Zawgyi
~~ကြာဖြူ~~
အပိုင်း(၂၉)မြူခိုးတွေ တဖြည်းဖြည်းဝေဝါးပျောက်ကွယ်သွားပြီးနောက်တွင်တော့ သူတို့ပင်ပန်းနွမ်းလျစွာ နိုးထလာကြလေသည်။
ဟုတ်တယ်.. နှစ်သုံးရာဆီသွားသောခရီးမှာ
နာကျင်မူ ဝမ်းနည်းမူ ထိတ်လန့်ကြောက်ရွံ့မူတွေ အို.. အစုံပါပဲ သူတို့ခံစားခဲ့ရသည် မဟုတ်လား..
နှစ်သုံးရာအလွန်မှာတော့......
မျက်ဝန်းအစုံတွေဖွင့်လိုက်သည်နှင့် စိမ်းသတိထားမိသည်က သူမပါးပြင်ထက်မှာ မျက်ရည်စီးကြောင်းတွေနှင့်။
ပြီးနောက်သူမရင်သည် မချိနိုင်အောင် နာကျင်နေခဲ့ပါလား..
"ဟင့်...ဟင့်.."
စိမ်း ကျောက်ဖျာထက်မှထလာပြီးသည်နှင့် မချင့်မရဲစိတ်ဖြင့်ထိုင်ငိုချလိုက်မိသည်။ မို့က စိတ်မကောင်းဟန်ဖြင့် သူမပုခုံးတွေကို တင်းတင်းဆုပ်ထားရင်း
"စိမ်း..ဘာလို့ငိုနေရသလဲ .."
"ငါက ဒီလောက်ထိတောင်အတ္တတွေကြီးခဲ့သလား အဲ့လောက်တောင်ဆိုးဝါးခဲ့သလား မို့ရယ်."
"မဟုတ်တာစိမ်း နင်ကမိဖုရားစိမ်းဒေဝီသျှင်မဟုတ်ဘူးလေ လက်ရှိကာလမှာနင်ကဒဏ္ဍာရီစိမ်းပါ သတိထားပါဦး.."
မို့နှိမ့်သိမ့်သော်လည်း စိမ်းနားဝင်ပုံမရပါ။ ငိုမြဲငိုနေရင်းနှင့်
"စေတန်နဲ့ပတ်သက်ပြီး ငါရခဲ့တဲ့နာကျင်မူတွေအားလုံးက သူကိုယ်တိုင်ပေးခဲ့တဲ့ကျိန်စာပဲလား "
"စိမ်းတော်တော့.. အတိတ်ဘဝတွေမှာ ငါတို့တွေဟာ လူဆိုးတစ်ယောက်ဖြစ်ကောင်းဖြစ်လိမ့်မယ် ဒါပေမယ့်လက်ရှိဘဝမှာ လူကောင်းဖြစ်ဖို့အရေးကြီးတယ် နင်ကဒီဘဝမှာ စိတ်သဘောထားသိပ်ကောင်းတဲ့ မိန်းကလေးဆိုတာမမေ့နဲ့.."
"ဟုတ်တယ်စိမ်း ကမ္ဘာပြောတာအမှန်တရားပဲ ငါတို့မသိနိုင်တော့တဲ့ အတိတ်ဘဝအတွက် နင်ဝမ်းနည်းနေလည်းဘာထူးမှာလဲ မငိုနဲ့တော့ လက်ရှိဒဏ္ဍရီစိမ်းဟာ ဘယ်လောက်နူးညံ့လှပပြီး စိတ်ကောင်းရှိတဲ့မိန်းကလေးဆိုတာ ငါတို့အသိဆုံးပါ နင့်မျက်ရည်တွေသုတ်လိုက်စမ်းပါ.."
ကမ္ဘာနှင့်ကောင်းကင်စကားကြောင့် စိမ်းမျက်ရည်တွေသုတ်လိုက်သော်လည်း မျက်နှာမကောင်း။ ဈာန်က သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး..
"တကယ်ကို စိတ်မကောင်းစရာတွေ ဝမ်းနည်းစရာတွေနဲ့ပြည့်နေတဲ့ဇာတ်သိမ်းမလှတဲ့ ပုံပြင်လေးပဲဗျာ. ကျွန်တော်ဖတ်ဖူးကြုံဖူးတဲ့ ပုံပြင်တွေထဲမှာ ရင်နာစရာအကောင်းဆုံးပဲ ပြီးတော့ကြောက်စရာအကောင်းဆုံး ပုံပြင်လည်းဖြစ်လာမယ်ထင်တယ်.."
"ဟုတ်တယ် ကြာဖြူဟာ အမုန်းတွေနဲ့ပြန်မွေးဖွားလာခဲ့ပြီ ဘယ်သောမှအဆုံးမသတ်နိုင်တဲ့အမုန်းတွေနဲ့ သူဘယ်သူ့ကိုမှခွင့်လွတ်ပေးနိုင်မယ်မထင်ဘူး ကြာဖြူမင်းသမီးရဲ့အမုန်းတွေဟာ နှစ်သုံးရာထိ အားကောင်းကောင်းနဲ့တောက်လောင်ခဲ့တာပဲ အဆုံးသတ်ဟာလည်း ဆာလောင်တဲ့အမုန်းတရားတွေနဲ့ပဲ ဖြစ်လိမ့်မယ်.."
ရာဇတဖြစ်လဲ ပုံပြင်ခရီးသည်နေကြယ်က အေးစက်စွာပင်ဆိုလိုက်သည်။ တစ်ချိန်လုံး ငြိမ်သက်နေခဲ့သည့် နက်ရှိုင်းက
"ကျွန်တော်တစ်ခုပဲသိချင်တယ် ကြာဖြူမင်းသမီးပြန်မွေးဖွားလာခဲ့တယ်ဆိုရင် အခုသူသက်ရှိထင်ရှားရှိနေတုန်းလား"
"....."
နက်ရှိုင်းအမေးကြောင့် ရာဇတင်မက သူတို့အားလုံးတိတ်ဆိတ်သွားသည်။ ဟုတ်သည်... ဒီအဖြေကို သူတို့လည်းသိချင်နေခဲ့ပါသည်။
"သူကဘယ်သူလဲ ကျွန်တော့်အဖေကို ကျိန်စာသင့်စေခဲ့တဲ့ကြာဖြူက ဘယ်သူလဲ "
"......"
ရာဇငြိမ်သက်မြဲ။ မို့ကတစ်ချက်ပြုံးလိုက်ပြီး
"မိုးနတ်ခရာနဲ့ကြာဖြူက တစ်ယောက်တည်းပဲ မဟုတ်လား .."
"ကျုပ်ဒီမေးခွန်းတွေကိုဖြေခွင့်မရှိလို့ တောင်းပန်ပါတယ် ဒါပေမယ့်သိပ်မကြာခင်မှာပဲ ခင်ဗျားတို့သိချင်တဲ့ အဖြေသိခွင့်ရတော့မှာပါ ဒါတွေအားလုံးကိုအဆုံးသတ်ဖို့ အချိန်ကလည်း သိပ်ကိုနီးကပ်လာပြီလေ.."
ရာဇစကားကြောင့် ဈာန်ကတွေဝေသွားရင်းမှ
"ဒါနဲ့ ခင်ဗျားပြောပုံအရဆိုရင် မျိုးနွယ်စုခေါင်းဆောင်ဟာ ကြာဖြူမင်းသမီးရဲ့ကျိန်စာကို အဆုံးသတ်ပစ်နိုင်တဲ့ သဘောင်တစ်ခုတွေ့ခဲ့တယ်ဆို ဟုတ်လား"
"ဟုတ်တယ် သဘောင်တစ်ခုရှိခဲ့တယ် ဒါပေမယ့် အဲ့ဒီသဘောင်စာဟာ မှော်ကျောက်စာမှာရေးထိုးထားတယ် မှော်ကျောက်စာကို ဘယ်သူမှမဖတ်နိုင်ကြဘူး ဒဏ္ဍာရီမှာဖော်ပြထားတာ မှော်ကျောက်စာကို ထူးဆန်းဆန်းကြယ်တဲ့ လူသားတစ်ယောက်ကပဲ ဖတ်နိုင်လိမ့်မယ်တဲ့"
"လူတစ်ယောက်ဟုတ်လား ဘယ်သူများလဲ "
"ကျုပ်တို့ဒီကနေ အရင်ထွက်ရင်ပိုကောင်းလိမ့်မယ် ဘုရင်ကြီးရဲ့ဂူဗိမ္မာန်ဟာ အကြာကြီးနေလို့ကောင်းတဲ့ နေရာမဟုတ်ဘူး.."
ရာဇသတိပေးစကားကြောင့် စိမ်းက ဘုရင်ကြီးရုပ်ကလပ်တော်ကို ဆွေးဆွေးမြေ့မြေ့ငေးကြည့်နေရင်းမှ
"ကျိန်စာကိုအဆုံးသတ်နိုင်တဲ့ပစ္စည်းဆိုတာက အဲ့ဒီရုပ်ကလပ်တော်မှာရှိတယ်လို့ ဦးရာဇပြောခဲ့တယ်နော် ဘာပစ္စည်းလဲဟင်.."
"ကျုပ်လည်းမသိဘူး ကျိန်စာကိုအဆုံးသတ်နိုင်မယ့်အရာလို့ ပြောကြတာပဲ ဘုရင်ကြီးတစ်ယောက်ပဲ သိလိမ့်မယ် ဘုရင်ကပဲအဲ့ဒီပစ္စည်းကို ယူလို့ရလိမ့်မယ်..."
"ဘုရင်....ဘုရင်ကြီး စေတန်လား... စေတန် ဘယ်ရောက်နေပါလိမ့်.. စေတန်ဘယ်ပျောက်နေသလဲ"
စိမ်း စေတန်ကိုသတိတရဖြစ်သွားပြီး ဝမ်းနည်းစွာဆိုလိုက်တော့ ဦးရာဇက...
"သူနဲ့သက်ဆိုင်တဲ့နေရာတစ်ခုမှာ ခုထိအန္တရယ်ကင်းကင်းနဲ့ ရှိနေမှာပါ ဒါမှမဟုတ်ကြာဖြူမင်းသမီးနဲ့ တွေ့ရင်လည်း တွေ့နေလိမ့်မယ်.."
"ဟင်..."
"ကဲ...ကျုပ်တို့အပြင်ထွက်ရအောင် အချိန်တန်ပြီ.."
ထို့နောက် သူတို့အားလုံးဂူဗိမ္မာန်အတွင်းမှ တိတ်ဆိတ်စွာပင် ပြန်ထွက်လာခဲ့သည်။ ကိုယ်စီရင်ထဲတွင်တော့ ခံစားချက်ပေါင်းများစွာဖြင့် တင်းကျပ်နေခဲ့၏။
လွန်ခဲ့သောနှစ်သုံးရာက ကြာဖြူမင်းသမီး၏အမုန်းမီးတောက်တွေက သူတို့ကိုပင် လှောင်မြိုက်သွားစေသည်ထင်ပါ့။
အပြင်ရောက်တော့ ရာဇက...
"ကျုပ်တို့မှော်ကျောက်စာရှိတဲ့ လျှိုဝှက်နန်းဆောင်ကို သွားကြရအောင်"
ထိုမျှသာပြောပြီး ရှေ့ကထွက်သွားသဖြင့် သူတို့အားလုံးငြိမ်သက်စွာပင်လိုက်လာခဲ့တော့သည်။ ရှေးဆန်လွန်းသော အဆောက်အဦးတွေတစ်ခုပြီးတစ်ခု ဖြတ်သန်းလာပြီးသည့်နောက်တွင်..
"ဟင်..."
တစ်နေရာရောက်တော့ စိမ်းခြေလှမ်းတွေ အလိုလိုရပ်တန့်သွား၏။ ဆွေးမြေ့ပြိုကျပျက်ဆီးနေသော ဗိမ္မာန်တော်တစ်ခု..
ရင်သည်ဆိုးဆိုးဝါးဝါးအောင့်တက်လာပြီး ရည်ရွယ်မထားသော မျက်ရည်တို့ကဝေ့ခနဲ့...
"စိမ်း...ဘာဖြစ်လို့လဲ..."
စိမ်းမဖြေနိုင်။ ဘာဖြစ်မှန်းသူမကိုသူမလည်း မသိပါ။ ဝမ်းနည်းနေတာပဲသိသည်။ ရာဇကစိမ်းကိုကြည့်ပြီး သက်ပြင်းချလိုက်ကာ
"ဒါကစိမ်းဒေဝီသျှင်မိဖုရားရဲ့ ဂူဗိမ္မာန်တော်ပဲ"
"အို..."
စိမ်းထိုနေရာသို့ တရွေ့ရွေ့သွားနေမိသည်။ ဘယ်သူမှလည်း စိမ်းကိုမတားတော့ပါ။ ပျက်ဆီးနေသော အဆောက်အဦးတွေရှေ့ရောက်တော့ စိမ်းတွေတွေလေး ငေးကြည့်မိ၏။
ဒါစိမ်းဒေဝီသျှင်မိဖုရားကိုမြှပ်နှံခဲ့တဲ့ ဂူဗိမ္မာန်တဲ့လား
အတ္တမာနတွေနှင့်နောင်တကင်းစွာ သေဆုံးခဲ့သောမိဖုရား..
ဤကျိန်စာအားလုံး၏အရင်းခံရာ မိဖုရားငယ်..
ထိုသူက...သူမကိုယ်တိုင်ပဲတဲ့လား....
နာကျင်စွာတွေးနေမိခိုက် ပြိုကျနေသောအုပ်ပုံတွေကြားမှ ဝင်းခနဲ့တွေ့လိုက်ရသော အရာတစ်ခုကြောင့် စိမ်းသွားယူကြည့်လိုက်တော့..
"ဟင်..."
ထက်ပိုင်းပြတ်နေသော ရွှေလက်ကောက်တော်ရဲ့ နောက်ထပ်အပိုင်းအစတစ်ခု။ စိမ်းထံရှိနှင့်နေသော အပိုင်းစတစ်ခုနှင့် တစ်ပုံစံတည်းပင်။ ဒါ စိမ်းမိဖုရား၏အမြတ်နိုးဆုံး ရတနာတစ်ခုပဲလေ
ရှင်ဘုရင်ပေးသောမွေးနေ့လက်ဆောင်...
အခုပိုင်ရှင်ဖြစ်ခဲ့တဲ့ စိမ်းရဲ့လက်ထဲကို ပြန်ရောက်ခဲ့ချေပြီ။ ဘာမှန်းမသိသောခံစားချက်တို့က ရင်ထဲနင့်ခနဲ့။
"စိမ်း...သွားရအောင်.."
ကမ္ဘာသတိပေးတော့မှ စိမ်းအသိဝင်လာပြီး မျက်ရည်တွေကို သုတ်ချလိုက်တော့သည်။ လက်ကောက်အပိုင်းလေးကို မြတ်နိုးစွာပင် သိမ်းဆည်းထားလိုက်၏။ ထို့နောက်ရာဇကသူတို့ကို အလွန်ရှေးဆန်ကာလျှိုဝှက်သောနန်းဆောင်တစ်ခုသို့ ခေါ်လာခဲ့ပြန်၏။ ဟိုးယခင်က အလွန်ခမ်းနားထည်ဝါခဲ့သော နန်းဆောင်ဖြစ်ဟန်တူသည်။ ယခုချိန်ထိတိုင် ထိုအရိပ်အယောင်တို့က ထင်ဟပ်နေဆဲ။
ရွှေအတိပြီးသောနန်းဆောင်ကြီးကား သူတို့ကိုမှင်သက်သွားစေသည်အထိ ထည်ဝါနေဆဲပင်။ ထိုခန်းမဆောင်ကြီးတွင်တော့ တန်ဖိုးကြီးမားလွန်းသော ရွှေငွေကျောက်မျက်ရတနာများက တလက်လက်နှင့်..
"အို...."
လောဘသွေးတွေ ပွက်ပွက်ဆူသွားနိုင်လောက်အောင် များပြားလှသောရတနာပစ္စည်းများကာ သူတို့ကို ပါးစပ်အဟောင်းသားနှင့် မှင်သက်စေခဲ့ပြန်၏။ ဒါကြောင့်ကောင်းကင်၏ဦးလေးဖြစ်သူက ပဒုမ္မာရီမြို့တော်ကိုရောက်ပါက လောဘကိုထိန်းချုပ်ဖို့ရန်ကို သတိပေးခဲ့သည်ထင်သည်။
"ဒါဘုရင်ကြီးနေခဲ့တဲ့နန်းဆောင်ပဲ ဒီနန်းဆောင်ကနေ ပဒုမ္မာရီဥယျာဉ်တော်နဲ့ ကြာဖြူနန်းဆောင်ကို လှမ်းမြင်နိုင်တယ်.. "
"လွန်ခဲ့တဲ့ဆယ်နှစ်က ခင်ဗျားကျုပ်ကိုခေါ်ပြခဲ့ဖူးတဲ့နန်းဆောင်ပဲ ကျုပ်မှတ်မိသေးတယ် "
ဦးလုံထန်းစကားကြောင့် ရာဇကခေါင်းတစ်ချက်ညိတ်ပြီးနောက်..
"ဟုတ်တယ် ဟိုးဖက်ခန်းမဆောင်မှာ ဘုရင်ကြီးရဲ့ရုပ်ထုတော်ရှိတယ်.."
နောက်ထပ်ခန်းမဆောင်တစ်ခုတွင်တော့ ရာဇပြောသည့်ဘုရင်ကြီး၏ရုပ်ထုတော်ကို တွေ့လိုက်ရတော့ သူတို့အားလုံးအံ့သြသင့်သွားရ၏။
ရွှေသားအတိပြီးသော လက်ရာမြောက်လွန်းသော ရုပ်ထုတော်။ နှစ်သုံးရာနီပါး ပျက်ဆီးယိုယွင်းခြင်းမရှိ ခမ်းနားထည်ဝါနေဆဲ ဘုရင်မင်းမြတ်၏ရုပ်ထုတော်…
"စေတန်နဲ့တူလိုက်တာ.."
မို့က ကြားရုံလေးခပ်တိုးတိုးလေး ဆိုလိုက်သည်။ စိမ်းကမချိပြုံးလေးပြုံးရင်း
"စေတန်ကဘုရင်ကြီးဝင်စားတာပဲလေး."
"ပတ္တမြားကအတော်အရည်အသွေး ကောင်းမယ့်ပုံပဲ "
ကောင်းကင်က ဘုရင်ကြီးနဖူးမှ တလက်လက်တောက်နေသည့် ပတ္တမြားကိုကြည့်ပြီး မှင်သက်စွာဆိုလိုက်သည်။ သူကသဘောရိုးနှင့်သာပြောခြင်းပင်။
ဦးလုံထန်းကဘာကိုတွေးမိသည်မသိ။ သက်မောကြီးချလိုက်ပြီး..
"ဒီပတ္တမြားကို မောင်မိုးမြင့်သိပ်လောဘတက်ခဲ့တယ် လူလေး ဒါကြောင့်ဒုက္ခတွေကြုံခဲ့ရတာ.."
"ဒါနဲ့ ဘုရင်ကြီးလက်ထဲကိုင်ထားတဲ့ဓါးက အစစ်လား ပြီးတော့သွေးစွန်းနေသလား.."
ဈာန်သူသတိထားမိတာဝင်မေးလိုက်သည်။ ထိုအခါမှသူတို့လည်း ဘုရင်ကြီးလက်ထဲမှ ကိုင်ဆောင်ထားသည့် ဓါးကိုသတိပြုမိတော့သည်။
အနီရောင်သွေးတွေစွန်းထင်နေသည့်ဓါး...
"ဟုတ်တယ် ကြာဖြူမင်းသမီးကို အဆုံးစီရင်ခဲ့တဲ့ဓါးပဲ ဒီဓါးကြောင့် ကြာဖြူမင်းသမီးရဲ့ဝိညာဉ်ကို ခင်ဗျားတို့ဒီခန်းမဆောင်မှာ မြင်ရမှာမဟုတ်ဘူး မင်းသမီးဟာဘယ်လောက်ပဲ အင်အားပြင်းထန်ပါစေ သူ့ကိုသေဆုံးစေခဲ့တဲ့ ဘုရင်ကြီးလက်စွဲတော်ဓါးရှိတဲ့နေရာကို ဝင်လို့မရခဲ့ဘူး ဒီဓါးကိုမင်းသမီးကိုယ်တိုင် ကြောက်ရွံ့မုန်းတီးခဲ့တယ်ထင်တယ် ဒီနေရာတစ်ခုက ပဒုမ္မာရီမြို့တော်မှာ အန္တရယ်အကင်းဆုံးနေရာပဲ ဒါကြောင့်မျိုးနွယ်စုခေါင်းဆောင်က ဒီနန်းဆောင်မှာပဲ မှော်ကျောက်စာကို စိုက်ထူခဲ့တာနေမှာ မှော်ကျောက်စာကိုမင်းသမီး ဖျက်ဆီးပစ်လို့မရအောင်ပေါ့.."
"ဒါနဲ့ဓါးပေါ်ကသွေးတွေက.. လတ်ဆတ်နေသလိုပဲနော် ကြာဖြူမင်းသမီးရဲ့သွေးဆိုရင်နှစ်ပေါင်း သုံးရာတောင်ကြာခဲ့ပြီမဟုတ်လား.."
ဈာန့်စကားကြောင့် ရာဇသက်ပြင်းရှည်ကြီးကို ချလိုက်ပြီး
"ဓါးသွားပေါ်မှာ ကြာဖြူမင်းသမီးရဲ့ဒုတိယအကြိမ် သွေးစွန်းခဲ့တယ် "
"ဟင်..."
"ဘယ်လို.."
"ကဲ.. လျှို့ဝှက်နန်းဆောင်က မှော်ကျောက်စာဆီသွားရအောင်.."
ရာဇကဆက်မပြောလိုဟန်ဖြင့် စကားကိုဖြတ်လိုက်သဖြင့် သူတို့ဘာမှဆက်မေးလို့မရတော့ပေ။ ထို့နောက် လျှိုဝှက်ဆန်းကြယ်သောခန်းမတစ်ခုသို့ သူတို့ဝင်သွားခဲ့၏။
ခန်းမထဲတွင် မှိန်ဖျော့ဖျော့မီးရောင်နှင့် ကျောက်စာတစ်ခုမှလွဲ၍ ဘာမှရှိမနေပါ။ ကျောက်စာဘေးတွင်တော့ အလွန်ဟောင်းနွမ်းသော ရှေးခေတ်ပုရပိုက်အချို့ကို တွေ့လိုက်ရ၏။
ရာဇက ထိုကျောက်စာရှေ့တွင်ရပ်လိုက်ပြီး
"ဒါ... မှော်ကျောက်စာပဲ.."
"ဟင်.."
သူတို့အားလုံးကျောက်စာကို တအံ့တသြကြည့်လိုက်သည်။ ရှေးခေတ်လူမျိုးတို့၏သင်္ကေတများနှင့် ရှေးဟောင်းကျောက်စာတွင် ထူးဆန်းသောအငွေ့အသက်များရှိနေသယောင် ခံစားလိုက်ရ၏။ သို့သော် ကျောက်စာထက်တွင် ဘာစာမှရေးမထားရာ
"ဘာစာမှမရှိပါလား ဦးရာဇ.."
ဈာန်ကနားမလည်ဟန်ဖြင့်ဆိုလိုက်တော့ ရာဇခေါင်းတစ်ချက်ညိတ်လိုက်ပြီး
"ကျုပ်ပြောခဲ့ပါတယ် မှော်ကျောက်စာကိုဖတ်နိုင်တဲ့သူက တစ်ယောက်ပဲရှိတယ် ဒဏ္ဍာရီလာသန့်စင်တဲ့ လူသားတစ်ယောက်ကပဲ ဒီမှော်ကျောက်စာမှာ ရေထွင်းထားတဲ့မျိုးနွယ်စုခေါင်းဆောင်ရဲ့ သဘောင်စာကိုမြင်ရလိမ့်မယ် "
ထို့နောက်ရာဇကကျောက်စာဘေးက ရှေးဟောင်းပုရပိုဒ်ကိုကောက်ယူလိုက်ရင်းနှင့်
"မှော်ကျောက်စာနဲ့ပတ်သက်ပြီး ဒီပုရပိုက်ထဲမှာရေးသားခဲ့တယ် ဒီမှော်ကျောက်စာကိုဖတ်နိုင်မယ့် ဒဏ္ဍာရီထဲကသန့်စင်တဲ့လူသား ဒါမှမဟုတ်ရင် ထူးခြားတဲ့နက္ခတ်ပိုင်ရှင်က ကြာဖြူမင်းသမီး ပြန်လည်မွေးဖွားပြီးတဲ့နောက်မှာ ဤနေရာကိုရောက်ရှိလာလိမ့်မယ်တဲ့ ဤသဘောင်စာနဲ့မှော်ကျောက်စာဟာ ထိုလူသားကိုအမှီပြုပြီး ပေါ်ပေါက်လာခဲ့တာမို့ ထိုလူသားတစ်ယောက်တည်းသာလျှင် ဖတ်နိုင်မည်တဲ့ "
"မှော်ကျောက်စာကိုဖတ်နိုင်တဲ့လူက ဘယ်သူဖြစ်နိုင်မှာလဲဗျာ.."
"ကျိန်စာဆိုးကြီးနိုးထဖို့အချိန်က သိပ်ကိုနီးကပ်လာပြီ ကျုပ်ကခင်ဗျားတို့ထဲမှာ ဒီကျောက်စာကိုဖတ်နိုင်မယ့် ထူးခြားတဲ့နက္ခတ်ပိုင်ရှင် လူသားတစ်ယောက်ဆိုတာပါလာလိမ့်မယ်လို့ မျှော်လင့်ထားမိတယ် ဒါပေမယ့်ကြည့်ရတာ ခင်ဗျားတို့တစ်ယောက်မှ ဒီမှော်ကျောက်စာကို မဖတ်နိုင်ကြဘူးထင်တယ်.."
ရာဇကစိတ်ပျက်လက်ပျက်ပင်ဆိုလိုက်၏။ သူတို့အားလုံးလည်း မှော်ကျောက်စာရှေ့ တစ်ယောက်တလှည့်ရပ်ကာ ကြိုးစားကြည့်သေးသည်။
ဘာမှထူးမခြားနားပါ။ ဘယ်သူမှာ စာတစ်လုံးမျှပင် မတွေ့ပါ။ သူတို့အတွက်တော့ ဒီတိုင်းကျောက်စာကြီး တစ်ချပ်သာ ဖြစ်နေခဲ့၏။
"ဒဏ္ဍာရီလာလူသားဆိုတာ ဘယ်သူဖြစ်နိုင်မှာလဲ စိမ်းလည်းဖတ်မရဘူး စေတန်လား ဒါမှမဟုတ်ကြာဖြူကိုယ်တိုင်ပဲလား.. ခရာကဘယ်သူမှန်းမသိသေးပေမယ့် ထူးဆန်းတဲ့မိန်းကလေးပဲ ခရာကရော ဖတ်နိုင်မှာလား"
ေ ကာင်းကင်က တွေးတွေးဆဆလေးဆိုလိုက်သည်။ ဈာန့်မျက်ဝန်းတွေ ဖျတ်ခနဲ့တောက်ပသွားပြီး
"ဟုတ်တယ်..ခရာက ကြာဖြူမဟုတ်ဘူးဆိုရင် ဒီနေရာမှာဘာအတွက်ဖြစ်တည်လာရမှာလဲ ဒီနေ့အထိခရာ့ရဲ့ဖြစ်တည်ခြင်းကို ကိုယ်တို့တွေအဖြေရှာမရခဲ့ဘူး ထူးဆန်းတယ် ခရာကဒီမှော်ကျောက်စာကို ဖတ်နိုင်ဖို့အတွက် မွေးဖွားလာခဲ့သလား သန့်စင်လွန်းတဲ့မိန်းကလေး.."
"ဒါမှမဟုတ် စေတန်လည်းဖြစ်နိုင်တာပဲ ဘုရင်ကြီးရုပ်ကလပ်တော်မှာ ကျိန်စာကိုအဆုံးသတ်နိုင်မည့် အရာတွေရှိတယ်လို့ပြောတယ် ဒီမှော်ကျောက်စာနဲ့ ဆက်စပ်နေမလား"
နက်ရှိုင်းပြောတာလည်း ဖြစ်နိုင်ချေရှိပြန်၏။ မရေမရာအတွေးများဖြင့် သူတို့အားလုံးရင်မောရပြန်သည်။ ကမ္ဘာက
"ဒါဆိုရင်ခရာနဲ့စေတန်ကိုငါတို့ရှာမှဖြစ်မယ် ငါတို့ထဲမှာဘယ်သူမှလည်း ဒီမှော်ကျောက်စာကို မမြင်နိုင်တာ သူတို့နှစ်ယောက်ကိုပဲ မျှော်လင့်ရတော့မယ်"
"ဒါပပေမယ့် ခရာနဲ့စေတန်နှစ်ယောက်လုံး ဘယ်ပျောက်နေပါလိမ့်.."
စိမ်းတီးတိုးဆိုလိုက်၏။ ဈာန်က ရာဇပြန်ချထားသည့် ရှေးဟောင်းပုရပိုက်ကို ဖွဖွလေးကိုင်ကြည့်ရင်းနှင့်
"ဒဏ္ဍာရီလာထဲက နက္ခတ်ထူးခြားပြီးသန့်စင်တဲ့လူသားတဲ့ ဒီပုရပိုက်ကိုမျိုးနွယ်စုခေါင်းဆောင်း ရေးထားခဲ့တာ အကြောင်းတစ်ခုတော့ရှိလိမ့်မယ် ဒီသဘောင်စာဟာ အဲ့ဒီလူသားအတွက် ဖြစ်တည်လာခဲ့တယ်ဆိုတာကရော.. ဘာအဓိပ္ပယ်များလဲ.."
သူတို့အားလုံးအတွက် အဖြေမဲ့နေခဲ့၏။ ဘာစာမှမမြင်ရသော ရှေးဟောင်းမှော်ကျောက်စာကြီးကိုသာ အဓိပ္ပာယ်မဲ့စွာ ငေးစိုက်ကြည့်မိရင်းနှင့်။
ရာဇကသက်ပြင်းရှည်ကြီးချလိုက်ပြီး..
"ဒီကျိန်စာတွေမနိုးထလာအောင် အဆုံးသတ်ပေးဖို့အတွက် သဘောင်စာထွက်လာခဲ့တာဟာ အကျိုးမဲ့တော့မဟုတ်တန်ပါဘူး မှော်ကျောက်စာကိုဖတ်နိုင်မယ့် လူတစ်ယောက်တော့ ဒီမြို့တော်ကို အချိန်မှီရောက်လာမှာပါ မျိုးနွယ်စုခေါင်းဆောင်ဟာ အဲ့ဒီ့လူသားအတွက် ဒီကျောက်စာကိုချန်ရစ်ခဲ့တာပဲမဟုတ်လား သူရောက်လာမှာပါ.."
ထိုအရာသည်ပင် မျှော်လင့်ခြင်းတစ်ခုဖြစ်နေလျက်...
ထိုမျှော်လင့်ခြင်းနှင့်ပင် နှစ်သုံးရာနီးပါးရှည်ကြာခဲ့ပြီမဟုတ်လား......
ထို့နောက်......။
............................. .......................
YOU ARE READING
ကြာဖြူ(ကွာဖွူ)
Fantasy"ကြာဖြူ ငါတို့သေခြင်းတရားမှာ မင်းအငြိုးတွေပြေပါစေတော့" ပင်လယ်ဒဏ္ဍာရီတွင်ကြောက်စရာအကောင်းဆုံးသော ကျိန်စာဆိုးများနှင့်ကြာဖြူပုံပြင်... သို့သော်လွန်ခဲ့သောနှစ်သုံးရာတွင် အမှန်တကယ်ဖြစ်ခဲ့သော ရင့်နင့်စရာကြာဖြူမင်းသမီး၏ ဒဏ္ဍာရီတစ်ပုဒ်။ ဤဒဏ္ဍာရီတွင် သဘောင်စကား...