Chapter-10

184 13 0
                                    

Zawgyi

ဒီနေ့က ပထမဆုံးနေ့ဖြစ်သောကြောင့် စာတော့ အများကြီး မသင်ရပေ။စာသင်ချိန်တစ်ချိန်ကို နှစ်နာရီခန့်ကြာသောကြောင့် နှစ်ချိန်မျှ သင်ပြီးသွားရာ ဆယ့်တစ်နာရီငါးမိနစ်လောက်ပင် ရှိနေပြီဖြစ်သည်။အင်္ဂလိပ်စာသင်ပေးသည့် ဆရာမက ပြောစရာရှိတာ ပြောပြီးနောက် အခန်းထဲမှ ထွက်သွားတော့သည်။

"မင်းတို့နှစ်ယောက်က ထမင်းချိုင့်ယူလာတာလား"

သွက်သွက်လက်လက်ရှိလွန်းသော မင်းမြတ်က မေးလေတော့ တိမ်စိုင် သူ့ကို ခေါင်းညိမ့်ပြလိုက်သည်။ဒီနေ့မှ စသိပေမယ့် မင်းမြတ်က တကယ်ကို ခင်ဖို့ကောင်းသည့်သူတစ်ယောက်ဆိုတာတော့ ငြင်း၍မရ။တေးနှင့် စစခင်တုန်းကဆိုလျှင် စကားတစ်ခွန်းထွက်ဖို့တောင် သူ့ဘက်က ဆယ်ခွန်းလောက်စပြောရသည်။

"အင်း၊ငါတို့က အရင်ကတည်းက အဲ့ဒီလိုပဲ လုပ်လေ့ရှိတာ"

"အာ၊အဲ့ဒီလိုကို"

ခေါင်းတညိမ့်ညိမ့်ဖြင့် အခန်းထဲမှ ထွက်သွားသော မင်းမြတ်ကို သူတို့နှစ်ယောက်ကြောင်၍သာ ကြည့်နေမိတော့သည်။ခဏအကြာ တိမ်စိုင်လည်း အခန်းပြင်သို့ ထွက်လိုက်ပြီး စင်ပေါ်မှ ထမင်းချိုင့်ထည့်ထားသော အိတ်နှစ်အိတ်ကိုယူကာ တေး၏ဘေးတွင် ပြန်ဝင်ထိုင်လိုက်သည်။တေးကတော့ တိတ်တဆိတ်နှင့် ထမင်းစားဖို့ လုပ်နေသောကြောင့် သူ့ဘက်ကပင် စကားစလိုက်ရသည်။

"မင်းမြတ်က မင်းနဲ့ပေါင်းဖို့ အဆင်မပြေဘူးထင်တယ်"

"ကျွန်တော်မသိဘူး။သူက တအားသွက်လွန်းတော့ နည်းနည်းမျက်စိနောက်တယ်။ဒါပေမဲ့လည်း နောက်ပိုင်း အဆင်ပြေသွားမှာပါ"

"မင်းကိုလည်း လူတွေနဲ့ အဆင်ပြေအောင် ငါဘယ်လိုများလုပ်ပေးရမလဲ မသိဘူး"

တိမ်စိုင်က ခေါင်းကို ဖွကာ ပြောလေတော့ သူလည်း လိုက်ရယ်လိုက်မိသည်။ကိုယံ့ကိုကျော်၍ အကြည့်ရောက်သွားတော့ သူ့ကိုတစ်ချက်၊တစ်ချက်လှည့်ကြည့်နေသော ကောင်လေးကြောင့် သူမျက်ခုံးပင့်လိုက်မိသည်။သူပြန်စိုက်ကြည့်နေတာတွေ့တော့ မျက်နှာတစ်ခုလုံးနီရဲ၍ အရှေ့သို့ လှည့်သွားသောကြောင့် ခေါင်းငုံ့ကာ ခပ်တိုးတိုးရယ်လိုက်မိသည်။ဘယ်သူက အရင်စကြည့်ပြီး ဘယ်သူက ရှက်နေတာလဲ။မဖြစ်သင့်လိုက်တာ။

ConfessionWhere stories live. Discover now