Part 3

1.1K 177 45
                                    

Unicode

မနက်စောစော တဖြောက်ဖြောက်ကျနေသောမိုးစက်တို့က နံနက်ခင်းတေးသံသာသဖွယ်မို့ မင်းခွန်မှိုင်းပို၍ အိပ်ကောင်းနေသည်။ အချိန်ကလည်း ၆နာရီသာရှိသေးသည်။ အလုပ်ရှိသည်ကိုလည်း သတိမရ။ အိပ်ကောင်းကောင်းနှင့် အိပ်ပျော်နေခဲ့သည်။

ကိုဘုန်းကျော်စွာက သူတို့ကိုရောက်ရောက်ချင်း အလုပ်တွေဖြတ်ပြီးမှ ဂျပန်၌စိတ်ကြိုက်လည်ရန် ပြောထားသည်။ အလုပ်နှင့်လာသည်မို့ အလုပ်ကိုဦးစားပေးရမည်က အမှန်ဖြစ်သည်။ သို့သော် အလုပ္က အအိပ်ထက်တော့ပိုအရေးမကြီးနိုင်။ ဆက်၍သာအိပ်သည်။ နောက်ထပ် အိပ်မက်ကိုဆက်မည်...။

အခန်းတံခါးခေါက်သံသည် တိုးသက်သော်လည်း ငစိုင်းက နားပါးသူမို့ ချက်ချင်းနိုးသွားသည်။ သေချာအောင်ထပ်နားထောင်ကြည့်တော့ ဟုတ်သည်၊ တစ်ယောက်ယောက် တံခါးခေါက်နေသည်။

ကိုဘုန်းကျော်စွာများလား။

ထို့ကြောင့် အိပ်ရာထဲမှအလူးအလဲထ ၊ ပါးစပ်အဟောင်းသားအိပ်ပျော်နေသော နှစ်ကောင်ကို ခွကျော်ပြီး တံခါးသွားဖွင့်ပေးလိုက်သည်။ စစချင်း မြင်လိုက်ရသောကောင်လေးကြောင့် ငစိုင်းနည်းနည်းပျာသွားသည်။ ဂျပန်ကောင်လေးတစ်ယောက်။ ဂျပန်စရောက်ရောက်ချင်း ဂျပန်ကောင်လေးတစ်ယောက်က သူတို့အိမ်တံခါးကိုလာခေါက်သည်။ ဂျပန်လူမျိုးတစ်ယောက်ကို ဂျပန်လိုပြောဖို့ကလည်း နည်းနည်းတော့ရှိန်မိသလိုလို...။

"အဲ....အို့...အို့ဟိုင်းရော ဂို့ဇိုင်းမာ့စ်"

အထစ်ထစ်အငေါ့ငေါ့ဖြင့် ပါးစပ်မှထွက်သွားသည်။ အရပ်ရှည်သည့်ဂျပန်ကောင်လေးကတော့ သွားလေးကိုစိနေအောင်ပြုံးပြီး "အို့ဟိုင်းရော"ဟု ပြန်နှုတ်ဆက်သည်။ ငစိုင်းအခုမှသေချာကြည့်မိလေတော့ ကောင်လေးလက်ထဲတွင် အဖုံးအုပ်ထားသော အိုးလေးတစ်အိုးပါလာသည်။

"အဲ...ဟို..."

ဂျပန်စကားတတ်သင့်သလောက်တတ်ပါသော်လည်း အခုချိန်ကျမှ ပါးစပ်ကမထွက်။

"မင်းခွန်မှိုင်း-စံ မနိုးသေးဘူးနဲ့တူတယ်"

မြန်မာလိုကောက်ပြောလိုက်သော ဂျပန်ကောင်လေးကြောင့် ငစိုင်းပါးစပ်အဟောင်းသား ဖြစ်သွားတော့ သူကရယ်သည်။

Sakura PresentWhere stories live. Discover now