင်းဆိုရင်း မို့ကလာလမ်းအတိုင်း ပြန်လှည့်သွားသဖြင့် စိမ်းမနေသာတော့ဘဲ အဖော်လိုက်ပါပေးလိုက်သည်။
မျက်စိမျက်နှာပျက်ကာ အသဲအသန်လိုက်ရှာနေသော မို့ကြောင့်စိမ်းပို၍ နားမလည်ဖြစ်ရကာ...
"မို့ရယ်... ဘာဆွဲကြိုးမို့ ဒီလောက်အသဲအသန်ရှာနေသလဲ တောထဲမှာ အကြာကြီးမနေသင့်ဘူးနော် တို့နှစ်ယောက်ကိုမတွေ့လို့ အလကားနေစိတ်ပူနေကြဦးမယ်"
"ခဏ....ခဏလေးပဲ..."
မို့ကလက်မလျှော့။ အသဲအသန်ပတ်ရှာနေတော့၏။ အတော်ကြာရှာပြီးနောက်
"ဟော...ဟိုမှာ.. "
ဝမ်းသာအားရနှင့် မို့ပြေးကောက်တော့သည်။ သစ်ပင်အောက်တွင်တော့ ပုလဲနှင့်သီထားသည့် သာမာန်ဆွဲကြိုးတစ်ကုံး...
"တော်ပါသေးရဲ့ဟယ်.. ပျောက်လို့ကတော့ ငါ့ရင်ကျိုး ပြီး"
မို့ပုံကတကယ်ကိုခုမှ သက်ပြင်းချနိုင်ကာ စိတ်အေးသွားပုံ။ စိမ်းဘယ်လိုမှ နားမလည်နိုင်တော့သဖြင့်..
"မို့...ငါကဘာများလဲလို့ ဒါကရွာဈေးတွေမှာရောင်းတဲ့ သာမာန်ဆွဲကြိုးတစ်ခုပဲ နင်ဘာလို့ဒီလောက် အသဲအသန်ဖြစ်နေရသလဲ.."
"ဟုတ်တယ် ဒါကသာမာန်ဆွဲကြိုးပဲ ဒါပေမယ့် ဒါကိုဈာန်ငါ့ကိုလက်ဆောင်ပေးထားတာ ငါ့အတွက်တော့ အရာရာတိုင်းထက် ပိုတန်ဖိုးရှိတယ်"
"ဘယ်လို.."
အံ့သြသင့်စွာနှင့် စိမ်းမို့ကိုငေးကြည့်မိသည်။ ပုလဲဆွဲကြိုးကို တယုတယဆုပ်ကိုင်ထားရင်း ပြောလိုက်သောမို့ဟန်က တကယ်ကို နက်နက်ရှိုင်းရိုင်း...
"မို့.....နင်...."
စိမ်းသည်အံသြသင့်နေရင်းမှ တစ်စုံတစ်ရာကို နားလည်လိုက်သည်။ မကြာခဏရိပ်မိသလို ရှိနေသည့်တိုင် ဤမျှထိမြန်ဆန်စွာ နက်နဲသွားလိမ့်မည်ဟု ဘယ်လိုမှတွေးမထင်ထားခဲ့ပါ။
"မို့....နင်...သူ့ကို.."
"ဟုတ်တယ် စိမ်း..."
မို့ကဆွေးမြေ့စွာဖြေလိုက်၏။ စိမ်းဘာပြန်ပြောရမယ်မှန်းမသိစွာ ဆွံအနေစဉ် မို့ထံမှသက်ပြင်းချသံထွက်လာပြီးသည့်နောက်
"သွားရအောင်....စိမ်း"
အပြန်လမ်းတွင် သူမတို့နှစ်ယောက် စကားမပြောဖြစ်ကြပါ။ ကိုယ်စီအတွေးတွေနှင့် တိတ်ဆိတ်နေခဲ့၏။
မို့ကိုတစ်ချက်တစ်ချက်ငဲ့ကြည့်ရင်း စိမ်းမသိမသာ သက်ပြင်းခိုးရိုက်မိသည်။ ထို့နောက်ခရာ့ကိုသာ မကြာခဏဂရုစိုက်လေ့ရှိသော ဈာန်အကြောင်းတွေးမိတော့ ပင်ပန်းစွာ သက်ပြင်းချမိပြန်၏။
ခရာ့အပေါ် မို့မကြည်ဖြူနိုင်ခြင်းသော အကြောင်းအရင်းတို့က ဒါကြောင့်လား......
မို့သည် ခရာနှင့်ဈာန်ကြားတွင် စိတ်ထိခိုက်နာကျင်ခဲ့ရသည့်အဖြစ်မျိုး ရှိခဲ့သည်လား....
ဒါဆို..... သူမကရော
စိမ်း သက်ပြင်းသာသဲ့သဲ့လေးချမိတော့၏။
ပဟေဋိဆန်သောခရာသည် သူမနှင့်မို့ကို နာကျင်ခြင်းတွေ တပြိုင်နက်ပေးခဲ့သည်တဲ့လား.
ကံကြမ္မာသည် မည်သို့မှားယွင်းစွာ စီရင်ခဲ့ပါသနည်း ။
နင်က... ကြာဖြူမဟုတ်ရင်တောင်မှ ငါတို့နှလုံးသားတွေကိုကျိန်စာသင့်စေခဲ့ပါတယ် ခရာရယ်...
ထိုစကားက ရင်ထဲတိုးတိတ်စွာနှင့်... …………………………………………………………………….
"ကျောက်ဆောင်ခံနေတယ် တောထဲဝင်ပြီး သွားရမယ်"
ဦးလုံထန်းက ခရီးဆက်လို့မရအောင်ကာထားသည့် ကျောက်ဆောင်တွေငေးစိုက်ကြည့်ပြီး တွေးတွေးဆဆဆိုလိုက်သည်။ နက်ရိုင်းက ခေါင်းတစ်ချက်ညိတ်ပြီး
"ဒါဆိုရင်လည်းအမြန်ဆုံးသွားရအောင် "
သို့နှင့်သူတို့အားလုံးတောထဲဝင်ခဲ့သည်။ လမ်းလျှောက်နေရင်း ကောင်းကင်က
"ဒီလိုစမ်းတဝါးဝါးပဲဆက်သွားနေတော့မှာလား ပိုသေချာနိုင်တဲ့လမ်းကြောင်း မရှိနိုင်ဘူးလားဗျာ"
"ဟုတ်တယ် ကမ်းစပ်ဖက်ပတ်လျှောက်နေတာလည်း ဂူနဲ့တူတာဘာမှကိုမတွေ့ခဲ့ဘူး တစ်ခုခုမှားနေပြီလား"
စေတန်ကပါဝင်ပြောတော့ ဦးလုံထန်း ခေါင်းခါရမ်းလိုက်ပြီး
"ကျုပ်ပြောပြီးပြီပဲ ကျုပ်လမ်းသေချာမသိပါဘူး ခန့်မှန်းခြေနဲ့ရှာရုံလောက်ပဲ တတ်နိုင်တယ်"
ဈာန်စာအုပ်ထဲမှအညွှန်းကိုသတိရသွားမိကာ
"တစ်ခုတော့ရှိတယ် ကျွန်တော်ရထားတဲ့ ကြာဖြူနဲ့ပတ်သတ်တဲ့စာအုပ်ထဲမှာ ပဒုမ္မာရီမြို့တော်ကိုသွားနိုင်မယ့် လမ်းညွှန်တစ်ခုရေးထားတယ်"
"ဘာများလဲ ..မောင်ရင်"
"သူမပြန်လည်မွေးဖွားသောကျွန်းကိုရှာပါ... မြောက်အရပ်သို့ခရီးနှင်ပါ။ မြွေနှင့်တူသော ချောင်းကိုရှာပါ။ ရေဆန်တည့်တည့်ဆင်းပြီး ကျောက်စိမ်းရောင်တောက်နေသော ဂူထဲသို့ဝင်ပါ.... တဲ့"
သူ့စကားအဆုံး စိမ်းကတအံ့သြနှင့်...
"သူမပြန်လည်မွေးဖွားရာကျွန်းဆိုတာ ဘာကိုဆိုလိုသလဲဟင်"
"ငါ့အထင်တော့ ဒီပုလဲနတ်ကျွန်းကို ရည်ညွှန်းတာနေမယ် ဒီကျွန်းပေါ်မှာလည်း ကြာဖြူနာမည်နဲ့ပုံပြင်ဆိုးတစ်ပုဒ်ရှိခဲ့တယ် မဟုတ်လား "
ဝင်ပြောလိုက်သူက ကမ္ဘာ။ စေတန်ကပါကမ္ဘာစကားကို ထောက်ခံပုံရသည်။ တွေးတွေးဆဆနှင့်
"ထူးတော့ထူးဆန်းတယ် ဒီအညွှန်းကတကယ်ဟုတ်မဟုတ်မသိရပေမယ့် မရေမရာလျှောက်သွားနေမယ့်အစား ဈာန်စာအုပ်ထဲကအညွှန်းတိုင်းသွားကြည့်တာ ပိုအဆင်ပြေမယ်ထင်တယ်"
"ဒါက ဘာအရပ်လဲ.."
နက်ရှိုင်းထမေးလိုက်တော့ ဦးလုံထန်းသံလိုက်အိမ်မြောင်ကို တစ်ချက်ငုံ့ကြည့်ရင်းနှင့်
"တောင်အရပ်..."
"ဆန့်ကျင်ဖက်ဖြစ်နေပါလား ဒါဆိုရင် ကျွန်တော်တို့မြောက်အရပ်ကိုခရီးဆက်ကြမယ်"
သို့နှင့်သူတို့အားလုံးလမ်းကြောင်းကို မြောက်အရပ်သို့ ဦးတည်လိုက်ကြသည်။ ခန့်မှန်းသွားရင်း ညနေစောင်းချိန်ရောက်တော့ မြင်လိုက်ရသည့်အရာကြောင့် သူတို့ခြေလှမ်းတွေအားလုံး တိုင်ပင်မထားရဘဲ ပြိုင်တူရပ်တန့်သွား၏။
ပျက်ဆီးယိုယွင်းနေသောတဲအိမ်များက ဟိုတစ်စဒီတစ်စ။ မြင်ရုံနှင့် စိတ်မချမ်းမြေ့ဖွယ်ကောင်းလှသော ရွာပျက်တစ်ခု....
အဝေးကပင် မသတီစရာကောင်းလွန်းလှသော ရွာပျက်ကြီးကိုကြည့်ရင်း မို့က တံတွေးတစ်ချက် နင်သွားရင်းနှင့်
"ဒါ.....ဘာလဲဟင်..."
"ပုလဲနတ်ကျွန်းရွာပျက်..."
ဒီနေရာကိုတစ်ခါရောက်ဖူးနေသည့်စေတန်က ခပ်အေးအေးပင်ဖြေလိုက်သည်။ မို့က မျက်နှာပျက်သွားရင်း
"ဒီရွာကိုကျော်ဖြတ်သွားရမလား"
"ဟုတ်တယ်..."
"ကြောက်စရာကြီးစေတန်ရယ်... တစ်ခြားလမ်းမရှိဘူးလား"
မို့ကမနှစ်မြိုစွာဆိုလိုက်သလို စိမ်းကလည်း ချောက်ချာားဖွယ်ရွာပျက်ကနေ ဖြတ်သွားရမှာ မလိုလားသဖြင့်
"နောက်တစ်လမ်းကနေသွားရအောင်လေ ညနေလည်းစောင်းတော့မယ် ရွာပျက်ကနေဖြတ်သွားရင် မကောင်းဘူးထင်တယ်"
"နောက်တစ်လမ်းရှာဖို့မလွယ်ဘူး ရှာရင်းနဲ့လမ်းပျောက်သွားနိုင်သလို ရွာကိုပတ်ပြီးဖြတ်ရင်လည်း အချိန်လင့်သွားနိုင်တယ်.."
ဒီစကားဝင်ပြောလိုက်သူက ဦးလုံထန်း။ ဈာန်ကပါခေါင်းတစ်ချက်ညိတ်ပြီး
"ဟုတ်တယ် ပိုဆိုးတာက ရွာကိုပတ်သွားရင်းနဲ့နေဝင်သွားရင် ဒီအနီးအနားမှာပဲ စခန်းချဖြစ်သွားနိုင်တယ် ဒါဆိုပိုအဆင်မပြေနိုင်ဖြစ်သွားလိမ့်မယ်"
"ဒါပေမယ့်....."
"မို့... နင်ဒီအနီးပတ်ဝန်းကျင်မှာ တစ်ညလုံးစခန်းချဖို့ရွေးမှာလား ဒါမှမဟုတ် ဒီရွာကိုဖြတ်ဖို့အချိန်ခဏလေးရွေးမှာလား ပြော"
စေတန်ကစိတ်မရှည်စွာဆိုလိုက်တော့ မို့မကျေမနပ်နှင့် နူတ်ဆိတ်နေလိုက်သည်။ ကောင်းကင်က
"ကဲပါ... မို့ရာ အလကားနေကြောက်မနေနဲ့ ဒီလောက်လူအုပ်အများကြီး ဘာမှမဖြစ်ဘူး ပြီးတော့ နေရောင်လည်းရှိသေးတယ် ခဏလေးလမ်းလျှောက်လိုက်ရုံပဲ ကြောက်ရင်အလယ်မှာနေပြီး လိုက်ခဲ့"
"အင်းပါ..."
ထို့နောက်သူတို့ရွာပျက်ကြီးဆီသို့ ဦးတည်၍ ဝင်လာလိုက်သည်။ ရွာပျက်ဆီသို့အဝင် ခြေလှမ်းအစမှာပင် လေမတိုက်ဘဲ အားလုံးရင်ထဲ စိမ့်ခနဲ့ဖြစ်သွားကြသည်။
ဘာမှန်းမသိသည့်တိုင် အားလုံးကိုယ်စီ စကားမပြောဘဲ တိတ်ဆိတ်နေမိ၏။ သူတို့ ရွာလမ်းမဟုယူဆရသည့် လမ်းပျက်တစ်ခုအတိုင်း သတိထားနားစွင့်ပြီး လျှောက်ဝင်လာကြသည်။
နှစ်နှစ်ဆယ်နီးပါးကြာအောင် ပြုပြင်နေထိုင်သူ မရှိခဲ့သည့်တိုင် ကျွန်းသစ်ဖြင့်တည်ထားသော နေအိမ်အများစုဖြစ်သောကြောင့် ပြိုကျပျက်ဆီးနေခြင်းမှာ သိပ်ဆိုးဆိုးဝါးဝါးမရှိလှပါ။
အချို့အိမ်တိုင်များက ခြစားပျက်ဆီးနေသည့်တိုင် အချို့အိမ်များကတော့ ကောင်းနေဆဲပင်။ ပင့်ကူမြှင်များတွဲခိုလျက် ပျက်ဆီးယိုယွင်းနေသော အိမ်ပျက်ကြီးများက မြင်ရုံနှင့်တင် ချောက်ချားဖွယ်ကောင်းလှ၏။
တစ်ချက်တချက် ဌက်ဆိုးထိုးသံမှလွဲ၍ ဘာသံမှမကြားအောင် တိတ်ဆိတ်ငြိမ်သက်နေခြင်းကလည်း တစ်မျိုးပင် ကြောက်စရာကောင်းနေသည်။
မုန်တိုင်းမစမီ ရေပြင်ငြိမ်သက်နေသကဲ့သို့ တိတ်ဆိတ်နေသည်ဟုခံစားမိသဖြင့် ရင်ထဲစိုးတထင့်ထင့်နှင့်..
"ကြောက်စရာကြီး.."
မို့ကတိုးတိတ်စွာညည်းလိုက်သည်။ ဈာန်က တိတ်ဆိတ်နေသည့်အနေအထားကို မလိုလားသဖြင့်
"အရင်ကတော်တော်ချမ်းသာခဲ့တဲ့ရွာဖြစ်မယ် ဒီလောက်နှစ်တွေကြာတာတောင် အိမ်တော်တော်များများ သိပ်မပျက်ဆီးသေးဘူး"
"ဟုတ်တယ် အိမ်ကြီးအိမ်ကောင်းတွေများတယ် ရွာပျက်သွားတာ နှမျောစရာကြီး..."
ကမ္ဘာကဝင်ပြောလိုက်သည်။ ထိုခဏ ရုတ်တရက် ပတ်ဝန်းကျင်သည် မှောင်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့ရောက်နေသည်က ရွာလမ်းမကြီးအပေါ်။ နက်ရိုင်းကချက်ချင်းဆိုသလို အလင်းရောင်အားနည်းသွားသော ပတ်ဝန်းကျင်ကြောင့် မျက်မှောင်ကျုံ့ရင်း...
"ဘာဖြစ်သလဲ....ရုတ်တရက်ကြီး.."
"ဟုတ်ပါရဲ့ မိုးရွာချင်လို့များလား..."
စိမ်းထိတ်လန့်နေသည့်စိတ်ကို ထိန်းရင်းဆိုလိုက်သည်။ တကယ်က မိုးအုံ့လို့မှောင်သွားသလို မဟုတ်မှန်း အားလုံးသိနေသည်။
"ချက်ချင်းလိုအမှောင်ကျသွားတာ မုန်တိုင်း..."
ကောင်းကင် စကားပင်မဆုံးလိုက်။ လေပွေတစ်ခု ဟူးခနဲ့တိုက်လာပြီး
"အင်း.......ဟင်း.....ဟင်း...."
"ဟီး..... ဟီး..."
ညည်းသံလိုလိုရယ်သံလိုလိုက ဟိုဖက်လိုလိုဒီဖက်လိုလို လွင့်ပျံ့လာသည်။ လေသံလား ဇဝေဇဝါဖြစ်နေစဉ် ဖျတ်ခနဲ့ဖြတ်ပြေးသွားသည်က အရိပ်မဲမဲလေးများ...
"ဘာတွေလဲ..."
မျက်စိမျက်နှာပျက်ကာ မို့အလန့်တကြား ဆိုလိုက်သည်။ ထူးခြားကြောက်မက်ဖွယ် ဖြစ်ရပ်ကြောင့် သူတို့အားလုံး ဘာပြောရမှန်းမသိခင်...
"ဟီး...ဟီး လာနေကြပြီ..."
"ဗိုက်ဆာလို့ပါ...."
"ကယ်ပါ...ကယ်ကြပါ..."
စကားသံသဲ့သဲ့တွေက ဗလောင်းဗထွေး ထွက်လာတော့၏။ ဦးလုံထန်းက အခြေအနေတစ်ရပ်ကို သဘောပေါက်သွားပြီး အိတ်ထဲကအဆောင်တစ်ခုထုတ်ကာ လက်အုပ်ချီပြီး ဂါထာတစ်ပုဒ်ကို အသံထွက် ရွတ်ဆိုလိုက်သည်။
မကြာလိုက်....
"တောက်...."
ဒေါသတကြီးတက်ခေါက်သံတစ်ခုထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားသည်။ လေလည်းငြိမ်သွားသလို... ဘာအရိပ်မှလည်း မမြင်ရတော့ပါ..။
အမှောင်ရိပ်ကတော့ သန်းနေဆဲ။နက်ရိုင်းက အံ့သြသင့်နေဟန်ဖြင့်
"ဒါဘာဖြစ်သလဲ ဦးလုံထန်း..."
"နောက်မှမေးမောင်ရင်.. အခြေအနေသိပ်မကောင်းဘူး ကျုပ်တို့ရွာကနေအမြန်ဆုံးထွက်ရအောင်..."
ဦးလုံထန်းကိုယ်တိုင် မျက်နှာပျက်နေသဖြင့် သူတို့ဘာမှထပ်မမေးတော့ဘဲ ရွာကနေထွက်ဖို့ပဲ စိတ်စောနေတော့သည်။ ထိုစဉ်...
"ခဏ...ခဏနေဦး ခရာ့ကိုမတွေ့ဘူး"
"ဟင်.."
ဈာန်က လူအုပ်ထဲခရာပျောက်နေသည်ကို သတိထားမိတော့ အလန့်တကြားဆိုလိုက်၏။ စိမ်းနားမလည်ဟန်နှင့်...
"ခုနလေးတင် စိမ်းနားမှာခရာရပ်နေပါတယ် ဘယ်ရောက်သွားသလဲ.."
"ဟုတ်တယ် စိမ်းနားရပ်နေတာတွေ့တယ် ဘယ်လိုလုပ်ချက်ချင်း ပျောက်သွားရပါလိမ့်"
ကမ္ဘာအံ့သြသင့်စွာဆိုလိုက်သည်။ သူတို့ရှိနေသည်ကလည်း ရွာလယ်လမ်းမကြီးပေါ်မှာ။ တစ်နေရာသွားရင် အထင်းသားမြင်ရသည်မို့ မသိနိုင်စရာအကြောင်း မရှိ။
သတိမထားမိတဲ့ရုတ်ရုတ်သဲသဲအချိန်လေးမှာ ခရာဘယ်ပျောက်သွားပါလိမ့်။ ထူးဆန်းလှသည်။
"ခရာကတော့လျှောက်သွားမှာမဟုတ်ဘူး တစ်ခုခုတော့ဖြစ်နေပြီ ခရာ့ကိုအမြန်ဆုံး လိုက်ရှာမှဖြစ်မယ်"
စေတန်စိတ်ပူစွာဆိုလိုက်တော့ နက်ရိုင်းက ဘာမှမဖြစ်သလိုပင်...
"ဒုက္ခပေးပြန်ပြီ..."
အလိုမကျသလိုပင်ဆိုလိုက်သည်။ ဈာန်က မကြားဟန်ပြုပြီး
"ကိုယ်တို့ခရာ့ကိုအမြန်ဆုံးရှာမှဖြစ်မယ် ကြာရင်မကောင်းဘူး"
"ဘယ်လိုရှာမလဲ.. ဟင်"
စိမ်းစကားမဆုံးမီမှာပင် ကောင်းကင်ကတစ်နေရာကို လက်ညှိုးထိုးပြပြီး..
"ဟိုမှာ....ကြည့်စမ်း..."
ကောင်းကင်ညွှန်ပြရာဆီသို့ သူတို့အားလုံးလှမ်းကြည့်လိုက်တော့ မြင်လိုက်ရသည်က အဖြူရောင်အရိပ်လေးတစ်ခု ရွာလမ်းချိုးလေးအတိုင်း တိုးဝင်ပျောက်ကွယ်သွားသည်။
"ခရာ..."
စေတန်ကအော်လည်းအော်ပြီး ပြေးလိုက်သွားသည်။ စေတန်နောက်မှ လိုက်သွားသူက ဈာန်..။
သူတို့အားလုံးလည်းမနေသာတော့ဘဲ နောက်ကနေမျက်ချေမပြတ်အောင် လိုက်သွားမိသည်...။
"ခရာ...."
စေတန်နှင့်ဈာန်က ပြိုင်တူလိုပင် ထပ်ခါထပ်ခါ အော်ခေါ်မိ၏။ သို့သော် ထိုအဖြူရောင်အရိပ်က ရပ်တန့်မသွားပါ.... ။
တရွေ့ရွေ့သွားနေဆဲ.....။ ယောကျာင်္းအားနှင့် အပြေးတပိုင်းလိုက်လာသည့်တိုင် ထူးဆန်းစွာပင် ခရာ့ကိုသူတို့လိုက်မမှီခဲ့ပါ။
သူမသည်တစ်နေရာသို့ ဦးတည်သွားနေသလိုပင်။ ဘယ်နေရာမှန်းမသိသည့်တိုင် သူမခြေလှမ်းတို့က တဖြည်းဖြည်းရွာပြင်သို့ ဦးဆောင်ခေါ်သွားလေသည်။
လမ်းတစ်လျှောက် စိတ်ချောက်ချားဖွယ်ကောင်းအောင် ရနေသည်က ကြာပန်းရနံ့များ..
ရွာအစွန်တောင့်တစ်နေရာအရောက်တွင်တော့ လိုက်ပါလာခဲ့သည့် သူတို့ခြေလှမ်းတွေအားလုံး အထိတ်တလန့်ရပ်တန့်သွားတော့၏။
ခရာဦးတည်လာနေသည်က ရွာစွန်က ကြောက်မက်ဖွယ်ကောင်းအောင် ယိုယွင်းပျက်ဆီးနေသည့် တဲအိမ်လေးတစ်လုံး။
ဘေးနားတွင်တော့ ရေညှိတွေသန်းလျက် စိမ်းပုပ်နေသော ကြာကန်တစ်ကန်...
ရူပ်ထွေးအုပ်စိုင်းနေသည့် ခြုံပုပ်တို့ကလည်း သွေးလန့်စရာအတိနှင့်...။ အံ့သြစရာကောင်းလောက်အောင် ခရာသည် သူ့အိမ်သူယာထဲဝင်သွားသကဲ့သို့ တုန်လူပ်ခြင်းကင်းမဲ့စွာနှင့်ပင် တိုးဝင်သွားလေတော့သည်...
"ခရာ...."
စေတန်က စိတ်ပူစွာခေါ်နေဆဲ။ သို့သော် ဆက်မလိုက်ဖြစ်ဘဲ စိတ်ရူပ်ထွေးစွာ ကြည့်နေမိ၏။ စိမ်းသည် တစ်စုံတစ်ရာကိုတွေးမိတော့ အံသြသွားကာ
"ဒါကြာဖြူနေခဲ့တဲ့နေရာမဟုတ်လား.."
စိမ်းပြောမှ သူတို့အားလုံးစဉ်းစားမိပြီး ပိုထိတ်လန့်သွားရသည်။ မို့က နူတ်ခမ်းတစ်ချက်မဲ့လိုက်ပြီး..
"ငါပြောသားပဲ သူကကြာဖြူပါဆို မယုံချင်နေကြဦးလေ"
မို့စကားကခုချိန်လက်တွေ့ကျနေသည်မို့ စေတန်နှင့်ဈာန်က ဘာမှဆက်မငြင်းသာ။ ခရာ့ကိုစိတ်ပူနေ၍ ငြင်းဖို့မအားပေးနိုင်တာလည်း ဖြစ်လိမ့်မည်။ နက်ရိုင်းကတော့ ခေါင်းတစ်ချက်ခါလိုက်ပြီး
"မဖြစ်နိုင်ဘူး..."
ထိုခဏ၌...
"အ.....အ...အ..."
ဌက်ဆိုးထိုးသံနှင့်အတူ ကောင်းကင်အနှံ့ဝဲပျံနေသည့် ဌက်ဆိုးအုပ်ကြီးကြောင့် သူတို့စကားတွေရပ်သွားကာ ကောင်းကင်ကို အထိတ်တလန့်ကြည့်မိသည်။
ဦးလုံထန်းမျက်နှာအကြီးအကျယ်ပျက်သွားပြီး
"ဌက်ဆိုးအုပ်တွေပါလား နမိတ်မကောင်းလိုက်တာ.."
"ဟာ....ဘာနံ့ကြီးလဲ.."
ရုတ်တရက်ရလိုက်သည့် ညှီစုပ်စုပ်သွေးနံ့ကြောင့် ကောင်းကင် အထိတ်တလန့်ဆိုလိုက်သလို အားလုံးလည်း နှာခေါင်းတွေအလျှင်အမြန် ပိတ်ထားမိသည်။
မသတီစရာကောင်းလွန်းသောသွေးစိမ်းနံ့တို့က လိုင်းလိုင်းထနေသည်မှာ ထိုးအန်မချမိအောင် မနည်းပင်ထိန်းထားနေရ၏။
"ဟို...ဟိုမှာ.."
ပစ္စည်းထမ်းသမားတစ်ယောက် ကြောက်လန့်တကြားပြရာနေရာသို့ သူတို့ကြည့်လိုက်တော့ တဲအိမ်ရှေ့တွင် ရပ်နေသည့်အဘွားအိုတစ်ယောက်... ။
မူန်ပျပျအလင်းရောင်အောက်မှာပင်... ကြောက်စရာကောင်းလွန်းသော အဘွားအိုက သူတို့အားလုံးကို စိမ်းစိမ်းကြီး စိုက်ကြည့်နေပြီးနောက် တဲအိမ်ထဲ ဝင်သွားတော့သည်။
ခရာ....ခရာကရော.....
သူမသည်တဲအိမ်ဘေးကရေကန်နားတွင် တွေတွေလေးရပ်ကာ ငြိမ်သက်နေဆဲ။ နူတ်မှ ဆွေးမြေ့သောသီချင်းတစ်ပုဒ်ကိုလည်း တီးတိုးရွတ်ဆိုနေသည်။
ဌက်ဆိုးတွေကတော့ ကောင်းကင်အနှံ့ပျံဝဲနေဆဲ။ သွေးစိမ်းရနံ့တို့ကလည်း လိုင်နေဆဲ။ နေဝင်ခါနီး ပတ်ဝန်းကျင်ကာ ခြောက်ခြားဖွယ်အတိနှင့်..
"ခရာ...ဘာဖြစ်နေသလဲ.."
စေတန်ကစိတ်ပူစွာဆိုပြီး ရှေ့ဆက်တိုးသွားတော့ စိမ်း စေတန်အတွက်စိုးရိမ်သွားပြီး စေတန့်လက်ကို ဆွဲလိုက်ကာ...
"စေတန်အရမ်းအတင့်မရဲနဲ့ ခရာကခုချိန်မှာ ခရာမဟုတ်ဘူး သတိထားပါ.."
"ဒါပေမယ့်..."
"နင်စိတ်ပူတာ ငါလက်ခံတယ် ဒါပေမယ့် ငါလည်းနင့်ကို စိတ်ပူတယ်စေတန်.."
စိမ်းအသံက ဝမ်းနည်းသံပေါက်နေသဖြင့် စေတန်ငြိမ်နေလိုက်သည်။ ရုတ်တရက်ခရာ့ထံမှ သီချင်းသံတိတ်သွား၏။ ခရာသူတို့ဖက် လှည့်လာသည်။
အသိမဲ့နေဟန်ရှိသောမျက်နှာက အရယ်အပြုံးမရှိ။ မျက်ဝန်းသေတို့ကလည်း တစ်ဖက်လူရင်ကိုကျင်တက်သွားစေသည်အထိ အေးစိမ့်လွန်းလှ၏။ ထို့နောက် နူးညံ့သောခြေလှမ်းတို့ဖြင့် လျှောက်လာပြီး စေတန်နှင့်စိမ်းနား ခပ်လှမ်းလှမ်းတွင် ရပ်လိုက်သည်။
ကြာပန်းရနံ့က သွေးလန့်ဖွယ်ကောင်းအောင် သင်းခနဲ့။ ပြီးနောက်အေးစက်စက်အပြုံးတို့နှင့်...
"နှစ်သုံးရာကြာခဲ့ပြီ ခုထိစိတ်ပူနေရတုန်းပဲလား စိမ်း"
"ဟင်...."
ရေခဲရိုက်ထားသလိုအေးစက်လွန်းသော စကားတို့က စိမ်းရင်ထဲထိအောင် အေးခဲသွားစေ၏။ ခရာ့စကားက ထူးဆန်းလွန်းလှသည်။ ခရာသည် ခရာမဟုတ်တော့ပါ။
သို့သော် ထူးဆန်းသည်က ဒီအသံကိုရင်းနှီးနေသယောင် စိမ်းခံစားလိုက်ရသည်။
နှလုံးသားထိစိမ့်ဝင်နိုင်စွမ်းရှိသည်အထိ ဒီအသံသည်အေးစက်ကာ အာဏာစွမ်းအားပြင်းလှ၏။ သူတို့ ကြောင်နေစဉ်မှာပင် ခရာ့မျက်နှာသည် ကြောက်စရာကောင်းလွန်းသော အပြုံးသေတို့ဖြင့် စေတန်နှင့်စိမ်းကို အေးစက်စက်စိုက်ကြည့်ပြီး
"ပြန်လည်ဆုံတွေ့ခွင့်ရတဲ့အတွက် ကြိုဆိုပါတယ်"
"ခရာ....ဘာတွေပြောနေသလဲ သတိထားပါဦး"
ဈာန်အံ့သြမှင်သက်နေရာမှ သတိဝင်လာပြီး ဆိုလိုက်တော့ ခရာ့မျက်ဝန်းတို့က လက်ခနဲ့တောက်သွားပြီး ကောင်းကင်သို့ တစ်ချက်မော့ကြည့်ကာ...
"ဌက်တွေကဆာလောင်နေကြတယ် ကြာပန်းရနံ့ကသေမင်းခေါ်သံပဲ သွေးစိမ်းတွေရနေတယ် သင်တို့ထဲက တစ်စုံတစ်ယောက်ကို ခေါ်လိမ့်မယ် သေခြင်းတရားက မကြာခင်မျက်နှာချင်းဆိုင် လာလိမ့်မယ် ဆာလောင်မွတ်သိပ်ခြင်းတွေနဲ့ ခေါ်ဆောင်သွားလိမ့်မယ်..."
"ဟင်..."
တိုးညှင်းစွာရယ်မောလိုက်ပြီး သူမခြေလှမ်းတို့က ကြာကန်ရှိရာ ပြန်လှည့်သွားသည်။ ဦးလုံထန်း အလွန်တုန်လူပ်သွားပြီး
"ဒါ....နမိတ်ဆိုးပဲ..."
ဌက်ဆိုးအော်သံ။ ကြာပန်းရနံ့တွေရောယှက်ထားသည့် ညှီတီတီသွေးစိမ်းရနံ့....
လေတိုးသံနှင့်အတူဆာလောင်နေဟန်ရှိသော စပ်ဆုပ်စရာညည်းညူသံများက နေရာအနှံ့။
သူတို့အားလုံးသွေးပျက်ကာ ဘာလုပ်ရမှန်းမသိအောင် တုန်လူပ်နေစဉ်..
"နောင်.......နောင်.....နောင်....."
ကြေးစည်သံ......
ဟုတ်တယ်...... အေးချမ်းနှစ်လိုဖွယ်ကောင်းသောကြေးစည်သံ ဘယ်ကမှန်းမသိပျံ့လွင့်လာ၏။
ဌက်ဆိုးတို့သည် ပျောက်ကွယ်သွားသည်။ သွေးစိမ်းရနံ့ပါ လွင့်ပျယ်သွား၏။ ကြာပန်းရနံ့လည်း မသင်းတော့ပါ။
ညည်းညူအော်သံများသည်လည်း တိတ်ဆိတ်သွားသည်။ မကောင်းခြင်းများဖြင့် မှောင်ကျနေသည့် ပတ်ဝန်ကျင်သည် လင်းလက်လာသယောင်....
ခရာ....
သူမကရော....
သူမကိုယ်ထဲမှတစ်စုံတစ်ရာသည် လွင့်ပျယ်သွားဟန်တူသည်။ ဆတ်ခနဲ့တုန်သွားပြီးနောက် မေ့မျောသွား၏။ သို့သော်ထူးဆန်းသည်က မြေပေါ်ပုံမကျမီ တစ်စုံတစ်ရာသောပုံရိပ်သည် သူမကိုထွေးပွေ့ထားပြီး မြေပြင်ပေါ်သို့ ညှင်သာစွာချပေးလိုက်၏။
ထိုအရိပ်.. အရိပ်သည်ဝေဝါးနေသည့်တိုင် ယောကျာင်္းတစ်ယောက်သွင်ပြင်နှင့်...
ထို့နောက်ကြေးစည်သံထွက်ပေါ်ရာသို့ ဦးချပြီး ဖျတ်ခနဲ့ပျောက်ကွယ်သွားတော့၏။
"ခရာ..."
စေတန်ခရာ့ဆီပြေးသွားပြီး စိုးရိမ်စွာထူမိသည်။ ခရာသည် ဘာမှမသိစွာမေ့မျောနေတော့သည်။ သူမမျက်နှာလေးက အခါတိုင်းကဲသို့ ဖြူစင်စွာရှိနေဆဲ...
"နောင်.....နောင်....နောင်...."
ချိုကြည်အေးမြသော ကြေးစည်သံ ထွက်ပေါ်လာပြန်၏။ သူတို့အားလုံး ကြေးစည်သံထွက်ပေါ်ရာသို့
လှမ်းကြည့်လိုက်မိသည်။
"ဟင်....."
အံ့သြမှင်သက်သွားစေသည်အထိ မြင်တွေ့လိုက်ရသည်က......
မကောင်းမူတွေလွင့်စင်သွားစေသော ကြေးစည်သံနှင့်အတူတစ်စုံတစ်ရာသည် သိမ်မွေ့စွာနှင့် ...
YOU ARE READING
ကြာဖြူ(ကွာဖွူ)
Fantasy"ကြာဖြူ ငါတို့သေခြင်းတရားမှာ မင်းအငြိုးတွေပြေပါစေတော့" ပင်လယ်ဒဏ္ဍာရီတွင်ကြောက်စရာအကောင်းဆုံးသော ကျိန်စာဆိုးများနှင့်ကြာဖြူပုံပြင်... သို့သော်လွန်ခဲ့သောနှစ်သုံးရာတွင် အမှန်တကယ်ဖြစ်ခဲ့သော ရင့်နင့်စရာကြာဖြူမင်းသမီး၏ ဒဏ္ဍာရီတစ်ပုဒ်။ ဤဒဏ္ဍာရီတွင် သဘောင်စကား...