မနက်ကိုးနာရီထိုးခါနီးအချိန်လေး....
ကိုးနာရီဆိုပေမယ့် မုံရွာမြို့လေးမှာ နေမင်းကြီးက တော်တော်လေးကို မာန်တတ်နေပြီ။
ရုံးသွားရုံးလာ၊ကျောင်းသွားကျောင်းလာများ... ကိုယ်စီရုန်းကန်နေကြသူများကြောင့် လမ်းမကြီးက ယာဉ်ကြီး ယဉ်ငယ်များနှင့်စည်ကားလျှက်။ထိုအထဲတွင် ထက်ဝတီထွန်း လိုက်ပါစီးနင်းလာသော Taxi မှာလည်း တစ်စီးအပါအဝင်။
မုံရွာကားလေးကွင်းအရောက်တွင် မောင်ဇော်အား လာကြိုခိုင်းမည့်အစား ကားငှားကာ ရင်ခုန်သံတို့စုဝေးရာ အရပ်သို့သာ ဦးတည်မောင်းစေတော့သည်။
မန္တလေးမှာ မုံရွာသို့လာသည့်လမ်းတစ်လျှောက်လုံးတွင် ခေါင်းတစ်ခုလုံး ချာချာလည်ကာမူးနောက်နေသည်။ အခြားသူများကဲ့သို့ အန်ခြင်း ၊ပြုခြင်းမရှိသော်လည်း ရင်ထဲမှာတော့ နေလို့မကောင်းပေ။
စိတ်တို့သည်ကတော့ နွမ်းနယ်နေသည့် ခန္ဓာတို့နှင့် ဆန့်ကျင်စွာ စိတ်ကူးများဖြင့် လန်းဆန်းသာယာနေလျှက်။
ထိုကဲ့သို့လန်းဆန်းစေသည့်အကြောင်းမှာမူ ဆောင်းရိပ်ချိုဟူသော အမျိုးသမီးလေးမှတပါး အခြားဖြစ်ဖွယ်ရာမရှိပေပြီ။
"ဦးလေး ရှေ့က အဆောင်ပဲ၊ အဲ့ဒီအရှေ့မှာရပ်ပေးပါ"
ထက် အမြန်ကားခရှင်းပေးကာ အဆောင်ရှေ့ချထားသောခုံလေးပေါ်သို့ဦးစွာဝင်ထိုင်မိသည်။အဆောင်ထဲကို မည်သို့ပြောကာဝင်ရမည် ၊မည်သည်ကို အကြောင်းပြရမည်ဟု ကြိုတွေးထားသမျှက လက်တွေ့မှာ သိပ်အလုပ်မဖြစ်ချေ။
ထိုစဉ်တွင် ချစ်ရသူလေး၏တစ်နေ့တာပုံရိပ်များအား စောင့်ကြည့်ကာ Report တင်ပေးနေသော အမျိုးသမီးလေးက အဆောင်ရှေ့သို့အပြေးထွက်လာကာ ထက်အားထိုသို့စကားဆိုလာတော့သည်။
"ဟို..... Boss ဘာများအဆင်မပြေ"
"ပြေပါတယ်. မင်းတင်ပြချက်တွေက တကယ်ပြည့်စုံပါတယ်။ ဒါပေမယ့်အခုပဲ မင်းအလုပ်တာဝန်ပြီးသွားပြီမို့ နားလိုက်ပါဦး"
စကားပင်ဆုံးအောင်မပြောရသေးခင် အလုပ်ရှင်မှ ထိုသို့ပြောလာသောကြောင့် ဝမ်းနည်း၊ဝမ်းသာဖြစ်ရပေသည်။ ဝမ်းနည်းရသည့်အကြောင်းမှာ သူမ၏စွမ်းဆောင်ရည်ကို သဘောမကျ၍လားဟူသောအတွေးကြောင့်ဖြစ်ပြီး၊ ဝမ်းသာရသည့်အကြောင်းမှာမူ ၁ရက်ခွဲပင် သူမတာဝန်ထမ်းလိုက်ရပေမယ့် ပြောထားသည့်ငွေကိုအပြည့်ပေးသောကြောင့်ပင်။
YOU ARE READING
General Fictionရှိရှိသမျှအချစ်တို့ဖြင့် သူ့အားပုံချစ်ခဲ့ပြီး ကျန်ခဲ့သမျှအလွမ်းတို့ဖြင့် ကျွန်မရှေ့ဆက်ခဲ့သည်။