Part-4

2.6K 176 2
                                    


Unicode

~~ကြာဖြူ~~
အပိုင်း(၄)

     နေကာတောင်တန်းတွေကြား ဝင်လုနေဆဲချိန် ဟိုးအဝေးမှအိပ်တန်းပျံနေသည့် ဌက်ကလေးတွေနှင့်...
     လိမ္မော်ရောင်ညဆည်းဆာကာ လှချင်တိုင်းကိုလှနေလျက်..
     သဘာဝပန်းချီကားတစ်ချပ်ကိုစိတ်နှစ်ပြီး သူငေးနေမိသည်မှာ သောက်လက်စကော်ဖီပင် အေးစက်လို့..
    "ဆရာသမားတွေးလှချည်လား..."
     အသံနှင့်အတူအနားရောက်လာသော နေဇော်ကြောင့် သူ့အတွေးစတွေ ပျက်ဆီးသွားလေရာ
    "ဟုတ်တယ် သဘာဝတရားကြီးက သိပ်လှတယ် အဲ့ဒီ့အလှအပကို စိတ်နှစ်ပြီးခံစားနေတုန်း ဌက်ဆိုးထိုးသံကြားလိုက်ရတာပဲ.."
    မကျေမချမ်းဖြင့်ဆိုလိုက်သော သူ့စကားကြောင့် နေဇော်သဘောကျစွာ ရယ်လိုက်ရင်းနှင့်
    "ငါနောက်နှစ်ရက်ဆို ပြန်တော့မယ် ဈာန်.."
   "ဘယ်လို..မြန်လှချည်လား"
    "ဟုတ်တယ် ဒီမှာလုပ်စရာရှိတာတွေလည်း လုပ်ပြီးပြီ ဟိုမှာငါ့အလုပ်တွေက အကြာကြီးပစ်ထားလို့မရဘူးကွ "
    သူအေးစက်စက်ကော်ဖီကို မော့သောက်လိုက်ပြီး ရင်ထဲမကောင်းဖြစ်မိသည်။ နေဇော်နှင့်သူက ငယ်သူငယ်ချင်းတွေ..
     နေဇော်နိုင်ငံခြားတွင် အခြေချပြီးသည့်နောက် မတွေ့ဖြစ်တာ အတော်ကြာပြီဖြစ်သည်။ တစ်လောကမှ မြန်မာပြည်ရုတ်တရက်ရောက်လာ၍ သူနှင့်ဆုံဖြစ်ခဲ့ခြင်းပင်..
     အခုပြန်သွားတော့မည်ဆိုတော့ သူအတော်စိတ်မကောင်းဖြစ်မိတာ အမှန်ပင်...
    "အေးကွာ.. ငါတော့မင်းကို သတိရနေတော့မှာပဲ အားရင်လာခဲ့ဦးကွာ မင်းဆီတော့ ငါလာဖြစ်မယ်မထင်ဘူး UKကငါ့အတွက် သိပ်စိတ်ဝင်စားဖို့မကောင်းဘူး "
    ဈာန်စကားကြောင့်နေဇော်ပြုံးလိုက်မိသည်။ ဈာန်ကတကယ့် လူထူးလူဆန်းတစ်ယောက်။
    လူငယ်တစ်ယောက်ဖြစ်သော်လည်း သာမာန်နှင့်မတူ။ ထူးခြားသောအဖြစ်ပျက်တွေအပေါ် စိတ်ဝင်စားကာ ဝါသနာထုံလှသည်။ ဆန်းကြယ်သည်ယူဆရသော မည်သည့်ကိစ္စမဆို အချိန်ပေးကာ စူးစမ်းလေ့လာလိုစိတ်က အတော်ပြင်းထန်လှသည်။
     ဆယ်တန်းမှာဆေးမှတ်မှီခဲ့သည့်တိုင် ဝါသနာပါရာ ရှေးဟောင်းသုတေသန ပညာရပ်ကိုသာ တစိုက်မတ်မတ် လေ့လာခဲ့သည်။။
     ဈာန်သည် လူငယ်တစ်ယောက်ဖြစ်သည့်တိုင် အချိန်ပြည့် ရှေးဟောင်းစာအုပ်တွေနှင့်သာ ကုန်ဆုံးလေ့ရှိသည်။ အရပ်မြင့်မြင့် အသားလတ်လတ်နှင့် ပြုံးရယ်ခဲသောဈာန်က မိန်းကလေးတွေအတွက် တေမိမင်းသားဖြစ်ခဲ့သည်။
    ဈာန်ကတော့ကျောင်းပြီးသည့်ထိ စာအုပ်မှလွဲ၍ ဘာမှစိတ်မဝင်စားခဲ့ချေ။ လေ့လာလိုက်စားမှုနှင့် ပြင်းထန်သောဝါသနာကြောင့်ထင်ပါ့
     ဈာန်သည် အသက်(၂၆)နှစ်မှာပင် အောင်မြင်သည့်စာရေးဆရာတစ်ယောက် ဖြစ်ခဲ့သည်။ သူမတူသော အဖြစ်အပျက်တွေ ထူးဆန်းလွန်းသော ဖြစ်ရပ်မှန်တွေကို ကိုယ်တိုင်လက်တွေ့ကျကျလေ့လာပြီး ရေးသားထားသော ဈာန်စာအုပ်တွေက လူကြိုက်များလွန်းခဲ့သည်။
     နောက်ဆုံး ရုပ်ရှင်ထုတ်လုပ်သူဖက်မှ ဈာန့်စာအုပ်တွေကို ရုပ်ရှင်ဇာတ်ကားအဖြစ် ဖန်တီးယူခဲ့သည်။ ပြီးခဲ့သောနှစ်က ဈာန်ရေးသားသည့်ဇာတ်လမ်းသည် ရုပ်ရှင်အကယ်ဒမီ ဆုချိတ်ယူနိုင်သည်အထိ အောင်မြင်ခဲ့သည်...။
     အောင်မြင်မှုနှင့်မွန်းကျပ်မခံလိုသော ဈာန်သည် ဘယ်သောမှစင်ပေါ်မတက်ခဲ့ချေ။ ထို့ကြောင့် ဈာန်ကိုစာရေးဆရာတစ်ယောက်မှန်း သိသူနည်းပါးလှသည်။
    ဈာန့်လိုလူအတွက် ခေတ်မီတိုးတတ်မှုအပြည့်ရှိသောUKသည် သာမာန်အလည်အပတ်ထက် မပိုသည်မှာမထူးဆန်းပေ။ နေဇော် ဈာန့်အကြောင်းတွေးနေရင်းမှ လာရင်းကို သတိရလိုက်ကာ
    "ဒါနဲ့ မင်းခုတလောငြိမ်နေပါလား စာရေးဖို့ ဇာတ်လမ်းအသစ်အဆန်းတွေ မရှိဘူးလား.."
    "ဟုတ်တယ် ခုတလောစာရေးဖို့ အာရုံမရဘူး ငါစိတ်တိုင်းကျမယ့် ဇာတ်လမ်းရှာမတွေ့တာလည်းပါတယ် တွေးလိုက်ငေးလိုက်နဲ့ အချိန်ကုန်နေတော့တာ မင်းမြင်တဲ့အတိုင်းပဲ"
    နေဇော်တစ်ချက်ပြုံးပြီး...
    "မင်းကျိန်းသေစိတ်ဝင်စားမယ့် ဇာတ်လမ်းတစ်ပုဒ် ငါပြောပြမယ်ဈာန်.."
    "ဘယ်လို..."
    "ဒီအဖြစ်အပျက်က ပုံပြင်လည်းဖြစ်ရင်ဖြစ်လိမ့်မယ် တကယ်လည်းဟုတ်ရင်ဟုတ်မယ် မင်းဘာသာမင်းဝေဖန်ပိုင်းခြားပေါ့ ငါကတော့ဒါကို ထူးဆန်းလွန်းတဲ့ဇာတ်လမ်းအဖြစ် လက်ခံတယ်ဆိုတာအမှန်ပဲ ဈာန်"
     နေဇော်လိုလက်တွေ့ကျသော စီးပွားရေးတစ်ယောက်မှ ဝန်ခံသောစကားကြောင့် ဈာန်စိတ်ဝင်စားစပြုလာသည်။ နေဇော်ပုံက တကယ်ကိုလေးလေးနက်နက်..
    သူစိတ်ဝင်စားနေမှန်းသိတော့ နေဇော်ကခေါင်းတစ်ချက်ညိတ်လိုက်ပြီး...
    "တကယ်တော့ ငါမြန်မာပြည်ပြန်ခဲ့တာ ဒီကိစ္စကြောင့်ပဲဈာန် ငါ့ဦးလေးအရိုးပြာအိုးကို မြန်မာပြည်ထိသယ်လာပြီး ဒီကိုလာသင်္ဂြိုလ်ရတဲ့နောက်မှာ သာမာန်မဟုတ်တဲ့ ကိစ္စတွေပါဝင်နေခဲ့တယ် ဒီအကြောင်းအရာကို မင်းလို စာရေးဆရာတစ်ယောက်ကို ငါသိပ်ပြောချင်ခဲ့တယ်ဈာန် "
     ဈာန်ကဘာမှမတုန့်ပြန်။ သို့သော် သူ့ကိုစူးစူးစိုက်စိုက်ကြည့်နေသည့်မျက်ဝန်းတို့တွင် စိတ်ဝင်စားမှုတွေအပြည့်..
    နေဇော် သက်ပြင်းတစ်ချက်ရိူက်လျက်နှင့်..
    "မင်းနားလည်အောင် ငါသိသလောက်ပြောရရင် လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကနေစရမှာပဲ.. ခရီးသွားဝါသနာပါလွန်းတဲ့ငါ့ဦးလေးက သူ့သူငယ်ချင်းနှစ်ယောက်နဲ့ ပင်လယ်ပြင်ကို အပျော်ခရီးထွက်ကြတယ် နောက်တော့ အဆက်အသွယ်မရဘဲ ရုတ်တရက်ပျောက်သွားတယ်"
    "ပျောက်သွားတယ်..."
    "ဟုတ်တယ်တစ်နှစ်လောက်ကြာမယ် ပြီးတော့ ပြန်ပေါ်လာတယ် ဦးလေးအပြောအရတော့ မုန်တိုင်းမိပြီး ကျွန်းတစ်ကျွန်းမှာ သောင်တင်နေတာတဲ့ ငါ့အထင်တော့ ဒီထက်ပိုလိမ့်မယ် ဘာဖြစ်လို့လည်းဆိုတော့ အဲ့ဒီနောက်ပိုင်း ငါ့ဦးလေးအပြုအမူတွေက သိပ်ထူးဆန်းတယ် မြန်မာပြည်ကိုမခွဲနိုင်လို့ ဒယ်ဒီတို့ခေါ်တုန်းက မရမကငြင်းခဲ့တဲ့ဦးလေးက ရုတ်တရက် နိုင်ငံခြားကို အပြီးပြောင်းလာတယ် ဦးလေးပုံစံက တစ်ခုခုကိုကြောက်ရွံ့ပြီး အသဲအသန် ထွက်ပြေးလာတာနဲ့ တူတယ် "
    မောသွားဟန်ဖြင့် နေဇော်ကစကားကို ရပ်လိုက်သည်။ သူငြိမ်သက်စွာပင် နားစွင့်နေဆဲ...
     "ငါဒုတိယနှစ်မှာ နိုင်ငံခြားမှာကျောင်းဆက်တက်ဖို့ ထွက်သွားတော့ ဦးလေးနဲ့ပိုအနေများလာတယ် အဲ့ဒီချိန်မှာပိုသိလာတယ် ဦးလေးက ညညဆိုတစ်ခုခုကို ကြောက်နေပုံရတယ် အထူးသဖြင့် လပြည့်နေ့လိုမျိုးဆို တစ်ညလုံးတောင် သူမအိပ်ရဲဘူး အဲ့တစ်ခုပဲ ကျန်တာတော့ အားလုံးပုံမှန်ပဲ စီးပွားရေးလည်းပုံမှန်ပဲလုပ်နေတာ"
    "အင်း စိတ်ဝင်စားစရာပဲ..."
    "နောက်တော့ ဦးလေးက သူ့ချစ်သူနဲ့လက်ထပ်ဖို့ပြင်ဆင်တယ် ဒါပေမယ့်မင်္ဂလာပွဲကျင်းပဖို့အလို တစ်ညမှာ ဦးလေချစ်သူက ရုတ်တရက်အဖြေမသိဘဲ ထူးထူးဆန်းဆန်းသေသွားတယ်"
     "ဘယ်လို.."
    "ဟုတ်တယ်ဈာန် ဦးလေးချစ်သူက ခြံထဲကရေကန်နားမှာ ငြိမ်ငြိမ်လေးအသက်ပျောက်နေတယ် သူ့ပုံစံကအိပ်နေသလိုပဲ သက်သောင့်သက်သာပုံစံနဲ့သေနေတာ အဲ.. ထူးဆန်းတာတစ်ခုက အနီးအနားမှာ ဘာကြာပန်းမှမရှိဘဲနဲ့ သူ့လက်ထဲမှာ အဖြူရောင်ကြာပန်းတစ်ပွင့်ကို ဆုပ်ကိုင်ထားတယ်"
    "အဖြူရောင်ကြာပန်း.."
    သူအံ့သြစွာဆိုတော့ နေဇော် ခေါင်ညိတ်ရင်းနှင့်
    "ဟုတ်တယ်.. ဘာကြောင့်သေသွားသလဲဆိုတဲ့ အဖြေကိုတော့ ဘယ်လိုမှ အဖြေရှာမရခဲ့ဘူး အဲ့ဒီမှာထူးဆန်းတာက ဦးလေးက သူ့ချစ်သူ အဖြေမသိဘဲသေသွားတာ စိတ်ထိခိုက်ပေမယ့်အံ့သြပုံမရဘူး သူ့ချစ်သူလက်ထဲကကြာပန်းဖြူကိုမြင်တော့ အတော်လေး တုန်လှုပ်သွားပုံရတယ် သူအထိတ်တလန့်ပြောလိုက်တာ ငါမှတ်မိသေးတယ် ကြာဖြူ.. မင်းတကယ်ရောက်လာခဲ့ပြီပဲ တဲ့.."
    "ကြာဖြူ.."
    နာမည်ကရိုးရိုးစင်းစင်းလေး...။ သို့သော် ဆန်းကြည်မှုတွေပြည့်နေမည်ဟု သူဘာကြောင့်ခံစားမိလိုက်မှန်းမသိ...
     ဈာန် နေဇော်ကို စေ့စေ့ကြည့်ရင်းနှင့်..
    "ကြာဖြူက ဘာလဲ လူနာမည်လား.."
    "ငါမသိဘူးဈာန် ငါမြင်ခဲ့ရတာတော့ သူ့ချစ်သူဆုံးသွားပြီးနောက်ပိုင်း ဦးလေးကဘယ်သူနဲ့မှ စကားသိပ်မပြောတော့ဘူး သူအဖြူရောင်ကြာပန်းတွေကို အရမ်းကြောက်ပုံရတယ် မြင်လိုက်တာနဲ့တင် ချက်ချင်းအော်ပစ်တာ ဒါပေမယ့်လပြည့်နေ့ညမျိုးဆို သူ့အခန်းထဲမှာ ဘယ်ကနေရမှန်းမသိတဲ့ အဖြူရောင်ကြာပန်းတစ်ပွင့်ရှိနေတတ်တယ် အဲ့ကြာပန်းကိုကြည့်ပြီး ဦးလေးကအရူးတစ်ယောက်လို စကားတွေပြောနေတယ် တစ်ခါတလေတောင်းပန်တယ် ပြီးတော့ ငိုတယ်"
     "ထူးဆန်းလိုက်တာ ဦးဥက္ကာ ဒီလိုတွေဖြစ်နေတာ မင်းတို့ဘာမှမလုပ်ကြဘူးလာ နေဇော်..."
     သူ့စကားကြောင့် နေဇော် သက်ပြင်းရိူက်လိုက်ကာ..
    "သူ့ကိုငါတို့ဆရာဝန်ကြီးတွေနဲ့ စစ်ဆေးသေးတယ် ဘာရောဂါမှမရှိဘူး ဦးလေးကလည်း ဒီအပြုအမူကလွဲရင် ကျန်တာ လူကောင်းတစ်ယောက်လိုပဲလေ.. နောက်တော့ ဒယ်ဒီတို့က ဦးငယ်စိတ်ငြိမ်အောင်ဆိုပြီး သင့်တော်တဲ့သူနဲ့ အိမ်ထောင်ချဖို့ ထပ်လုပ်တယ်.. ဒါပေမယ့်.."
    "ဘာလဲ.... သေသွားပြန်သလား.."
    "ဟုတ်တယ်.. မင်္ဂလာပွဲမကျင်းပခင်တစ်ညအလိုပဲ အဖြေရှာမရဘဲ ထူးထူးဆန်းဆန်းသေသွားပြန်တယ် ဒီတစ်ခါမှာတော့ သူ့အတွက်ပေးထားတဲ့အခန်းထဲမှာပဲ ငြိမ်ငြိမ်လေးနဲ့ ပြီးတော့လက်ထဲမှာလည်း အဖြူရောင်ကြာပန်းတစ်ပွင့် ကိုင်ထားပြန်တယ်.."
    နေဇော်စကားအဆုံး ဒါဟာ သာမာန်မဟုတ်မှန်း သူပို၍သေချာသွားမိသည်။ နေဇော်က သက်ပြင်းသာ ထပ်ခါထပ်ခါချနေရင်းနှင့်....
    "ဦးလေးကသူ့လက်ထဲက ကြာပန်းကိုယူပြီး မျက်ရည်ကျလာတယ်.. ပြီးတော့ သူပြောလိုက်တယ် ကြာဖြူထပ်ခါတလဲလဲနာကျင်ခြင်းနဲ့ အထီးကျန်ခြင်းတွေက မင်းကျေနပ်ဖို့ မထိုက်တန်သေးလားတဲ့...."
    "စိတ်မကောင်းစရာပဲကွာ..."
    "ဘာကြောင့်မှန်းမသိပေမယ့် ငါ့ဦးလေးတကယ် သနားဖို့ကောင်းတယ် သူအမြဲတမ်းအထီးကျန်နေတယ် ကြောက်ရွံတုန်လှုပ်နေတယ် သူကြောက်တဲ့ ကြာပန်းတစ်ပွင့်နဲ့ အခန်းထဲမှာအမြဲရှိနေတတ်တယ် ငါ့ကိုတောင် အနားမကပ်ခိုင်းဘူး သူပြောလိုက်သေးတယ် သူ့နားကိုမလာကြနဲ့တဲ့ သူ့ကိုတစ်ယောက်ထဲထားပါတဲ့ မဟုတ်ရင် သူ့နားလာတဲ့သူတိုင်း ထိခိုက်စေလိမ့်မယ်တဲ့.."
      "ကြောက်ဖို့ကောင်းလိုက်တာ အန်ကယ်ဦးဥက္ကာဘဝအတော်အထီးကျန်ဆန်ပြီး ခြောက်သွေ့နေမှာပဲ ဒါကကျိန်စာတစ်ခုဆိုရင်တောင် အတော်ဆိုးဝါးတဲ့ ကျိန်စာပဲ.."
     နေဇော်ယဲ့ယဲ့လေး ပြုံးရှာသည်။ အတန်ကြာအောင် ငြိမ်သက်နေရင်းမှ...
    "ဒီလိုနဲ့ သူတစ်ယောက်တည်းနေလာခဲ့တယ် ဆိုပါတော့ ဦးလေးကသူသေမယ့်ချိန် ကြိုသိနေပုံရတယ် ငါ့ကိုစာအိတ်တစ်အိတ်ပေးထားခဲ့တယ် သူသေမှဖွင့်ဖတ်ပါတဲ့ သူသေခဲ့ရင် သူ့ကိုမြန်မာပြည်မှာပဲမြေချပေးဖို့ရယ် ပြီးတော့ ထူးဆန်းတာတစ်ခုက သူ့အုပ်ဂူမှာ ဒီစာလေးရေးပေးဖို့ ငါ့ကိုတဖွဖွမှာခဲ့တယ်.."
     "ဘာစာမို့လဲ...."
     "ကြာဖြူ ငါတို့သေခြင်းတရားမှာ မင်းအငြိုးတွေ ပြေပါစေတော့... တဲ့"
     ဘာကြောင့်မှန်းမသိ သူ့ရင်ထဲ တင်းကျပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး စိတ်မသက်သာစွာဖြင့်
    "ထူးဆန်းလိုက်တာ ဒါနဲ့. ငါတို့ဆိုတဲ့စကားက ဘာကိုဆိုလိုသလဲ..."
    "ဦးလေးနောက်ဆုံးသွားခဲ့တဲ့ခရီးက သူ့သူငယ်ချင်းနှစ်ယောက်နဲ့ သွားခဲ့တာလေ ငါလည်းအလုပ်နဲ့ ကျောင်းတစ်ဖက်နဲ့ ရူပ်နေတာမို့ ဦးလေးသူငယ်ချင်း အကြောင်းတွေမသိပေမယ့် နာမည်လောက်တော့ ရင်းနှီးတယ် ဘယ်လောက်အံ့သြဖို့ကောင်းလဲ ဈာန် ဒီသတင်းစာကို ကြည့်လိုက်စမ်း.."
     နေဇော်ကသူအသင့်ယူလာဟန်ရှိသည့် သတင်းစာဟောင်းတစ်ခုကို ဖြန့်ပြရင်း..
     "ဒီမှာ ဦးမိုးမြင့် ဦးမင်းသန့်ကျော် ဦးက္ကာဆိုတဲ့နာရေး ဒါ သူတို့သူငယ်ချင်းသုံးယောက်ပဲ သူတို့တစ်နေ့တည်း တစ်ချိန်တည်းမှာ တပြိုက်နက်ဆုံးသွားတယ် မထူးဆန်းလွန်းဘူးလာ ဈာန်.."
    သူသတင်းစာကို ခေါက်တုန့်ခေါက်ပြန်ကြည့်ပြီး ဘာပြောရမှန်းမသိအောင်ပင် အံ့သြနေမိသည်။
    "ငါ့ဘဝမှာကြုံခဲ့ဖူးသမျှထဲမှာ အထူးဆန်းဆုံး အဖြစ်တစ်ခုပဲ နေဇော်..."
    "ငါလည်းအတော်အံ့သြခဲ့တယ်ဈာန် ဦးလေးဖြစ်ချင်တဲ့အတိုင်း သူ့အရိုးပြာအိုးကို မြန်မာပြည်သယ်လာပြီး မြေချပေးခဲ့တယ် ဒီအဖြစ်အပျက်ကို မင်းကိုတွေ့ကတည်းက ပြောချင်နေခဲ့တာ လုပ်စရာတွေမပြီးပြတ်သေးလို့ အခုမှ လာပြောပြရတယ် မင်းအတွက် အနည်းဆုံးတော့ ဇာတ်လမ်းတစ်ပုဒ်တော့ဖြစ်မှာပါ.."
     "မဟုတ်ဘူး.. ဒါ လူဖတ်များဖို့ဖန်တီးရမယ့် ဇာတ်လမ်းမဟုတ်ဘူး ဒီထက်ပိုလေးနက်သင့်တယ်.."
     သူ့စကားကို နေဇော်မတုန့်ပြန်မိပါ။ ဈာန့်အကြောင်းကို သူကောင်းကောင်းသိထားသည် မဟုတ်လား...
     ဈာန်တစ်ခုခုကိုသတိရလိုက်ဟန်ဖြင့် နေဇော့်ကို ဖျတ်ခနဲ့ကြည့်လိုက်ရင်းနှင့်...
     "ဒါနဲ့မင်းဦးလေး မသေခင်ပေးထားတဲ့စာ ဆိုတာကရော.."
     "ဟုတ်သားပဲ... ငါမေ့နေတာ ဒီမှာရော့"
     နေဇော်ကအိတ်ထဲကနေ စာအိပ်လေးတစ်ခုကိုထုတ်ပြီး သူ့ကိုလှမ်းပေးလိုက်သည်။ သူဖွင့်ကြည့်လိုက်တော့....
     ရှေးဆန်သောမြေပုံတစ်ခုနှင့်အတူ စာတစ်စောင်။ စာထဲတွင် ရေးထားသည်က. ..
     "ပဒုမ္မာရီမြို့တော်ကိုသွားပါ ကြာဖြူကိုတွေ့အောင်ရှာပါ ဒီကျိန်စာကိုအဆုံးသတ်ခဲ့ပါ ငါ့သေခြင်းတရားကိုထောက်ထားပြီး မဖြစ်မနေ သွားပေးပါ"
                                        ဦးဥက္ကာ

ၾကာျဖဴ(ကြာဖြူ) Where stories live. Discover now