Part 7

902 154 64
                                    

UnUnicode

လွင်ပြင်သခင်သည် လူ့ဘုံသို့မရောက်ဖြစ်ဘဲရှိနေသည်။ ယခုဆိုလျှင် Takoyamaနှင့်မင်းခွန်မှိုင်းတို့ အတော်ရင်းနှီးနေတော့မည်လား။ သူတွေးပူသည်။

သူ့အားရုတ်တရက်ခုန်အုပ်ဖို့ ဟန်ပြင်သော မကောင်းဆိုးဝါးအား လက်စွဲတော်ဓားရှည်ဖြင့် တိတိကျကျခုတ်ပိုင်းကာ အဆုံးသတ်ပေးလိုက်သည်။ ယခုနောက်ပိုင်း နတ်ဆိုးတိုင်းပြည်သို့ မကောင်းဆိုးဝါးများ ပို၍ဝင်ရောက်လာပါတကား။ နတ်ဆိုးတိုင်းပြည်ဝင်ပေါက်များကို မထင်မှတ်ဘဲဖြတ်ကာ ရောက်ရှိလာခြင်းဖြစ်နိုင်သလို မကောင်းသည့်အနံ့အသက်ကို အာရုံခံပြီး ရောက်ရှိလာခြင်းလည်းဖြစ်နိုင်သည်။ ဤသည်မှာ ကောင်းသည့်အချက်မဟုတ်ပါ။ မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားသော ဝိဉာဉ်များသည် လေလွင့်ဝိဉာဉ်တို့အား ဖျက်ဆီးတိုက်ခိုက်ကြလိမ့်မည်။ ထို့ကြောင့် သုတ်သင်ရှင်းလင်းရမည့် တာဝန်မှာ နတ်ဆိုးတို့၏တာဝန်တစ်ရပ်ဖြစ်သည်။

တာဝန်ပြီးဆုံးပြီမု့ိ ဓားအိမ်ထဲသို့ ဓားအားသေချာစွာထည့်သိမ်းလိုက်သည်။ အလုပ်တာဝန်ပြီးလျှင် သူလူ့ဘုံသို့ သွားနိုင်မည်ဖြစ်သည်။ မြင်တွေ့ချင်သူအား မြင်တွေ့ရမည်ဖြစ်သည်။

လွင်ပြင်သခင်သည် သူ့ပိုင်နန်းဆောင်သို့ စိတ်အေးချမ်းသာစွာ လျှောက်လာခဲ့သည်။ သို့သော် မမြင်တွေ့လိုသူသည် မဟူရာတံခါးပေါက်တွင် ရပ်စောင့်နေသည်မို့ ခြေလှမ်းများရပ်တန့်ကာ မျက်နှာကိုဆတ်ခနဲလွှဲလိုက်သည်။ ထိုမြင်ကွင်းကို သေသေချာချာမြင်လိုက်ရသော ကြမ္မာနတ်ဆိုးကလည်း ပြုံးသည်။

သူ့အား လွင်ပြင်သခင်ကအတော်မုန်းနေပါလား။ သို့သော် ထိုအပြုအမူများကိုပင် သူကသဘောကျသည်။ လွင်ပြင်သခင်က သူနှင့်တွေ့တိုင်း ပျက်သွားသော မျက်နှာအားကြည့်ကာ ခနဲ့ရသည်က သူ့ကိုစိတ်ကျေနပ်စေသည်။

"ကျွနု်ပ်ကို မနှုတ်ဆက်ဘူးလား လွင်ပြင်သခင်"

လွင်ပြင်သခင်က သူ့ဆီလျှောက်မလာ၍ သူကပဲ လွင်ပြင်သခင်ထံသို့ လျှောက်သွားလိုက်သည်။ လွင်ပြင်သခင်က သူ့ကို မျက်နှာချင်းဆိုင်ကာကြည့်သည်။ စူးရဲသောအကြည့်။ မုန်းတီးသောအကြည့်။ သူ့ပိုင်နတ်ဆိုးအား ဘဝသစ်စပေးမိတော့ သည်လောက်တော့မုန်းမှာပေါ့။

Sakura PresentWhere stories live. Discover now