Part-23

1.9K 135 1
                                    

Zawgyi

~~ကြာဖြူ~~
အပိုင်း(၂၃)

   "မှော်ဝင်ကျွန်း"
    နာမည်နှင့်လိုက်အောင် ထူးဆန်းအံ့သြဖွယ်ရာများနှင့်ပြည့်နေသော နတ်ဗိမ္မာန်ပမာလှပသောကျွန်း....
    ပင်လယ်ပြင်၏နက်ရှိုင်းသောနေရာတွင် လူသူအသိနည်းစွာတည်ရှိသကဲ့သို့ ကျွန်းပေါ်တွင် ထူးဆန်းသောလူမျိုးစုတစ်စုသည် ရှေးနှစ်ပေါင်းများစွာကတည်းက နေထိုင်ခဲ့ကြ၏။
    သို့သော်လှပသောဤကျွန်းကြီးသည် နတ်မင်းကြီး၏ကျိန်စာသင့်ပြီး နှစ်ရာချီတိုင်အောင် အမှောင်တွေဖုံးကာ အစာရေစာရှားပါးခဲ့သည်ဟူသောဒဏ္ဍာရီ ရှိခဲ့သည။
    ကျွန်းတည်စဉ်ကတည်းကရှိခဲ့သော လူမျိုးစုတွင်ဆန်းကြယ်သောဒဏ္ဍာရီတစ်ခုလည်း ရှိခဲ့ပြန်၏။ ထိုလူမျိုးစုသည် ထူးဆန်းသောဂမ္ဘီရပညာတို့ကို တစ်ဖတ်ကမ်းခတ်အောင် ကျွမ်းကျင်ခဲ့၏။ မွေးရာပါစွမ်းအားရှိသည့်လူမျိုးစုသည် ထူးဆန်းသောအတတ်ပညာတို့ကို လွဲမှားစွာအသုံးပြုကာ အခြားသောပျက်ဆီးမူများကို ပြုလုပ်စေခဲ့သောကြောင့် ပင်လယ်နတ်မင်းကြီး၏ အပြစ်ပေးမူခံခဲ့ရလေသည်။
     ပင်လယ်နတ်မင်းကြီးသည် ရာစုနှစ်တစ်ခုတိုင်အောင် ထိုမျိုးနွယ်စုအား အခြားသောနေရာသို့ မသွားနိုင်အောင် မှော်ဝင်ကျွန်းကိုစည်းတားခဲ့လေ၏။ အခြားသောလူမျိုးစုများလည်း မှော်ဝင်ကျွန်းကို မမြင်ရလေအောင် ပင်လယ်တွင် ဖွတ်ထားခဲ့လေသည်။ မှောင်ဝင်ကျွန်း၏ အံဖွယ်မှင်သက်ဖွယ်လှပမူကို အမှောင်တိုက်သွင်းခဲ့သည်။
     ထို့ကြောင့်မှော်ဝင်ကျွန်းသည် ပင်လယ်တွင် လူမသိစွာတိမ်မြှပ်ပျောက်ကွယ်ရင်း ထူးဆန်းသောလူမျိုးစုသည် လျှို့ဝှက်စွာနေထိုင်ခဲ့ရသည်ဟု အဆိုရှိခဲ့လေ၏။
    ထိုသို့လျှိုဝှက်သည်းဖိုစွာနေထိုင်လာရင်း ရာစုနှစ်တစ်ခုအရောက်တွင်တော့ အနည်းစုသောလူမျိုးသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။
    တစ်ခုသောရွှေရောင်တောက်သည့် နေ့တစ်နေ့တွင် ကျွန်းပေါ်တွင် ထူးဆန်းမူတစ်ခု ဖြစ်ပွားခဲ့လေ၏
    ထူးဆန်းသောမျိုးနွယ်စုတစ်စုလုံးသည် ကျွန်း၏အလယ်တွင်ရှိသော ကြီးမာသော အစိမ်းရောင်ရေကန်ကြီးရှေ့တွင် စုစုရုံးရုံးဖြစ်နေကြသည်။
    အဘယ်ကြောင့်ဆိုသော်.....
   "အူဝဲ.....အူဝဲ...."
   မြူနှင်းတွေဝေခိုးနေသော မနက်ခင်းတစ်ခုတွင် ကလေးငယ်တစ်ဦး၏ငိုကြွေးသံကို ကြားလိုက်ရ၏။ ထိုကလေးငယ်သည် ကြီးမားသောရေကန်၏အလယ်တွင် ပွင့်နေခဲ့သည့်အဖြူရောင်ကြာပန်းထဲတွင် ထူးဆန်းစွာ မွေးဖွားလာခဲ့သည်။ 
     ထိုထူးဆန်းစွာရှိနေသည့် အဖြူရောင်ကြာပန်းသည် လူတစ်ယောက်ဝင်ထိုင်နိုင်သည်အထိ ကြီးမားလှပြီး ရှေးနှစ်ပေါင်းများစွာကတည်းကပင် ဤရေကန်တွင်ပွင့်ဖူးခဲ့သည်မို့ မဆန်းလှကြယ်ပါ။ သို့သော် ယခုမြူခိုးတွေဝေနေသောမနက်ခင်းတွင် ကလေးငိုသံနှင့်အတူ ထိုကြားပန်းထဲမှ ချစ်စရာကလေးငယ်သည် လူမျိုးစုအားလုံးအား အံ့သြတုန်လူပ်သွားစေခဲ့၏။
     ထိုကလေးသည် အမှန်တကယ် ကြာပန်းမှာပွင့်ဖူးခဲ့သည်လား။  သို့မဟုတ် တစ်စုံတစ်ယောက်သောသူသည် ကလေးငယ်အား ကြာပန်းတွင်ပစ်ထားခဲ့သည်လား...။  မည်သို့ပင်ဖြစ်စေ မျိုးနွယ်စုခေါင်းဆောင်သည် ကလေးငယ်အားပွေ့ချီပြီး ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းလေ၏။
     "ပင်လယ်နတ်မင်းကြီးသည် ပြစ်ဒဏ်နှင့်ပိတ်လှောင်ခဲ့သော ငါတို့မျိုးနွယ်စုအားကယ်တင်ရန် သမီးပျိုအား ပေးအပ်ခဲ့လေပြီ ဤမင်းသမီးငယ်သည် ငါတို့ကျွန်းအားသာယာဝပြောခြင်းတို့ တဖန်ပြန်လည်ဖန်တီးပေးမည် ငါတို့အားလုံးအား အမှောင်ထုတွင်းမှလွတ်မြောက်စေမည်.. လှပသောမင်းသမီးငယ်၏ ရုပ်အဆင်းနှင့်အတူ ငါတို့မွေးဖွားရာကျွန်းအား လှပခြင်းတို့ ဆောင်ကျဉ်ပေးလတ္တံ... "
   "ဟေး.....ဟေး...."
   "ရေကန်၏ကျက်သရေအတိဖြစ်သော ကြာဖြူပန်းတွင်မင်္ဂလာရှိစွာ မွေးဖွားလာသော ပင်လယ်နတ်မင်းကြီး၏သမီးတော်အား ပဒုမ္မာကြာဖြူဟုအမည်တွင်စေအံ့..."
    "ကြာဖြူမင်းသမီး သက်တော်ရာကျော်ရှည်ပါစေ မှော်ဝင်ကျွန်းအား စောင့်ရှောက်ပေးတော်မူပါ.."
    လူမျိုးစု၏ကြွေးကြော်သံတို့သည် ကျွန်းတစ်ခုလုံးပဲ့တင်သွားခဲ့သည်။ တိုက်ဆိုင်မူလား...
     ဒါမှမဟုတ်ပင်လယ်နတ်မင်းကြီးသည် အမှန်တကယ်မင်းသမီးငယ်အား ပေးအပ်ခဲ့သည်လား...
    ထိုအချိန်မှစ၍ မှော်ဝင်ကျွန်းသည် အမှောင်ထုမှကင်းလွတ်ကာ သာယာဝပြောလာသည်။ အစာရေစာ ပေါများလှသကဲ့သို့ အချုပ်နှောင်ဘဝမှလူမျိုးစုတို့သည် လွတ်မြောက်လာခဲ့လေ၏။ ဘယ်မှသွားလာခွင့်မရှိသော လူမျိုးစုတို့သည် မည်သည့်နေရာ မည်သည့်ဒေသမဆို လွပ်လပ်စွာ သွားလာခွင့်ရခဲ့သည်။
     သို့သော်လူမျိုးစုတို့သည် မိမိတို့ရှင်သန်ရာကျွန်းကိုသာ ဖက်တွယ်ပြီး နေရာသစ်မရှာခဲ့ကြပါ။ ဆန်းကြယ်သောအလှတရားအပြည့်နှင့် မှော်ဝင်ကျွန်းသည် ၎င်းတို့အတွက် ပြည့်စုံသည့်ကမ္ဘာဖြစ်နေခဲ့ပြီ မဟုတ်လား။
    ထို့ကြောင့်လူမျိုးစုတို့သည် ပဒုမ္မာကြာဖြူမင်းသမီးအား အလွန်ပင်ချစ်ကြောက်ရိုသေကာ နတ်ဘုရားသကဲ့သို့ ကိုးကွယ်ခြင်းပြုခဲ့ကြသည်။
    အဖြူရောင်ဝတ်ရုံကိုသာဝတ်ဆင်သော ကြာဖြူမင်းသမီးငယ်သည် ဆယ်နှစ်အရွယ်သို့ ရောက်ခဲ့ချေပြီ။
    များမကြာမီနယ်မြေချဲ့လာသော စစ်ဘုရင်တစ်ပါးသည် ပင်လယ်တွင်းနက်ရိုင်းစွာ လျှိုဝှက်တည်ရှိနေသော မှော်ဝင်ကျွန်းအား ရှာဖွေတွေ့ရှိခဲ့လေသည်။
    "အို... ထူးဆန်းပြီး လှပလိုက်တဲ့ကျွန်းကြီးပေပဲ ပင်လယ်တွင်း ငါ့တသက် ဤမျှလှပသောကျွန်းကြီးကို မမြင်ခဲ့ဖူးဘူး နတ်တို့ဖန်းဆင်းထားသလားဟုပင် ထင်မှားလောက်ပေတကား "
    စစ်ဘုရင်မင်းကြီးသည်မှော်ဝင်ကျွန်းအား အလွန်နှစ်ခြိုက်သဘောကျကာ ကြုံးဝါတော့လေသည်။
    "ဤကျွန်းကြီးသည် သာယာလှပလွန်းသကဲ့သို့ လူသူနှင့်ဝေးရာ ပင်လယ်၏နက်ရှိုင်းသည့်နေရာတွင် မှော်ကမ္ဘာတစ်ခုကဲ့သို့ သီးသန့်တည်ရှိနေသည် ရန်သူသည် အလွယ်တကူမလာနိုင်သကဲ့သို့ လာရောက်ကျူးကျော်၍လည်း မလွယ်နိုင်ပါ ရန်သူလာပါက အဝေးကပင် လွယ်လင့်တကူသိနိုင်သကဲ့သို့ ခံစစ်ကောင်းသည့် မြေရေအနေအထားလည်းရှိပေသည် ထို့ကြောင့် ဤကျွန်းအားသိမ်းပိုက်ပြီး ငါ၏နန်းတော်အား ကျွန်းအလယ်တွင်တည်မည် ငါ့တိုင်းပြည်ငါ့နိုင်ငံတော်အဖြစ် ဤနေရာတွင် ငါစိုက်ထူမည် နယ်ချဲ့စစ်ပြုခြင်းအားရပ်နား၍ ငါခေတ္တာအေးချမ်းစွာအနားယူတော့မည်"
    စက်ယန္တာရားအတတ်ပညာကို တဖက်ကမ်းခတ်အောင်ကျွမ်းကျင်သော ဘုရင်သည် လူအင်အား သောင်းသိန်းချီသော စစ်သည်နှင့်အတူ မှော်ဝင်ကျွန်းအား အလွယ်တကူပင်သိမ်းပိုက်နိုင်ခဲ့သည်။
   "အရှင်မင်းကြီး ဤကျွန်းပေါ်တွင် ရှေးယခင်ကတည်းကနေခဲ့ဟန်ရှိသော ရှေးဟောင်းလူမျိုးစုတစ်စုရှိလေသည် ၎င်းတို့ကို မည်သို့ဆောင်ရွက်ရမည်နည်း.."
   "ငါကိုယ်တော်ကိုယ်တိုင် ၎င်းမျိုးနွယ်စုခေါင်းဆောင်နှင့် တွေ့ဆုံမယ်"
    ဘုရင်သည် မျိုးနွယ်စုခေါင်းဆောင်နှင့်တွေ့ဆုံသည့်အခါ မျိုးနွယ်စုခေါင်းဆောင်သည် ရှင်ဘုရင်၏ ဘုန်းကံနှင့်အတူယှဉ်တုမရသော လက်ရုံးရည်နှလုံးရုံကို ၎င်း၏အတတ်ပညာဖြင့် သိမြင်ခံစားလိုက်ရ၏။
    ထို့ပြင် ကြာဖြူမင်းသမီးငယ်၏ကြာယာဖက် ဖြစ်လာမည်ကိုလည်း အာရုံခံမိသဖြင့်
    "အရှင်မင်းမြတ် ရှင်ဘုရင်၏ဘုန်းကံအရှိန်အဝါကို ကျွန်ုပ်ခံစားသိမြင်ပြီးဖြစ်ပါတယ် ရှင်ဘုရင်၏ ဘုန်းကံကြီးမြတ်မူကို မယှဉ်သာနိုင်သဖြင့် ကျွန်ုပ်တို့ဘိုးဘွားစဉ်ဆက်နေထိုင်ခဲ့သော မှော်ဝင်ကျွန်းကြီးအား ကျွန်ပြုသိမ်းပိုက်ခြင်းကို အညံ့ခံခဲ့ရပါသည် ကျွန်ုပ်တို့တွင် မည်သည့်ရန်ငြိုးထားခြင်းမှမရှိပါ ငြိမ်းချမ်းစွာပင် နေထိုင်သွားလိုသည်.."
   "ကောင်းပြီ သင်တို့မျိုးနွယ်စုအား သီးသန့်ငြိမ်းချမ်းစွာနေထိုင်ခွင့်ပြုမည် ငါဘုရင်၏အမိန့်အောက်တည်ရှိနေသရွေ့ သင်တို့အားလုံးအေးချမ်းစေရမည်"
    ဘုရင်ကြီးအမိန့်စကားကြောင့် အချို့သောရဲမက်စစ်သည်များက စိုးရိမ်စွာသတိပေးတော့သည်။
     "အရှင်မင်းကြီး ဤမျိုးနွယ်စုသည်ထူးဆန်းလှ၏ ကျွန်တော်မျိုးတို့မသိနိုင်သော အတတ်ပညာများအားတတ်နေပါလိမ့်မည် အချိန်အခါကောင်းအခွင့်သင့်ခဲ့လျှင် အရှင့်အားမပုန်ကုန်နိုင်ဟုမပြောနိုင်ပါ ရန်သူကို လက်သပ်မွေးမြူထားသကဲ့သို့ ဖြစ်နေပေလိမ့်မည် စဉ်းစားတော်မူပါဦးဘုရား"
   "ဤလက်တစ်ဆုပ်စာသောလူနည်းစုသည် အင်အားကြီးမားသောငါတို့အား မည်သို့ပြန်တိုက်ခိုက်မည်နည်း မစိုးရိမ်နှင့် ငါဘုရင်အားသူတို့မတော်လှန်နိုင်ပါ ငါကိုယ်တော်ကျွမ်းကျင်သော စက်ယန္တားရား အတတ်ပညာတို့သည် ငါ့ကိုကောင်းစွာ လုံခြုံစေမည် "
     ဘုရင်၏စကားသည် ကြွားဝါလိုခြင်း သပ်သပ်မဟုတ်ခဲ့ပါ။ နုပျိုချောမောကာငယ်ရွယ်ပြီး အင်အင်းကြီးမားသောဘုရင်သည် ၎င်း၏သူမတူအောင် ကျွမ်းကျင်တတ်မြောက်သော စက်ယန္တားရားအတတ်ပညာကြောင့် စစ်ပွဲအလီလီအောင်နိုင်ခဲ့သည်။
    ယနေ့ထိ အရူံးဟူသည်အရှင်မင်းမြတ်၏ဘဝတွင် မရှိခဲ့ချေ။ မျိုးနွယ်စုခေါင်းဆောင်သည် ဘုရင်အား တောင်းဆိုမူတစ်ခုပြုခဲ့ပြန်သည်။
    "အရှင့်ကို ကျွန်ုပ်တို့အေးချမ်းစွာနေထိုင်ခွင့်ရသရွေ့ ပြန်ပုန်ကန်မည်မဟုတ်ပါ ကျွန်ုပ်တို့သည် အရှင့်အား မည်သို့မျှစိတ်အနှောင့်အယှက်မပေးဘဲ သီးခြားနေထိုင်ပါမည် ကျွန်ုပ်တို့မျိုးနွယ်စု အတွက်တစ်ခုသာလျှင် တောင်းဆိုချင်ပါတယ်"
    "ဘာများပါလဲ..."
    "ဟောဟိုမြင်တွေ့နေရသည့် ရေကန်နံဘေးနန်းဆောင်တွင် ကျွန်ုပ်တို့မျိုးနွယ်စု ရိုသေကိုးကွယ်ရသော ပင်လယ်နတ်မင်းပေးသနားခဲ့သည့် ကြာဖြူမည်သော နတ်ဖုရားမင်းသမီးငယ်နေထိုင်ပါသည် မင်းသမီးငယ်၏ဘုံဗိမ္မာန်ဖြစ်၍ ထိုနေရာတွင်သာဆက်လက်ပြီး နေထိုင်စေ၍ ဘေးရန်မခစေရန် စောင့်ရှောက်တော်မူပါ "
    ဘုရင်သည် ကြာဖြူမင်းသမီးအား နတ်ဖုရားဟူသောစကားကို ရယ်ကျွမ်းပြုသော်လည်း မင်းသမီးငယ်၏ အလှသည် နတ်ဖုရားဟုတင်းစားရအောင် ခမ်းနားလှပလိမ့်မည်ကိုသတိပြုခဲ့မိသည်။
   ဆယ်နှစ်အရွယ်သာရှိသေးသော ပဒုမ္မာကြာဖြူမင်းသမီးသည် အသားအရည်၏လှခြင်း ဆံပင်၏ကောင်းခြင်း အသံသာခြင်းအစရှိသော ကောင်းခြားအဖြာဖြာနှင့် ပြည့်စုံသည်ကို သိမြင်လိုက်ရသော်...
    "မင်းသမီးငယ်အား ဤရေကန်နံဘေးတွင် ခမ်းနားသောနန်းဆောင်တည်၍စံစေမည် ဘေးရန်မပြောနှင့် လေကြမ်းပင်မခစေအောင် သံခုနှစ်ဆင့်ကာ၍စောင့်ရှောက်စေမည် ငါ့နိုင်ငံတွင်းမှ ဆန့်ကျင်ဖက်ယောကျာင်္းမှန်သမျှ မင်းသမီး၏အသားကိုမဆိုနှင့် မျက်နှာကိုပင် မော်ဖူးခွင့်မရှိစေရ မင်းသမီးစံမည့်နန်းဆောင်၏ အနီးပတ်လည်(...) အကွာအဝေးထိ မည်သည့်ယောကျာင်္းမှခစားခွင့်မရှိ အရိပ်ပင်မနင်းရ.. ဤသတ်မှတ်နယ်တွင် မြေတစ်မူန်မျှပင် ကျူးကျော်လင့်ကစား ထိုယောကျာင်္းသည် သေဒဏ်မှလွဲ၍ မည်သည့်သက်ညှာခွင့်မှ မရှိစေရ.....
    သက်တော်(၁၆)နှစ်ပြည့်ပါက ဘုန်းကံကြီးမားသောသင်တို့မင်းသမီးအား နန်းဆောင်သို့ခေါ်ယူ၍ ငါကိုယ်တော် မိဖုရားအရာမြောက်မည်... "
    အရှင်ဘုရင်သည် ဤသို့မိန့်ကြားကတိပြုပြီးနောက် ရေကန်ကြီး၏နံဘေးတွင် ကြာဖြူမင်းသမီးစံရန် ခုနှစ်ထပ်မျှရှိသော ခမ်းနားသောနန်းဆောင်တစ်ခု တည်ပေးခဲ့လေသည်။
   တပြိုင်နက်ပင် ကျွန်း၏အလယ်ရေကန်၏ အခြားတစ်ဖက်တွင်တော့ ကြီးမားခမ်းနားသော နန်းမြို့တော်ကို ဘုရင်၏ကျွမ်းကျင်သော စက်ယန္တားရားအတတ်တို့ဖြင့် လျှင်မြန်စွာတည်ဆောက်ကာ ပဒုမ္မာကြာဖြူမင်းသမီးကိုပင်အစွဲပြု၍ ပဒုမ္မာရီမြို့တော်ဟု အမည်တွင်စေခဲ့ သည်။
   ကြာဖြူမင်းသမီးနန်းဆောင်ကိုသွားနိုင်မည့် တစ်ခုတည်းသောလမ်းကိုလည်း ဘုရင်သည် ၎င်း၏အတတ်ပညာဖြင့် စီမံခဲ့သည်။ ၎င်းလမ်းသည် ဘုရင့်နန်းဆောင်နှင့်သာ ဆက်နေခဲ့၍ ဘုရင်မှလွဲ၍ မည်သူမှသွား၍ မရနိုင်ပါ။
    ယုတ်စွအဆုံးကြာဖြူမင်းသမီးကို ချစ်ကြောက်ကိုးကွယ်သော မျိုးနွယ်စုများပင် အမျိုးသားယောကျာင်္းဖြစ်ပါက မင်းသမီးအားဖူးမြော်ခွင့်မပြုသည်အထိ ဘုရင်သည် ၎င်းတော်ကောက်မည့်ပန်းအတွက် တင်းကြပ်စွာစည်းတားထားခဲ့တော့သည်။
    ထူးဆန်းသောမျိုးနွယ်စုတို့သည်လည်း အေးချမ်းစွာပင် သီးသန့်နေထိုင်ခွင့်ရခဲ့၏။
    ထို့နောက်ထိုခေတ်အခါက ရှင်ဘုရင်တို့၏မူဝါဒအတိုင်း မြောက်မြားစွာသောမိဖုရားတို့နှင့်အတူ ဘုရင်သည် နန်းတက်ခဲ့လေသည်။
    ထိုများစွာသောမောင်းမတော်ထဲတွင် ဘုရင်၏ချစ်မြတ်နိုးမူနှင့် အလေးထားမူကိုခံရသော တစ်ဦးတည်းသောမိဖုရားကား... စိမ်းဒေဝီသျှင်
   ဝံ့ကြွားသောအလှများနှင့်မိဖုရားငယ်စိမ်းသည် ဤနိုင်ငံတော်တွင်အလှဆုံးသော မိဖုရားဖြစ်သည်နှင့်အညီ မာန်မာနတို့မိုးထိမြင့်ကာ အလွန်ထက်မြက်ထူးချွန်ကာ မန်တဝင့်ဝင့် ဖြစ်နေတော့သည်။
    ဘုရင်၏အလေးပေးမူကြောင့်လည်း ပို၍မာနထောင်ကာ ဘုရင်ပြီးလျှင် သူမစကားအမိန့်သည် အာဏာအရှိဆုံးမို့ အားလုံး၏ကြောက်ရွံ့ရိုသေခြင်းပါခံခဲ့ရသည်။
    စိမ်းမိဖုရားသည် မည်မျှပင်မာန်ထောင်ကာ ဝံ့ကြွားလင့်ကစား ရှင်ဘုရင်မင်းမြတ်ကိုတော့ အသက်နှင့်ထပ်တူ လွန်စွာချစ်မြတ်နိုးတော်မူသည်။
    ထို့ကြောင့်လည်း ခုနှစ်ပြည်ထောင်မင်း၏ချစ်မဝသော တစ်ဦးတည်းသောသမီးတော်အဖြစ်မှသာမက နေရပ်တိုင်းပြည်ကိုစွန့်ကာ နယ်ချဲ့စစ်ဘုရင်ငယ်နောက်သို့ တကောက်ကောက်လိုက်ခဲ့ခြင်းပင်။
   အချစ်ကြီး၍အမျက်ရှလွယ်သောကြောင့် အခြားသောမောင်းမတော်များ စိတ်မထင်လျှင်မထင်သကဲ့သို့ အပြစ်ဒဏ်ပေးခံရသဖြင့် စိမ်းမိဖုရားကို အားလုံးသောမိဖုရားငယ်လေးတွေပါ ချစ်ကြောက်ရိုသေရသည်။
    ကြာဖြူ၏ဂုဏ်သတင်းနှင့် ဘုရင်၏အမိန့်တော်ကိုကြားသိသည့်တိုင် စိမ်းမိဖုရားသည် သာမာန်မျှပင် တွေးတောကာ စိတ်မဝင်စားခဲ့ချေ။
    ကြာဖြူသည်လည်း သာမာန်မောင်းမတော်ဖြစ်သွားလိမ့်မည်ဟုသာ အတွေးထင်လျက် သူမ၏ အလှတရားတို့အပေါ် မာနစိတ်ဝင်ကာ အထင်ကြီးစိတ်ထားခဲ့လေသည်။   သို့နှင့်ဘုရင်၏အနီးတွင် အလေးထားခံရဆုံး မိဖုရားတစ်ပါးအဖြစ် ပျော်ရွှင်စွာနေ့ရက်တို့ ဖြတ်သန်းလာခဲ့ရင်း အချိန်တို့သည် တရွေ့ရွေ့ကုန်ဆုံးလာ၏။
   တစ်နေ့..... တစ်နေ့တွင်
   ပို၍သေချာသည်က မြူခိုးတွေဝေဖြာနေသည့် လှပသောမနက်ခင်းတစ်ခု....
    နူးညံ့သောလေပြေနှင့်အတူ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းသော ပန်းရနံ့သင်းသင်းက ဘုရင့်နန်းဆောင်ထိတိုင် လွင့်စင်လာသည်။
     ရှင်ဘုရင်သည် မွှေးပျံ့သောပန်းရနံ့ကြောင့် အိပ်စက်နေရာမှ နိုးထတော်မူလာတော့သည်။ နူတ်မှလည်း မဆိုင်းမတွရေရွတ်တော့၏။
   "မွှေးလိုက်တာ ဘာရနံ့ပါလိမ့်... "
    ဘုရင်သည်ရင်ထိတိုင် တိုးဝှေ့လာသောပန်းရနံ့ကြောင့် ထလိုက်ပြီး ပြတင်းပေါက်မှတဆင့် အပြင်သို့ လှမ်းမျှော်ကြည့်လိုက်သည်။
   ပြတင်းပေါက်မြင်ကွင်းတည့်တည့်တွင် စိမ်းလက်တောက်ပသော ရေကန်ကြီးတည်လေသည်။ ဘုရင်၏ စိတ်နှလုံးကိုလူပ်ခတ်သွားစေသည်က ...
   ရေကန်နဘေးတွင်ပြေးလွှာဆော့ကစားနေသည့် အဖြူရောင်အရိပ်လေးတစ်ခု....
    မြင်ကွင်းကဝေးကွာနေသလို မြူမူန်များကလည်းရစ်ဖွဲ့နေရာ ဘာမှသဲကွဲစွာမမြင်ရသဖြင့် ဘုရင်သည် မချင့်မရဲစိတ်ဖြင့်တွေးလိုက်သည်။
  "ဘာအရိပ်လေးလဲ ဘာလို့ငါကိုယ်တော်စိတ်ကို တုန်လူပ်စေသလဲ ဘယ်အရာကများ ငါကိုယ်တော်ကို လူပ်ခတ်သွားစေရသလဲ.."
    ဘုရင်မင်းမြတ်သည် အဖြေရှာရန်အတွက် နန်းဆောင်မှတစ်ကိုယ်တည်း ထွက်လာခဲ့လိုက်၏။ ဘုရင်၏ခြေလှမ်းတို့သည် ရေကန်ကြီးရှိရာသို့.... 
   ကန့်သတ်နယ်မြေဟုပင်မစဉ်းမိဘဲ ထိုအရိပ်လေးတွေ့လိုက်သည့် ရေကန်ကြီးနဘေးသို့ လျှောက်လာခိုက်စဉ်...
  "ခစ်....ခစ်...."
   သာယာတိုးညှင်းသော ရယ်သံသဲ့သဲ့လေး။  ထို့နောက် လေပြေနှင့်အတူလွင့်ပါးကစားနေသည့် အဖြူရောင်အရိပ်လေးတစ်ခု။
   ဘုရင်၏ခြေလှမ်းတို့ကို တုန့်ခနဲ့ရပ်တန့်သွားစေလောက်အောင် စွဲငင်အားအပြည့်ရှိသောပုံရိပ်လေး..
   ဒီထက်ပိုပြောရမည်ဆိုလျှင် လွန်စွာလှပသောကောက်ကြောင်းများနှင့် စွဲမက်ဖွယ်ကောင်းလွန်းသော မိန်းကလေးတစ်ဦး
    မြူမူန်တွေနှင့်အတူ အဖြူရောင်ဝတ်ရုံလေးက လွင့်မျောလို့...
    ဖြူနုဝင်းလက်သောအသားအရည်သည် နှင်းစက်ဖွေးဖွေးလေးဟုပင် ထင်မှတ်မှားဖွယ်အတိ..
    ရှည်လျားနက်မှောင်သောဆံနွယ်တို့က လေနှင့်အတူကစားလို့ တစ်ချက်တချက် လွင့်မျောသွားဟန်မှာ နတ်သက်ကြွေသွားနိုင်သည်။
   ချိုကြည်လွန်းသောရယ်သံသဲ့သဲ့လေးက မာကြောသောစစ်ဘုရင်တစ်ဦး၏ရင်တွင်းထိတိုင် လာရိုက်ခတ်လို့ပါလား...
   လေနှင့်အတူလွင့်ပျံ့လာသည်က ပန်းရနံ့သင်းသင်းတစ်ခု...
   "ဒါခုနကငါရတဲ့ရနံ့ပဲ ဒီမိန်းကလေးဆီက ပျံ့လာသလား.."
   ဘုရင်သည် မက်မောစွာပင် ရူရိုက်လိုက်၏။ သေချာစွာသတိပြုလိုက်သည်ကရနံ့သည် ကြာပန်းသင်းသင်းရနံ့ဆိုတာ.....
   ထို့နောက် ဘေးတစ်စောင်းမှာပင် စွဲမက်ဖွယ်ကောင်းလွန်းသောမျက်နှာလေးကို အလွန်ပင်ဖူးမြင်ချင်လွန်းလှသဖြင့်... 
   ရှေ့သို့ ခြေလှမ်းအတိုး...
   ခြေသံကြောင့် သူမလေး လှည့်အကြည့်တွင်
   "ဟင်......."
   မျှော်လင့်သလို နူးညံ့လှပလွန်းသော မျက်နှာတစ်ခုမဟုတ်ပါ။ သွေးအလူးလူးနှင့် သွေးပျက်ခြောက်ခြားဖွယ်အတိရှိသော ရုပ်ပျက်ဆင်းပျက်မျက်နှာ။
   အေးစက်စက်အပြုံးတစ်ခုက သွေးပျက်ဖွယ် တွဲခိုလာရင်းနှင့်။ ထို့နောက် ထိတ်လန့်ဖွယ်အက်ကွဲသော လေသံဖြင့်
  "ပဒုမ္မာရီမြို့တော်မှ ပြန်လည်ကြိုဆိုပါတယ် အရှင်သိဒ္ဓနက္ခတ်မင်း"
   "အား...... "
   သွေးပျက်ဖွယ်မျက်နှာနှင့် အေးစက်သောအသံတို့ကြောင့် အလန့်တကြားနိုးထလာသူက စေတန်။
   တပြိုင်နက်ပင် နောက်တစ်ယောက်က စိမ်း..
   စိမ်းကရင်တုန်မပြေသေးဟန်ဖြင့် အသက်ကိုမောဟိုက်စွာရူနေဆဲ။ စေတန်ကတော့ အံသြခြင်းနှင့်အတူ စိတ်ရူပ်ထွေးစွာ တွေးလိုက်သည်။
   "ငါအိပ်မက်မက်နေတာပဲ ဘာလို့တကယ့်အဖြစ်အပျက်လို ခံစားရပါလိမ့် "
   ထူးဆန်းစွာသူ့ရင်သည် တလိုက်လိုက်ခုန်နေဆဲ။ ဘာမှန်းမသိအောင် ထူးဆန်းနက်နဲသော ခံစားချက်သည် ရင်ထဲလေးလေးပင်ပင်ရှိနေ၏။
   ပို၍ဆန်းကြယ်သည်က ကြာပန်းရနံ့ကို သူခုထိရနေဆဲ။ အိပ်မက်ထဲကရနံ့က အပြင်ထိစွဲကပ်လာသလား
   "ငါတို့ဘယ်ရောက်နေသလဲ..."
    စိမ်းကထိတ်လန့်စရာအိပ်မက်ဆိုးမှ စိတ်ငြိမ်သွားပြီးနောက် ပတ်ဝန်းကျင်ကိုကြည့်ပြီး ဆိုလိုက်၏။ ထိုအခါမှစေတန်လည်း ပတ်ဝန်းကျင်ကို သတိထားကြည့်မိသည်။
   တဝုန်းဝုန်းနှင့်တိုက်ခတ်နေသော ရေလိုင်းတွေက မြင်ကွင်းအပြည့် ။ သူတို့ကမ်းစပ်တစ်ခုမှာ သောင်တင်နေသည်ပဲ...
   လှပသောကျောက်ဆောင်၏တစ်ဖက်တွင်တော့ စိမ်းစိုလွန်းသောတောအုပ်ကြီးတစ်ခု...
   ဒါ ကျွန်းကြီးတစ်ခုလား....
   ဘုရားရေ.... ဒါဆိုသူတို့......
  "အား.... ကျွတ်ကျွတ် ဘာတွေဖြစ်ကုန်ပြီလဲ..."
   ညည်းညူသံနှင့်အတူ သတိရလာပြန်သူက ဈာန်။ ပြီးနောက် ကောင်းကင် နက်ရှိုင်း ကမ္ဘာ မို့ ဦးလုံထန်းနှင့်တပည့်လုဇ် အသီးသီး သတိရလာတော့သည်။
   တော်သေးသည် အားလုံးစုစုစည်းစည်းရှိပေလို့ပင်။ သူတို့နှင့်မကွာ သယ်ဆောင်လာသည့် ပစ္စည်းအားလုံးပါ အနီးဝန်းကျင်တွင်တွေ့ရပြီး လှေကြီးကတော့ ထူးဆန်းစွာပျောက်ဆုံးလို့နေသည်။ နက်ရှိုင်းကကိုယ်ပေါ်သောင်တင်နေသည့် သဲမူန်တို့ကို ခါထုတ်လိုက်ရင်းနှင့်
   "ဒီနေရာ ဘယ်နေရာလဲ... "
    ဦးလုံထန်းက ပတ်ဝန်းကျင်ကို အတော်ကြာအောင်ဝေ့ကြည့်ရင်း
   "ကျုပ်အထင် ကျုပ်တို့မှော်ဝင်ကျွန်းကို ရောက်ခဲ့ပြီ"
   "ဗျာ...."
   "ဟင်..."
     အားလုံးတအံ့တသြဖြစ်သွားတော့၏။ ဈာန်ကပတ်ဝန်းကျင်ကို တမေ့တမောကြည့်နေရင်း မယုံကြည်ဟန်ဖြင့်
   "တကယ်ပဲ ကျွန်တော်တို့မှော်ဝင်ကျွန်းကိုရောက်ခဲ့သလား ဒီအိပ်ရာဝင်ပုံပြင်တွေက တကယ်ကြီးဖြစ်နေခဲ့ပြီပဲ ဘယ်လောက်တောင်ဆန်းကြယ်လိုက်လေသလဲ ပင်လယ်ဒဏ္ဍာရီလို့သာ လူတွေသိခဲ့တဲ့ ပင်လယ်ထဲမှာ ပျောက်ဆုံးနေတဲ့ကျွန်းကို ကျွန်တော်တို့ရောက်ခဲ့ပြီ ကျွန်တော့်ဘဝမှာ အခမ်းနားဆုံးရေးထိုးနိုင်မယ့် သမိုင်းတစ်ခုထွင်ခဲ့ပြီ.."
   "ဟုတ်တယ် တကယ်မယုံချင်စရာပဲ ငါတို့မှော်ဝင်ကျွန်းကိုရောက်ခဲ့ပြီဆို ပဒုမ္မာရီမြို့တော်ကိုလည်း မကြာမီရှာတွေ့တော့မယ်.."
    နက်ရှိုင်းကစိတ်လူပ်ရှားစွာပင် ဆိုလိုက်သည်။ ပဒုမ္မာရီမြို့တော်ဟုဆိုမှ စေတန်သည် သူမနိုးထခင်အိပ်မက်ကို အမှတ်ရလိုက်ပြီး
    "ငါထူးဆန်းတဲ့အိပ်မက်တစ်ခုမက်ခဲ့တယ် မင်းတို့မက်ကြသေးလား..."
    "မမက်ပါဘူး ဘာအိပ်မက်လဲ.."
    ကောင်းကင်တအံ့တသြမေးလိုက်သည်။ ကမ္ဘာကပါ   
    "မင်းဘာအိပ်မက်မက်လို့လဲ စေတန်.."
    စေတန်သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့အိပ်မက်ကို စိတ်ရှုပ်ထွေးစွာ ပြောပြလိုက်သည်။ စေတန်စကားအဆုံး အံ့သြသင့်စွာ မျက်နှာပျက်ယွင်းသွားသူက စိမ်း။
   စိမ်းမျက်နှာကို ဈာန်ကအကဲခတ်မိသဖြင့်
   "ဘာဖြစ်လို့လဲစိမ်း စိမ်းလည်းအဲ့ဒီ့အိမ်မက်မက်လို့လား"
   ဈာန်စကားကြောင့် စေတန်ကစိမ်းလည်း သူနှင့်အတူလန့်နိုးလာသည်ကို သတိရလိုက်သဖြင့်...
   "ဟုတ်တယ် ငါလန့်နိုးလာတုန်းက မင်းလည်းအတူတူပဲ မင်းရော ဒီအိပ်မက်ကိုမက်ခဲ့သလား"
   "အင်း..."
    စိမ်းခေါင်းကို လေးပင့်စွာညိတ်လိုက်ရင်း အိပ်မက်ဟုမထင်ရအောင် ရုပ်ရှင်ကားချပ်တစ်ခုနှယ် ရှင်းလင်းပြတ်သားစွာမြင်ရသော မြင်ကွင်းတို့ကို ပြန်မြင်ယောင်လာမိ၏။
    သူမ၏အိပ်မက်တို့သည် စေတန်နှင့်ထပ်တူပင်။ သို့သော်ကွဲသွားသည်က နောက်ဆုံးပန်းရနံ့နှင့်ရယ်သံကြောင့် ရေကန်နံဘေးသို့ရောက်လာသူက အလှဆုံးသောမိဖုရားငယ် စိမ်းဒေဝီသျှင်...
    ခြေသံကြောင့်လှည့်ကြည့်လာသော ထိုမိန်းကလေးမျက်နှာကတော့ မျှော်လင့်ထားသလို ချောမောလှပသော မျက်နှာမဟုတ်ဘဲ သွေးသံရဲရဲနှင့် ရုပ်ပျက်ဆင်းပျက်မျက်နှာတစ်ခု...
   အမုန်းတွေတောက်ပနေသောအပြုံးဖြင့်...
   ပြီးနောက် အေးစက်အက်ကွဲသောအသံ...
  "အိမ်ပြန်ရောက်ခဲ့ပြီပဲ ပဒုမ္မာရီမြို့တော်မှ ပြန်လည်ကြိုဆိုပါတယ် စိမ်း..."
   ထို့နောက် ချောက်ချားတုန်လူပ်စွာဖြင့် စိမ်းနိုးထလာသည်။ တပြိုင်နက်ပင် ထိုအသံကို စိမ်းရေထဲပြုတ်ကျ၍ သတိမလစ်မီကြားခဲ့ရသည်ကိုလည်း သတိထားမိလိုက်၏။
    "ထူးဆန်းတယ် တူညီတဲ့အိပ်မက်တစ်ခုကို နင်တို့ပြိုင်တူမက်ခဲ့တာပဲ နင်တို့နှစ်ယောက်ကဘာလဲ"
    မို့အံ့သြသင့်စွာမေးလိုက်သည်။ တကယ်ကအဖြေသည် သူတို့တွင်လည်းမရှိပါ။ ဈာန်ကတွေးတွေးဆဆဖြင့်
    "စေတန်နဲ့စိမ်းက ဒီဒဏ္ဍာရီနဲ့ရှေးဘဝတွေတုန်းက ပတ်သက်ခဲ့မယ်ထင်တယ် သူတော်စင်ပြောခဲ့သလိုပဲ ပဌာန်းဆက်တစ်ခုတော့ရှိလိမ့်မယ် အဲ့ဒါကို အဖြေရှာဖို့ပဲလိုမယ်"
   "ပဒုမ္မာရီမြို့တော်ကိုရှာတွေ့ရင် ငါတို့လိုချင်တဲ့ အဖြေအားလုံးရမှာပါ.."
   ကောင်းကင်စကားက တစ်ခုတည်းသော အဖြေပင်။ ရုတ်တရက်စေတန်က တစ်စုံတစ်ရာကို အမှတ်ရသွားကာ
   "ခရာ.... ခရာရော.."
    ဟုတ်တယ်။ ခရာရှိမနေသည်ကို သူတို့ခုမှသတိပြုမိသည်။ ကြည့်စမ်း ဘာလို့ခရာ့ကို သူတို့အားလုံးမေ့နေခဲ့သလဲ..
   "ခရာက ငါတို့လှေမမှောက်ခင် ရေထဲပြုတ်ကျသွားခဲ့တယ်စေတန် ဒါပဲငါမှတ်မိတယ်.."
   ကမ္ဘာကစိတ်မကောင်းဟန်ဖြင့် ဆိုလိုက်၏။ စေတန်ဆောက်တည်ရာမရဖြစ်သွားပုံရသည်။
   "ဒါဆိုခရာဘယ်ရောက်နေမှာလဲ သူဘာလို့ ဒီမှာအတူရှိမနေရသလဲ..."
   ဈာန်က ထူးထူးခြားခြားငြိမ်သက်သွား၏။ ထို့နောက်မို့နားလျှောက်လာပြီး လေးနက်တည်ကြည်သော လေသံဖြင့်
   "ကျွန်တော် မို့နဲ့စကားပြောလို့ရမှာလား.."
   "ရှင်...."
   "ကျွန်တော်အမြင်မမှားဘူးဆိုရင် ခရာကရေထဲမတော်တဆ ပြုတ်ကျသွားတာမဟုတ်ဘူး မို့သူ့ကို တွန်းချလိုက်တာပဲ ကျွန်တော်ကောင်းကောင်းတွေ့လိုက်တယ်"
   "ဟင်.."
   သူတို့အားလုံးအံ့သြသင့်သွားသလို မို့မျက်နှာပျက်ယွင်းသွားသည်မှာလည်း ဆိုဖွယ်ရာမရှိ။ ကောင်းကင်က
  "ဈာန် ခင်ဗျားဘာတွေပြောနေသလဲ "
  "ခင်ဗျားအသာနေပါ ကျွန်တော်မို့နဲ့ပဲစာရင်းရှင်းမယ် ကျွန်တော်မေးတာ လိပ်ပြာသန့်သန့်နဲ့ပဲဖြေပါမို့ ခရာ့ကိုရေထဲတွန်းချခဲ့တယ် မဟုတ်လား.."
   "ဟင့်အင်း...မို့မလုပ်ဘူး.."
    မို့မျက်နှာအပျက်ပျက်နှင့်ငြင်းသည်။ စေတန်က စိတ်ရူပ်ထွေးသွားဟန်ဖြင့်
   "ဘာတွေလဲ ...ငါနားမလည်ဘူး.."
   "မို့ဒီလိုလုပ်စရာလား ခင်ဗျားမေးခွန်းတွေတရားလွန်နေပြီ ဈာန်တော်သင့်ပြီ.."
    "ဘာလို့ကြားထဲကနေဒေါသကြီးနေရသလဲ ကောင်းကင် ကျွန်တော်ကမို့ကို ကောင်းကောင်းမွန်မွန်ပဲမေးနေတာ သူကဒေါသမထွက်ရဘဲ ခင်ဗျားဘာလို့ ဒီလောက်ဖြစ်နေရသလဲ.."
    ဈာန့်စကားကြောင့် ကောင်းကင်မကျေမနပ်နှင့် ငြိမ်သွားသည်။ တကယ်ကမို့ခရာ့ကို ရေထဲတွန်းချလိုက်သည်ကို သူလည်းမြင်ခဲ့ပါသည်။
    ဘာကြောင့်လဲ .. ဘာလို့မို့ဒီလိုလုပ်ရသလဲဆိုတာကို မသိရသည့်တိုင် မို့သည်သူသူ့ငယ်ချင်းမို့ သူမို့ဘက်ကပဲရပ်တည်ရလိမ့်မည်။ အကြောင်းမဲ့တော့ မို့လုပ်မည်မထင်ပါ။
   မို့ကအလကားနေ စိတ်ပုပ်စိတ်ယုတ်သည့် မိန်းကလေးမဟုတ်မှန်း သူကောင်းကောင်းသိ၏။ သူငယ်ချင်းတွေကိုဘဝလိုချစ်သော ကောင်းကင်အတွက် သူ့သူသယ်ချင်းတွေကို ထိပါးစေမည့်အရာမှန်သမျှ ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ သူကာကွယ်မည်။
    "မို့...မလုပ်..."
    "သေချာလားမို့.. ဒါမှော်ဝင်ကျွန်းနော် ဒဏ္ဍာရီထဲတိမ်မြှပ်ပျောက်ကွယ်နေတဲ့ကျွန်း ကျိန်စာတွေသင့်နေတဲ့ကျွန်း သာမာန်နေရာတစ်ခုမဟုတ်ဘူး မင်းလိမ်ရဲသလား ဒီကျွန်းကိုတိုင်တည်ပြီး မင်းသစ္စာဆိုရဲလား.."
    "ရှင်...."
    မို့နူတ်ခမ်းတွေ တဆက်ဆက်တုန်ယင်ကာ ဘာမှဆက်မပြောသာ။ ဈာန်ကစိတ်ပျက်ဟန်ဖြင့် ခေါင်းတစ်ချက်ခါရမ်းပြီး ထွက်သွားတော့သည်။
   စေတန်ကဝုန်းခနဲ့ထရပ်လိုက်ပြီး မို့အင်္ကျီစကို ဒေါသတကြီးဆောင့်ဆွဲလိုက်ကာ..
   "မို့... တောက် မင်းကွာ မင်းဒီလိုလုပ်ခဲ့သလား"
   "စေတန်စိတ်ထိန်းဦး ..အဲ့လိုမလုပ်နဲ့.."
    စိမ်းအလန့်တကြားဝင်တားသည်။ စေတန်ကဒေါသကလွဲပြီး ဘာမှမြင်တော့ဟန်မတူ။
    "မင်းကိုဘာဒုက္ခမှမပေးတဲ့မိန်းကလေးကို မင်းသတ်ဖို့ကြိုးစားနေသလားမို့ မင်းတော်တော်ဆိုးဝါးတဲ့မိန်းမပဲ..”
    "အ...ငါ့ကိုလွတ်စမ်းစေတန် ခရာက ဘာဒုက္ခမှမပေးတဲ့မိန်းမလို့ နင်ပဲမွန်ပြီးထင်နေတာ"
   "တော်စမ်းပါ.. သူဘာဖြစ်ဖြစ် မင်းဒီလိုယုတ်ညံ့ပြီး လုပ်စရာဘာအကြောင်းမှမရှိဘူး ခရာတစ်ခုခု ဖြစ်ကြည့်စမ်းပါ ငါမင်းကိုဒီတိုင်းမထားဘူး"
   "ဟျောင့် စေတန် မင်းဘာစကားပြောသလဲ မင်းများနေပြီ မို့ကိုအခုလွတ်လိုက်.."
    ကောင်းကင်က ဒေါသတကြီး ဝင်ပြောလိုက်သည်။ စေတန်ကမို့ကို စိတ်ဆိုးမာန်ဆိုးပင် ဆောင့်လွတ်လိုက်တော့
    "တောက် ..ဒါမင်းသူငယ်ချင်းနော် စေတန် ဘာမဟုတ်တဲ့မိန်းမအတွက်..."
    "မင်းပါးစပ်ပိတ်ထားစမ်းကောင်းကင် ခရာကဘာမဟုတ်တဲ့မိန်းမမဟုတ်ဘူး ငါ့ဘဝပဲ သူ့ကိုထိခိုက်စေတဲ့အရာမှန်သမျှ ငါ့ကိုထိခိုက်တာပဲသိလား.."
   "မင်းရူးနေပြီစေတန် မင်းဒီမိန်းမအတွက် မင်းနဲ့ဆိုးတူကောင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်းတွေနဲ့တောင် ဒီလိုဆက်ဆံတယ် မင်းကိုငါအံ့သြတယ်.."
    "ထပ်ပြီးအံ့သြရအောင်ပြောမယ် မင်းတို့နဲ့ယှဉ်ပြီးတောင် ငါသူ့ကိုရွေးမယ် ရှင်းလား..."
    "မင်း. ... "
    "အခုခရာတစ်ခုခုဖြစ်ကြည့်စမ်းပါမို့ မင်းမလွယ်ဘူးမှတ် ငါဘယ်သူ့ကိုမှသောက်ဂရုမစိုက်ဘူး ပြီးတော့ ဒီအချိန်ကစပြီး မို့ကိုငါ့သူငယ်ချင်းအဖြစ် ငါမသတ်မှတ်တော့ဘူး.."
    "တောက်..."
    ကောင်းကင်ခံပြင်းလွန်းသဖြင့် တက်ခေါက်လိုက်ပြန်၏။ မို့ကစေတန်ကို ခပ်စိမ်းစိမ်းပင်စိုက်ကြည့်ပြီး ဘာစကားမှမဆို။ တင်းမာနေသည့်အခြေအနေကို ကမ္ဘာက ဝင်ထိန်းလိုက်သည်။
    "တော်ကြပါတော့ မို့လည်းတမင်တွန်းတာမဟုတ်ဘဲ မတော်တဆဖြစ်သွားနိုင်တာပဲ ဒီလိုလုပ်စရာ အကြောင်းမှမရှိတာမဟုတ်လား မို့..."
   "ငါတမင်တွန်းလိုက်တာပဲ "
   မို့ကလည်း မခေ။ ခပ်ဆတ်ဆတ်ပင် တုန့်ပြန်လိုက်သဖြင့် ကမ္ဘာပင် ဘာပြန်ပြောရမှန်းပင်မသိတော့ပေ။ စိမ်းက
   "မို့ကိစ္စကိုပြီးမှ ငါရှင်းရှင်းလင်းလင်းမေးမယ် အခုတော်ကြတော့နော် နင်တို့ခုလိုအချင်းများနေတာ မကောင်းဘူး တခြားလူတွေကိုလည်းအားနာပါဦး ပင်ပန်းထားကြတာ ပြီးတော့စေတန် နင်လည်း စိတ်လျှော့စမ်းပါ စိတ်ချခရာဘာမှမဖြစ်ဘူး ဒါသူ့အိမ်လေ သူ့အိမ်မှာသူ့ကိုစောင့်ရှောက်မယ့်သူတွေ အများကြီး သူဘာမှမဖြစ်စေရဘူးငါအာမခံတယ် ခရာက သာမာန်မိန်းကလေးမဟုတ်ဘူးဆိုတာ နင်လည်းသိပါတယ်.."
    "တောက်..."
     တက်တစ်ချက်ခေါက်ပြီး စေတန်ဘာမှမတုန့်ပြန်ဘဲ ထွက်သွားတော့၏။ ကောင်းကင်က လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း
    "သူငယ်ချင်းဆိုတာ ဒီကောင့်အတွက် ဘာမှအရေးမပါဘူးလား တောက်.."
    "ကဲ..ကောင်းကင် နင်လည်းတော်ပါတော့ဟာ.."
     စိမ်းအသံကတုန်ယင်လို့နေသဖြင့် ကောင်းကင်ဒေါသကိုချုပ်ထိန်းထားလိုက်၏။ စိမ်း၏နာကျင်မူကိုနားလည်သောကမ္ဘာက သက်ပြင်းသာ ခိုးရိုက်မိသည်။
    ထို့နေ့က ခရီးလမ်းကြောင်းမတိုင်ပင်ဖြစ်သဖြင့် သူတို့ကမ်းစပ်နားမှာပင် တဲထိုးအနားယူလိုက်သည်။
    ပင်လယ်ပြင်ကို တိတ်ဆိတ်စွာငေးမောပြီး ငြိမ်သက်နေသူက ဈာန်...
    ပူလောင်နေသောရင်အစုံဖြင့် သူရှိရာ တရွေ့ရွေ့လှမ်းလာသူက မို့.။ ဈာန်နှင့်အနီးဆုံးတွင် ခြေလှမ်းကိုရပ်လိုက်ရင်း..
     "အစ်ကို..."
     ဈာန်ကလှည့်မကြည့်သလို ဘာမှမတုန့်ပြန်။ အေးစက်စွာရှိနေဆဲ.. 
    "မို့တောင်းပန်ပါတယ်.."
    "မင်းတောင်းပန်ရမှာ ကိုယ့်ကိုမဟုတ်ဘူး ခရာ့ကိုပါ"
    "အစ်ကို မို့ကိုမုန်းနေပြီလား.."
     မို့အသံက အက်ရှတုန်ယင်နေ၏။ သူမကိုဘယ်အရာမှ ဤမျှဝမ်းနည်းကြေကွဲခြင်းမျိုး မဖြစ်စေခဲ့ပါ။ ဈာန်သူမကိုမုန်းသွားပြီလား ဟူသောအသိက ရင်တစ်ခုလုံးလိုက်ခါသွားအောင် လောင်မြိုက်စေပါသည်။
     မို့ဘာဆိုဘာမှ မကြောက်ပါ။ ဂရုမစိုက်ပါ...
     သို့သော်ဈာန်မုန်းသွားမည်ကို သူမသေမတက်ပင် ကြောက်ရွံ့နေမိ၏။ သူမခံနိုင်ရည် မရှိပါ။
   "မင်းကိုယ့်ကို အတော်လေးစိတ်ပျက်သွားစေခဲ့တာ အမှန်ပဲမို့ ကိုယ်မင်းကိုအခုချိန်ဘာစကားမှမပြောချင်ဘူး ဘာလို့ဒီလိုလုပ်ရပ်မျိုး လုပ်လိုက်သလဲဆိုတာလည်း နားမလည်နိုင်အောင်ပါပဲ ကိုယ်မင်းကို တကယ်စိတ်ပျက်မိတယ်"
   "အစ်ကိုရယ်..."
    မို့မျက်ဝန်းမှမျက်ရည်အချို့ ပေါက်ခနဲ့ လိမ့်ဆင်းလာ၏။ နာကျင်မူကြောင့် အံ့ကိုကြိတ်ထားရင်းမှ
   "မို့လူတစ်ဖက်သားကို သပ်သပ်ဒုက္ခပေးရအောင်ယုတ်မာတတ်တဲ့ မိန်းကလေးမဟုတ်ဘူးအစ်ကို မို့အရမ်းနာကျင်ရလို့ လုပ်မိလုပ်ရာလုပ်ခဲ့မိတာပါ အစ်ကိုသူ့ကိုဂရုစိုက်သမျှဟာ မို့ကိုနာကျင်စေခဲ့တယ် ဘာဖြစ်လို့လဲသိလား..."
    ".........."
    "မို့အစ်ကို့ကို ချစ်ခဲ့မိလို့ပါ.."
     ဈာန် ဖျတ်ခနဲ့မို့ကိုလှည့်ကြည့်လာ၏။ မို့မျက်ဝန်းမှာမျက်ရည်တွေနှင့်....
    သူမုန်းမှာကို သေမလောက်ကြောက်ရွံ့နေခဲ့မိသော နူတ်ခမ်းတို့ကတုန်ယင်နေရင်း
    "မို့အစ်ကို့ကိုလေ သိပ်ချစ်ခဲ့မိလို့ပါ..."
    "မင်းမှားနေပြီ မို့..."
   "ဟင့်အင်း.. မို့အချစ်တွေမှာ ဘာအမှားယွင်းမှမပါခဲ့ဘူး.."
     ဈာန်က ခေါင်းတစ်ချက်ခါရမ်းလိုက်ပြီး..
    "မင်း အချစ်တွေကမှားယွင်းနေတာမဟုတ်ရင် မင်းခံယူချက်တွေကမှားနေတာပဲမို့ မင်းခရာ့ကို တွန်းချလိုက်လို့ သူမရှိတော့ရင်ရော ကိုယ်မင်းကိုပြန်ချစ်လာနိုင်မယ်လို့ မင်းထင်နေသလား.."
     "ရှင်..."
     "ခရာရှိခြင်းမရှိခြင်းက ကိုယ်ပြောင်းလဲလာမယ့်အချက်မဟုတ်ဘူး မင်းအချစ်မှာအတ္တတွေအဆိပ်တွေပါနေလို့ မင်းဒီလိုမှားယွင်းနေတာပဲ မင်းတကယ်မချစ်တတ်သေးဘူး အချစ်ကိုပိုင်ဆိုင်ဖို့ပဲ မင်းတွေးနေသေးသရွေ့ မင်းပူလောင်နေဦးမှာပဲ မို့"
     "မဟုတ်ဘူး..."
     "ခရာ့ကိုကိုယ်ချစ်ခဲ့တာ ရိုးစင်းတယ် သူပျော်ရွှင်နေရင်ကို ကိုယ်ကျေနပ်တယ် သူဟာကိုယ့်အတွက် မဟုတ်ရင်တောင်မှ ကိုယ်သူ့ကိုဆက်ချစ်နေမှာပဲ ဘယ်သောမှပြောင်းလဲမှာမဟုတ်ဘူး သူမရှိတော့ဘူးဆိုရင်လည်း ကိုယ်သူ့ကိုချစ်တာ ရပ်တန့်သွားမှာမဟုတ်သလို ဘယ်သူ့ကိုမှ အစားထိုးမှာမဟုတ်ဘူး ဒါကိုယ်ယုံကြည်တဲ့ ကိုယ်သူ့အပေါ်ထားတဲ့ ချစ်ခြင်းတစ်ခုရဲ့သစ္စာတရားပဲ"
    "ဒါပေမယ့် သူမှအစ်ကို့ကိုမချစ်တာ အစ်ကိုဘာလို့..."
    "သူမချစ်တာနဲ့ပဲ ကိုယ့်ဖက်ကရပ်တန့်ဖို့လိုလို့လား ကိုယ်ကသူ့ခန္ဓာကိုယ်ကို မြတ်နိုးခဲ့တာမဟုတ်ဘူး ခရာဆိုတဲ့ဖြစ်တည်မူနဲ့ သူ့ပျော်ရွှင်ခြင်းတွေကိုချစ်ခဲ့တာ မင်းသိလား..."
    ထာဝရဆုံးရူံးခြင်းဆိုသည့်အသိနှင့် မို့မျက်ဝန်းမှမျက်ရည်တို့က အဆက်မပြတ်စီးကျလာတော့၏။ ဈာန်က မို့ကိုတည်ငြိမ်စွာပင် စိုက်ကြည့်ရင်း
    "မင်းလုပ်ရပ်တွေအတွက် ကိုယ်မင်းကိုစိတ်ပျက်မိသလို ဒုတိယအကြိမ် မင်းပြောတဲ့အချစ်ဆိုတာတွေအတွက်လည်း ကိုယ်စိတ်ပျက်မိတယ် ထပ်မကြိုးစားချင်ပါနဲ့ ကိုယ်ဟာဒီဘဝအတွက် ခရာ့ကိုချစ်ဖို့ လုံလောက်နေပြီမို့ မျှော်လင့်ချက်တွေအဆုံးသတ်လိုက်ပါ အဓိပ္ပာယ်ရှိရှိ တခြားလူဆီမှာ မင်းမျှော်လင့်ခြင်းတွေရှင်သန်ပါ.."
     "မို့ကအလွယ်တကူပြောင်းလဲနိုင်မယ်လို့ အစ်ကိုထင်သလား မို့အချစ်ကို ဒီလောက်အထင်မသေးပါနဲ့လား"
    "အဲ့ဒီအဓိပ္ပာယ်သက်ရောက်သွားရင် ဆောရီးပါ ကိုယ်မရည်ရွယ်ပါဘူး ချစ်တာမချစ်တာမင်းအပိုင်းပါ ကိုယ်မတားပါဘူး ကိုယ့်ဖက်ကသဘောထားလည်းရှင်းမယ် ထင်ပါတယ် ထပ်ပြီးမမှားဖို့တော့ တောင်းဆိုချင်တယ် မဟုတ်ရင် ကိုယ်တို့ပိုဝေးသွားလိမ့်မယ်"
      ဈာန်ကပြောပြီးသည်နှင့် ကျောခိုင်းထွက်သွားတော့ ထိန်းချုပ်ထားသမျှ မို့အရုပ်ကြိုးပြတ်ပင်ထိုင်ချမိသည်...။
    နာကျင်မူက အသည်းထဲထိတိုင်နက်ရှိုင်းစွာ...
    မျက်ရည်တွေကသဲသောင်ပြင်ပေါ်သို့ တပေါက်ပေါက်နှင့်...
     ဒါလား..... အသည်းကွဲခြင်းဆိုတာ
    ကိုယ့်အတွက်မချစ်တတ်သူကိုမှ ကံတရားဟာ မှားယွင်းခြင်းစွာဖန်တီးခဲ့သည်လား...
    ဟင့်အင်း....ဒါဆိုရင်မို့ကို ဆက်ပြီးမှားယွင်းခွင့်ပြုပါလေ..
    စုံမက်ခဲ့သည့်ချစ်ခြင်းတစ်ခုကို မစွန့်လွတ်နိုင်လေတော့ အရာရာသည်မှောင်မိုက်ဖုံးနေဆဲ.......။

ကြာဖြူ(ကြာဖြူ) Where stories live. Discover now