Part 9

827 144 81
                                    

Unicode

မိုးစက်များနှင့် ထိတွေ့မိသော ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက အေးစက်နေပြီဖြစ်သည်။ သို့သော် ကိုသာဆက်၍သာ ပြေးနေရသည်။ မိုးခိုရာနေရာက နည်းနည်းလှမ်းသေးသည်မို့။

မိုးခိုရာနေရာလေးရောက်တော့ ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး အသက်ဝဝရှူလိုက်သည်။ မိုးမရွာလောက်ဟုထင်၍ မနက်စောစော လေ့ကျင့်ခန်းလုပ်ရန် ထွက်လာမိသည်။ သို့သော် ရုတ်တရက်ညို့လာသောကောင်းကင်နှင့်အပြိုင် ရွာချလိုက်သော မိုးကြောင့် ကိုသာမိုးမိရပြီ။ အိတ်ကပ်ထဲမှ ပဝါဖြူအားဆွဲထုတ်ပြီး မျက်နှာထက်အသာဖိသုတ်လိုက်သည်။ နောက်ပြီး လက်ချောင်းတွေကိုပါ ဆက်သုတ်လိုက်သည်။

သည်ပဝါကိုမြင်တော့ အိပ်မက်ထဲမှ လူတစ်ယောက်ကိုသတိရမိသည်။ သည်မိုး၊ သည်ပဝါနှင့် ထီးတစ်ချောင်းကိုင်ထားသည့် ဘေးကလူ။ ဝိုးတဝါးရယ်မို့ ကောင်းကောင်းမမှတ်မိချင်။ စိတ်မစွဲလမ်းပါဘဲ မက်သည့်အိပ်မက်။ ထိုလူ၏ကျောပြင်ကို အိပ်မက်ထဲတွင် လိုက်ရှာခဲ့သေးသည်။ သို့သော်.... ။

**************************************************

ကိုဘုန်းကျော်စွာချိတ်ပေးထားသော အေးဂျင့်သည် သူတို့ထံရောက်လာခဲ့သည်။ လျှောက်ထားသောဖုန်းနှင့် အိုင်စီကဒ်များရပြီဖြစ်သောကြောင့် လာပေးခြင်းဖြစ်သည်။ မင်းခွန်မှိုင်းတို့တစ်သိုက်တော့ မျောက်အုန်းသီးရသလို ဖြစ်နေကြသည်။

သုံးယောက်စလုံး ဖုန်းအသစ်ကိုပင်လျှောက်ထားကြခြင်းဖြစ်သည်။ ဖုန်းထဲတွင် တစ်လစာအပြတ်ပတ်ကေ့ခ်ျများ ပါရှိပြီးဖြစ်သည်။ ထို့ကြောင့်စိတ်ကြိုက်သုံး၍ရတော့မည်။ ဖုန်းနှင့်ပတ်ကေ့ချ်အပါမဟုတ်ဘဲ ကဒ်သီးသန့်ဝယ်သုံး၍လည်း ရနိုင်သေးသည်။ မင်းခွန်မှိုင်းက ကြီးကြီးကျယ်ကျယ် ဂျပန်မှထုတ်သည်ဖုန်းကိုသာ သုံးချင်သည်ဆိုသောကြောင့် အချိန်ပိုကြာအောင် စောင့်လိုက်ရသည်။

"ညကျရင် ကိုသာ့ကိုဖုန်းဆက်ရမယ်"

ငစိုင်းအနားသို့ကပ်၍ မြောက်ကြွမြောက်ကြွပြောလိုက်သည်။ ငစိုင်းက ဘာမှမပြောဘဲ ရယ်၍သာနေသည်။ ကိုသာ့အသံကို သူလည်းကြားရဖို့ မျှော်လင့်သည်။

Sakura PresentWhere stories live. Discover now