Unicode
လက်ဆောင်ရထားသော ဖိနပ်ဆင်တူသုံးရံဖြင့် လူငယ်သုံးယောက် တက်တက်ကြွကြွ ဟာချီကိုရှိရာ ရှိဘူယသို့ ချီတက်ကြတော့မည်။ ထို့မတိုင်ခင် ရထားတြဲထဲ ငါးပိသိပ်သလိုအသိပ်ခံနေပြီဖြစ်သည်။ ရုံးတက်ချိန်ဖြစ်တာကြောင့် လူတွေပြည့်သိပ်နေကျဖြစ်သည်။ စီးနေကျ Takoyamaအတွက် အထွေအထူးဒုက္ခမရောက်လှပေမဲ့ မင်းခွန်မှိုင်းနှင့် ကျော်ထွဋ်တို့အတွက်တော့ အသက်ပင်မနည်းရှူနေကြရသည်။
"ရန်ကုန်သွားတုန်းက အမျိုးတွေနဲ့ YBSစီးပြီးလည်ရတာကမှ သက်သာသေးတယ်၊ အခုတော့...."
ကျော်ကြီး၏ညည်းညူသံအား မင်းခွန်မှိုင်းမှဝင်ထောက်သည်။
"လူကငါးပိငါးချဉ်ဖြစ်နေပါတယ်ဆို အမျိုးတွေကိုသတိရနေသေး၊ နောက်တစ်ခါ မင်းအမျိုးတွေပါခေါ်စီးလိုက်ဦး"
"ဟ ဘလိုင်းကြီးပါလား ငခွန်မှိုင်း၊ ငါလည်းရထားကြပ်ကြောင်း ညည်းတာပါကွ"
"သိသားပဲ၊ သောက်မြင်ကပ်လို့ပြောတာ"
လူကြပ်လွန်း၍ စိတ်အချဉ်ပေါက်လာတော့ ကျော်ကြီးကိုမဲနေသည့် မင်းခွန်မှိုင်းပါလေ။ Takoyamaလည်း မင်းခွန်မှိုင်းတို့အား ရထားနှင့်ခေါ်လာမိသည့်အတွက် အားနာနေရသည်။ ဤသည်ကို ရိပ်မိသည့်ကျော်ကြီးကတော့ စိတ်ထဲမှကျိတ်ပြီး ကြုံးဝါးမိသည်။ 'မျက်နှာလိုက်ချင်ဦး၊ မင်းခွန်မှိုင်းဘက်ပါချင်ဦး'ဟုဆိုပြီးသာ ငယ်ထိပ်ကို ထုပစ်လိုက်ချင်သည်။
ဘတ်စ်နှင့်သွားချင်သည့် ကျော်ကြီးနှင့် ရထားစီးချင်သည့် မင်းခွန်မှိုင်းတို့အထဲမှ မင်းခွန်မှိုင်းဘက်မျက်နှာလိုက်ကာ မဲပေးခဲ့သည့် Takoyamaဖြစ်ပါသည်။ ဒီမြေမှာမွေးပြီး အကျိုးအကြောင်း အကောင်းအဆိုးရှင်းပြမည်မရှိ။ မင်းခွန်မှိုင်းမျက်နှာကြည့်ပြီး တဟိုက်ဟိုက်နှင့် မင်းခွန်မှိုင်းပြောတာကိုပင် ထောက်ခံနေသည်။
"ဟိုတစ်ခါငါတို့ပြန်တုန်းက ဒီလောက်ကြီးတော့ မကြပ်ဘူးလားလို့ပါကွာ"
မင်းခွန်မှိုင်းကိုယ်တိုင်ပင် နောင်တအတော်ရနေပြီဖြစ်၏။
YOU ARE READING
Sakura Present
Teen FictionI'm just waiting for a stranger! #နတ်ဆိုးတစ်ကောင်နှင့်အတူ မွေးဖွားခြင်း S2