'မင်္ဂလာပါ Yasashi kun~'
'မင်္ဂလာပါ'
TV ဖန်သားပြင်ပေါ်မှာ မြင်နေရတဲ့ လူကို Jungkook မှတ်မိပါသည်။ YoungHa ရဲ့ မိတ်ဆွေတစ်ဖြစ်လဲ Jimin ရဲ့ စီနီယာဆိုတဲ့ နာမည်ကြီးရုပ်ရှင်မင်းသား Yasashi။ TV Show တစ်ခုမှာ ဧည့်သည်တော်အဖြစ် တက်ရောက်လာခြင်း ဖြစ်မည်။ Presenters များက အင်တာဗျူးနေကြလေသည်။
Channel ပြောင်းလိုက်ဖို့ စိတ်ကူးသော်လည်း 'အိုး စီနီယာ' လို့ဆိုကာ ဘေးမှာ ၀င်ထိုင်တဲ့ သူကြောင့် ငြိမ်နေလိုက်တော့သည်။အခုက Jimin ရဲ့ ဧည့်ခန်းထဲမှာ ရောက်နေတာဖြစ်သည်။ တစ်နေကုန် ရုံးတက်ရတာမို့ သူတို့နှစ်ယောက် အေးအေးဆေးဆေးတွေ့ရချိန်က အခုလို ညဘက် ရုံးဆင်းချိန်များမှ ဖြစ်သည်။
စကားပြောတဲ့အခါပြော၊ မဟုတ်လည်း ရုပ်ရှင်ကြည့်တဲ့အခါကြည့် နဲ့ ကိုယ်ပိုင်အချိန်လေးက အေးချမ်းလှပါသည်။
နဂိုဆို Jungkook ရောက်လာရင် Jimin က ဆိုဖာခုံတစ်ခုသက်သက်မှာ ခွဲထိုင်တတ်ပေမဲ့ အခုများတော့ အလိုက်သိစွာပဲ Jungkook ဘေးမှာ နေရာယူတတ်လာသည်။'ကောင်းကောင်းသိတဲ့ ဆက်ဆံရေးလား'
Yasashi ဆိုတဲ့လူဟာ Jimin ရဲ့ စီနီယာတစ်ယောက်အဖြစ်ရယ်လို့သာ သိထားတာ။ ဘယ်မျှလောက်ထိ ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေမှန်း Jungkook မသိပါ။ အင်တာဗျူးကို အာရုံစိုက်ကြည့်နေသူကြောင့် သိချင်စိတ်ဖြစ်လာတာနဲ့ မေးမိတာ။ သူမေးတော့လည်း ဟင် ဆိုပြီး နားမလည်သလို မျက်နှာလေးနဲ့ လှည့်ကြည့်လာပြီးမှ ဘာမေးတယ်ဆိုတာကို နားလည်သွားသည်ထင် ခေါင်းလေးငြိမ့်ပြလာသည်။
'ဒါပေါ့။ ကောလိပ်တုန်းက တကယ်ကို အားကိုးခဲ့ရတဲ့ စီနီယာတစ်ယောက်ပဲ။ သဘောလည်းကောင်းတယ်။ ဘာသာရပ်တွေမှာလည်း တော်တယ်။ ဂျူနီယာတွေဆို သည်းသည်းလှုပ်ပဲ'
ထိုအခါ Jungkook ရဲ့ မျက်လုံးလေးတွေက မှေးစင်းကျသွားပြီး။
'Jimin shi ကကော'
'ဘာကိုလဲ'
'Jimin shi ကလည်း သူရဲ့ ဂျူနီယာဆို။ ဒါဆို သည်းသည်းလှုပ်ကြတဲ့အထဲ Jimin shi လည်း ပါခဲ့မှာပေါ့'
Jungkook ရဲ့ စူးစူးစမ်းစမ်းမေးခွန်းနောက်က သူခိုးဖမ်းသလို မျက်နှာပေးကြောင့် သိချင်လွန်းလို့ မေးနေတာမျိုး မဟုတ်ဘူးဆိုတာ Jimin သိလိုက်ပါပြီ။ ပြုံးချင်နေတဲ့ နှုတ်ခမ်းတွေကို ထိန်းလိုက်ကာ။