WBTY - 10

5.2K 572 19
                                    

'Hyung။ ကျွန်တော်တို့ပုံတွေ SNS ပေါ်မှာ ပျံ့နေတယ်'

'ဟင်။ ဟုတ်လား'

ဆိုဖာခုံပေါ်မှာ ထိုင်နေတဲ့ Jungkook က တစ်ဖက်ခုံမှာ ထိုင်နေတဲ့ Jimin ဘက်ကို ဖုန်းလှည့်ပြသည်။

ဒါ မနေ့က Jungkook နဲ့ စားသောက်ဆိုင်တစ်ခုမှာ ညနေစာ အတူသွားစားဖြစ်တုန်းကပဲ။ တခြားလူတွေ သူတို့ကို သတိထားမိပြီး လှမ်းရိုက်ထားတာမျိုးဖြစ်မည်။ ဖုန်းကင်မရာနဲ့ မှီရာနေရာကနေ ရိုက်ထားတာမို့ ပုံတွေက ကြည်ကြည်လင်လင်တော့မရှိ။ ဒါပေမဲ့ ပုံထဲမှာ ဘယ်သူတွေဆိုတာကိုတော့ သိနိုင်၏။ ဒီလို အပြင်လူတွေက သူ့ကို သတိထားမိကြတဲ့ ကိစ္စက Jimin အတွက် မဆန်းကြယ်တော့ပါ။ တစ်ခါတစ်လေ အဝေးက မဟုတ်ဘဲ အနားလာပြီး ဓာတ်ပုံအတူ တွဲရိုက်ဖို့ တောင်းဆိုတာမျိုးတွေတောင် ကြုံခဲ့ဖူးသည်။ Jimin က ထိုပုံကို တစ်ချက်သာကြည့်ပြီး ခေါင်းငြိမ့်လိုက်သည်။

Jungkook က Blog မှာတင်ထားတဲ့ ဓာတ်ပုံတွေကို တစ်ပုံချင်းစီ ဆွဲကြည့်ပြီး အောက်မှာ ဝင်ရေးထားကြတဲ့ မှတ်ချက်တွေကိုပါ ဖတ်ကြည့်နေတာဖြစ်သည်။ တော်တော်များများက Jimin ကို ကြည့်ကောင်းကြောင်း၊ ဓာတ်ပုံတွေ တင်ထားတဲ့လူကို ကံကောင်းလှကြောင်း၊ သူတို့လည်း တွေ့ချင်ကြောင်းတွေနဲ့ ဝေဆာလို့။ Jungkook ကိုပါ သတိထားမိပြီး သူငယ်ချင်းတွေလား၊ ရင်းနှီးကြတာလား စသဖြင့် ခန့်မှန်းချက် တစ်ချို့ကိုလည်း တွေ့ရတတ်သည်။ မှတ်ချက်တွေ အများကြီးထဲကမှ Jungkook ဖတ်လိုက်မိသည့် မှတ်ချက်တစ်ခု။ ချက်ချင်းပဲ Unlike ဆိုတဲ့ လက်မ ဇောက်ထိုးပုံကို နှိပ်ပြီး Report ထုကာ ထို Blog ထဲကနေ ပြန်ထွက်လိုက်တော့သည်။

Jungkook က ဘာမှမဖြစ်သလိုနဲ့ ဖုန်းကို ဝေးဝေး လွှင့်ပစ်လိုက်ပြီး TV screen ပေါ်ကို ပြန်အာရုံစိုက်လိုက်သည်။ အခု သူက Jimin ရဲ့ တိုက်ခန်းထဲကို ရောက်နေတာဖြစ်သည်။ ဇာတ်ကားကြည့်ရင်း နေ့လည်စာအတွက် မှာထားတဲ့ အစားအသောက်တွေကို စောင့်နေရင်းပေါ့။

ဒီနေ့ ပိတ်ရက်ကတော့ နှစ်ယောက်လုံး ဘာအစီအစဉ်မှ မရှိကြတာမို့ Jungkook တစ်ယောက် Jimin ဆီမှာ လာသောင်တင်နေရခြင်းပါ။

Jungkook က ဇာတ်ကားကို စိတ်မဝင်စား။ ဘေးတစ်ဖက်က ဆိုဖာခုံပေါ်မှာ ထိုင်ပြီး ဇာတ်လမ်းတွဲထဲ အပြည့်အဝခံစားနေသူကိုအပေါ်မှာသာ အာရုံရှိသည်။ အိမ်နေရင်း ခေါင်းစွပ်တီရှပ်တစ်ထည်ရယ် ချည်သားဘောင်းဘီပွပွတစ်ထည်နဲ့ လွတ်လပ်ပေါ့ပါးနေသူက မျက်နှာလေးကလည်း ပြောင်ရှင်းရှင်းလေးနဲ့ တစ်မျိုးကြည့်ကောင်းနေသည်။

Way Back To You (completed)Where stories live. Discover now