ရိုးရာ စားသောက်ဆိုင်လေး တစ်ခုအတွင်း၌ ဖြစ်သည်။
စည်းချက်ညီညီထွက်ေပါ်လာသော ဒေါက်ဖိနပ်သံတစ်ခုသည် စားသောက်ဆိုင်ရဲ့ ကြမ်းပြင်ကို ဖြတ်ကျော်ပြီးနောက် VIP အခန်းတစ်ခုရှေ့၌ ရပ်တန့်သွားသည်။
လမ်းညွှန်ပေးနေသော ဆိုင်၀န်ထမ်းလေးက အခန်းတံခါးကို ဖွင့်ပေးတဲ့အခါ ထိုေဒါက်ဖိနပ်သံပိုင်ရှင် အမျိုးသမီးက အခန်းတွင်းသို့ ၀င်ရောက်သွားသည်။
ရိုးရာစားသောက်ဆိုင်ဖြစ်သော်လည်း စားပွဲရှည်နှင့် ထိုင်ခုံများဖြင့်သာ ခင်းကျင်းထားသည်။ စားပွဲခုံတွင် ရောက်နှင့်နေပြီးသော လူတစ်ယောက်ကို သူ(မ) နှုတ်ဆက်လိုက်တဲ့အချိန် သူ(မ) နောက်ကျောက တံခါးက ညင်သာစွာ ပြန်စေ့ပိတ်သွားပြီဖြစ်သည်။
မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ၀င်ထိုင်လိုက်ပြီးနောက် ဝတ်ထားတဲ့ နေကာမျက်မှန်နဲ့ ဦးထုတ်ဝိုင်းကို ချွတ်လိုက်တဲ့ လှပသော မျက်နှာလေးက ထင်းကနဲပေါ်လာသည်။'တွေ့ရတာ ၀မ်းသာပါတယ်'
စားပွဲတစ်ဖက်မှာ ရှိနေသော အမျိုးသားက နှုတ်ဆက်လာသောအခါ သူ(မ)က ထိုလူကို တည့်တည့်ကြည့်ပြီး နှုတ်ခမ်းတွန့်ရုံပြုံးသည်။ ဘာစကားမှ မဆိုဘဲ သူ(မ)က လက်ကိုင်အိတ်ထဲက တစ်စုံတစ်ခုကို ထုတ်ယူပြီး ထိုလူရှေ့ တိုးပေးလိုက်သည်။
သေးငယ်သော အမည်းရောင် လေးထောင့်အပြားလေးတစ်ခု။ လက်ဆစ် တစ်ဆစ်ခွဲစာလောက်သာရှိသော USB stick လေးကို ကြည့်ရင်း တစ်ဖက် အမျိုးသား၏ မျက်နှာမှာ ကျေနပ်အားရမှုတွေ လွှမ်းခြုံလာသည်။
ထို USB stick အပြားလေးထဲတွင် သူတို့နှစ်ယောက်ကို အကျိုးအမြတ်ဖြစ်စေမည့် အရာများပါ၀င်သည်။ ထိုအရာများသည် တစ်စုံတစ်ယောက်၏ ကိုယ်ေရးကိုယ်တာများဖြစ်နေပါစေ သူတို့နှစ်ဦးလုံး ဂရုမစိုက်နုိင်ပါ။စားပွဲပေါ်တွင် မွှေးပျံ့သော ဟင်းပွဲများနှင့် ပြည့်နှက်နေသော်လည်း ၎င်း၏ အရောင်အသွေးနှင့် ရနံ့မွှေးမွှေးများသည် အခန်းအတွင်းရှိ မည်သူတစ်ဦးတစ်ယောက်ကိုမှ မဆွဲဆောင်နိုင်သေးသလို ဟင်းပွဲများမှာ အရာပင်မယွင်းသေးခဲ့။
အမျိုးသမီးက လာရင်းကိစ္စပြီးပြတ်သွားသလိုနှင့် မျက်မှန်နှင့် ဦးထုပ်ကို ပြန်၀တ်ပြီး လက်ကိုင်အိတ်ကိုဆွဲကာ ထရပ်သည်။
အခန်းတံခါးနား ရောက်ချိန်မှ ထွက်ပေါ်လာတဲ့ မေးခွန်းတစ်ခုကြောင့် သူ(မ) ခြေလှမ်းတွေ ရပ်သွားသည်။
