'Park Jimin shi !!'
တစ်မနက်လုံး Jimin စိတ်နဲ့ လူမကပ်ဖြစ်နေခဲ့သည်။ အခုလည်း လူက အစည်းအဝေးခန်းထဲ ထိုင်နေပြီး စိတ်က အဝေးတစ်နေရာမှာ။ စာရွက်ထဲက အကြောင်းအရာတွေကို ငုံ့ဖတ်နေတယ်ဆိုပေမဲ့ စာကြောင်းတွေကိုမမြင်။ ခန်းမထိပ်ကနေ အားရပါးရပြောနေတဲ့ PD ရဲ့ စကားတွေလည်း တစ်လုံးမှ နားထဲမ၀င်လိုက်ပါ။
နာမည်ခေါ်သံကြားမှ Jimin စိတ်က လက်ရှိကို ပြန်ပြေးကပ်သည်။ ယောင်ယောင်အအနဲ့ မော့ကြည့်လိုက်တော့ စီနီယာ တစ်ယောက်က Jimin ကို စူးစမ်းသလိုကြည့်နေသည့် မျက်လုံးတွေနဲ့ သွားဆုံသည်။
ခန်းမထဲမှာ လူတွေမရှိတော့။ အစည်းအဝေးတောင် ဘယ်အချိန်ကပြီးသွားမှန်းမသိလိုက်။
သူ စိတ်တွေ တအားလွတ်သွားတာပဲ။
ခါးလေးကို ဆန့်လိုက်ပြီး ခေါင်းကို ဆတ်ကနဲ တစ်ချက်ခါကာ စိတ်တွေကို ပြန်စုစည်းလိုက်သည်။'Jimin shi နေကောင်းရဲ့လား'
'ကျွန်တော် အဆင်ပြေပါတယ်'
စီနီယာက ဒီလောက်ပဲ မေးပြီး ဘေးမှာရပ်နေတဲ့ ကောင်လေးတစ်ယောက်ကို မေးငေါ့ပြသည်။
'ဒီဘက်က Hwang Jin တဲ့'
'မင်္ဂလာပါ စီနီယာ Park Jimin'
Jimin ထက် ၃၊၄ နှစ်လောက် ငယ်မည့် ကောင်လေးက အပြုံးတွေနဲ့ နှုတ်ဆက်လာသည့်အခါ Jimin လည်း အပြုံးတစ်ခုနဲ့ ခေါင်းညိတ်ပြပြီး အသိအမှတ်ပြုလိုက်သည်။
'စီနီယာ Jimin က ကျွန်တော် အမြဲ လေးစားခဲ့ရတဲ့ လူတစ်ယောက်ပါ။ ရှေ့လျှောက် လမ်းညွှန်ပြသပေးပါဦး'
ထိုအခါမှ ဒီကောင်လေးက ဘယ်သူများလဲဆိုပြီး Jimin ဘက်က ဇဝေဇဝါဖြစ်နေရာကနေ နားလည်သွားသည်။
Hwang Jin ဆိုတဲ့ ကောင်လေးက Live News ကြေညာဖို့အတွက် အသစ်ခန့်အပ်ခန့်လိုက်ရတဲ့ ကောင်လေး။
အခုမှ Jimin ခေါင်းထဲ ခဏလောက်လွတ်နေခဲ့တဲ့ အချက်အလက်တွေ တရစပ်တိုး၀င်လာခဲ့သည်။
ဒီအပတ်ကနေစပြီး စံတော်ချိန်ညကိုးနာရီ သတင်းကဏ္ဍအတွက် လူအပြောင်းအလဲတွေရှိမည်။ အရင်က Jimin က ပင်တိုင်ဖြစ်ပြီး Partner ပြောင်းလဲခြင်းသာရှိခဲ့သည်။ သို့သော် အခုက အသစ်တိုးလာတဲ့ တစ်ယောက်နဲ့ဆိုရင် Presenter ငါးယောက်ရှိလာပြီး တစ်ယောက်ကို တစ်ပတ်မှာ နှစ်ရက်နှုန်းနဲ့ အလှည့်ကျသွားမှာဖြစ်သည်။
