Zawgyi
~~ကြာဖြူ~~
အပိုင်း(၄၂)
ဇာတ်သိမ်း
"ကိုကို အမြဲတမ်းမုန်းခဲ့ပေမယ့် ခရာကတော့ကိုကို့ကို ထာဝရချစ်နေတယ်တဲ့ ဒီစကားကိုရှင့်ကိုပြောပေးဖို့ သူမှာခဲ့တယ်"
စိမ်းပြန်ပြောသည့်စကားက သူ့ကိုဆောက်တည်ရာမရအောင် နာကျင်စေခဲ့သည်။ ဈာန်ကဒီစကားကြားတော့ ဒေါသတကြီးနှင့်ပင်..
"တောက် ခင်ဗျားသူ့ကိုအရမ်းမုန်းတယ်မဟုတ်လား ခင်ဗျားအမုန်းတွေကြောင့် ခရာဒီလောက် အဖြစ်ဆိုးခဲ့ရတာ "
ခရာ့အတွက်ချုပ်ထိန်းထားခဲ့သမျှ ဒေါသတွေပွင့်ထွက်လာသည့်ဈာန်က နက်ရိုင်းမျက်နှာကို စိတ်ရှိလက်ရှိပင် ထိုးလိုက်တော့၏။
ဈာန်လက်သီးတွေကို သူမရှောင်ပါ။ ဈာန်ထိုးသမျှကို မလူပ်မယှက်ငြိမ်ခံရင်း သူ့မျက်ရည်တွေသွင်သွင်စီးကျနေဆဲ..
"ခွပ်..."
"ဈာန်တော်တော့.."
ကောင်းကင်က စိတ်မသက်သာစွာ ဖြောင်းဖျနေရသည်။ စေတန်ကတော့ နက်ရိုင်းကိုယောင်၍ပင်မကြည့်..
နံရံကိုသာ လက်သီးနဲ့အကြိမ်ကြိမ်ပစ်ထိုးနေသည်မှာ သွေးတွေနီရဲလာသည်အထိ။
ခရာ့ကိုသေသည်ထိ နာကျင်စေခဲ့သောနက်ရိုင်းကို သူမုန်းသည်။ သို့သော် ခရာ့နောက်ဆုံးအချိန်ကို မျက်ရည်စိုစေခဲ့သည့် သူ့ကိုယ်သူကိုပိုပြီး မုန်းမိပါသည်။
"အား...."
ဆောက်တည်ရာမရစွာ အရူးတစ်ယောက်လိုအော်ဟစ်နေသည့်စေတန်ကို စိမ်းကနာကျင်စွာ ငေးကြည့်ရုံသာငေးကြည့်နေတော့၏။
နက်ရိုင်းမျက်နှာကဈာန်ထိုးချက်ကြောင့် ဖူးယောင်လာသလို နူတ်ခမ်းတွေလည်းသွေးစို့နေ၏။ သို့သော်သူထိုးသမျှတွေတွေကြီးနှင့် ငြိမ်ခံနေဆဲ...
ခံစားချက်ကင်းမဲ့နေသကဲ့သို့ ထုံထုံကြီးရပ်နေသည့်နက်ရိုင်းကို ထပ်ထိုးရန်ပြင်ပြီးမှ ဖျတ်ခနဲ့မြင်ယောင်လာမိသည်က..
ခရာ၏နွမ်းလျနေသောမျက်နှာလေး ...
ဒီနားတဝိုက်တွင် ခရာ့ဝိညာဉ်ရှိနေပါဦးမည်။ နက်ရိုင်းကိုနာကျင်အောင်လုပ်ပါက ခရာ့ကိုပါ ထိခိုက်စေဦးမှာလား .
"တောက်..ဟာကွာ"
မချင့်မရဲဖြင့် တက်ခေါက်လိုက်ရင်း လက်တွေအလိုလိုပြန်ရုတ်သိမ်းမိသည်။ နက်ရိုင်းမျက်နှာကို စူးစူးရဲရဲပင်စိုက်ကြည့်မိပြီး..
"ခင်ဗျားပျော်ရဲ့လားနက်ရိုင်း ခရာကနောက်ဆုံးအချိန်ထိ ခင်ဗျားအမုန်းတွေပွေ့ပိုက်ထားခဲ့ရတယ် ခင်ဗျားသူ့ကိုမုန်းနေတယ်ဆိုတဲ့အသိတွေနဲ့ ဘယ်လောက်နာနာကျင်ကျင်ခံစားပြီး ထွက်သွားရသလဲ သူ့ဝိညာဉ်လေးတောင်ေ အေးချမ်းနိုင်မှာမဟုတ်ဘူး နောက်ဆုံးအကြိမ် သူခင်ဗျားကိုလာရှာတုန်းက ခင်ဗျားမို့ မာနအတွက်နဲ့သူ့ကိုမုန်းတယ်ဆိုပြီး ပြောလွတ်ရက်တယ် အခုခင်ဗျားကျေနပ်ရောပေါ့ ဒီကစားပွဲမှာ ခင်ဗျားနိုင်ပါတယ်"
ခနဲ့တဲ့တဲ့နှင့်နာကျဉ်းစွာဆိုနေသော ဈာန့်စကားကို နက်ရိုင်းဘာမှမတုန့်ပြန်မိချေ။ ဈာန်ကိုယ်တိုင် ဘယ်လောက်နာကျင်နေမလဲဆိုတာ နီရဲနေသောမျက်ဝန်းနှင့် ကျစ်ကျစ်ပါအောင်ဆုပ်ထားသည့် လက်သီးတို့ကို ကြည့်ရုံနှင့်သိနိုင်ပါသည်။
"အနိုင်အရူံးတစ်ခုပဲသိတဲ့ခင်ဗျားကို ခရာချစ်ခဲ့တာတကယ်မတန်ဘူး ခင်ဗျားသူ့ကိုချစ်ခဲ့မိပါတယ်ဆိုတဲ့ ဝန်ခံစကားကလည်းအခုချိန်မှာအလကားပဲနက်ရိုင်း ခင်ဗျားအရမ်းနောက်ကျသွားပြီ သူမရှိတော့ဘူး သူခင်ဗျားအမုန်းတစ်ခုပဲသေတဲ့အထိရသွားတယ် ဒါကိုအမြဲမှတ်ထား "
ဈာန့်စကားလုံးတွေက သူ့ရင်တစ်ခုလုံးစူးနင့်နာကျင်ကာ လူပ်လူပ်ရှားရှားဖြစ်သွားစေသည်။ သူဈာန့်ကို အလန့်တကြားမော့ကြည့်မိသည်။
ဈာန်ကဘာမှဆက်မပြောတော့ပါ။ သူကိုယ်တိုင်ကလည်း နာကျင်လွန်းနေပြီဖြစ်၏။ ယခုထိတိုင်မျက်ရည်စိုနေဆဲ။ ခရာ့ရုပ်အလောင်းလေးကိုပိတ်စဖြူနှင့် သေချာအုပ်ပေးရင် ထိုနေရာမှ ချာခနဲ့လှည့်ထွက်လာလိုက်သည်။
မျက်ရည်အချို့ကတော့.. ပေါက်ခနဲ့
ခရာရယ်... မပျော်ရွှင်မူတွေနဲ့မင်းထွက်သွားရတာကို ငါရင်နာမဆုံးပါဘူး နောက်ဆုံးအချိန်မှာ မင်းဘယ်လောက်ထိခံစားနေရမှာလဲဆိုတာ ငါတွေးတောင်မတွေးရဲတဲ့အထိပဲကလေးရယ် ....
မင်းအဖေကိုပေးထားတဲ့ကတိတွေ ငါမတည်နိုင်တော့ဘူးခရာ မင်းကိုပျော်ရွှင်အောင်ထားပေးပြီး တစ်သက်လုံးစောင့်ရှောက်သွားမယ်ဆိုတဲ့ ကတိလေးမတည်နိုင်တော့ပါဘူး.. တောင်းပန်ပါတယ် နောက်ဆုံးအချိန်လေးလည်း ငါနူတ်မဆက်နိုင်ခဲ့ဘူး ဝမ်းနည်းနာကျင်နေခဲ့တဲ့မင်းရဲ့ထွက်သက်မှာ ငါဘာမှမလုပ်ပေးနိုင်ခဲ့ဘူး ကလေးရယ် ....
အခုချိန်ကစပြီး မင်းဝိညာဉ်လေးအေးချမ်းပါစေတော့လား...
ရင်ထဲတမြေ့မြေ့နာကျင်နေသည်မှာ ဆိုဖွယ်ရာမရှိတော့ပါ။ အရူးတစ်ယောက်လို စိတ်ထွက်ပေါက်ရလို့ရဌား သူလျှောက်သွားနေမိပါရဲ့။
အသိစိတ်ကင်းမဲ့နေသလိုဖြစ်နေသည့် နက်ရိုင်းက ဈာန်ထိုးချက်တွေကြောင့် လဲပြိုနေရာမှကတုန်ကရင်ထလိုက်၏။
အဆက်မပြတ်ထိုးခံရသည့်တိုင် ဘာနာကျင်မူမှသူမခံစားရပါ။ သူ့ရင်ထဲတွင် ဗလာနတ္ထိ...
အရာအားလုံးသည်လည်း ဗလာနတ္ထိနှင့်...
ခရာ့ရှေ့တွင် သူဒူးထောက်လျက်သားနှင့် မျက်ရည်တွေစီးကျလာပြန်သည်။ ပုဝါအဖြူလေးကို အသာဖယ်လိုက်တော့ ရင်တစ်ခုလုံးနင့်ခနဲ့..
မခြောက်သွေ့သေးသည့်ပါးပြင်ပေါ်က မျက်ရည်စိုတို့ကို လက်ဖြင့်အသာသုတ်ပေးမိရင်း နာကျင်မူက လူကိုရူးသွပ်စေလုမတက်။ အေးစက်နေသည့်လက်လေးကို ဆုပ်ကိုင်ထားမိရင်း မျက်ရည်တို့က တပေါက်ပေါက်...
ကိုကို မင်းကိုမမုန်းတော့ဘူးလေ ချစ်တယ်ဆိုတဲ့စကားလေးတောင် ပြောခွင့်မရတော့ဘူးလာ ခရာ မင်းသိပ်ရက်စက်တယ်ကွာ ဒီလိုမျိုးတော့ငါ့ကိုအပြစ်မပေးပါနဲ့လား..
သူအရူးတစ်ယောက်လို ဆောက်တည်ရာမဲ့စွာရွတ်ဆိုနေသည့်တိုင် ခရာကတော့ ကြားနိုင်တော့မည် မဟုတ်ပါ။
ထာဝရအိပ်စက်သွားသည့် မျက်နှာလေးသည်ပင် ဝေဒနာတွေစွန်းထင်နေဆဲ...
သူချစ်ခဲ့တယ်ဆိုတာပင် ခရာသိမသွားရရှာပါ။ သူ့အမုန်းတွေနှင့် နောက်ဆုံးအချိန်လေးမှာတင် သူမအဘယ်မျှခက်ခဲပင်ပန်းလိုက်မလဲ။
ဒီအတွေးတွေက သူ့ကိုရင်ကွဲနာကျစေပါသည်။ သူမနှဖူးလေးကိုဖွဖွနမ်းလိုက်ပြီး အဆက်မပြတ် မျက်ရည်တွေကျနေဆဲ...
ဘာဆိုဘာမှ အသတိတရားမရှိလောက်အောင် သူရင်တွေကွဲအက်နေပါသည်။ သူ့မျက်ဝန်းထဲတွင် ခရာ့အရိပ် ခရာ့အပြုံးပြီးတော့ ခရာ့စကားသံလေးကိုသာ ထပ်ခါထပ်ခါမြင်ယောင်မိရင်း အရူးတစ်ယောက်လို အော်ဟစ်နေမိ၏။
သူရူးသွားပြီထင်ပါသည်...
မျက်နှာငယ်လေးနှင့် သူ့ကိုအမြဲ ငေးကြည့်ခဲ့သောမိန်းကလေး အခုသူ့ကို ရက်ရက်စက်စက်ပင် ပြစ်ဒဏ်ပေးသွားခဲ့ပါပြီ။
အသက်မရှိတော့သည့်သူမကိုယ်လေးကို ကျစ်ကျစ်ပါအောင်ပွေ့ဖက်ထားမိရင်း ဈာန်ပြောခဲ့ဖူးသည့်စကားတို့ကို ပြန်ကြားယောင်မိတော့ နာကျင်မူတွေက အတောမသတ်နိုင်တော့ပါ။
"တစ်နေ့ခရာအရူံးပေးပြီး ခင်ဗျားကိုစွန့်ခွာသွားတဲ့တစ်နေ့ရှိလာခဲ့ရင် ခင်ဗျားနောင်တမရဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်"
သူ.. နာကျင်လွန်းစွာ ပြုံးလိုက်မိသည်ထင်သည်။ ဟုတ်ပါတယ်.. ဈာန်ပြောခဲ့သလိုပဲ အဲ့ဒီတစ်နေ့ ရောက်လာခဲ့ပြီလေ..
အရူံးတွေပိုက်ပြီး ခရာသူနဲ့အဝေးဆုံးကို ထွက်သွားခဲ့ပါပြီ။ သူဘယ်သောအခါမှ သူမကိုတွေ့ဆုံခွင့် ရတော့မည် မဟုတ်ပါ။
သူကရောဘာတွေဖြစ်ကျန်ခဲ့မှာလဲ
ပူလောင်လွန်းတဲ့နောင်တတွေက တစ်ကိုယ်လုံးကိုဝါးမြိုနေခဲ့ပြီ မဟုတ်လား....
သူ့အမှားတွေအတွက် ယူကြုံးမရသည့်စိတ်က လူကိုသွပ်သွပ်ခါအောင် ရူးသွပ်စေလုမတက်။ နောင်တတရားက သူ့ကိုပြာချသွားခဲ့သည်မှာ သူ့ခံစားချက်တွေ အားလုံးသေဆုံးသွားစေသည်အထိ...
ယူကြုံးမရသည့်စိတ်များနှင့် သူ့အနာဂတ်သည်လည်း သူမနှင့်အတူပျောက်ကွယ်သွားခဲ့ချေပြီ...။
ဘာဆိုဘာမှသူ့အာရုံတွင် မရှိတော့ပါ။ သူ့အသိတရားတွင် တစ်ခုတည်းကိန်းဝှပ်နေသောအရာက မိုးနတ်ခရာ...
သူမမျက်နှာလေးကိုသာ အဖန်တလဲလဲမြင်ယောင်ရင်း သူရူးသွပ်စွာ ပြုံးလိုက်မိ၏။
ကိုကို့ကိုစိတ်ဆိုးလို့ ထွက်သွားသလား ခရာ ကိုကိုတောင်းပန်မှာပေါ့ ခရာစိတ်ပြေတဲ့ထိ ကိုကိုချော့မှာပါ ခရာပုန်းနေပေမယ့် ကိုကိုခရာ့ကိုလိုက်ရှာမယ်...
ထို့နောက်အပူသောကတွေ တဟုန်းဟုန်းလောင်မြိုက်လျှက် နက်ရိုင်းတစ်ယောက်တီးတိုးရေရွတ်လိုက်သည့် စကားကိုတော့ ဘယ်သူမှမကြားနိုင်ခဲ့ပါ။
"ခရာ့ကို မတွေ့မချင်း ကိုကိုလိုက်ရှာပါ့မယ်"
ထို့နောက်...................
....................................................
ESTÁS LEYENDO
ကြာဖြူ(ကွာဖွူ)
Fantasía"ကြာဖြူ ငါတို့သေခြင်းတရားမှာ မင်းအငြိုးတွေပြေပါစေတော့" ပင်လယ်ဒဏ္ဍာရီတွင်ကြောက်စရာအကောင်းဆုံးသော ကျိန်စာဆိုးများနှင့်ကြာဖြူပုံပြင်... သို့သော်လွန်ခဲ့သောနှစ်သုံးရာတွင် အမှန်တကယ်ဖြစ်ခဲ့သော ရင့်နင့်စရာကြာဖြူမင်းသမီး၏ ဒဏ္ဍာရီတစ်ပုဒ်။ ဤဒဏ္ဍာရီတွင် သဘောင်စကား...