Zawgyi
~~ကြာဖြူ~~
အပိုင်း(၁၉)
"အဟင့်.....ဟင့်"
ငိုသံသဲ့သဲ့လေးက နားထဲမထိတရိတိုးဝင်လာသဖြင့် ခရာအိပ်ချင်မူးတူးဖြင့် နိုးလာသည်။ အပြင်ဘက်ကိုကြည့်လိုက်တော့ အမှောင်ရိပ်တွေသန်းနေဆဲ...
မနက်၂နာရီဝန်းကျင်သာ ရှိမည်ထင်ပါရဲ့။ ဘေးတွင် မို့နှင့်စိမ်းတို့ကလည်း နှစ်ခြိုက်စွာအိပ်မောကျနေ၏။ ဒီအချိန်ကြီး ဘယ်ကငိုသံထွက်လာပါလိမ့်..
သူမ.... နားကြားများမှားလေသလား.....
"ဟင့်......ဟင့်.. "
တစ်ယောက်တည်းဇဝေါဇဝါဖြစ်နေစဉ် ထပ်ကြားရပြန်သဖြင့် ခရာ့ကိုယ်လေးဆတ်ခနဲ့ တုန်သွား၏။ အသံက အိမ်အောက်ထပ်ဖက်တွင် ထွက်လာခြင်းပင်။
ခရာဘေးကစိမ်းတို့မနိုးအောင် အသာထလိုက်ပြီး အိမ်အောက်ထပ်ဆင်းလာလိုက်သည်။ အိမ်အောက်လှေကားရင်းတွင် မိန်းကလေးတစ်ယောက် ကျောပေးထိုင်နေ၏။
"အဟင့်....ဟင့်"
သူမထံမှငိုသံသဲ့သဲ့က ထွက်ပေါ်လာဆဲ။ ခရာ မရဲတရဲနှင့်
"ဘယ်သူလဲ..."
သူမငိုသံတိတ်သွား၏။ ပြီးနောက် ခရာ့ဖက်လှည့်လာသည်။ ရှေးခေတ်အဝတ်အစားနှင့် သူမပုံက ထူးဆန်းလှ၏။ လရောင်အောက်မှ လှပသော်လည်းညှိုးနွမ်းနေသောမျက်နှာလေးကို အထင်းသားမြင်နေရသည်။
ထူးဆန်းသည်က ခရာ့ရင်ထဲတွင် ကြောက်စိတ်ဖြစ်ပေါ်မလာခဲ့ပါ။ သူမက အားဖျော့သောမျက်ဝန်းတို့နှင့် ခရာ့ကိုမော့ကြည့်ပြီး...
"မောင်ကြီး...ကိုရှာပေးပါ.... "
"ဟင်....."
"ဒီညီမတော်လိုက်ရှာတာမောလှပြီး လွမ်းလည်းလွမ်းလှပြီ ရှာပေးပါလားရှင်.."
သူမအသံက ဆွေးဆွေးမြေ့မြေ့နှင့်။ တစ်ခုခုကို အပြင်းအထန်နာကျင်နေပုံရ၏။ သို့သော်ခရာဘာမှနားမလည်သဖြင့်...
"ဘာပြောချင်သလဲ ဘာဖြစ်လို့ငိုနေရသလဲ.."
သူမမဖြေ။ ဆတ်ခနဲ့ထရပ်ကာ တစ်နေရာသို့ ဦးတည်လျှောက်သွားတော့၏။ ဘာရယ်ကြောင့်မှန်းမသိ ခရာ မကြောက်မရွံ့သူမနောက်ကို အလိုလိုလိုက်သွားမိသည်။ သူမဦးတည်ရာက စမ်းချောင်းလေးတစ်ခုဆီသို့..
ထို့နောက် ကျောက်တုံးတစ်တုံးပေါ်သို့ တိုးဝင်ပျောက်ကွယ်သွား၏။ ခရာထိုနေရာသို့ အပြေးတစ်ပိုင်းလာကြည့်တော့
"ဟင်.."
အံ့သြသွားရပြန်၏။ ကျောက်တုံးပေါ် ရှိနေသည်ကဆွဲကြိုးတစ်ကုံး။ အတိအကျပြောရလျှင် အစ်ကိုဈာန်သူမကို ပေးထားသော ရှေးဟောင်းဆွဲကြိုးလေး..။
ညနေက ဒီစမ်းချောင်းတွင်ရေချိုးရင်း ခရာချွတ်ထားခဲ့မိပြီး မေ့ကျန်ခဲ့သည်ကို အမှတ်ရလိုက်သည်။ ခုနကအမျိုးသမီး ဒီဆွဲကြိုးထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်လား
ဈာန်ပြောပြသည့်အကြောင်းအရာကို သတိရမိတော့ ခရာကြက်သီးတွေ ထလာတော့သည်။ သို့သော်သူမရင်ထဲတွင် ကြောက်ရွံ့ခြင်းမခံစားရဘဲ တစ်ခုခုကို ဝမ်းနည်းနာကျင်နေသကဲ့သို့ ခံစားနေရ၏။
ခရာအိမ်ထဲပြန်ဝင်လာသည့်တိုင် ဆက်၍အိပ်မပျော်တော့ပါ။ အငိုမျက်ဝန်းတွေနှင့် ထိုမိန်းကလေး၏ရိုက်သံကိုသာ အထပ်ထပ်အခါခါ ကြားယောင်နေတော့သည်။
သူမ၏ဆွေးမြေ့နာကျင်မူတို့က နုနယ်လွန်းသောခရာ့နှလုံးသားကိုပါ နာကျင်စေသည်ထင်ပါရဲ့...
မိုးစင်စင်လင်းတဲ့ထိ ခရာအတွေးများစွာနှင့် ရူပ်ထွေးနေဆဲ.....
ခရာ့မျက်နှာညှိုးနွမ်းနေသည်ကို သတိထားမိသော ဈာန်က သူမနားရောက်လာပြီး
"ခရာမျက်နှာမကောင်းပါလား ဘာဖြစ်လို့လဲ"
ခရာကဆွဲထားသည့်ဆွဲကြိုးလေးကို ဆုပ်ကိုင်လိုက်ရင်းနှင့်...
"အစ်ကိုပြောသလို ဒီဆွဲကြိုးမှာ ကျွန်းပိုင်ကြီးရဲ့သမီး ဝိညာဉ်ရှိနေတာ အမှန်ပဲထင်တယ်.."
"ဘယ်လို..."
"ခရာ....ညကသူ့ကိုတွေ့ခဲ့တယ်"
ခရာညကအဖြစ်လေးကို ပြောပြလိုက်သည်။ ခရာ့စကားအဆုံး ဈာန်ကခေါင်းတညိတ်ညိတ်နှင့်
"ခရာနဲ့ရေစက်ရှိလို့ ဒါမှမဟုတ် စိတ်သဘောထားကောင်းတဲ့သူမို့ ကိုယ်ထင်ပြပြီး အကူအညီတောင်းတာလည်း ဖြစ်နိုင်တယ်နော်.."
"ခရာစိတ်ထဲတစ်မျိုးပဲ အစ်ကို"
"ဘာလဲ ခရာကြောက်လို့လား ဒါဆိုရင် ဆွဲကြိုးကိုအစ်ကို့ကို ပြန်ပေးထားလေ.."
ဒီလိုဆိုတော့လည်း ခရာကမပေးချင်ပြန်။ ခေါင်းခါရမ်းလိုက်ပြီး
"ဟင့်အင်း.. အာ့လိုလည်းမဟုတ်ဘူး နေပါစေ ခရာပဲသိမ်းထားလိုက်ပါမယ်..."
"ခရာအဆင်ပြေတယ်ဆို သဘောပါဗျာ.."
ထို့နောက် လမ်းလျှောက်ပြီး စကားတပြောပြောနှင့် သူတို့တောစပ်နား ရောက်လာတော့သည်။ ဦးလုံထန်းအိမ်က ရွာအစပ်တွင်ရှိနေခြင်းပင်။
ဈာန်ကခရာ့မျက်နှာကို တစ်ချက်ငဲ့ကြည့်ရင်း သူသိလိုသောမေးခွန်းကို မေးတော့သည်။
"ခရာ စိတ်လူပ်ရှားလား..."
"ရှင်......ဘာကိုလဲဟင်"
"အစ်ကိုတို့မကြာခင် ပဒုမ္မာရီမြို့တော်ကိုရှာဖို့ သွားတော့မယ်ဆိုတာ ခရာလည်းသိပါတယ် ခရာကိုအဲဒီကနေ ခေါ်လာကြတာဖြစ်တဲ့အတွက် ခရာကကိုယ့်အိမ်ကိုပြန်သွားရတာပဲလေ စိတ်မလူပ်ရှားဘူးလား "
"ဟင့်အင်း... ခရာ့အိမ်ကရန်ကုန်မှာ ခရာကိုကိုနဲ့ ငယ်ငယ်တည်းကအတူတူနေတာ"
"မဟုတ်ဘူးခရာ ခရာကပဒုမ္မာရီမြို့တော်မှာ ဖြစ်တည်လာခဲ့တဲ့မိန်းကလေးလေး ခရာမမှတ်မိဘူးလား အနည်းအကျဉ်းဖြစ်ဖြစ်.."
"ခရာမမှတ်မိဘူး ပြီးတော့သိလည်းမသိချင်ဘူး"
ခရာကပကတိပြတ်ပင်ဆိုလိုက်တော့ ဈာန်သက်ပြင်းချလိုက်မိပြီး
"ခရာရယ် ဘာလို့မသိချင်ရသလဲ ခရာအတိတ်ကကိစ္စတွေသိရမယ့်အရေးပါ ခရာ့ကိုခရာဘယ်သူလဲဆိုတာ အဖြေရှာသင့်တယ်လို့ အစ်ကိုထင်တယ်.."
"ခရာဘာအဖြေမှမလိုချင်ဘူး အစ်ကို ခရာဘယ်သူလဲဆိုတဲ့အဖြေထွက်လာမှာကိုတောင် ခရာအရမ်းကြောက်မိတယ်သိလား..."
ခရာ့စကားကြောင့်သူအံ့သြသင့်စွာဖြင့် ခရာ့ကိုငဲ့ကြည့်မိတော့ ခရာကသူ့ကိုမကြည့်ဘဲ...
"ကိုကို ခရာ့ကိုဒီထက်ပိုမုန်းသွားမှာစိုးတယ် အစ်ကို"
"..........."
"ခရာ့ဘဝအမှန်က ကိုကိုနဲ့ခရာ့ကြား ပိုပြီးအမုန်းပွားစေတယ်ဆိုရင် ခရာတကယ် ဘာမှကိုမသိချင်ပါဘူး ကြာဖြူဆိုတဲ့နာမည်ကိုလည်း ခရာမကြားချင်လောက်အောင်မုန်းပါတယ် ဒီနာမည်ကြားတိုင်း ကိုကို့ဆီကအမုန်းတွေ ခရာအမြဲရခဲ့တာပါ ခရာကိုကို့အမုန်းကို ဒီထက်ပိုပြီးမလိုချင်တော့ဘူး မယူချင်တော့ဘူး.. ခရာ့အတွက် ဘဝမှန်ဆိုတာထက် ကိုကိုနဲ့မဝေးရဖို့က ပိုအရေးကြီးတယ်အစ်ကို.."
"မဝေးတော့ရော ခရာစိတ်ချမ်းသာရလို့လား"
"အနည်းဆုံးတော့ ကိုကို့နားမှာ ခရာရှိနေနိုင်သေးတယ်လေ "
"ခရာ...ရယ်"
သူဘာပြောရမှန်းမသိအောင် ရင်ထဲနင့်ခနဲ့ ဖြစ်သွားသည်။ ကြာဖြူကိုအလွန်စိုးရွံ့နေဟန်ရှိသော ခရာ့မျက်နှာလှလှလေးက ညှိုးနွမ်းနေလျက်...
သူမြတ်နိုးသောမိန်းကလေးသည် ကိုကိုဆိုသော လူတစ်ယောက်အား ဤမျှထိတွယ်တာခဲ့သည်လား
မပိုင်ဆိုင်ခင်က ဆုံးရူံးလိုက်ရသောနှလုံးသားအတွက် နာကျင်မူကနင့်ခနဲ့။ သို့သော်ညှိုးနွမ်းနေသည့် ခရာ့မျက်နှာလေးက သူ့ကိုပို၍နာကျင်စေပါသည်။
သူမည်မျှပင်နာကျင်နေပါစေ... ခရာ့ကိုတော့ ပြုံးနေစေချင်သည်။ ခရာ့မျက်ဝန်းတွေ တောက်ပပြီး နူတ်ခမ်းတွေပြုံးနေခဲ့သည်ဆိုရုံပဲ သူကျေနပ်နေခဲ့ရာ..
"ကဲပါ စိတ်မကောင်းစရာမတွေးတော့နဲ့ စောစောစီးစီးစိတ်ညစ်တာမကောင်းဘူး ဒီလိုလုပ် ခရာ့စိတ်တွေလန်းသွားအောင် အစ်ကိုပန်းခူးပေးမယ်.."
"ရှင်...."
"ပန်းဆိုတာ လူ့စိတ်ကိုနူးညံ့ပြီးပျော်ရွှင်စေတယ် ခရာရဲ့ ဟော..ဟိုသစ်ပင်ပေါ်ကပန်းလေးတွေ မလှဘူးလား"
သူညွှန်ပြရာလှမ်းကြည့်လိုက်သော ခရာ့မျက်ဝန်းတွေ လက်ခနဲ့တောက်ပသွား၏။ မြင့်မားသောသစ်ပင်တွင် ကပ်နွယ်နေသည့် ရောင်စုံသစ်ခွပန်းဖူးဖူးလေးတွေ..
မိန်းကလေးပီပီပန်းချစ်သောခရာ့နူတ်ခမ်းတို့က အလိုလိုပြုံးလာပြီးနောက်...
"လှလိုက်တာ....."
"မလိုချင်ဘူးလားခရာ ခရာဒီပန်းလေးတွေပန်လိုက်ရင် တကယ်ကိုလှမှာ.."
"လိုချင်ပါတယ် ဒါပေမယ့်အမြင့်ကြီးကို.."
"ကိစ္စမရှိဘူး ကိုယ်ကသစ်ပင်တက်ကျွမ်းပါတယ် "
ပြောပြီး ဈာန်လှစ်ခနဲ့ထွက်သွားတော့ ခရာတားချိန်ပင်မရလိုက်ပါ။ သစ်ပင်အမြင့်ပေါ်တွင် ခက်ခက်ခဲခဲ သစ်ခွပန်းခူးနေသေဈာန်ကိုသာ ရင်တမမနှင့် စောင့်ကြည့်နေရှာသည်။
ဈာန်ကလိုသလောက်သစ်ခွပန်းရသည်နှင့် အောက်သို့ပြန်အဆင်းတွင်...
"ဟယ်သစ်ခွပန်းတွေ လှလိုက်တာ.."
အနားရောက်လာသူကမို့။ သူ့ကိုလည်း မော့ကြည့်ရင်း
"ကိုဈာန်ခူးလာသလား အမြင့်ကြီးကို မတော်ပြုတ်ကျမှဖြင့်..."
"လှတဲ့ပန်းလိုချင်တော့လည်း စွန့်စားရတာပေါ့"
"ဘယ်သူ့အတွက်လဲဟင် မို့လည်းလိုချင်လိုက်တာ"
မို့စကားကြောင့် သူအားနာစွာပြုံးလိုက်ပြီး..
"ဆောရီးပါမို့ နောက်တစ်ခါကိုယ်ခူးပေးပါ့မယ် ဒါခရာ့အတွက်မို့ပါ.."
မို့မျက်နှာကွက်ခနဲ့ပျက်သွား၏။ ရင်ထဲတွင်လည်း ဆစ်ခနဲ့ဖြစ်သွားသည်။ သတိမမူမိသောဈာန်ကခရာ့ဆီသာ တည့်တည့်မတ်မတ်သွားပြီး..
"ရော့ခရာ ပန်းကခရာ့တိုင်းပဲ အရမ်းလှတယ်"
"ကျေးဇူးတင်ပါတယ် အစ်ကိုရယ် ခရာအရမ်းကြိုက်တာပဲ.."
ခရာတကယ်ကို နှစ်သက်စွာဆိုတော့ ဈာန်ပင်ပန်းရကျိုးနပ်ကာ ကျေနပ်သွားမိ၏။ သူမဘာသာလွပ်လပ်စွာနေပါစေ ဟူသောစိတ်ရင်းနှင့် သူခရာ့နားမှ ထွက်လာလိုက်သည်။
ဈာန်ထွက်သွားသော ခရာ့နားရောက်လာသူက မို့။ သူမမျက်နှာက ဒေါသကြောင့်တင်းမာလို့နေသည်။
"ခရာ.."
ခပ်မာမာခေါ်သံကြောင့် ပန်းလေးကိုနမ်းရိုက်ပြီး ကြည်နူးနေသည့် ခရာလန့်ဖြတ်သွား၏။ ခက်ထန်နေသောမို့မျက်နှာကိုလည်း နားမလည်စွာမော့ကြည့်ပြီး
"မမမို့ ဘာဖြစ်လို့လဲဟင်.."
"နင်တော်တော်မာယာများတဲ့မိန်းမပဲ "
"ရှင်..."
"နက်ရှိုင်းရော စေတန်ရော နင်ပတ်သတ်ချင်တယ် နောက်ဆုံးဈာန်ကိုပါ နင်အလွတ်မပေးချင်ဘူး နင့်မှာအရှက်ဆိုတာ ရှိရဲ့လားဟင်.."
"မမဘာတွေပြောနေသလဲ ခရာနားမလည်ဘူး"
"နင်အချင်ဟန်ဆောင်မနေနဲ့ မြွေပွေးမ တောက်"
မို့ကစိတ်မထိန်းနိုင်ဘဲ ခရာ့လက်ထဲကပန်းကို ဆွဲလုပစ်တော့သည်။ ထို့နောက်ခရာ့ကို ဒေါသတကြီးတွန်းလွတ်ပြီး ဆောင့်ဆောင့်အောင့်အောင့် ထွက်သွားတော့သည်။
ခရာသည်ယိုင်ကျသွားပြီးမှ ပြန်ထပြီး မို့ကျောပြင်ကို နားမလည်နိုင်စွာဖြင့် ငေးကြည့်နေမိတော့သည်။ ထို့နောက် ဆွဲလုကာပစ်ပေါက်ခံရ၍ ပွင့်ခက်တွေကြွေနေသော ပန်းလေးကို နှမြောသတစွာ ကောက်နေမိ၏။
မို့ဘာကိုစိတ်ဆိုးသွားမှန်း ခရာခုထိ နားမလည်နိုင်သေးပါ။ သူမဝမ်းနည်းစွာ တွေးနေမိသည်က...
သူမဘာအပြစ်မှမလုပ်ဘဲနဲ့ ဘာလို့များအခုလို အမုန်းခံရတာများနေပါလိမ့်......... "
။...........................................................။
"ပဒုမ္မာရီမြို့တော်ကိုသွားဖို့ တကယ်သေချာပြီလား"
ကောင်းကင်အမေးကြောင့် သူတို့တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိသည်။ စေတန်က
"ငါကတော့ဘာဖြစ်ဖြစ်သွားမှာ.."
"ငါရောပဲ..."
စိမ်းကပါမတွန့်မဆုတ်ဝင်ပြောလိုက်သည်။ နောက် ကမ္ဘာ, မို့ပါ အလိုလိုခေါင်းညိတ်ပြီးသား။ ကောင်းကင် ခေါင်းတစ်ချက်ညိတ်ရင်း...
"ငါအခုလိုမေးရတာက အခုငါတို့သွားရမှာက သိပ်အန္တာရယ်များတဲ့ နေရာဖြစ်နေလို့ပါ ငါကငါ့ဦးလေးအတွက်မို့ မဖြစ်မနေသွားရပေမယ့် မသက်ဆိုင်တဲ့မင်းတို့ကို ကြားထဲကဒုက္ခမရောက်စေချင်ဘူး"
"သိပ်အတွေးမလွန်စမ်းပါနဲ့ ငါတို့ဘယ်နေ့ခရီးစထွက်မှာလဲ ဒီလိုအကျိုးမဲ့သောင်တင်မနေချင်ဘူး"
"အင်း....ငါလည်းတွေးမိပါတယ်စေတန် ငါတို့ဦးလုံထန်းနဲ့စကားသွားပြောကြည့်ရအောင်"
သို့နှင့်သူတို့ဦးလုံထန်းရှိရာသွားတော့ ဈာန်နှင့်နက်ရိုင်းတို့က ရောက်နှင့်ပြီးသာဖြစ်သည်။ သူတို့ကိုမြင်တော့ ဈာန်က
"အတော်ပဲ ခရီးစဉ်အတွက်တိုင်ပင်ဖို့ လာခေါ်တော့မလို့ပဲ့ .."
သူတို့အားလုံးဦးလုံထန်းရှေ့စုထိုင်ကြသည်။ ဦးလုံထန်းက ဆေးပေါလိပ်ဖွာနေရင်းမှ
"ကျုပ်ခြေထောက်ဒဏ်ရာက သက်သာပေမယ့် ဒီခရီးကို လဆုတ်၇ရက်လောက်မှထွက်တာ အသင့်တော်ဆုံးပဲ"
"အခုမှ၎ရက်ပဲရှိသေးတယ် နောက်ထပ်သုံးရက်တောင် ဒီမှာထပ်နေရဦးမယ် အချိန်ဖြုန်းရာမကျဘူးလား ဗျာ"
နက်ရှိုင်းကအလိုမကျစွာဆိုတော့ ဦးလုံထန်းခေါင်းခါရမ်းလိုက်ရင်း..
"တစ်ရက်နှစ်ရက်ပိုနေရလို့ ဘာမှမဖြစ်ဘူးမောင်ရင် ကျုပ်သိရသလောက်တော့ ကြာဖြူဟာ လဆန်းလဆုတ်၇ရက်နေ့ကနေ ၁၃ရက်ဝန်းကျင်လောက်မှာအားနည်းတယ်တဲ့ အဲဒီရက်တွေဟာ ပုံပြင်အရဆို သူညှင်းပန်း နှိပ်စက်ခံရတဲ့နေ့ဖြစ်လို့ပဲ ဒါကြောင့် ဒီချိန်လောက်သွားရင် အနည်းအများတော့ ကျုပ်တို့အနှောင်အယှက်ကင်းနိုင်တယ်.."
"ဒါလည်းကောင်းပါတယ် မို့လည်းဒဏ်ရာရထားတာ မသက်သာသေးတော့ နားနားနေနေနေလို့ရတာပေါ့နော်"
စိမ်းက မို့အတွက်ပါဝင်ပြောပေးတော့ နက်ရှိုင်းဘာမှထပ်မပြောသာတော့ပေ။ ဈာန်က..
"မှော်ဝင်ကျွန်းကိုရှာဖွေဖို့အတွက် ကျွန်တော်တို့ဘာတွေလိုအပ်မလဲ ဦးလုံထန်း.."
"လိုအပ်တာမှန်သမျှ ကျုပ်ပဲစီစဉ်မယ်မောင်ရင် တစ်ခုတော့ရှိတယ် မောင်ရင်တို့လုပ်ရမှာက.."
ဦးလုံထန်းစကားကို ရပ်လိုက်၏။ ထို့နောက် အလေးအနက်ဟန်ဖြင့်
"မောင်ရင်တို့စိတ်ကို မောင်ရင်တို့သန့်စင်ထားဖို့ပဲ လိုအပ်တယ်.."
"ဘာကိုသန့်စင်ထားရမလဲဗျာ.."
"အားလုံးကိုပေါ့..."
နက်ရှိုင်းက တစ်ချက်မဲ့လိုက်ရင်းမှ
"စိတ်မပူပါနဲ့ ကျွန်တော်က ဘာရှေးဟောင်းပစ္စည်းကိုမှ လောဘမတက်ဘူး ကြာဖြူကိုတွေ့ချင်ရုံပါ.."
"အဲဒီ့တွေ့ဆုံမူက ကံကောင်းခြင်းဖြစ်မယ်လို့ မင်းထင်ထားသလား ကောင်လေး"
" ဘဝမှာမိသားစုပြိုကွဲပျက်ဆီးသွားတာထက် ကံဆိုးမူတွေရှိပါဦးမှာလား "
နက်ရှိုင်း နာနာကျဉ်းကျဉ်းပင် ဆိုလိုက်သည်။ ဦးလုံထန်းဘာမှမတုန့်ပြန်။ နက်ရှိုင်းကိုသာ သနားစရာသတ္တဝါနှယ်ခေါင်းတညိတ်ညိတ်နှင့် ကြည့်နေတော့သည်။
ထို့နောက် သူတို့တိတ်ဆိတ်စွာပင် မှော်ဝင်ကျွန်းရှာဖွေဖို့အတွက် တိုင်ပင်ဆွေးနွေးကြသည်။ လိုအပ်သည်များကို တိုင်ပင်ဆွေးနွေးပြီးတော့ ဈာန်ကတောစပ်ရှိရာ တစ်ယောက်တည်းထွက်လာတော့သည်။
သူ့လက်ထဲတွင်တော့ ရှေးဟောင်းစာအုပ်တစ်အုပ်ကိုင်လို့။ ပဒုမ္မာရီမြို့တော်နှင့်သက်ဆိုင်သည့်စာအုပ်လေး..
ဒီစာအုပ်လေးကို ပင်လယ်ဒဏ္ဍာရီဆိုင်မှ ဆိုင်ရှင်အဘိုးကြီး သူ့ကိုပေးလိုက်သည်မဟုတ်လား...
ခုထိမဖတ်ရသေးသော စာအုပ်၏ပထမဆုံးစာမျက်နှာကို သူစတင်လှန်လိုက်သည်။စာအုပ်ထဲတွင် ပထမဆုံးရေးထားသည်က...
ဤစာအုပ်သည် ကျွန်ုပ်ကိုယ်တိုင် ကြုံတွေ့ခဲ့သောအဖြစ်ကို ရေးထားသောဖြစ်ရပ်မှန်ဖြစ်ကြောင်း သစ္စာဆိုတိုင်တည်ဝံ့ပါသည်။
မိတ်ဆွေ စိတ်ကူးယဉ်ပုံပြင်မဟုတ်ပါ၍ ယုံကြည်သောနှလုံးသားဖြင့်သာဖတ်ပါ။ ဤစာအုပ်ကိုရေးသားရခြင်းသည် မိတ်ဆွေအား မှော်ဝင်ကျွန်းနှင့်ပဒုမ္မရီမြို့တော်သို့ သွားလိုသည့်စိတ်ကို ဟန့်တားလိုခြင်းပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ပဒုမ္မာရီမြို့တော်သည် ကျိန်စာသင့်ထားသောဖုန်းဆိုမြေကြီးဖြစ်၍ မိတ်ဆွေအားမလွတ်မြောက်နိုင်သော ဝဋ်ဆင်းရဲခြင်းကိုပေးလိမ့်မည်။
ဈာန်သက်ပြင်းသဲ့သဲ့လေးရိုက်လိုက်မိ၏။ ထို့နောက် စိတ်ဝင်စားစွာပင်ဆက်ဖတ်လိုက်သည်။
အကယ်၍ မိတ်ဆွေအကြောင်းစပ်၍ မဖြစ်မနေသွားရပါက ဤစာအုပ်ထဲတွင်ရေးသားသည့် အကြောင်းအရာကို သေချာဖတ်ပြီးလိုက်နာပါ။ မိတ်ဆွေ၏ဆန္ဒနှင့်လောဘတို့ကို ချုပ်ထိန်းခဲ့ပါ။
ထို့နောက်ဆက်ရေးထားသည်က ပဒုမ္မာရီမြို့သို့ မတော်တဆရောက်ရှိခဲ့ပုံတို့ပင် ဖြစ်သည်။ ပြီးနောက် ဆောင်ရန်ရှောင်ရန် အချက်တွေပါရေးထားသည်။ ထိုအထဲတွင် သူအထူးတလည် စိတ်ဝင်စားမိသည်က...
ကျိန်စာများနှင့်ပျက်ဆီးခဲ့သည့်မြို့တော်တွင် ပိတ်လှောင်နေသော ရှေးမျိုးနွယ်စုတစ်စုရှိသည်ကိုတွေ့ရသည်။ ၎င်းမျိုးနွယ်စုသည် ကြာဖြူမင်းသမီး ပြန်နိုးထလာမယ့်အချိန်ကို ယခုချိန်ထိစောင့်ဆိုင်းနေခဲ့သည်ဟု ဆိုသည်။ ထူးဆန်းသောမျိုးနွယ်စုသည် မှော်ဝင်ကျွန်းမှအပ မည်သည့်နေရာသို့ ထွက်ခွာခွင့်မရှိဟုလည်း သိရသည်။ ထို့အတူပဒုမ္မာရီမြို့တော်သို့ မတော်တဆရောက်ရှိကာကျိန်စာသင့်ပြီး မလွတ်မြောက်နိုင်သော လူပေါင်းများစွာကိုလည်း ဝမ်းနည်းဖွယ်ကောင်းအောင် တွေ့ရသည်။
ဒဏ္ဍာရီအရ ကြာဖြူမင်းသမီးသေဆုံးပြီး နှစ်သုံးရာတွင်ပြန်နိုးထလတ္တံ။ ပဒုမ္မာရီမြို့တော်နှင့် သက်ဆိုင်သူအားလုံး ဤနေရာသို့တဖန်ပြန်လာကာ ဝဋ်ကြွေးကို လည်စင်းပေးရမည်။ ထို့နောက် ကြီးမားသောသဘာဝဘေးအန္တရယ်ကြီး ကျရောက်ကာ မှော်ဝင်ကျွန်းသည်ပင်လယ်ထဲ စုန်းစုန်းမြှပ်သွားမည်။ အနီးမိုင်ပေါင်းများစွာက ကျွန်းငယ်နှင့်ရွာလေးသည်ပင် အန္တရယ်ဆိုးဆိုက်ရောက်ကာ ပျက်ဆီးလတ္တံ...။
အားလုံးပျက်ဆီးခြင်းတို့ ဖြစ်ပေါ်ပြီးနောက် ဤဒဏ္ဍာရီသည်လည်း ပျောက်ကွယ်သွားမည်။ မြောက်မြားစွာသောလူတို့သည် သေခြင်းတရားတို့ဖြစ်ပေါ်ကာ ပင်လယ်ရေအောက်သို့ ထာဝရပိတ်လှောင်နေမည်ဖြစ်သည်။
ကြာဖြူသည် မကောင်းသောကံကြမ္မာဆိုးဖြင့် သင်တို့အား ပင်လယ်ရေအောက်သို့ ခေါ်ဆောင်သွားချေတော့မည်...။
ထိုကျိန်စာတို့ကို ဖျက်ဆီးနိုင်မည့်နည်းလမ်းတစ်လမ်းသာ ရှိသည်။ ထိုနည်းလမ်းကို ပဒုမ္မာရီမြို့ဟောင်း၏လျှိုဝှက်နန်းဆောင်တွင် မှောက်ကျောက်စာဖြင့် ရေးထွင်းထားသည်။
မိတ်ဆွေ မှော်ကျောက်စာကိုသာ ရအောင်ရှာဖွေပါ။ ဖြူစင်ခြင်းတို့ဖြင့် ဤနယ်မြေကို ဆေးကြောနိုင်သည်။ ကျိန်စာကို ရပ်တန့်ပါ။ နှစ်ပေါင်းရာချီမလွတ်မြောက်နိုင်သော ဝိညာဉ်တို့ကို ကယ်တင်ပါ။ ထပ်စတေးရမည့် အသက်ပေါင်းများစွာတို့ကို ကယ်တင်နိုင်မယ့် တစ်ဦးတည်းသောလူကိုရှာဖွေပါ....
ထူးဆန်းသောနက္ခတ်တို့နှင့် ယှဉ်ကာမွေးဖွားလာသည့် လူသားငယ်သည် ဤနယ်မြေတို့ရောက်လာလိမ့်မည်ဟု သဘောင်စကားရှိခဲ့၏။ ထိုသူသာလျှင် မှော်ကျောက်စာကို ဖတ်နိုင်မည်ဖြစ်သည်..။
ကျွန်ုပ်ပဒုမ္မာရီမြို့သို့ရောက်ရှိစဉ်က ကြာဖြူမင်းသမီး၏ပုံရိပ်တို့အား မမြင်တွေ့ခဲ့ရပါ။ သူမ၏ရုပ်ကလပ်တော်တွင် အိပ်စက်နေဆဲပင်....
သို့သော် သိပ်မလိုတော့ပါ။ သူမပြန်လည် မွေးဖွားတော့မည်။ ဤကျိန်စာတို့အား အသက်ဝင်စေလိမ့်မည်။ သူမ မသေဆုံးခင်က ထူးဆန်းသောပညာရပ်ဖြင့် ကျိန်ဆိုခြင်းတို့သည် အမှန်တကယ်ဖြစ်မြောက်လာတော့မည်။
အဘယ်ကြောင့်ဆိုသော် ထိုကျိန်စာကျိန်ဆိုခဲ့စဉ်က ဖြစ်တည်သောနက္ခတ်ကဲ့သို့ ကောင်းကင်တွင်တစ်ထပ်တည်းကျမည့် နက္ခတ်တာယာချိန်ရောက်လာတော့မည်...
ထိုနက္ခတ်စုံမည့်အချိန်ကား......
ဈာန်စာအုပ်ကိုပိတ်လိုက်ပြီး အတွေးပွားမိသည်။ ဒီစာအုပ်ထဲက အရာအားလုံးမှန်နေပါက စာရေးသူရေးထားသော အချိန်ကား...
လမည့်သုံးလမြောက် လပြည့်နေ့ပင်….
သူသက်ပြင်းသာ အခါခါချမိ၏။ ထို့နောက် မနေ့ကဦးလုံထန်းပြောသော အကြောင်းအရာထဲမှ ရာဇဆိုသောလူကို အမှတ်ရလိုက်မိသည်။ ဖျတ်ခနဲ့ သူတွေးလိုက်မိသည်က ရာဇသည် ပျောက်ဆုံးသွားသော ပုံပြင်ခရီးသည်နေကြယ်များ ဖြစ်နေမည်လား..
အချိန်ကာလအရဆိုပါက ဖြစ်နိုင်ချေရှိသည်။
ထို့ပြင်သူသတိထားမိသည်က ရေးထားသောစာအရ ထိုစဉ်အခါကကြာဖြူသည် မနိုးထလာသေး။ အိပ်စက်နေဆဲဟု ဆိုသည်...။
ဒါဆိုရင် ပုလဲနတ်ကျွန်းတွင်ဖြစ်ပေါ်ခဲ့သည့် ကြာဖြူသည် လွန်ခဲ့သောနှစ်သုံးရာနီးပါးက ပဒုမ္မာရီမြို့တော်ကို ကျိန်စာသင့်ပျက်ဆီးစေခဲ့သော ပဒုမ္မာကြာဖြူမည်သော မင်းသမီးဝင်စားခြင်းပဲလား...
သူမ၏ကျိန်စာအတွက် သူမပြန်နိုးထလာခဲ့သည်လား
သို့သော်ထိုကြာဖြူသည်လည်း ပုလဲနတ်ရွာသားတို့ကြောင့် သေဆုံးခဲ့ပြီမဟုတ်လား။
အတွေးဖြင့် ဈာန်စိတ်တွေ ရူပ်ထွေးနေတော့၏။ ထို့နောက် နောက်ဆုံးကျန်ခဲ့သည့်စာကို သူဆက်ဖတ်လိုက်သည်။
သူမပြန်လည်မွေးဖွားသော ကျွန်းကိုရှာပါ... မြောက်အရပ်သို့ခရီးနှင်ပါ။ မြွေနှင့်တူသော ချောင်းကိုရှာပါ။ ရေဆန်တည့်တည့်ဆင်းပြီး ကျောက်စိမ်းရောင်တောက်နေသော ဂူထဲသို့ဝင်ပါ....
ဂူကိုရှာတွေ့ပါက ဤဂါထာကိုရွတ်ဆိုပါ။ သင့်ကို ပဒုမ္မာရီမြို့ဟောင်းသို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။
စာအဆုံး သူစိတ်တွေလူပ်ခတ်သွားသည်။ ရှေးဟောင်းစာတွေလေ့လာထားသူမို့ ဂါထာကိုဖွဖွလေးရွတ်ဆိုလိုက်စဉ် ကြက်သီးတွေ ဖြန်းဖြန်းထသွားသလို ခံစားလိုက်ရသည်....
ပဒုမ္မာရီရွှေမြို့တော်.....
ဘယ်အရာတွေများသူတို့ကို ဆီးကြိုနေမှာလဲ
မသေချာသော အတွေးများဖြင့်............. ။
။.............. ......................။
"သား..."
ရင်းနှီးဖူးသောခေါ်သံသဲ့သဲ့ကြောင့် သူဆတ်ခနဲ့ နိုးထလာ၏။ အနီးအနားတွင် ဘယ်သူမှမရှိ..
သူကြောင်တောင်တောင်ဖြစ်နေစဉ် ...
"သား..."
ကြားရပြန်သည်။ ပြီးတော့ ချက်ချင်းသတိပြုမိသည်က ဒီအသံ... ဒီအသံက .
စိတ်လူပ်ရှားစွာဖြင့် သူအသံကြားရာ ထွက်ခဲ့မိသည်။ ညကမှောင်နေဆဲ.... လရောင်ဖြာဖြာအောက်တွင် အရာအားလုံးက ခြောက်ခြားဖွယ်ကောင်းအောင် တိတ်ဆိတ်နေတော့၏။
"သား.....သားရေ.."
အသံက နီးလာလိုက်ဝေးလာလိုက်နှင့်။ တစ်နေရာရောက်တော့ သူ့ခြေလှမ်းတွေ တုန့်ခနဲ့ရပ်သွား၏။ ကြီးမားသောညောင်ပင်အောက်တွင် နွမ်းလျစွာရပ်နေသူက
"ဒယ်ဒီ..."
သူ့နူတ်မှ ဖွဖွလေးရွတ်ဆိုလိုက်မိ၏။ ဟုတ်ပါသည်..။ ညှိုးနွမ်းသောမျက်ဝန်းတို့ဖြင့် ဒယ်ဒီသည် သူ့ကိုအားကိုတကြီး ငေးကြည့်နေရင်း...
"သား....ဒယ်ဒီကို ကယ်ပါ"
သူဒယ်ဒီကိုကြည့်ပြီး အာခေါင်တွေ ခြောက်သွေ့လာ၏။ နူတ်တွေကစေးကပ်ကာ ဘာမှပြောလို့မရ။ စုတ်ပြတ်နေသောအဝတ်အစားများနှင့် အရောင်အသွေးမှိန်လွန်းနေသော ဒယ်ဒီ့ပုံက ကြည့်ရက်စရာမရှိပါလား
သူငေးကြည့်နေစဉ် ညောင်ပင်ပေါ်က မြွေကြီးတစ်ကောင်လျှောဆင်းလာပြီး ဒယ်ဒီ့ကိုရစ်ပတ်ကာ အမှောင်ထုထဲသို့ ခေါ်ဆောင်သွားတော့၏။
ဒယ်ဒီသည် ကြောက်လန့်တကြားနှင့်...
"သား... နက်ရှိုင်း ဒယ်ဒီ့ကိုကယ်ပါ.."
"ဒယ်ဒီ..."
သူသတိဝင်လာပြီး ထိတ်လန့်စွာအော်ခေါ်မိ၏။ အမှောင်ထုကြီးနှင့်အတူ ဒယ်ဒီ၏ခြောက်ခြားဖွယ်အော်သံတို့က တဖြည်းဖြည်းဝေးကွာလို့......
"ဒယ်ဒီ....ဒယ်ဒီ..."
သူအထိတ်တလန့်အော်ခေါ်ပြီး အိပ်ယာမှ နိုးထလာသည်။ ထိုအခါမှအိပ်မက်ဆိုးမက်နေမှန်း နက်ရှိုင်း သတိဝင်တော့၏။ သို့သော် သူရင်ထဲတွင်တော့ ဒါကိုတကယ့်အဖြစ်လို ခံစားနေမိသည်။
သူ...ဒယ်ဒီကိုမုန်းခဲ့သည်တိုင် အိပ်မက်ထဲမှ ညှိုးငယ်ကာ ကြောက်ရွံ့နေဟန်ရှိသော ဒယ်ဒီ့အသွင်ပြင်က သူ့ကိုတကယ် ထိခိုက်နာကျင်စေပါသည်။
ဒယ်ဒီဆုံးပြီးကတည်းက တစ်ခါမှ သူအိပ်မက်မမက်ခဲ့ဖူးပါ။ ပထမဆုံးအကြိမ်မက်မိသော ဒီအိပ်မက်က သူ့ရင်ကိုမွန်းကျပ်စေပါသည်...
အလိုမကျစွာဖြင့် သူဒီအိပ်မက်ကိုအတင်းဇွတ်မှိတ်မေ့ထားလိုက်ပြီး ခြံထဲဆင်းခဲ့သည်။ ခြံထဲတွင် စောစောစီးစီး တရုံးရုံးဖြစ်နေသဖြင့် နက်ရှိုင်းခပ်လှမ်းလှမ်းတွင်ရပ်နေသော မို့ထံလျှောက်သွားလိုက်ပြီး..
"ဘာတွေလုပ်နေလို့ ဒီလောက်စုစုရုံးရုံးဖြစ်နေသလဲ မို့"
"အော် ကိုနက်ရှိုင်းနိုးပြီးလာ ဟုတ်တယ် ဒီနေ့ကစိမ်းရဲ့မွေးနေ့လေ ဒါကြောင့်စိမ်းက အားလုံးစားဖို့အတွက်ရော ရွာကလူအတွက်ပါ အစောကြီးကတည်းက ချက်ပြုပ်ပေးနေတာ.."
"ဟုတ်လား... စိမ်းက ထမင်းဟင်းကောင်းကောင်း ချက်တတ်တယ်ပေါ့.."
"ကိုနက်ရှိုင်းမသိလို့ပါ စိမ်းလက်ရာဘယ်လောက်ကောင်းလဲဆိုတာ တစ်ခါတည်းကြွေဆင်းသွားမယ်"
မို့စကားကြောင့် နက်ရှိုင်းပြုံးမိသည်။ စိမ်းသည် အဆင်းရောအချင်းပါပြည့်စုံသည့် မိန်းကလေးပါလား..
တကယ်လည်းဒီမနက်စာကို သူတို့အရသာရှိစွာ စားခဲ့ရသည်။ စိမ်း၏အလှူဒါနအတွက် ရွာသားများပါအားတက်သရော ပါဝင်ကြသည်မှာ ကြည်နူးဖွယ်အတိ..
"ဒီမနက်စာတကယ်ပြီးပြည့်စုံတယ် ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေနော် စိမ်း.."
"ဟုတ်ကဲ့ပါ ဒီနှစ်ကတကယ်ထူးခြားတဲ့နှစ်ပဲ အရင်နှစ်တိုင်းလိုလိုက စိမ်းပါတီပွဲတွေပဲကျင်းပခဲ့တယ် ဒီနှစ်က ဒီလိုမထင်မရှားကျွန်းလေးပေါ်ရောက်နေတော့ တစ်မျိုးထူးခြားသွားတာပေါ့နော် ဒါပေမယ့် စိမ်းဒီနှစ်ပိုပျော်တယ် ခုလို ဘာပကာသနမှမပါဘဲ ကျွန်းရွာလေးမှာအလှူပြုရတာ စိမ်းအတွက် အနှစ်သာရပြည့်ဝတဲ့ မွေးနေ့လေးပဲ ကိုနက်ရှိုင်း"
"စိမ်းပျော်နေမှန်းသိသာပါတယ်ဗျာ ဒါပင်မဲ့ ကိုယ်စိတ်မကောင်းတာတစ်ခုက စိမ်းအတွက် ဘာမွေးနေ့လက်ဆောင်မှ မပေးနိုင်တာကိုပဲ.."
"ပေးပြီးပြီလေ ကိုနက်ရှိုင်းခုနကပဲဆုတောင်းခဲ့တာ ဒါစိမ်းအတွက် မွေးနေ့လက်ဆောင်ပဲလေ.."
နက်ရှိုင်းပြုံးမိပြန်သည်။ ထို့နောက် ကမ္ဘာနှင့်ကောင်းကင်က စိမ်းရဲ့မွေးနေ့ပွဲလေးသက်ဝင်လာအောင် တတ်နိုင်သမျှလုပ်ပေးရှာသည်။ တောထဲကပန်းတွေခူးလာပြီး ဆင်ယင်နေကြတော့ ချစ်စရာသူငယ်ချင်းလေးတွေ ကြည့်ပြီး စိမ်းကျေနပ်မိသည်။
ထိုမြင်းကွင်းကိုငေးကြည့်နေရှာသူက ခရာလေး...
ဘယ်သူမှသတိမထားကြသည့် သူမလေး၏ မျက်ဝန်းတွင်တော့ မျက်ရည်စလေးက ရစ်ခိုလို့.
"ခရာ ဘာငေးနေသလဲ.."
အနားရောက်လာသည့်ဈာန်ကြောင့် ခရာက မျက်ရည်စတွေမမြင်အောင် မျက်တောင်ဖြင့် ပုတ်ခတ်ပစ်ရင်း
"ဒါမမစိမ်းရဲ့မွေးနေ့လားဟင်..."
"အော်...ဟုတ်တယ်လေ ဘာဖြစ်လို့လဲခရာရဲ့.."
"မွေးနေ့ပွဲလုပ်တာခရာမမြင်ဖူးလို့ပါ.."
"ဘယ်လို..."
ခရာကဝမ်းနည်းနေဟန်ဖြင့် ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ရင်းနှင့်...
"ခရာတစ်ခါမှ မွေးနေ့ပွဲမလုပ်ဖူးဘူးအစ်ကို ဘယ်သူမှလည်းခုလိုခရာ့မွေးနေ့ကို ဂရုတစိုက်မရှိဘူးလေ"
"ခရာရယ်.."
သူဘာပြောရမှန်းပင် မသိတော့။ ညှိုးငယ်နေသော သူမမျက်နှာလေးကို ဂရုဏာသက်စွာငေးကြည့်ပြီး
"စိတ်မကောင်းမဖြစ်ပါနဲ့ ခရာ့မွေးနေ့ရောက်ရင် ပြောလေ ကိုယ်လုပ်ပေးမှာပေါ့.."
"ခရာ့မွေးနေ့ဘယ်နေ့မှန်း ခရာမသိဘူးအစ်ကို"
သူတကယ်ကို ရင်ထဲမကောင်းဖြစ်ရသည်။ ခရာကတစ်ချိန်လုံးနက်ရှိုင်းကိုပဲ လိုက်ကြည့်နေရင်း
"ကိုကိုက ဘာလို့မမစိမ်းကို ဒီလောက်ဂရုစိုက်နေသလဲဟင်"
"အော်ခရာရယ် စိမ်းမွေးနေ့မို့ ကူညီပေးနေတာပါ"
"ဒါပေမယ့်ခရာ့မွေးနေ့ကျ ကိုကိုမသိဘူးနော် ခရာလည်းဒီလိုမွေးနေ့ပွဲလေးလိုချင်လိုက်တာ"
ရင်ထဲနင့်ခနဲ့...။ သူမလိုချင်သည့် ဂရုစိုက်ခြင်းတွေက သူ့ဆီမှမဟုတ်တာ။ သူဘာများတတ်နိုင်မည်နည်း။
ထိုစဉ် စင်တစ်ခုပေါ်တက်ရင်း ပန်းဆင်နေသည့်စိမ်းကိုယ်လေးက ဟန်ချက်ပျက်သွားတော့ လှစ်ခနဲ့ထွးပွေ့လိုက်သူက နက်ရှိုင်း..။
ထိုမြင်ကွင်းကိုကြည့်ပြီး ခရာ့မျက်နှာလေး ဟန်မဆောင်နိုင်လောက်အောင် ပျက်ယွင်းသွားရှာသည်။ လှပသောနူတ်ခမ်းသားတို့သည် မမြင်ရက်စရာကောင်းအောင် တဆတ်ဆတ်တုန်ယင်လာပြီးနောက် ချာခနဲ့လှည့်ထွက်သွားရာ...
"ခရာ....."
"ခရာတစ်ယောက်တည်းနေပါရစေ"
သူမအသံလေးက အက်ရှရှ။ ဈာန်သူမနောက် ဆက်မလိုက်တော့ဘဲ တွေတွေကြီး ကျန်ခဲ့တော့သည်။
ခရာ......နာကျင်နေပြီထင်ပါ့.....
ဒါဆို...... သူကရော..... သူကပိုပြီးနာကျင်မိမယ်ထင်ပါရဲ့။
ခရာရယ်.... မင်းမနာကျင်အောင် ငါဘာတွေများ လုပ်ပေးရမလဲ....။ ဘာဖြစ်ဖြစ်လုပ်ပေးခွင့်ရရင် လုပ်ပေးချင်တယ် ကလေးရယ်.....
ခရာပြေးထွက်လာသည့်လမ်းတစ်လျှောက် မျက်ရည်တွေကတပေါက်ပေါက် ကျဆင်းလာတော့၏။ သူမရင်ထဲနာကျင်မူက အတိုင်းအဆမဲ့...။
စိမ်းအပေါ်ကိုကို၏ဂရုစိုက်ခြင်းတို့က ခရာ့ကို တနုံ့နုံ့နာကျင်စေပါသည်။ သူမ မရခဲ့သောကိုကို့အပြုံးတို့က မမစိမ်းအတွက် ရက်ရက်ရောရောပင် ကိုကိုပေးခဲ့ပါလား..
ခရာဝမ်းနည်းလွန်းစွာတွေးနေမိစဉ် တောစပ်နားလျှောက်လာသည့် ကိုကို့ကိုမြင်တော့ ခရာဆတ်ခနဲ့ ထရပ်လိုက်မိသည်။
ခရာ့ခြေလှမ်းများက ကိုကို့ဆီသို့..... ။
"ကိုကို....."
သူမအသံကြောင့် ကြည်လင်နေသောနက်ရှိုင်းမျက်နှာ တင်းခနဲ့ဖြစ်သွား၏။ ဒါကိုသတိထားမိတော့ ခရာရင်ထဲနင့်ခနဲ့ ခံစားလိုက်ရသည်။
"ကိုကို ဘယ်သွားမလို့လဲဟင်.."
"မင်းနဲ့ဘာဆိုင်လို့ မေးနေသလဲခရာ"
ကိုကို့အသံက တင်းတင်းမာမာ။ ကိုကို့လက်ထဲက လှပသောသစ်ခွပန်းကို ခရာသတိပြုလိုက်မိပြီး မျက်နှာပျက်ယွင်းသွားကာ...
"ပန်းသွားခူးလာသလားဟင် ဘာလုပ်ဖို့လဲ"
နက်ရှိုင်းက ဒေါသနှင့်တုန့်ပြန့်မည်ပြုပြီးမှ အတွေးတစ်ခုဝင်လာတော့ ခပ်မဲ့မဲ့ပြုံးလိုက်ပြီး..
"ဘယ်သူ့အတွက်ဖြစ်ရမလဲ စိမ်းအတွက်ပေါ့"
ခရာ့မျက်နှာကပြိုတော့မည့်မိုးနှယ် အုံ့မိုင်းသွားရင်း
"ကိုကိုဘာဖြစ်လို့ မမစိမ်းကိုဒီလောက်ဂရုစိုက်ရသလဲဟင်..."
"မင်းနဲ့သက်ဆိုင်လို့လား.."
"ကိုကိုအာ့လိုဂရုစိုက်တာမြင်ရင် ခရာအရမ်းခံစားရလို့ပါကိုကိုရယ် ခရာ့ကို ကိုကိုတစ်ခါမှ မမစိမ်းလိုမျိုးဂရုမစိုက်ဖူးဘူးလေ ကိုကိုမမစိမ်းကို ဂရုမစိုက်ဘဲနေလို့မရဘူးလားဟင် ခရာမခံစားနိုင်လို့ပါ.."
ခရာ့စကားကြောင့် သူမျက်နှာတစ်မျိုးပြောင်းသွားပြီးမှ နူတ်ခမ်းကိုတစ်ချက်မဲ့လိုက်ကာ..
"မရဘူးခရာ စိမ်းက ငါဂရုမစိုက်ဘဲမနေလောက်အောင် လှတဲ့မိန်းကလေးလေ မင်းနဲ့ယှဉ်ဖို့ကိုမလိုတာ.."
"ရှင်..."
"ပြီးတော့ ငါချစ်ဖို့လည်း ထိုက်တန်တဲ့မိန်းကလေးပဲ"
"ကိုကို..."
သူ့စကားအဆုံး ခရာ့မျက်နှာဟန်မဆောင်နိုင်အောင် တုန်လူပ်ခြောက်ခြားသွားပြီးနောက်...
နီထွေးသောနူတ်ခမ်းသားတို့သည် သနားစရာကောင်းအောင် တဆက်ဆက်တုန်ယင်လာပြီး
"ကိုကို ဘာပြောလိုက်သလဲ..."
"ထပ်ကြားချင်သေးလား စိမ်းကိုငါချစ်တယ် ဒီပန်းလေးနဲ့သူ့ကိုချစ်ခွင့်ပန်ဖို့ ငါဆုံးဖြတ်ပြီးပြီး"
တကယ်တော့နက်ရှိုင်းသူမကို အရွဲ့တိုက်လိုစိတ်ဖြင့် ပြောလိုက်ခြင်းသာ။ စားပွဲပေါ်တင်ဖို့ပန်းလိုနေသေးသဖြင့် သူစိမ်းအတွက် သွားခူးပေးရုံသပ်သပ်ပင်။
သို့သော် ခရာ့ကိုမြင်လိုက်သည်နှင့် သူညကအိပ်မက်ကိုပြန်မြင်ယောင်ပြီး ရင်ထဲတဆက်ဆက် နာကျင်သွားရသည်။
ဒယ်ဒီဒုက္ခဆင်းရဲခြင်းတို့သည် ဤမကောင်းဆိုးဝါးမိန်းမကြောင့် ဖြစ်လာရသည်မဟုတ်လား..
အမုန်းတရားတွေ ရင်ထဲတစိမ့်စိမ့်စီးဝင်လာပြီး သူမထိခိုက်နာကျင်ဖို့အတွက် သူဘာမဆိုလုပ်ဖို့ အသင့်ဖြစ်ခဲ့သည်။
"ကိုကို...သူ့ကိုချစ်တယ်.."
ခရာ အသိစိတ်ကင်းမဲ့သွားသကဲ့သို့ နာကျင်လွန်းစွာဆိုလိုက်တော့ သူကျေနပ်စွာပြုံးလိုက်ပြီး..
"ဟုတ်တယ် ငါရှေ့ကဖယ်တော့ စိမ်းစောင့်နေလောက်ပြီ.. မင်းနဲ့ငါအချိန်မဖြုန်းချင်တော့ဘူး.."
ထွက်သွားဟန်ပြုသောနက်ရှိုင်းကိုခရာက ပျောက်ကွယ်သွားမည်စိုးသကဲ့သို့ လှမ်းဆွဲလိုက်ပြီး
"ဟင့်အင်း... ကိုကိုမမစိမ်းကို မချစ်ပါနဲ့လား"
ခရာမျက်ဝန်းတွင် မျက်ရည်တွေပြိုကျလာ၏။ တုန်ယင်နေသောနူတ်ခမ်းသားတို့က ကြည့်ရက်စရာပင်မရှိ။
မောပန်းစွာအသံရူသံတို့က သူမမည်မျှစိတ်လူပ်ခတ်နေသည်ကို ဖော်ညွှန်းနေသည်။ သွေးရောင်ပင်မရှိတော့သော မျက်နှာလေးက သူ့ကိုဆုံးရှုံးရမည့်အရေးကို အလွန်ကြောက်ရွံ့နေသည့်ဟန်...
သူမကိုမကြင်နာခဲ့သော ထိုယောကျာင်္း၏မျက်ဝန်းကို အသနားခံသောအကြည့်တို့နှင့် ဆိုလိုက်သည်က
"ခရာကိုကို့ကိုချစ်လို့ပါ ကိုကိုရယ် ခရာ့ကို ကိုကိုကြိုက်သလောက်မုန်းပါနော် ဒါပေမယ့်တစ်ခြားတစ်ယောက်ကို မချစ်ပါနဲ့လား ခရာတောင်းပန်ပါတယ်.."
ရိုက်သံနှင့်ရောထွေးနေသော အက်ရှရှအသံလေး။ တလိမ့်လိမ့်စီးကျင်နေသော မျက်ရည်တို့က သူ့ကိုသေမတက် တောင်းပန်နေသယောင်..
တဆတ်ဆတ်တုန်ယင်နေသော နူတ်ခမ်းတို့ကို စိုက်ကြည့်ပြီး နက်ရှိုင်းရင်ထဲတမျိုးဖြစ်သွား၏။ သို့သော်ချက်ချင်းပင် သူသူမကို တွန်းလွတ်လိုက်ပြီး
"ငါကတော့ မင်းကိုသိပ်မုန်းတယ်မိုးနတ်ခရာ"
ခရာနေရာမှာတင် အရုပ်ကြိုးပြတ်လှဲကျသွားသည်။ ထွက်ခွာသွားသည့်ကိုကို့ခြေသံက သူမနှလုံးသားကို တစ်စစီနင်းခြေလိုက်သည့်အလား..
အရာအားလုံးပျောက်ဆုံးသွားသကဲ့သို့ ရင်ထဲတွင်နာကျင်မူက ဆင့်ကဲဆင့်ကဲ.....
ဘယ်လိုမှ ဖြေဆည်မရပါ။ ခရာငိုပါသည်။ ထပ်ခါထပ်ခါ ရိုက်ငိုမိပါသည်....။
ကိုကို သူမကိုမည်မျှပင် နှိပ်စက်ရိုက်နှက်ပါစေ...
ခရာမနာကျင်ပါ..... မမုန်းရက်ပါ... ။ ကိုကို့နားရှိနေခွင့်အတွက် ခရာအားလုံးကျေနပ်ခဲ့ပါသည်။
မုန်းတယ်ဆိုတာ ဘာမှမခံစားမိအောင် ခရာချစ်ခဲ့ပါသည်။ ကိုကို့အမုန်းတွေထက် ခရာချစ်ခြင်းတို့က သာလွန်ခဲ့ပါသည်...
သို့သော် အခြားတစ်ယောက်အပေါ် ကိုကိုဂရုစိုက်ခြင်းက ခရာ့ကိုအထပ်ထပ်အခါခါ နာကျင်စေ၏။ ပြိုလဲလုမတက် ခံစားစေ၏။
ခရာ့ကိုမုန်းနေတာ သူမခံနိုင်ရည်ရှိသည်။ သို့သော် စိမ်းကိုကိုကိုချစ်တယ်ဆိုသောစကားက သူမကိုအခါခါသေဆုံးစေပါသည်။
ထိုစဉ်မိုးကတဖွဲဖွဲကျလာ၏။ ခရာဘာမှမသိတော့ပါ။ ရိုက်ခါ ရိုက်ခါငိုနေဆဲ...
သူမအခိုးအငွေ့တစ်ခုလို ပျောက်ဆုံးသွားချင်သည်။ ဘယ်သူမှမသိအောင် သေဆုံးပစ်ချင်သည်...
"ကိုကို...ရယ်"
မိုးက သူမပေါ်တဖွဲဖွဲရွာချလာ၏။ သူမမိုးရေထဲတွင်လည်း အသိမဲ့စွာငိုနေဆဲ...
ကိုကို့မျက်နှာကမ္ဘာတည်ခဲ့သော သူမအတွက် သူမမဟုတ်သော မိန်းကလေးကို ကိုကိုချစ်မြတ်နိုးနေခြင်းက သူမအားအခါပေါင်းများစွာ သေဆုံးစေခဲ့သည်။
မိုးသည်သူမနှင့်အပြိုင် မငိုနိုင်တော့ဘူးထင်ပါရဲ့။ တိတ်သွားပြန်၏။ သူမကတော့နေရာကမရွေ့ဘဲ ရိုက်ကာရိုက်ကာငိုနေဆဲ...
အင်အားတွေမဲ့လာသည်။ ငိုကြွေးစရာမျက်ရည်ပင် မကျနိုင်တော့ပါ။ သို့သော်နာကျင်မူက လူကိုရူးသွပ်စေလုမတက်...
"တော်သင့်ပြီခရာ.."
ဘယ်ချိန်ကတည်းက အနားရောက်လာမှန်းမသိသောစေတန်က မချင့်မရဲဆိုလိုက်၏။ ခရာဘာမှ မတုန့်ပြန်။ ဘာအသိစိတ်မှမရှိသကဲ့သို့ သူ့ကိုမော့ကြည့်ရင်း မျက်ရည်က တပေါက်ပေါက်ကျနေဆဲ...
"ကြည့်စမ်း မိုးရေတွေစွဲလို့ တောက် ခရာရယ်.."
စေတန်...မချင့်မရဲဖြင့်ခရာကိုထွေးပွေ့ပြီး အံတင်းတင်းကြိတ်ထားမိသည်။ ခရာ မရုန်းပါ။ မရုန်းနိုင်လောက်အောင် အင်အားမဲ့နေတာလည်း ဖြစ်နိုင်သည်။ နီရဲမို့အစ်နေသော သူမမျက်နှာလေးက သူရင်ကိုခွဲလိုက်သည့်အလား... နာကျင်ခြင်းက ဒဏ်ရာကိုဆားပက်လိုက်သကဲ့သို့.... ဆစ်ခနဲ့
"ဘာလို့ဒီလောက်တောင်ငိုနေရသလဲခရာရယ်"
"ခရာ ပျောက်ကွယ်သွားချင်တယ်"
ဖိညှစ်ဆိုလိုက်သော သူမအသံလေးက ကြားနိုင်သည်ဆိုရုံမျှသာ ယဲ့ယဲ့လေး။ သူအံကြိတ်ပြီး
"မင်းပျောက်ကွယ်လို့မရဘူးခရာ ဘာဖြစ်လို့လဲသိလား မင်းကိုအပျောက်မခံနိုင်အောင်ချစ်မယ့်သူ မင်းနားမှာရှိတယ်..."
"........."
"ငါမင်းကို သိပ်ချစ်တယ်ခရာ.."
သူမ...မကြားတော့ပါ။ နာကျင်လွန်းသည့်ဒဏ်နှင့် ပင်ပန်းနွမ်းလျစွာ သူ့ရင်ထဲတွင်မှေးစက်သွားပြီဖြစ်၏။ အချိန်ကြာမြင့်စွာငိုကြွေးထား၍ သူမမောသွားပြီထင်ပါ့။
မျက်ရည်တွေနှင့် ကြည့်ရက်စရာမရှိသောမျက်နှာလေးကို ငေးကြည့်ရင်း သူမချိတင်ကဲစွာ ဆိုလိုက်မိသည်။
"ငါ့ကိုမင်းပြန်မချစ်ရင်နေပါ ဒါပေမယ့် တခြားတစ်ယောက်အတွက် မင်းမျက်ရည်တွေမကျပါစေနဲ့လား မင်းမျက်ရည်တွေမြင်ရင် ငါပိုခံစားရလို့ပါ မင်းမငိုပါနဲ့ငါတောင်းပန်ပါတယ် ခရာရယ်"
စေတန်...အရူးတစ်ယောက်လို တတွတ်တွတ် ဆိုမိ၏။ ခရာကတော့ သူ့ရင်ခွင်ထဲတွင် အခြားသူအတွက်ငိုကြွေးရင်း အိပ်စက်လို့....
မင်းသူ့ကိုသိပ်ချစ်တယ်တဲ့လား ခရာရယ်
ငါ့မှာတော့.......
မာနဘုရင်၏မျက်ဝန်းမှမျက်ရည်စက်တို့က စက်ဆုပ်ဖွယ်ကောင်းအောင် ကျလာနေလျက်......။
"ငါမင်းကိုသိပ်ချစ်တယ်ခရာ.."
ထိုစကားကြောင့် စိမ်းခြေလှမ်းတွေ တုန့်ခနဲ့ ရပ်သွားသည်။ စေတန်ပျောက်နေ၍ လိုက်ရှာသောစိမ်းသည် ထင်မှတ်မထားသောမြင်ကွင်းနှင့် စေတန်ထံမှထွက်ပေါ်လာသည့်စကားကြောင့် ခွေလှဲလုမတက် ဖြစ်သွား၏။
သစ်ပင်နောက်ကွယ်ကနေ ခရာ့ကိုထွေးပွေ့သည့်စေတန့်ကျောပြင်ကို ရင်နာစွာငေးကြည့်ရင်း စိမ်းမျက်ဝန်းမှမျက်ရည်တွေက အလိုလို လိမ့်ဆင်းလာတော့သည်။
စေတန်... ဒါနင်ငါ့ကိုပေးတဲ့မွေးနေ့လက်ဆောင်တဲ့လား
ရိုက်သံမထွက်အောင် ပါးစပ်ကိုလက်နှင့်အုပ်ရင်း စိမ်းအင့်ခနဲ့ငိုမိသည်။ မျှော်လင့်ချက်နှင့်မျှော်ကိုးခဲ့သော နှလုံးသားသည်လည်း တစ်စစီပဲ့ကြွေလို့....
ငါနင့်ကို ဒီလောက်ချစ်ခဲ့တာတောင်….. စေတန်ရယ်
မပိုင်ဆိုင်ရဘဲ ဆုံးရှုံးလိုက်ရသည့်ခံစားချက်က ရင်သို့ မီးလောင်တိုက်သွင်းသည့်အလား..
အရိပ်တကြည့်ကြည့်နှင့်ချစ်ခဲ့သမျှ ပြန်ရတာ ဒီလိုနာကျင်ခြင်းတွေပဲလား..
သူမအသံမထွက်ရိုက်ငိုရင်း အံကိုတင်းတင်းကြိတ်ထားသည်မှာ နူးညံ့သောနူတ်ခမ်းသားတို့ပင် သွေးစို့လာသည်အထိ...
ငါက နင့်ကိုမျှော်ကိုးခဲ့တဲ့ပန်းတစ်ပွင့်ပါ… စေတန်
နင်က ငါမျှော်လင့်ချက် လိပ်ပြာလေးဖြစ်ခဲ့တယ်
ပန်းဘဝမို့ ဖွင့်ပြောခွင့်မသာခဲ့ပေမယ့်
နင်ပျံဝဲဖို့ငါ အလှပဆုံးစောင့်နေခဲ့တာပါ...
အခုတော့နင့်ချစ်ခြင်းဝတ်ရည်တွေက
အခြားပန်းတစ်ပွင့်အတွက်တဲ့လား....
နင်မနမ်းချင်ခဲ့တဲ့ပန်းက နင့်အတွက်ကြွေခဲ့ပြီးသားပါ
တကယ်တော့ စေတန်ရယ်
ပန်းဘဝမို့ နင့်ကိုချစ်ခဲ့မိတာကိုပဲ ငါအပြစ်ရှိပါတယ်
စိမ်း....အသံမထွက်အောင် ရိုက်ငိုနေမိတော့၏။ သူမမသိခဲ့သည်က သူမကိုငေးကြည့်နေသော မျက်ဝန်းတစ်စုံ.....
ကမ္ဘာ....
ရိုက်ငိုနေသော စိမ်းကိုမချိစွာငေးကြည့်ရင်း သူသည်လည်း ထပ်တူနာကျင်လို့...။ ဖွင့်မပြောရက်အောင်မြတ်နိုးခဲ့မိသော မိန်းကလေး၏မျက်ရည်ကို သူနာနာကျင်ကျင် ငေးကြည့်နေမိခဲ့၏။
မင်းဘာကိုမျှော်လင့်နေခဲ့သလဲ စိမ်းရယ်
တကယ်တော့ အချစ်က မင်းအနားမှာပါ.....
မင်းဘာလို့မမြင်နိုင်ခဲ့သလဲ စိမ်း.....ရယ်
ကမ္ဘာရင်နာနာနှင့် သူမကို ကျောခိုင်းထွက်လာလိုက်၏။ ရင်ထဲတွင် သူမငိုသံကိုသာ ကြားယောင်လျက်။
ချစ်ခြင်းသည် ဆန်းကြယ်၏။
တစ်ခါတခါ လေပြေလိုနူးညံ့ပြီး
ပန်းတစ်ပွင့်လို လှပပြန်သည်
သို့သော် မုန်တိုင်းတစ်ခုလိုလည်း အရာအားလုံး ဖျက်ဆီးပစ်နိုင်သည်။
တကယ်တော့ အချစ်သည်ကျိန်စာတစ်ခုသာ.
ချစ်ခြင်းကျိန်စာထက် ဘယ်အရာက ပိုနာကျင်စေဦးမည်နည်း.....
သို့သော်သူတို့သည် ကျိန်စာအောက်တွင်သာ ပျော်မွေ့လို့.................
![](https://img.wattpad.com/cover/245676166-288-k714195.jpg)
YOU ARE READING
ကြာဖြူ(ကွာဖွူ)
Fantasy"ကြာဖြူ ငါတို့သေခြင်းတရားမှာ မင်းအငြိုးတွေပြေပါစေတော့" ပင်လယ်ဒဏ္ဍာရီတွင်ကြောက်စရာအကောင်းဆုံးသော ကျိန်စာဆိုးများနှင့်ကြာဖြူပုံပြင်... သို့သော်လွန်ခဲ့သောနှစ်သုံးရာတွင် အမှန်တကယ်ဖြစ်ခဲ့သော ရင့်နင့်စရာကြာဖြူမင်းသမီး၏ ဒဏ္ဍာရီတစ်ပုဒ်။ ဤဒဏ္ဍာရီတွင် သဘောင်စကား...