Zawgyi
~~ကြာဖြူ~~
အပိုင်း(၂၆)ရွှေအိုရောင်နေဝင်ဆည်းဆာအောက်မှာ စိမ်းလက်နေသောကန်ရေပြင်ကြီး။ စိမ်းစိုလှပသောတောတန်းလေးများက ဝန်းရံလို့ ။
အို....လှလိုက်လေခြင်း...
"ငါတို့ ...ရောက်ခဲ့ပြီလား"
ရာဇဝင်ထဲကနတ်ရေကန်အလား စိမ်းဖြာနေသောရေကန်ကြီးကို ငေးကြည့်ရင်း ပထမဆုံးသတိဝင်လာသူကကောင်းကင်။
"ဟုတ်တယ်...ငါတို့ခရီးကိုရောက်ခဲ့ပြီ"
ဈာန်က တစ်ကျွန်းလုံး၏အလှတရားတွေ စုပုံထားသည်လားဟုထင်ရအောင် လှပလွန်းသည့် ရေကန်ကြီးကိုမှင်သက်စွာငေးနေရင်းမှ တိုးတိတ်စွာဆိုလိုက်၏။
သူတို့အားလုံးတိတ်ဆိတ်စွာပင် ကန်ရေပြင်အနီးသို့ တရွေ့ရွေ့လျှောက်လာကြသည်။ ဒီလှပလွန်းသောရေကန်ကြီးက သူတို့ကိုတိတ်ဆိတ်ကာ ဆွံ့အသွားစေခဲ့သည်မဟုတ်လား။
ကြည့်စမ်း..... ဘယ်လောက်လှတဲ့ရေကန်ကြီးလဲ
ကြည်လင်စိမ်းမြနေသောရေကန်ကြီးသည် ရွှေအိုရောင်ဝင်းလက်နေသောနေခြည်အောက်တွင် တောက်ဖြာလို့....
မျက်စိတစုံးကျယ်ပြောလှသည့် ရေကန်၏ဘေးပတ်လည်တွင်တော့ စိမ်းစိုသောတောတောင်များ ဝန်းခလျက်။ လေပြေလေးတွေတိုက်သွားသည့်အခါ လူပ်ခတ်သွားသည့်ရေပြင်တို့က သံစဉ်တစ်ခုတီးခတ်လိုက်သည့်အလားပင်။
"ဒါပေမယ့်.. ပဒုမ္မာရီမြို့တော်ရော"
နက်ရှိုင်းက ကန်ရေပြင်မှအကြည့်ခွာလိုက်ပြီး ဘယ်သူ့ကိုမှမရည်ရွယ်ဘဲ မေးလိုက်သည်။ သူ့အတွက်ကတော့ ဤကန်ရေပြင်၏အလှအပကို မခံစားနိုင်ပါ။ သူမက်ခဲ့သည့်အိပ်မက်ဆိုးကိုသာ အလိုလို မြင်ယောင်နေမိသည်။
သွေးချင်းချင်းနီနေသော ကန်ရေပြင်...
ပြီးတော့ရေအောက်မြှပ်သွားသော ဒယ်ဒီ..
ဘာကိုနာကျင်မိမှန်းမသိပါ။ ရင်ထဲတော့ စူးခနဲ့ဖြစ်သွားသည်။ ဦးလုံထန်းကရေကန်ကြီးကို မမြင်ခဲ့ဖူးသည့်အလား ငေးစိုက်ကြည့်နေပြီးမှ
"လပြည့်နေ့က ဘယ်နေ့လဲ..."
"သဘက်ခါ..."
ထိုစကားကို လွတ်ခနဲ့ဖြေလိုက်သူက စိမ်း။ ဘာကြောင့်မှန်းမသိဦးလုံထန်းက သက်မောချလိုက်ပြီး
"မနက်ဖြန်ည၁၂နာရီထိစောင့်ကြည့်ရအောင် တစ်ခုခုထူးခြားလာမှာပါ "
"တကယ်ပဲ ဒီရေကန်ကြီးဆီကို ငါတို့ရောက်ခဲ့ပြီဟာ မယုံချင်စရာကောင်းလိုက်တာ"
ကောင်းကင်က မယုံကြည်နိုင်သေးဟန်ဖြင့်ဆိုလိုက်တော့ ကမ္ဘာပြုံးမိရင်း
"သိပ်ဟုတ်တာပေါ့ ငါတို့ခရီးဆုံးပြီ ကောင်းကင်"
"ခရီးဆုံးပြီ..."
ထိုစကားကိုအလိုလိုရွတ်ဆိုမိပြီး ရင်ထဲမတင်မကျခံစားလိုက်ရသူက စိမ်း။
တကယ်ပဲ ခရီးကဆုံးသွားပြီလား...
ဒါမှမဟုတ် အခုမှခရီးစခြင်းလာ...
ဘယ်သူပြောနိုင်မှာလဲ.......
"ဒါဆိုရင်ဒီမှာပဲစခန်းချပြီး မနက်ဖြန်ည၁၂မှာ ပဒုမ္မာရီမြို့တော်ထဲဝင်ဖို့ ငါတို့စောင့်ကြတာပေါ့"
စေတန်ကကန်ရေပြင်ကို ကြည့်နေရင်း ဆိုလိုက်သည်။ သို့သော်စေတန်မျက်ဝန်းတို့က ရေကန်၏အလှအပကြောင့် ငေးကြည့်နေသလိုမဟုတ်ဘဲ တစ်ခုခုကိုရင်းနှီးသလိုခံစားရ၍ စိတ်ရူပ်ထွေးဟန်ဖြင့် ငေးကြည့်နေခြင်းသာ။
သူတို့အားလုံးရွက်ဖျင်းတဲတွေပြင်ဆင်ပြီး စခန်းချပြီးသည်အထိ စေတန်သည်ကန်ရေပြင်ကို ငေးစိုက်ကြည့်နေဆဲ....
"ရေကန်ကြီးကလှလွန်းလို့ ကြည့်လို့မဝနိုင်တာတော့ မဖြစ်နိုင်ဘူးထင်တယ်"
စေတန့်ကိုသတိထားမိပြီး အနားရောက်လာသူက ဈာန်။ စေတန်မချိပြုံး ပြုံးလိုက်ရင်း
"ရေကန်ကြီးကတကယ်လှတယ်လို့ မင်း ခံစားရလား ဈာန်.."
"ဒီတိုင်းအမြင်အရဆိုရင်တော့ သိပ်လှတာပေါ့ ဒါနဲ့ဘယ်လိုထင်လို့လဲ"
"ငါမသိဘူး ဒါမှမဟုတ် ဒီခံစားချက်ကို ငါမပြောတတ်ဘူးထင်တယ်"
ဈာန်ကရေကန်ကြီးကိုတစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်ကာ..
"ရေကန်ကြီးကအရမ်းလှပင်မဲ့ ဒီရေကန်ရဲ့အောက်ခြေမှာ ဘယ်အရာတွေရှိနေမလဲဆိုတာ ကိုယ်တို့ မသိနိုင်သေးပါဘူး တချို့အလှတွေမှာ ပိုကြောက်စရာကောင်းတဲ့ အခြေအနေတစ်ခုရှိခဲ့တယ်လေ ဒီရေကန်ကြီးမှာလည်း သိပ်ဆိုးဝါးတဲ့အရာတွေရှိခဲ့မှာပါ ဒဏ္ဍာရီအရဆိုရင်တော့ သွေးစွန်းခဲ့တဲ့ကန်ဖြစ်ခဲ့တာပဲ"
"သွေးစွန်းခဲ့တယ်..."
"အင်း...ကိုယ်ဖတ်ခဲ့တဲ့စာအုပ်ထဲမှာတော့ ကြောက်စရာကောင်းလောက်အောင် သွေးစွန်းခဲ့တယ် အနည်းဆုံးတော့ ကြာဖြူမင်းသမီးရဲ့ကျိန်စာကြောင့် မြို့တော်တစ်ခုလုံးပျက်ဆီးခဲ့တာပဲလေ ဒီရေကန်မှာလည်း ကျိန်စာဆိုးတွေရှိကောင်းရှိနိုင်မှာပါ"
"ပဒုမ္မာရီမြို့တော်ပျက်ဆီးသွားတာ ကြာဖြူမင်းသမီးရဲ့ကျိန်စာတစ်ခုတည်းကြောင့် မဟုတ်ဘူး ဈာန် ဘုရင်မင်းမြတ်သစ္စာပျက်ယွင်းတာကြောင့်လည်းပါတယ်"
ဈာန်အံ့သြသင့်စွာဖြင့် စေတန်ကိုဖျတ်ခနဲ့ ကြည့်မိသည်။ စေတန်ကတော့ ကန်ရေပြင်ကို စိုက်ကြည့်မြဲ...
"မင်းသိမှာပါ နိုင်ငံတစ်နိုင်ငံကိုအုပ်ချုပ်တဲ့ဘုရင်ဟာ ကျိန်ဆိုထားတဲ့ကတိသစ္စာတည်ဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ အထူးသဖြင့် ဘုန်းကံကြီးတဲ့ဘုရင်တွေပေါ့ မင်းမှာကတိ လူမှာသစ္စာတဲ့ ကတိပျက်တဲ့မင်းကြောင့် တိုင်းပြည်ဘေးသင့်နိုင်တာပဲလေ"
"ကိုယ်ဒီအချက်ကိုလက်ခံပါတယ် ဒါပေမယ့် ဘာလို့ဒီလိုသေချာပေါက်ပြောနိုင်သလဲ စေတန် မင်းခေါင်းထဲမှာ အတွေးတစ်ခုများရှိနေလို့လား"
"ငါထင်မိရုံပါ ကြာဖြူမင်းသမီးကို အသက်နဲ့ထပ်တူစောင့်ရှောက်ကာကွယ်မယ်လို့ ဘုရင်ကနိုင်ငံကိုတိုင်တည်ပြီးကျိန်တယ် ကျွန်းစောင့်နတ်မြေစောင့်နတ်ကို တိုင်တည်ပြီးလည်းကျိန်တယ် ဒါပေမယ့် သူပျက်ကွက်ခဲ့တော့ ...."
စေတန်စကားကိုရပ်လိုက်၏။ အတန်ကြာနားစွင့်သော်လည်း ဘာမှထပ်မပြောသဖြင့်
"သူပျက်ကွက်တယ်ဆိုတာ..."
"သူကိုယ်တိုင် ကြာဖြူကိုသတ်ခဲ့တယ်လေ"
ဈာန်အံ့သြရပြန်သည်။ စေတန်ကတော့ ကန်ရေပြင်ကိုသာတွေတွေလေးစိုက်ကြည့်ပြီး စိတ်နှင့်လူမကပ်သကဲ့သို့ပင်။
သူထပ်ပြီး တစ်စုံတရာမေးရန်ပြင်လိုက်စဉ်
"ကိုဈာန်..."
မို့.....။ သူ့ကိုအားကိုးတကြီးဟန်ဖြင့်
"ပြေးလွှားရင်း မို့ဘာဖြစ်သွားလဲမသိဘူး လက်အုံတွေနာနေတယ်
"ဟုတ်လား.... အကြောလွဲသွားတယ်ထင်တယ်"
"အဲ့ဒါ အစ်ကိုကအကြောနှိပ်တတ်တယ် ကြားလို့လေ မရိုမသေကူညီပါဦး "
ဒီလိုဆိုတော့ မငြင်းကောင်းသဖြင့်
"ရပါတယ် နက်ရှိုင်းလည်းခြေထောက်ထိသွားတယ် ကြားတယ် အတူတူတစ်ခါတည်း ကြည့်ပေးလိုက်မယ်"
သူတို့ထွက်သွားသည်ထိ စေတန်က သူ့အတွေးနှင့်သူရှိနေဆဲ။ အလိုလိုစိတ်ရူပ်နေသဖြင့် ခဲလုံးတစ်လုံးကို ကောက်ယူပြီး ကန်ရေပြင်ထဲလှမ်းပစ်လိုက်တော့
"ဗွမ်း..."
လူပ်ခတ်သွားသည့်ရေပြင်နှင့်အတူ အာ့နားတဝိုက် အနီရင့်ရင့်သွေးတို့ကရဲခနဲ့။ သူအံ့သြပြီးသေချာပြန် ကြည့်တော့ ရေပြင်က စိမ်းတောက်နေဆဲ....
သူများအမြင်များ မှားသွားခြင်းလား..
"စိတ်ရူပ်နေသလား စေတန်..."
သူနားဝင်ထိုင်လိုက်သူက စိမ်း။ စေတန်ပြုံးလိုက်မိသလား သူ့ကိုသူပင်မသဲကွဲ
"ဟုတ်မယ်ထင်တယ် စိတ်ထဲမရှင်းတာတော့ အမှန်ပဲ"
"ဘယ်လိုခံစားရလဲ...."
"ဘာကိုလဲ....."
"ဒီရေကန်ကြီးကို ကြည့်ပြီးပေါ့.."
"ငါ့စိတ်ထဲမှာ ကန်ရေပြင်ကသိပ်ကိုအကျဉ်းတန်တယ် ငါမနှစ်မြိုဘူးစိမ်း..."
စိမ်းက ယဲ့ယဲ့လေးပြုံးလိုက်ပြီး..
"နောက်တော့ရော...."
"အင်း.. သွေးညှီနံ့တွေရနေသလိုတောင်ခံစားရတယ် ပြီးတော့ညည်းညူသံတွေ ကြားနေရသလိုပဲ ငါနေမကောင်းဘူးထင်တယ်"
"ဟုတ်ချင်လည်းဟုတ်မှာပါ ဒီရေကန်ကြီးအောက်မှာ ကျိန်စာကြောင့်ပိတ်လှောင်နေတဲ့ဝိညာဉ်တွေ အများကြီးရှိနေနိုင်တာပဲလေ "
သူတို့နှစ်ယောက်ကြား ဘာမှန်းမသိ တိတ်ဆိတ်သွားပြန်သည်။ အတန်ကြာမှစိမ်းက ပင့်သက်လေးချလိုက်ရင်း
"သိပ်မကြာတော့ပါဘူး တစ်ခုခုတော့ အဆုံးသတ်သွားမှာပါ.."
စိမ်းဘာကိုဆိုလိုချင်သလဲ... သူမပဲသိလိမ့်မည်။ စေတန်ကတော့ ဘာတစ်ခွန်းမှမဆိုဘဲ ငြိမ်သက်နေဆဲ...
"မင်းရင်ထဲမှာဒီရေကန်ကြီးကို ရင်းနှီးနေသလိုခံစားရလား စိမ်း.."
ရုတ်တရက် စေတန်ကကောက်ခါငင်းခါ မေးလိုက်သည်။ စိမ်းက ဆွေးဆွေးမြေ့မြေ့လေး ပြုံးလိုက်ပြီး
"ငါတို့ ရင်းနှီးခဲ့မှာပါ..."
"ငါတို့...."
စိမ်းဘာမှထပ်မပြောဘဲထွက်သွားတော့ သူလည်းထိုနေရာမှ ထွက်လာခဲ့လိုက်သည်။ ရင်ထဲတွင်တော့ သူကိုယ်တိုင်မသိသော အစိုင်းအခဲများစွာနှင့်။
ည......
ပုံမှန်ထက် ပိုအေးစက်မည်ထင်သည်....
"ပဒုမ္မာရီမြို့တော်ဆီမောင်ရင်တို့ရောက်နေပြီ ကြာဖြူကလည်း လူလေးတို့ကိုစောင့်နေလိမ့်မယ်ထင်တယ် သူနဲ့တွေ့ခဲ့ရင် ဘာလုပ်ကြမလဲ"
ဆေးဖက်ရွက်ကြီးခဲပြီး ဦးလုံထန်းမေးလိုက်တော့ ကောင်းကင်က....
"ကျွန်တော်ကတော့ရှင်းတယ် ဦးလေးဆန္ဒကြောင့် ဒီခရီးကိုလာခဲ့တယ် ကြာဖြူနဲ့တွေ့ခွင့်ရမယ်ဆို ဦးလေးပြောခဲ့တဲ့အပြစ်ဆိုတာ ဆေးကြောပေးချင်တယ်"
ပြောရင်းကောင်းကင်က ကိုယ်နှင့်မကွာသိမ်းထားသည့် ဦးလေးဖြစ်သူ၏စာရွက်ဟောင်းလေးကို အသာဖွင့်ဖတ်ကြည့်လိုက်သည်။
သား....
ကြာဖြူဆီသွားပေးပါ... မဖြစ်မနေသွားပေးပါ မျိုးရိုးစဉ်ဆက်၇နှစ်ဘဝထိကျိန်စာသင့်မယ့်အရေးမို့ ကြာဖြူကိုတွေ့အောင်ရှာပြီး အပြစ်တွေဆေးကြောပေးပါ
ဒါပေမယ့်. ပဒုမ္မာရီမြို့တော်ကိုရောက်ခဲ့ရင် ကိုယ်ရောစိတ်ပါ အားလုံးထိန်းချုပ်နိုင်ပါစေ...
မဟုတ်ရင်မင်းပါဒုက္ခတွေ့လိမ့်မယ်
မိုးမြင့်
"မျိုးရိုးခုနှစ်ဆက်ထိတောင် ကျိန်စာသင့်မယ်တဲ့ ဘာတွေများဖြစ်ခဲ့လို့လဲ..."
ကောင်းကင်က စိတ်မသက်သာဟန်ဖြင့် သူတို့ကြားရုံလေးတိုးတိတ်စွာဆိုလိုက်၏။ နက်ရှိုင်းကမီးတောက်ထဲ ထင်းစတစ်ခုကို ကောက်ထည့်လိုက်ပြီး...
"ကျွန်တော်ကဒယ်ဒီ့အတွက် ဒီခရီးကိုလာခဲ့တာမဟုတ်ဘူး မာမီ့အတွက်ပါ ဘာဆက်လုပ်ကြမလဲဆိုတာထက် သူနဲ့အရင်တွေ့ဖို့ကအရေးကြီးပါတယ်.."
"အဲ့ဒီအငြိုးတွေက မောင်ရင့်ကိုပိုဒုက္ခရောက်စေလိမ့်မယ်"
ဦးလုံထန်းသတိပေးစကားကို နက်ရှိုင်းက ခပ်မဲ့မဲ့အပြုံးနှင့်သာတုန့်ပြန်လိုက်သည်။ ဈာန်က
"ကျွန်တော်ကတော့ကြာဖြူဒဏ္ဍာရီနဲ့ ပတ်သတ်ပြီး ပျောက်ဆုံးနေတဲ့အဖြေတစ်ခုကို သိချင်ရုံသပ်သပ်ပါပဲ "
"ခင်ဗျားကအမိုက်မဲဆုံးနေမှာဈာန် ဇာတ်လမ်းတစ်ပုဒ်အတွက် ဒီထိရောက်လာတယ်"
ကောင်းကင်စကားကြောင့် ဈာန်ကပြုံးလိုက်ပြီး
"ဒါပေမယ့်တန်ပါတယ် လူတိုင်းက တစ်ခုမဟုတ်တစ်ခုရူးသွပ်ကြတာပဲလေ ကိုယ့်ဘဝမှာတော့ ကြာဖြူဟာ ပြီးသွားခဲ့ရင်တောင် မေ့လို့ရမှာမဟုတ်တဲ့ အခမ်းနားဆုံးအချိန်ဖြစ်ခဲ့မှာပါ.."
"ဟုတ်ပါပြီ ဒါနဲ့ စေတန် ကမ္ဘာ စိမ်း မို့ မင်းတို့ကငါနဲ့အကြောင်းပါပြီး ဒီခရီးကိုလာခဲ့ရတယ် တကယ်လို့ ပဒုမ္မာရီမြို့တော်ထဲဝင်လို့ရခဲ့မယ်ဆိုရင် ပြန်ထွက်လာဖို့က ရာနူန်းပြည့်သေချာချင်မှ သေချာမယ် မင်းတို့တစ်ခုခုထိခိုက်သွားရင် ငါ့ကိုငါခွင့်လွတ်မှာမဟုတ်ဘူး ဒါကြောင့် မင်းတို့အနေနဲ့ ပြန်စဉ်းစားစေချင်တယ် ငါ့ဆန္ဒကတော့အထဲထိလိုက်မဝင်ဘဲ ငါ့ကိုဒီမှာပဲစောင့်စေချင်တယ်"
"ဒီအထိရောက်လာပြီးမှ ပဒုမ္မာရီမြို့တော်ထဲအရောက်မသွားဘူးဆိုရင် ငါတို့ပိုမိုက်မဲရာမကျဘူးလား.."
ကမ္ဘာစကားကလည်း မှန်နေသည်။ ဒီရောက်ဖို့ အခက်အခဲပေါင်းစုံ ဖြတ်ကျော်လာခဲ့ပြီးမှ ဂိတ်ဝမှာတင် စောင့်နေဖို့ဆိုတာသိပ်တော့ယုတ္တိမတန်။
"ငါကတော့ ဒီခရီးကိုမင်းကြောင့်လာရတယ်လို့ မထင်ဘူး ကောင်းကင် ငါတို့လာကိုလာရမယ့် အကြောင်းကံရှိနေတယ်လို့ပဲမြင်တယ် ငါတို့ဆိုတာက ငါရယ်စိမ်းရယ်ကို ပြောတာပိုမှန်မယ်ထင်တယ်"
အားလုံးအကြည့်က စေတန်ထံရောက်သွား၏။ စိမ်းကတော့ တိတ်ဆိတ်စွာပင်ရှိနေဆဲ...
"အိပ်မက်တွေ ထူးဆန်းတဲ့ခံစားချက်တွေ ဒါတွေကဒီပုံပြင်မှာ ငါတို့အရင်ကပါဝင်သရုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သဘောလို့ပဲငါမြင်တယ် .."
"စေတန်ပြောတာ ကိုယ်ထောက်ခံတယ်.."
ဈာန်က သဘာဝလွန်စာရေးဆရာတစ်ယောက်ပီပီ ဒါကိုယုံကြည်လက်ခံသည်။ စေတန်ဆက်ပြီးတော့
"ငါကနောက်ပြန်လှည့်ချင်တယ်ဆိုရင်တောင် ကြာဖြူကခွင့်ပြုလိမ့်မယ်မထင်ဘူး သူပဲငါ့ကို ဒီခေါ်ခဲ့တယ်လို့ငါထင်တယ်.."
"ဟုတ်တယ် တစ်ခုခုပြန်ပေးဆပ်ဖို့အတွက်ပေါ့ ကျိန်စာတွေကြောင့်လည်း ဖြစ်မယ်ထင်တယ်"
စိမ်းကငြိမ်သက်နေရင်းမှ တစ်ယောက်တည်းရေရွတ်နေသလို ဆိုလိုက်၏။ မို့ကတော့ဘာမှမပြော။
သူမအနေနှင့်တော့ ဒဏ္ဍာရီကိုစိတ်ဝင်စားလွန်း၍ မဟုတ်သလို ဒီခရီးကိုစွန့်စားလိုစိတ်နှင့် လာချင်လွန်း၍လည်း မဟုတ်ပါ။ အိမ်နှင့်မပြေလည်ချိန်မို့ သူငယ်ချင်းတွေနှင့်အတူထွက်လာခဲ့သည်။ ဒီလောက်ပါပဲ ….
အခုချိန်မှာသူမအတွက် ဒီခရီးသည်ပို၍အဓိပ္ပာယ်ရှိခဲ့သည်က ချစ်သောဈာန်တစ်ယောက်ရှိနေသည် မဟုတ်လား...
အန္တာရယ်လည်း သူမနားမလည်ပါ။ ကျိန်စာလည်းမကြောက်ပါ။ ဈာန့်ကိုသာ ဆုံးရူံးရမှာ သေလောက်အောင်စိုးရိမ်ပါသည်။
ဘယ်နည်းနှင့်မှ မို့လက်မလွတ်ဘူးဆိုတာ...
"ခရာကတော့ ဘယ်သူကိုမှမသွားစေချင်ဘူး ဘယ်သူ့ကိုမှ အဲ့ဒီကြောက်စရာမြို့မှာမနေခဲ့စေချင်လို့ပါ ကျန်ခဲ့ရမှာစိုးရိမ်တယ်"
တစ်ချိန်လုံး သူများပြောသမျှငြိမ်နားထောင်နေခဲ့သည့်ခရာက ရုတ်တရက်ထဆိုလိုက်တော့ အားလုံးအံ့သြသင့်သွားကြ၏။
ခရာက သူမကိုဝိုင်းကြည့်နေသည့်မျက်ဝန်းတို့ကို ဥပေက္ခာပြုထားလိုက်ရင်း လေသံယဲ့ယဲ့လေးဖြင့်
"ခရာ...အိပ်ချင်နေပြီမို့ အိပ်တော့မယ်"
ခရာထွက်သွားတော့ သူတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက်ကြည့်မိ၏။ ခရာသည်သူတို့စကားဝိုင်းတိုင်း တစ်ခါမှဝင်မပြောခဲ့သလို ပြောစရာလည်းသူမလေးမှာ မရှိခဲ့ပါ။
အခုရုတ်တရက်ပြောလိုက်သည့် စကားကလည်းထူးဆန်းလှ၏။ သူမဘာအဓိပ္ပာယ်နှင့် ပြောသွားပါလိမ့်...
"ကိုယ်လည်း အိပ်တော့မယ်"
စေတန်ကပါထွက်သွားတော့ သူတို့အားလုံးလည်း စကားဝိုင်းကိုသိမ်းကာ ကိုယ်စီအိပ်ရာဝင်ကြတော့သည်။
ညသည်ကိုယ်စီတိတ်ဆိတ်သော အတွေးများနှင့်..
ဝင်းဖြာနေသောလရိပ်အောက်မှ ရေကန်ကြီးသည်မနှစ်မြိုစရာအတိနှင့် လှပနေခဲ့၏။ လေတိုက်တိုင်း ကန်ရေပြင်၏လူပ်ခတ်သံတို့က တစ်စုံတစ်ရာခေါ်နေသကဲ့သို့.......
။............ ................... ...................... ။
YOU ARE READING
ကြာဖြူ(ကွာဖွူ)
Fantasy"ကြာဖြူ ငါတို့သေခြင်းတရားမှာ မင်းအငြိုးတွေပြေပါစေတော့" ပင်လယ်ဒဏ္ဍာရီတွင်ကြောက်စရာအကောင်းဆုံးသော ကျိန်စာဆိုးများနှင့်ကြာဖြူပုံပြင်... သို့သော်လွန်ခဲ့သောနှစ်သုံးရာတွင် အမှန်တကယ်ဖြစ်ခဲ့သော ရင့်နင့်စရာကြာဖြူမင်းသမီး၏ ဒဏ္ဍာရီတစ်ပုဒ်။ ဤဒဏ္ဍာရီတွင် သဘောင်စကား...