At I***** Airport,
Canada မှတစ်ဆင့် ထွက်ခွာလာသော Private Jet တစ်စင်းသည် လွန်ခဲ့သော မိနစ်အနည်းငယ်ကမှ ဆိုက်ရောက်ခဲ့သည်။ လေယာဉ်ပေါ်မှ ဆင်းသက်လာသည်မှာ လူတစ်ဦးတစ်ယောက်သာ ဖြစ်သော်လည်း ထိုတစ်ဦးတစ်ယောက်ကို ကြိုနေကြသူများမှာ လူဆယ်ယောက်ထက်မနည်း။ ထိုလူသည် ကြိုတင်စောင့်ဆိုင်းနေပြီးဖြစ်သော အနက်ရောင်ကားတစ်စီးပေါ်သို့ တက်သွားခဲ့သည်။
နောက်မှီပေါ် ခေါင်းလှန်ချလိုက်သော လူငယ်ကို ရှေ့ခန်းမှ Driver က ကားမောင်းနေရာမှ ငှဲ့ကြည့်လိုက်၏။ ၁၄ နာရီကျော်ကြာအောင် လေယာဉ်စီးလာရသူက သက်သောင့်သက်သာဖြစ် မနေသည်မှာ သိသိသာသာ။ စင်ကြယ်သော မျက်နှာနုနုသည်ပင် ညှိုးနွမ်းနေလေသည်။
ဘောင်းဘီအိတ်ထောင်ထဲက တုန်ခါနေသော ဖုန်းကို လျစ်လျူရှုချင်သော်လည်း မရ။ ခေါ်ဆိုသူ မည်သူမည်ဝါ မသိပေမဲ့ အသံတိတ်ကျိန်ဆဲမိလိုက်သည်။ သူ အိပ်ချင်လှသည်။ ဖြေးဖြေးမှန်မှန်သွားနေသော ကားပေါ်မှာ တစ်ခဏလောက်ဖြစ်ဖြစ် အိပ်လိုက်ဖို့ အတွေးရှိသော်လည်း အခွင့်မရှိတော့။ ခေါ်ဆိုသူမှာ မိခင်။
'ဟဲလို'
'....'
'အင်း ခု ကားပေါ်မှာ။'
'....'
'ကွန်ဒိုကိုပဲ ပို့ခိုင်းလိုက်ပြီ။'
'....'
'ခု မေ လွှတ်ပေးလိုက်တဲ့ ကားပေါ်ပဲရောက်နေပြီလေဗျာ။'
'....'
'အိမ်ရောက်မှ ဆက်ပြောတော့။ ကျွန်တော် အိပ်ချင်လို့။'
'အင်း ဒါပဲ။'
ခရီးဝေးက ပြန်ရောက်ရောက်ချင်း ကွန်ဒိုပြန်ပြီး အိပ်ရာထဲ ဝင်ခွေနေမည့် Jeon Jungkook ဆိုတဲ့ သူ့အကျင့်ကို သိနေနှင့်ပြီးသော မိခင်က အပြန်ကို ကိုယ့်လူနဲ့ကိုယ်တောင် လာမကြိုခိုင်းရ။ အိမ်က Driver ကို အတင်းစေလွှတ်လိုက်၏။ နှစ်နှစ်ကြာပြီးမှ မိသားစုတွေနဲ့ ပထမဆုံးပြန်တွေ့ဆုံရခြင်းအပေါ် အထူးတလည် စိတ်လှုပ်ရှားနေခြင်း ရှိမနေ။ ဖုန်းပြောပြီးနောက် အိပ်ချင်စိတ်က ပြေသွားပြီဖြစ်လို့ ရေတစ်ဘူးမော့သောက်ပြီး ဘေးပတ်ဝန်းကျင်ကို ငေးရင်းလိုက်ပါလာခဲ့သည်။ အရှိန်မှန်မှန်ပြေးနေသော ကားနောက်တွင် တရိပ်ရိပ်ကျန်ခဲ့တဲ့ ပုံရိပ်တွေ။ ဝေးကွာနေတာကြာပြီဖြစ်ခဲ့သော မွေးရပ်မြေ။ နှစ်နှစ်အတွင်း ထူးထူးခြားခြားပြောင်းလဲသွားတာမရှိ။ လူဦးရေပိုထူထပ်လာသည်ဟုတော့ မြင်မိသည်။