Part 36

762 130 47
                                    

Unicode

ဝါဆိုသင်္ကန်းကပ်အလှူအား ဝမ်းမြောက်ဝမ်းသာ ကုသိုလ်ယူပြီးနောက်မှ သူတို့ခေါင်းပြားပြားအိပ်နိုင်ကြသည်။ ညကားဆယ့်တစ်နာရီထိုးလုပြီ။ မင်းခွန်မှိုင်း၏တစ်ဖက်တစ်ချက်မှ ငနဲနှစ်ကောင်တော့ဖြင့် မအိပ်ကြသေးပေ။ မင်းခွန်မှိုင်းလည်းမအိပ်နိုင်သေးပါ။

နံနက်တုန်းက ဖြစ်ခဲ့သည့်ကိစ္စအတွက် စိတ်တို၍မဟုတ်၊ အိမ်သာသွားချင်ပါလျက် ဘေးမှနှစ်ကောင်ကို အဖော်ခေါ်သင့်မခေါ်သင့် စဉ်းစားနေခြင်းကြောင့်ဖြစ်သည်။ ခေါ်လိုက်လျှင် မိမိကစ၍စကားပြောရမည်။ ထိုအခါ မိမိရှုံးမည်။ Takoyamaဆိုသောသတ္တဝါဟာလည်း မည်သို့သောမှိုင်းမိလေသလားမသိ၊ မင်းခွန်မှိုင်းကို မျက်လုံးလေးဖြင့်သာခိုးကြည့်ပြီး ချော့ဖို့မကြိုးစား။

မအောင့်အည်းနိုင်တော့သည့်အဆုံး ဆောင့်ခနဲထပြီး တစ်ယောက်တည်းပင် အိမ်သာသို့ထွက်လာရတော့၏။ ခြံကခပ်ကျယ်ကျယ်မို့ အိမ်သာနှင့်အိမ်မကြီးက အနည်းငယ်လှမ်းသည်။ အိမ်သာနှင့်မျက်နှာချင်းဆိုင်၌ပင် နွားတင်းကုပ်ကြီးတစ်ခု ရှိနေသေး၏။ မိမိနောက်သို့ တစ်ယောက်လောက်များအလိုက်တသိ လိုက်လာလေမလား လှည့်ကြည့်မိတော့ ကိုယ်စီဖုန်းများကိုသာ သည်းကြီးမည်းကြီးသုံးနေလေသည်။

"ကျက်သတုံးကောင်တွေ တွေ့မယ်၊ တွေ့မယ်"

ကိုယ်ရောစိတ်ပါ မေတ္တာပို့သရင်း အိမ်သာဝင်လိုက်သည်။ အုတ်ခံနှင့်အသေအချာဆောက်ထားသည်မို့ သည်တစ်ချက်တော့ စိတ်ချမ်းသာသည်။ ကြီးကြီးကျယ်ကျယ်မင်းခွန်မှိုင်းဟာ အိမ်သာမကောင်းလျှင် မပြန်မချင်းတစ်ပတ်လောက် အောင့်ထားဖို့ စိတ်ကူးပြီးသား။ ကိစ္စပြီးစီးမည်မကြံသေး နွားတင်းကုပ်ဘက်မှ စကားပြောသံ၊ ခြေသံ ကြားလာရသလိုလို။

Takoyamaနှင့်ငစိုင်းများ လိုက်လာခြင်းလားဟု အိမ်သာဘေးဘက် လေးထောင့်ကွက်နှစ်ကွက်မှ ချောင်းကြည့်မိသည်။ ရိပ်ရိပ် ရိပ်ရိပ်နှင့် လှုပ်ရှားမှုသုံးခု၊ လေးခုလည်းဖြစ်နိုင်သည်။ ကိစ္စကမပြီးသေး၊ အိမ်သာဆက်တက်ဖို့အရေးကလည်း ကျောမလုံနိုင်တော့ပေ။ မျက်နှာအား ပုဆိုးဖြင့် ပေါင်းထားကြသည်ဟု သူခန့်မှန်းမိတော့ စိုးရိမ်မှုတစ်ဝက်လျော့သည်။ သရဲမဟုတ်။ လူဖြစ်သည်။ လူကတော့မကြောက်၊ သူချကိုယ်ချပင်။ သို့ပေမဲ့ သူတို့ကလေးယောက်လောက်။ မဖြစ်သေးပြန်။ ဘယ်အပေါက်ကဝင်လာကြပါလိမ့်။

Sakura PresentWhere stories live. Discover now