WBTY - 21

4.7K 529 26
                                    

'ဖယ်ဦး'

ခါးမှာ ရစ်ပတ်ထားတဲ့ လက်ဖျံနှစ်ခုကို Jimin ဘယ်လိုပင်ဆွဲခွာခွာ တစ်စက်ကလေးမှကွာကျမသွား။ ကျောဘက်ဆီမှာလည်း တောင့်တင်းနေတဲ့ ရင်ခွင်ကျယ်တစ်ခုက တွယ်ကပ်နေသေးသလို
ဘယ်ဘက်ပုခုံးပေါ်မှာပါ ထောက်တင်လာတဲ့ မေးဖျားတစ်ခု။ ထိုမေးဖျားလေးက လှုပ်စိလှုပ်စိနဲ့ ပုခုံးသားကို ဖိကြိတ်လာတဲ့အခါ Jimin အသည်းယားသွားကာ ရယ်လိုက်ရသည်။

ဒီနေ့ Jimin အတွက် ညနေပိုင်းအလုပ်ချိန်မရှိဘူးဆိုတာနဲ့ Jungkook ကပါ အလုပ်ကနေ စောဆင်းလာခဲ့တော့၏။
အခုရှိနေကြတာက Jungkook ရဲ့ ကွန်ဒိုခန်းထဲတွင်ဖြစ်သည်။
Jimin ရဲ့ မိခင်က ဟင်းရံတွေပို့လိုက်‌တာမို့ ဖုန်းဆက်ပြောတော့ Jungkook ဘက်က 'ကျွန်တော့်အခန်းဆီ လာခဲ့မလား' ဆိုတဲ့ ဖိတ်ခေါ်မှုတစ်ခုနဲ့အတူ နက်ပြာရောင်လွှမ်းတဲ့ ကွန်ဒိုခန်းထဲသို့ Jimin ဒုတိယတစ်ခေါက် ခြေချရသည်။

ကိုယ်လက်သန့်စင် အ၀တ်အစားလဲပြီးတာနဲ့ ထမင်းပြင်ကျွေးပါလို့ တောင်းဆိုနေသူကို အလိုလိုက်စွာပဲ မီးဖိုချောင်ထဲကို Jimin ၀င်လာတော့ သူကပါ နောက်က လိုက်၀င်လာသည်။
ထမင်းတစ်အိုးတည်ပြီး ဟင်းလုပ်ဖို့ပြင်နေတဲ့အချိန် တစ်ချိန်လံုး ထမင်းစားပွဲရှေ့က ခုံမှာ ထိုင်ပြီး ငြိမ်ကြည့်နေတဲ့သူက Jimin နားကို ရောက်လာသည်။ နောက်တော့ အခုလို လူတစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲ နစ်နေအောင် ဖက်ထားတော့တာပဲ။

မိခင်ထည့်ပေးလိုက်တဲ့ ကင်မ်ချီကို တိုဟူးနဲ့‌ကြက်သွန်မြိတ်ရောထားတဲ့ ဟင်းရည်ဟိုးက မီးဖိုပေါ်မှာ ဆူပွက်နေသည်။ ကြက်ဉလိပ်‌လုပ်ပေးဖို့ ကြက်ဉခေါက်နေတဲ့ လက်တွေကို ရပ်ထားလိုက်ရပြီး ခါးပေါ်မှာ မျော့တစ်ကောင်လို တွယ်ကပ်နေတဲ့ လက်ကို ဖယ်ချတော့ မရ။ ကိုယ့်ကို လှည့်မယ်ဆိုတော့လည်း ဖက်တွယ်အားက တင်းကြပ်နေတာမို့ မလှုပ်သာတဲ့ အခြေအနေနဲ့။
လက်တွေကို ပို၍တင်းကြပ်လိုက်ပြီး လွတ်ပေးဖို့ စိတ်ကူး တစ်စိုးတစ်စိမှ မရှိတဲ့သူကြောင့် လက်လျှော့လိုက်ရသူက Jimin သာလျှင်။
ဟင်းနံ့တွေကြားက‌နေ လတ်ဆတ်တဲ့ ဆပ်ပြာနံ့ သင်းသင်းကို ရနေသေးသည်။

'ဟင်းပန်းကန်တွေ စားပွဲပေါ်သွားတင်ရဦးမယ်။ လွတ်ဦး'

ဟင်းတွေပြင်ဆင်လို့ပြီးတဲ့အချိန် မခွာခိုင်းလို့မရတော့။ ခါးပေါ်က လက်တွေရဲ့ တင်းကြပ်မှုက လျော့သွားသလို ပုခုံးပေါ်က မျက်နှာလေးကလည်း ခွာသွားသည်။ အလုံးစုံမလွတ်မြောက်သေးတာမို့ Jimin ငြိမ်ပြီးစောင့်နေတုန်းမှာပဲ ပါးပြင်တစ်ဖက်က ဖိအားတစ်ခုကြောင့် နစ်၀င်သွားခဲ့ရသည်။

Way Back To You (completed)Where stories live. Discover now