အပိုင်း (၁)

36.7K 1.8K 90
                                    

(Unicode)

တရွေ့ရွေ့မောင်းနေသောကားကအရှိန်သတ်လိုက်သဖြင့် နှောင်းခေတ်မျက်လုံးများကိုအားယူပြီးဖွင့်ကြည့်လိုက်သည်။ ကားပေါ်မှာမို့သက်တောင့်သက်သာမရှိသည့်အပြင်ရန်ကုန်ကိုပထမဆုံးအကြိမ်အဖြစ် တစ်ကိုယ်တော်ခရီးထွက်လာခဲ့ရ၍လည်း စိတ်လှုပ်ရှားနေခဲ့ရာ တစ်ညလုံးကောင်းကောင်းအိပ်မပျော်ခဲ့။

" အား...ဇက်တွေညောင်းလိုက်တာ...ကျွတ်.. ကျွတ်...။ ဒါတောင်သူက နှစ်ယောက်ခုံဝယ်ပေးလိုက်လို့တော်သေးတယ်။"

နှောင်းခေတ် လည်ပင်းကိုဘယ်ညာစောင်းပြီး လက်သီးဆုပ်လေးများနှင့်ထုကာ အညောင်းဖြေနေရင်းက

" သူဆိုမှ ငါ့ကိုလာမှကြိုပါ့မလား။ အိပ်ရာမနိုးလို့လာမကြိုရင်တော့ ဒုက္ခပဲ "

ကိုယ်ကြားရုံမျှရေရွတ်ရင်း နာရီကိုကြည့်လိုက်တော့နံနက်လေးနာရီကျော်ကျော်ကိုပြနေသည်။ တစ်ကားလုံးအိပ်မောကျနေကြပြီး Express ကားလေးသည်ကြီးစိုးထားဆဲဖြစ်သောအမှောင်ထုကိုအံတုကာ တိုးဂိတ်ကိုတရွေ့ရွေ့ဖြတ်ကျော်လာခဲ့ပြီ။

Ting~

မက်ဆေ့ချ်ရောက်သံကြား၍ဖုန်းကိုကြည့်လိုက်တော့ သူ့ဆီက။

"ရောက်ပြီ"

နိဒါန်းမရှိနိဂုံးမရှိရေးထားသော ထိုမက်ဆေ့ချ်လေးသည်ပင် နှောင်းခေတ်အတွက်အဓိပ္ပါယ်ပြည့်ဝသည်။ ညင်သာမှုမရှိ ပျော့ပျောင်းမှုမရှိသည့် ထိုမက်ဆေ့ချ်လေးသည်ပင် နှောင်းခေတ်အတွက် နူးညံ့သိမ်မွေ့စွာလုံခြုံစေသည်။ ပြုံးရယ်နေသည့်ပုံ emoji လေးပင်မပါသော ထိုမက်ဆေ့ချ်လေးသည်ပင် နှောင်းခေတ်စိုးရိမ်ခဲ့သမျှအားလုံးကိုမေ့စေကာ နှုတ်ခမ်းတို့ကိုကွေးညွတ်စေသည်။

မက်ဆေ့ချ်ဖတ်ပြီးသွားတော့ ကျောပိုးအိတ်ထဲက စနိုးတာဝါထုတ်ကာ မျက်နှာအနှံ့ကိုသုတ်လိုက်သည်။ ရေဘူးထဲကရေကိုတစ်ဝက်နီးပါးထိဆက်တိုက်သောက်ချလိုက်ပြီး စားနေကျလိမ္မော်အရသာခံတွင်းရှင်းသည့်ငုံဆေးပြားလေးကိုငုံထားလိုက်သည်။ ထို့နောက် အင်္ကျီတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ရင်းထိုင်ခုံကိုမှီလိုက်ရာမနေ့ကမှအားချင်း ရန်ကုန်ကိုထွက်လာခဲ့ရသည့်အကြောင်းများကိုပြန်လည်မြင်ယောင် လာမိတော့သည်။

သူ့လူ (သူ႕လူ)Where stories live. Discover now