Part 18

727 143 35
                                    

Unicode

တရားစီရင်ခြင်းပြီးဆုံးသည့်နောက် ကြမ္မာနတ်ဆိုးနှင့် လွင်ပြင်သခင်တို့ ထပ်မဆုံဖြစ်ပေ။ လွင်ပြင်သခင်သည် အခြားနတ်ဆိုးများနှင့်အတူ နတ်ဆိုးရှင်းလင်းရေးကို ဆက်ထမ်းဆောင်နေရပြီး ကြမ္မာနတ်ဆိုးသည်ကား သူ့ဒဏ်ရာများကို အချိန်ယူကုစားနေချိန်ဖြစ်သည်။ နတ်ဆိုးတိုင်းပြည်အဆုံးအစွန် ချောက်ဘက်များတွင် မဟူရာချောက်နက်ပိုင်ရှင်နှင့် လွင်ပြင်သခင်တာဝန်အတူတူကျကြလေသည်။

"ကျန်တဲ့အသေးအမွှားက ကျွနု်ပ်ဆက်ရှင်းပါ့မယ်၊ လွင်ပြင်သခင် ပြန်အနားယူပါ"

လွင်ပြင်သခင်သည် ဓားအိမ်ထဲသို့ ဓားကိုထိုးသိမ်းလိုက်ပြီး မဟူရာချောက်နက်ပိုင်ရှင်အား ကျေးဇူးတင်စကားဆိုလိုက်သည်။

"ဒါနဲ့ ကျွန်ုပ်မေးပါရစေဦး"

လွင်ပြင်သခင်က ခေါင်းအသာညိတ်ပြလိုက်သည်။ မဟူရာချောက်နက်ပိုင်ရှင်က သူ့ဘေးတွင်ရပ်လိုက်ပြီး တည်တည်ကြည်ကြည်ဖြင့် မေးခွန်းထုတ်သည်။

"လွင်ပြင်သခင်နဲ့ ကြမ္မာနတ်ဆိုးတို့အကြောင်းတွေ ကျွနု်ပ်ကြားသိပါတယ်၊ သို့ပေမဲ့ အရင်းအမြစ်ကို ကျွနု်ပ်စဉ်းစားမရဘူး၊ ကြမ္မာနတ်ဆိုးက ဘယ်လိုရည်ရွယ်ချက်ကြောင့်များ တိုင်းပြည်ဝင်ပေါက်တွေ ဖွင့်ပေးပစ်ရတာလဲ"

လွင်ပြင်သခင်ဖြေသင့်၊ မဖြေသင့်စဉ်းစားမိသည်။ သူကိုယ်တိုင်လည်းအကြောင်းပြချက်ကို ဂဃနဏမသိလွေခ်။ သူလူ့ဘုံသွားခြင်းသည် ကြမ္မာနတ်ဆိုးအပေါ်မည်သို့ထိခိုက်စေလို့များ ယခုကဲ့သို့ ပြဿနာရှာခဲ့ရပါသနည်း။ "နတ်ဆိုးတစ်ကောင်ဟာ နတ်ဆိုးတိုင်းပြည်မှာပဲ ရှိနေသင့်လို့"ဆိုသည့် အကြောင်းပြချက်သည် ခိုင်လုံလှသည်မဟုတ်။ သည်လိုပဲ သွားလာနေကြသည်များ ရှိကြပါ၏။

"ကျွနု်ပ်လည်းမဖြေတတ်တော့ပါဘူး"

မဟူရာချောက်နက်ပိုင်ရှင်က ခေါင်းတညိတ်ညိတ်ပြုသည်။

"လွန်ခဲ့တဲ့နှစ်တွေက အသင့်ကိစ္စနဲ့များ ဆိုင်နေမလား၊ အသင့်ကျွန် နတ်ဆိုးလေ..."

နတ်ဆိုးတိုင်းပြည်မှ နတ်ဆိုးတိုင်းသိကြသည့်ကိစ္စတစ်ခုပင်။ လွင်ပြင်သခင်မှ နောက်ပြန်ရစ်နေသည့်အတိတ်သို့ဝင်ပြီး နတ်ဆိုးဖမ်းခဲ့သည့်အကြောင်းသည် အားလုံး၏ပါးစပ်ဖျားတွင် အချိန်တစ်ခုအထိ ရှိခဲ့သည်မဟုတ်ပါလား။

Sakura PresentWhere stories live. Discover now