WBTY - 2

7.5K 862 28
                                    

-

ည ကိုးနာရီ သတင်းအစီအစဉ်ထုတ်လွှင့်ပြီးသောအခါ Jimin ရဲ့ အိမ်ပြန်ချိန်က ည ၁၀ နာရီခွဲလုနီးပါး။ ရသမျှ လစာကို စုဆောင်းပြီး ဝယ်ထားဖြစ်တဲ့ ကွန်ဒိုတစ်ခုက လူတစ်ယောက်နေဖို့အတွက် အတော်လေးကျယ်ဝန်းသည်။ လုံခြုံရေးစနစ်လည်း ကောင်းမွန်သည်မို့ ငွေကို နှမြောမနေဘဲ ဝယ်ဖြစ်လိုက်ခြင်း။ ပြောင်းလာသည်မှာ တစ်လပင် မပြည့်သေး။

ဝါသနာပါရာကို လုပ်ကိုင်ရင်း အိမ်ကိုလည်း ပြန်ထောက်ပံ့နိုင်သလို သူတစ်ကိုယ်အတွက်လည်း ကောင်းကောင်းကြီး သုံးစွဲနိုင်သည်မို့ ဒီအလုပ်ကို စွန့်လွှတ်ဖို့ရာ ဘယ်လိုမှမဖြစ်နိုင်။

တဘက်တစ်ထည်နဲ့ ရေစိုစိုဆံပင်တွေကို ဖွသုတ်ရင်း အိပ်ရာထက်ပစ်လှဲလိုက်သည်။ နူးညံ့အိစက်နေတဲ့ မွေ့ယာရဲ့ အထိအတွေ့က တစ်နေ့လုံးပင်ပန်းနေခဲ့သည့် သူ့ကို အိပ်ငိုက်လာစေသည်။ သို့သော်လည်း တစ်ကိုယ်လုံးကို ပုစွန်ကောင်လေးတွေ ကွေးသလို ကွေးထားလိုက်ရင်း အိပ်မပျော်နိုင်။

ပြေးလွှားနေတဲ့ စိတ်တွေဟာ မေ့ဖျောက်မရသေးသော မျက်ဝန်းတွေထံမှာ မရပ်မနား။ သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ အမြဲလိုလို မော့ကြည့်နေခဲ့ဖူးတဲ့ ကောင်ငယ်လေးတစ်ယောက်က အခုတော့ သူ့အထက်လူကြီးဖြစ်လာခဲ့ပြီ။

လူဆိုတာ ရှင်သန်နေထိုင်နေရင်းနဲ့ မထင်မှတ်ထားတဲ့ ကိစ္စတွေလည်း ကြုံရတာပါပဲလား။ ဒါဟာ မထူးဆန်းတဲ့ တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်နေနိုင်တာပဲ။ အများကြီးမတွေးတာ ကောင်းမည်။

စိတ်ကို လျော့ချလိုက်သည်နှင့် လေးလံနေတဲ့ မျက်ခွံတွေ ဖြည်းဖြည်းချင်း ပိတ်ချလာခြင်းနဲ့အတူ ပြန့်လွှင့်နေတဲ့ သူ့စိတ်တွေလည်း အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

---

တကယ်လည်း တိုက်ဆိုင်မှုတစ်ခုဖြစ်ခဲ့ပုံရသည်။ အစည်းအဝေးမှာ မျက်လုံးချင်းဆိုင်တွေ့ဆုံပြီးနောက်ပိုင်း တစ်ပတ်လောက်ကြာသည်အထိ လူနှစ်ယောက် အရိပ်ပင်မဖမ်းမိတော့ပဲ ပုံမှန်အတိုင်းသာ နေ့ရက်တွေက လည်ပတ်နေခဲ့၏။ အထပ်ပေါင်းများစွာရှိသော အဆောက်အဦးတစ်ခု၌ လူထောင်ပေါင်းများစွာရှိသော လုပ်ငန်းခွင်တစ်ခုမှာ ဌာနတူချင်း လုပ်ဖော်ကိုင်ဖက်ကလွဲရင် လူတစ်ယောက်နဲ့ တစ်ယောက်တွေ့ဆုံကြုံကြိုက်ဖို့ဆိုသည်မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပါပေ။ 

Way Back To You (completed)Where stories live. Discover now