Part 30

787 132 26
                                    

Unicode

"ကိုသာ..."

အစ်ကိုဖြစ်သူကိုမြင်လိုက်သည်နှင့် ခြေဖျားထောက်ပြီး လက်ကိုအားပါးတရ ဝေ့ယမ်းပြကာ လှမ်းခေါ်ရှာသည်။ သင်းကအစ်ကိုချစ်ကိုး။ ဖေအ မအေထက် အစ်ကိုကိုပိုချစ်မည့်ပုံဟု ငစိုင်းမှတ်ချက်ချလိုက်သည်။

"ညီမှိုင်းလေး...လာ"

ကိုသာကလည်း ညီချစ်ပေပင်။ မင်းခွန်မှိုင်းလက်ထဲမှ ခရီးဆောင်အိတ်သာမက၊ ကျောပိုးအိတ်ကိုပါ အလေးမခံစေဘဲ သူ့ထံပြောင်းလဲယူလိုက်သည်။ ပစ္စည်းအားလုံးကားပေါ်တင်ပြီးကာမှ Takoyamaမိတ်ဆက်ခန်းသို့ ဆက်သွားကြသည်။

"ကိုသာ့ကိုမိတ်ဆက်ပေးရမယ်"

"လုပ်ပါဦး၊ လုပ်ပါဦး"

ကိုသာကသိသိလျက်နှင့် နားထောင်ပေးရှာသည်။

"ဒါ Takoyama ၊ ကျွန်တော်တို့နဲ့တူတူအလုပ်လုပ်တာပဲ၊ သူကဂျပန်မှာ နေပေမဲ့ မြန်မာလူမျိုးပဲ၊ မြန်မာစကားလည်း ကျွမ်းမှကျွမ်း..."

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ အစ်ကို့နာမည်က မင်းခွန်သာ၊ မင်းတို့ငဂျစ်ရဲ့အစ်ကို၊ ကိုသာလို့ခေါ်လို့ရတယ်"

ကိုသာသည် မင်းခွန်မှိုင်းအား ငဂျစ်ဟု ခေါ်လိုက်သည့်အတွက် Takoyamaကရယ်သည်ကို နဂါးမျက်စောင်းဖြင့် တုန့်ပြန်လိုက်လေသည်။

"မင်းခွန်မှိုင်း...ငါ့ကိုလည်းနှုတ်ဆက်ပါဦးကွ"

ငစိုင်းစကားကို မချိုမချဉ်မျက်နှာလုပ်ပြီး နှာခေါင်းရှုံ့ပြလိုက်သည်။

"ဒီအခွက်တွေကလည်း မမြင်ချင်လည်း မြင်နေရမှာ၊ နှုတ်ဆက်မနေဘူး"

ငစိုင်းကတဟားဟားရယ်ပြီး Takoyamaကိုလှမ်းနှုတ်ဆက်လေသည်။

"Tako-kunရော နေကောင်းရဲ့လား"

"ကောင်းတယ် ကိုစိုင်း"

"ဒါနဲ့ Tako-kunကဘယ်မှာနေမှာလဲ၊ မင်းခွန်မှိုင်းကိုကြောက်ရင် အစ်ကို့အိမ်လိုက်နေနော်၊ အစ်ကိုတို့က သားအမိနှစ်ယောက်တည်း နားအေးပါးအေး"

"ငါလိုက်နေမယ် ငစိုင်း၊ ငါနေမယ်၊ Tako-kunကိုတော့ မင်းခွန်မှိုင်းနဲ့ထည့်ပေးလိုက်"

Sakura PresentWhere stories live. Discover now